Saturday 30 April 2011

Montreux


မမျှော်လင့်ပဲရုတ်တရက်စီစဉ်ပြီး ရောက်သွားတဲ့နေရာပါ။ ပြီးခဲ့တဲ့
အပတ်ကအလုပ်ပိတ်မယ်၊မပိတ်ဘူးနဲ့ စောင့်နေရတာနဲ့ ခရီးသွား
ဖို့ စီစဉ်တာတွေမသွားဖြစ်ခဲ့ပါဘူး။ ရုတ်တရက်အကြံရတာနဲ့  မိတ်ဆွေ
တယောက်ရှိတဲ့ ဆွစ်ဇာလန်က Montreux မြို့ ကိုရောက်သွားပါတယ်။
မိတ်ဆွေက မြန်မာပြည်ကိုလည်းအကြိမ်များစွာရောက်ဖူးပြီး တရားဓမ္မအတူတူ
လုပ်ကြတဲ့သူပါ။ သူ့ အိမ်ဘေးက holiday apartment ကလည်းအားနေတာနဲ့ 
အတော်ဖြစ်သွားပါတယ်။


Montreux ကို ကျမတို့ ဆီကနေ ရထားနဲ့  ၄ နာရီလောက်စီးရပါတယ်။ ဆွစ်ဇာလန်
မှာရထားစီးရင် ဂျာမန်လိုပြောတဲ့အပိုင်းက ဂျာမန်နာမည်မြို့ ဘူတာ၊ ပြင်သစ်
စကားပြောတဲ့အပိုင်းက ပြင်သစ်နာမည်မြို့ ဘူတာ... တနိုင်ငံထဲ ဘာသာစကား
သံတွေပြောင်းပြီးကြားရတာ သဘောကျမိပါတယ်။


Montreux မှာတော့ ပြင်သစ်စကားပြောပါတယ်။ ကျမလည်း ရန်ကုန်မှာ
တုန်းက ၃နှစ်သင်ခဲ့တဲ့ ပြင်သစ်စကားလက်ကျန်နဲနဲပါးပါးနဲ့  တွေ့ တာတွေ
လျှောက်ဖတ်ကြည့်ခဲ့ပါတယ်။ တော်တော်မေ့နေပါပြီ....
ကျမတို့ မိတ်ဆွေက အင်္ဂလန်နိုင်ငံသားဆိုတော့ အင်္ဂလိပ်စကားပြန်ပြောဖြစ်
ပါတယ်။ သူ့ အမျိုးသမီးက ပြင်သစ်သူဆိုတော့ သူက တခါတလေပြင်သစ်လို
ပြောလိုက်၊ ဂျာမန်လိုပြောလိုက်နဲ့  ကျမတို့ လေးရောက်စကားဝိုင်းက ဟိုလိုပြောလိုက်၊
ဒီလိုပြောလိုက်နဲ့ ရီရသေးတယ်။







ကျမတို့ ၂ယောက်ကတော့ ဟိုနားဒီနားလျှောက်ကြည့်ဖြစ်ပါတယ်။ မြို့ က
Lake Geneva ဘေးမှာရှိတော့ ရေကန်ဘေးမှာ အကြာကြီးထိုင်ဖြစ်ခဲ့တယ်။
ရေကန်ကရေရယ်၊ တောင်တန်းကြီးရယ်၊ အဆင့်ဆင့်ဆောက်ထားတဲ့
အိမ်တွေရယ်။ လှေခါးထစ်တွေ၊ ကုန်းဆင်းကုန်းတက်တွေရယ်က ကျမအတွက်
ဆန်းနေပါတယ်။ ကျမတို့ ရှိနေချိန်မှာနေကလည်းသာတော့ မြို့ ရဲ့ အလှကို
ပိုခံစားခွင့်ရခဲ့ပါတယ်။
သွားရင်းလာရင်းမြန်မာတယောက်ယောက်နဲ့ များတွေ့ မလားလို့  ရှာကြည့်မိသေးတယ်။

