Sunday 16 July 2023

ပွဲဖျက်မိုး

 မနေ့ညက ကျမတို့မြို့လေးမှာ တနှစ်တခါကျင်းပတဲ့ မီးထွန်းပွဲရှိပါတယ်။ ပန်းခြံထံမှာ မီးပုံးလေးတွေ နေရာအနှံ့ချိတ်ဆွဲထားသလို။ ပန်းခြံထဲမှာဖြတ်စီးနေတဲ့ ချောင်းလေးထဲက ကျောက်တုန်းတွေပေါ်မှာလည်း မီးအိမ်လေးတွေထွန်း။ တချို့နေရာမှာ ဝါးကျည်တောက် ပေါ်မှာဆီမီးခွက်လေးတွေထွန်းကြတယ်။ ကလေးလူငယ်တွေအတွက် ချားရဟတ်တွေလည်းရှိသလို ၊ စားစရာရောင်းတဲ့ ဈေးဆိုင်တွေလည်းရှိပါတယ်။ စင်တင်ဂီတဖေါ်ဖြေပွဲလည်းပါတော့ ကလေးလူငယ်လူကြီးအားလုံး အကြိုက်တွေ့တဲ့ ပွဲပေါ့။

မနေ့ညနေက ကျမအလုပ်မှာ တာဝန်ကျပါတယ်။ အလုပ်ပြီးရင် ကိုသောမတ်ကလာကြိုပြီး မီးထွန်းပွဲသွားကြမယ်ပေါ့။ လူနာတွေကလည်း ပွဲသွားဖို့ ဆေးတွေစောစောလာယူကြတယ်။ မီးထွန်းပွဲသွားမလား ဆိုတဲ့ မေးခွန်းတွေ ခဏခဏကြားရတယ်။ 

ည ၈နာရီ ၂၀ မိနစ် ကျမ အလုပ်ဆင်း‌လို့ အပြင်လည်းရောက်ရော မိုးစရွာပါလေရော။ ကျမနဲ့ ကိုသောမတ်စ်လည်း ပွဲမသွားတော့ပဲ အိမ်တန်းပြန်ခဲ့ ရတယ်။ ပန်းခြံကိုဖြတ်ပြန်တော့ မီးပုံးတချို့ကို ကားပေါ်ကလှမ်းမြင်လိုက်ပါတယ်။ သီချင်းသံတွေကြား‌လိုက်တယ်။ လူ‌တော်တော်စည်နေပြီ။ ကားရပ်စရာမရှိတော့လို့ အဝေးကြီးအထိ ကားတွေးသွားရပ်ထားတာတွေ့ရတယ်။

ကျမတို့ အိမ်ပြန်ရောက်တော့ မိုးကတဖြေးဖြေးသည်းလားတယ်။ လျှပ်စီးတွေလက်၊ မိုတွေချိန်းနဲ့ နောက်ဆုံးတော့ ကျမတို့ မီးထွန်းပွဲလေး ဖျက်လိုက်ရတယ်။

Friday 14 July 2023

လူကြုံပစ္စည်း နဲ့ ခရီးသွားခြင်း

 သက်ကြီးလာတာနဲ့ အတူ ခရီးသွားရင် လွတ်လွတ်လပ်လပ်သွားချင်လာတယ်။ ဝန်စည်ဆလယ်၊ အထုတ်အပိုးတွေ ကို တတ်နိုင်သမျှ လျော့ချလာခဲ့တယ်။ ခြေနဲ့ လက်မှာ ဒဏ်ဖြစ်ထားတော့ သယ်ရဆွဲရတာ အဆင်မ‌ ပြေဘူး။ 

မြန်မာပြည်ပြန်ရင်ပိုဆိုးပါတယ်။ သွားရတဲ့ ခရီးက ဝေး။ လေဆိပ်ရောက်ဖို့ ရထားက ၂ဆင့်၊၃ဆင့်လောက်ပြောင်းရသေးတာ။ ရထားအတက်အဆင်း အထုတ်တွေ မ ချရ၊ ဆွဲချရနဲ့။ ဘူတာက‌ နေလေဆိပ်ကောင်တာရာက်ဖို့ အထုတ်တဖက်နဲ့ သွားရတာ မသက်သာလှပါဘူး။

