ဒီနှစ်ဂျာမနီနွေက အရင်နှစ်တွေနဲ့ မတူပဲ မိုးများလွန်းတယ်လို့ ပြောရမလိုပါပဲ။
မိုးရွာရင်လည်းတော်တော်သဲပါတယ်။ စိတ်ထဲမှာ ရန်ကုန် ရောက်နေသလို
တခါတလေ ခံစားမိတယ်။မိုးရွာတဲ့အခါ ဟထားတဲ့ ပြူတင်းပေါက်က နေ
ကြားနေရတဲ့ မိုးသံတွေကြောင့်ငယ်ငယ်က အမေအိမ်ကို သတိရမိတယ်။
ခေါင်မိုးပေါ်ကို ကျလာတဲ့မိုးစက်သံတွေ၊ မိုးရွာပြီဆိုတာနဲ့  တဂွမ်ဂွမ်အော် နေတဲ့
ဖားသံတွေ၊ ဒီအသံတွေကိုနားထောင်ရင်း မိုးအေးအေးမှာ ကွေးလို့ ကောင်းတဲ့
ရက်တွေ... ... ... သတိရမိတယ်။
ကျမတို့ လှည်းတန်းအိမ်မှာ မိုးများများရွာတာနဲ့  ခြံထဲကိုရေတွေဝင်လေ့ရှိတယ်။
တခါတလေများဒူးခေါင်းလောက်အထိရေတက်လာတတ်တယ်။ မိုးတိတ်သွားရင်တော့
သိပ်မကြာခင်မှာပဲ ရေပြန်ကျတတ်တယ်။ ခြံထဲမှာ ကျွတ်၊ခရု၊ငါး၊မျှော့.. တခါတလေ
မြွေတောင်ရှိတတ်သေးတယ်။ ကျွတ်နဲ့ မြွေကိုတော့ကျမ အလွန်ကြောက်ပါတယ်။
မိုးရွာထဲမှာကျောင်းသွားခဲ့ရတာတွေ၊ လမ်းလျှောက်ရင် ဗွက်တွေ စင်လို့ စိတ်ညစ်
ရတာတွေ၊ မိုးအေးတဲ့နေ့ တွေ ကျောင်းမသွားချင်တာလည်း. .. .. အမှတ်ရမိသေးတယ်။
ကျမ ရန်ကုန်ကိုပြန်တဲ့အချိန်တွေကလည်း မိုးတွင်းပဲဖြစ်တော့ မိုးတွေရွာတဲ့ အခုလို
အချိန်မှာ ကျမ ရန်ကုန်ကိုပြန်ချင်တယ်။ မကြာခင် အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိကြောင့် စိတ်ထဲမှာ ပျော်နေသလို၊ အတွေးတွေ၊အိပ်မက်တွေထဲမှာလည်း မြန်မာပြည်က
အမေနဲ့ သူငယ်ချင်းတွေ၊မိတ်ဆွေတွေ၊ ဆွေမျိုးတွေအကြောင်းတွေးဖြစ်တယ်။
Sunday, 1 July 2012
Subscribe to:
Posts (Atom)