Monday 18 April 2011

ကျမနဲ့ မြန်မာဝတ်စုံ



ပြီးခဲ့တဲ့စနေ (၁၆.၄.၂၀၁၁) က ကျမတို့ ဂျာမနီရောက်လာအိုးလူမျိုးတွေ
ကျင်းပတဲ့ နှစ်သစ်ကူးပွဲကိုရောက်ပါတယ်။ ပွဲအကြောင်းလေးကိုတော့
လပြည့်ရိပ်ကဒီမှာရေးထားပါတယ်
ဒီပွဲဟာ ကျမအတွက် တနှစ်တခါမြန်မာပြည်အလွမ်းပြေဆိုလည်းဟုတ်သလို၊
မြန်မာဝတ်စုံကို ၀င်ခွင့်ရတဲ့ပွဲလည်းဟုတ်ပါတယ်။
ဆောင်းတွင်းတစ်ခုလုံး အနွေးထည်ထူထူတွေ၊ဂျာကင်တွေ၊ ခေါင်းစွပ်တွေကို
ကြိုက်ကြိုက်မကြိုက်ကြိုက် ၀တ်ခဲ့ရတဲ့နောက် ဒီပွဲမှာမြန်မာလို ၀တ်ခွင့်ရတော့
တကယ့်ကိုပျော်ပါတယ်။
ဒီသင်္ကြန်ပွဲအတွက်ဘာဝတ်မယ်ဆိုတာကို အကြာကြီးကတည်းက ကြိုတွေးပြီးသား
ပါ။ လာအိုးလူမျိုးတွေကလည်း ဒီပွဲမှာ သူတို့ ရိုးရာ ၀တ်စုံတွေဝတ်ကြတော့
သူတို့ လှနေသလိုကျမလည်းလှချင်ပါတယ်။ သူတို့ ရိုးရာဝတ်စုံ ကို ကျမတို့ ကြည့်
ခွင့်ရသလို ကျမတို့ မြန်မာဝတ်စုံကိုလည်းသူတို့ ရှေ့မှာဝတ်ပြချင်ပါတယ်။

ကျမတို့ မြန်မာဝတ်စုံနဲ့ လာအိုးဝတ်စုံက တော်တော်တူပါတယ်။ သူတို့ လည်း
လုံချည်ပဲဝတ်ကြပါတယ်။ အခုခေတ်တော့ စကတ်ထမီလိုချုပ်ထားတာပေါ့လေ။
သူတို့ ရဲ့ အချိတ်ဆင်က ထမီရဲ့အောက်နားမှာပါ၊ကျမတို့ ဒူးနားချိတ်နဲ့ ခပ်ဆင်ဆင်
တူပါတယ်။ ပုဝါကိုသူတို့ က ရင်ပတ်မှာ သိုင်းပြီးခြုံပါတယ်။ ကျမတို့ ကတော့
ပုဝါကို စုံချရင်ချ၊ အစနှစ်ဘက်ရှေ့ချပြီး ခြုံရင်ခြုံပါတယ်။

http://www.activeboard.com/forum.spark?aBID=98894&p=3&topicID=23274230

ဒီနှစ်တော့ကျမ ပတ်လည်ချိတ်လေးဝတ်ဖြစ်ပါတယ်။ လုံချည်က မြန်မာပြည်က
မိတ်ဆွေကလက်ဆောင်ပါးလိုက်တာပါ။ အကျိံနဲ့ ပုဝါကိုတော့ မနှစ်ကရန်ကုန်
ပြန်ရင်းချုပ်လာတာပါ။ ဒီလုံချည်က ကွင်းလုံချည်ပါ၊ မနှစ်ကစကတ်ထမီဝတ်ကြည့်
ပါတယ်။ သိပ်မကြိုက်တာနဲ့ ကွင်းလုံချည်ပဲချုပ်ဖြစ်ပါတယ်။
မြန်မာဝတ်စုံကိုဝတ်ရတော့ အရင်ကကျောင်းမှာ အလုပ်လုပ်
တုန်းပွဲတွေရှိရင် သူငယ်ချင်းတသိုက် အလှပြိုင်ကြတာသတိရမိပါတယ်။
သာမန်လုံချည်တွေကိုတော့နွေဆိုရင် မကြာခဏ၀တ်ဖြစ်ပေမဲ့ အခုလိုကြကြနန
တော့မ၀တ်ဖြစ်ပါဘူး။ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အရယူပြီး ကျမ မြန်မာဆန်ဆန်
အလှပြင်ခဲ့ပါတယ်။