တယောက်ထဲခရီးသွားတော့ပိုဆိုးပါတယ်။ ကူသယ် ေပးမဲ့ သူ မရှိပါ။ ဘေးကလူ သယ်ခိုင်းဖို့ကလည်း သူတို့မှာလည်း သူ့အထုတ်နဲ့သူ။ ရန်ကုန်က တချို့ကမေးသေးရဲ့ ဂျာမနီမှာ ကူလီ မရှိဘူးလားတဲ့။ 


‌အခုနောက်ပိုင်း ခရီးသွားရင် ကျမ ပစ္စည်းပဲ ကျမ သယ်ပါ တော့တယ်။ အားနာပါးနာနဲ့ လူကြုံပစ္စည်းမသယ်ပေး‌ေတာ့ပါဘူး။

အရင်က ငြင်းရမှာ အားနာခဲ့ ဘူးတယ်။ ဒါလေးထည့် ‌‌ ပေးချင်လို့ပါဆိုပြီး ရောက်လာတာ့ ဒါလေးတင်မက အပိုတွေကပါလာပြန်ရော။ ကိုယ်က အားနာလို့ သယ်သွားပေး။ ရန်ကုန်ရာက် တော့ လူကြုံပေးတဲ့ ပစ္စည်းတွေ လိုက်ပို့ရပြန်။ အိမ်မှာလာယူမယ် ဆိုပြန်တာ့ လူခွဲမရှိတဲ့ ကျမ ဘယ်မှမသွားနိုင်ပဲထိုင် စောင့်။ ကားပိတ်လို့ ၊ ဘာဖြစ်လို့ဆိုပြီး ချိန်းထားတဲ့ အချိန်ကျော်မှ ရောက်လာ တော့ ကျမအစီအစဉ်တွေ ဖျက်လိုက်ရပြန်ရော။ လူကြုံပစ္စည်း လာယူရင်းနဲ့ ဂျာမနီကို လူကြုံပြန်ထည့် ပေးကြပြန် ရော။ တဖက်လူ သယ်နိုင် မသယ်နိုင်မသိ မမေး တော့ပဲ ပေါ့ပေါ့လေးပါဆိုပြီး ထားခဲ့။ 

တကယ်ပြန်တော့ ကျမ လိုချင်လို့ဝယ်ထားတဲ့ပစ္စည်းတချို့ ချန်ထားခဲ့ပြီး လူကြုံပစ္စည်းတော့ ရအောင်သယ်လာပေးခဲ့တာ အ‌ခေါက်တိုင်းပါ။

နောက်ပိုင်း တော့ မသယ်နိုင်ကြောင်းပွင့်ပ္င့်လင်းလင်း ေပြာ ပြီးငြင်းပါတယ်။ ကျမအတွက်လည်းလက် ‌‌ေဆာင်မလိုသလို ထမင်းဖိတ် ကျွေး စရာ မလို သလို၊ လူကြုံလည်း မသယ်နိုင်တော့ပါဘူး။ 


ကျမကိုလူကြုံထည့်ပေးသူ ‌တွေ မြန်မာပြည်ပြန်ရင် သိတောင်မသိလိုက်ရဘူး။ တချို့ကျတော့ အမက ခဏခဏပြန် နေ ‌တော့ မှာစရာ ရှိမှာ မဟုတ်ဘူးမလားတဲ့။ကျမလည်းတခါမှ မမှာခဲ့ပါဘူး။


ခရီးကဝေး ပို့ရတာ မလွယ် တော့ လူကြုံနဲ့ ထည့်ပေးချင်တာနားလည်ပါတယ်။ ကျမလည်း ကိုယ့် အတိုင်းအတာနဲ့ပဲ သယ်နိုင်ပါတယ်။ အသွားအပြန်လူကြုံ ပစ္စည်းသယ်ဖို့ ခရီးထွက်ခြင်းမဟုတ်ပါ။ ကီလိုဘယ်လောက်ပဲရရ၊ ကျမသယ်နိုင်သ လောက် ပေါ့ပေါ့ပါးပါးနဲ့ ပဲ ခရီးသွားချင်ပါတယ်။ 


Shinlay