တရားနာရင်း၊အလှူပြုရင်း၊ ဘုန်းကြီးဖူးရင်း ၊အာရှအစာတွေစားရင်း၊ မြန်မာစကား
တွေပြောရင်း၊အာရှလူမျိုးတွေ ကြား မြန်မာလိုဝတ်ရင်း..... ခေတ္တခဏ မြန်မာပြည်ပြန်ရောက်နေသလိုခံစားရပါတယ်။

Wednesday 13 April 2011

ရေမထိရတဲ့သင်္ကြန်

ဒီနေ့ သင်္ကြန်အကျနေ့ ... မနေ့ က ကြိုလုပ်ထားတဲ့ ရွှေထမင်းနဲ့  မနက်စောစော
ဘုရားဆွမ်းကပ်ဖြစ်ပါတယ်။
ဒီနေ့ ကျမခွဲစိတ်ဖို့ ရက်ချိန်းယူထားတာနဲ့ အလုပ်ကအပြန် ဆေးရုံကိုတန်းသွား
လိုက်ပါတယ်။ မိုးစက်ပွင့်ရဲ့ နေရစ်ခဲ့တော့စံပယ်တင် ထဲကလိုပဲ ကျမကတော့
ရင်သားပေါ်က မှဲ့ တစ်လုံးကအရောင်ပြောင်းလာတာရယ်၊ နောက် လက်သည်းခွံ့ 
လောက်အခဲလေးတစ်ခု ရှိနေတာရယ်ကို ဒီနေ့ ပဲခွဲထုတ်လိုက်ပါတယ်။

အလုပ်ကအပြန် တယောက်ထဲ မကြောက်ပါဘူးဆိုပြီးသွားလိုက်ပါတယ်။
ဟိုရောက်တော့ ခွဲစိတ်ခန်းဝတ်ရုံဝတ်၊ ခွဲစိတ်ကုတင်ပေါ်တက် နဲ့ လာသမျှ သူနာပြု
တွေဆရာဝန်တွေကို ခွဲမဲ့နေရာပြ..... သူနာပြုတွေက တော်တော်လေးကောင်းပါတယ်။
အချိန်ယူပြီးပြင်ဆင်ပေးပါတယ်။ ဒီအလုပ်တွေဟာ ကျမအလုပ်မှာလုပ်နေကြဆိုတော့
ကြောက်တာတော့မကြောက်ပါဘူး။ ဆရာဝန်ကထုံဆေးလာထိုးပါတယ်။ သူက တနေရာထဲ
ထိုးသွားလို့ နောက်တနေရာ မှာ ထိုးဖို့ ထပ်ခေါ်ရပါတယ်။

ဆေးထိုးပြီး ၅မိနစ်လောက်ကြာတော့ စခွဲပါတယ်။ မျက်နှာရှေ့မှာကာထားပေမဲ့ 
သူတို့ လုပ်နေတာတွေကို သိနေပါတယ်။ နာတာတော့မနာပါဘူး။ ခွဲပြီးချုပ်နေတာလည်း
သိနေပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ ၂ နေရာလုံးခွဲပြီး၊ ချုပ်ပြီးသွားပါတယ်။
အားလုံးပြီးသွားတော့ ဆရာဝန်က လာနှုတ်ဆက်ရင်း ၂ ရက် ရေမထိရဘူးလို့ မှာပါတယ်။


အိမ်ပြန်ရောက်တော့ ကိုသောမတ်စ်ခမျာ ကျမကိုရေမလောင်းတော့ဘူးတဲ့။
ခြေထောက် တို့ လက်တို့ တော့လောင်းလို့ ရပါတယ်လို့ ပြောရသေးတယ်။ ကျမက
သင်္ကြန်ရေ ထိရမှာကြိုက်တယ်လေ။
စနေနေ့ တော့ တွေ့ တဲ့လူ(မြန်မာ)တွေကိုရေပက်ပစ်မယ်။

Tuesday 12 April 2011

သင်္ကြန်ရောက်ပြီ


သင်္ကြန်အကြိုနေ့ ... အိမ်နားမှာရှိတဲ့ ပန်းရွက်တွေကို ခူးပြီး အတာအိုးထိုးဖြစ်ပါတယ်။
သင်္ကြန်သီချင်းတွေလည်းနားထောင်ဖြစ်ပါတယ်။ ငယ်ငယ်က ကြုံတွေ့ ခဲ့ ရတဲ့
သင်္ကြန်ရက်တွေကို သတိရမိလွမ်းမိပါတယ်။
အဝေးမှာရောက်နေကြတဲ့ မောင်နှမ၀မ်းကွဲတွေကိုသတိရတယ်။ ရပ်ကွက်ထဲမှာ
ခွက်လေးတွေနဲ့ ရေပက်ကြတဲ့ အရွယ်ကနေ သူငယ်ချင်းတွေနဲ့ ရေပက်မဏ္ဍပ်မှာ
ရေပက်ခဲ့ကြတာသတိရတယ်။ မောင်နှမတသိုက် ရေပက်ခံထွက်ခဲ့ကြတာကိုလည်း
သတိရတယ်။

တူးပို့ သံတွေနဲ့ မမောမပန်းသင်္ကြန်ယိမ်းကကြတဲ့ သူငယ်ချင်းတွေကို သတိရတယ်။

သင်္ကြန်အချိုပွဲတွေကိုလည်းလွမ်းပါတယ်။ မုန့် လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့် လက်ဆောင်း၊
အလွမ်းပြေလုပ်ဖြစ်ပါအုံးမယ်။

နှစ်ဆန်းရက်မှာ ခေါင်းလျှော်ရည်ဝေလေ့ရှိတဲ့ အဒေါ်ကိုလည်းသတိရပါတယ်။

ကျမသတိရနေသလို ကျမအမေ၊ ကျမအဒေါ်တွေလည်း အဝေးရောက်နေကြတဲ့
ကျမတို့ ကလေးတသိုက်ကို သင်္ကြန်ရက်တွေမှာ သတိရနေကြမှာပါ။

မနက်ဖြန်တော့ အနားမှာရှိတဲ့သူကိုပဲရေပက်ရမယ်။.............

၁၆.၀၄.၂၀၁၁ စနေနေ့ မှာ ဂျာမနီက လာအိုးနှစ်သစ်ကူးပွဲကိုသွားပါမယ်။
Mannheim မြို့ နားက Ketsch ဆိုတဲ့မြို့ က Rheinhalle မှာကျင်းပမှာပါ။
မနှစ်တုန်းက ဓါတ်ပုံတွေ ဒီမှာကြည့်လို့ ရပါတယ်။
http://wat-lao.org/Fotos/Veranstaltungen/2010/pimai/album/index.html

နီးတဲ့သူတွေလာလို့ ရတာပေါ့။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ သင်္ကြန်အချိန်ဖြစ်ပါစေ။
ပျော်ရွှင်သာယာအောင်မြင်သော နှစ်သစ်ဖြစ်ပါစေလို့  သူငယ်ချင်းတို့ ကို ဆုတောင်း
ပေးလိုက်ပါတယ်။

Friday 8 April 2011

သူပြောတဲ့မြန်မာစကား


သူနဲ့ စတွေ့ တော့ ကျမက ရန်ကုန်မှာ နိုင်ငံခြားသားတချို့ ကို မြန်မာစကားသင်
ပေးနေတဲ့အချိန်ပါ။ များသောအားဖြင့်ကတော့ အပြောကိုပဲသင်ကြပါတယ်။
တယောက်ကပဲ အရေးရောအပြောပါသင်ပါတယ်။ သူတို့ တွေဟာ မြန်မာပြည်မှာ
အလုပ်လာလုပ်ကြတဲ့သူတွေပါ။ မြန်မာစကားကို သူတို့ နဲ့ ပတ်သက်ဆက်ဆံ
နေရတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးအဆင်ပြေချင်လို့ သင်ကြတာပါ။ ပညာရှင်တွေလို
သဒ္ဒါတွေဘာတွေမသင်ပဲ။ပြောချင်တာပြောလို့ ရအောင် သာသင်ကြတာပါ။

နောက်တော့ အဲ့ဒီသူတွေထဲကတစ်ယောက်က နိုင်ငံခြားသားတွေရန်ကုန်မှာ
အိမ်ငှားချင်ရင် ရှာပေးတဲ့ပွဲစားအလုပ်ကို ကြားပေါက်လုပ်ပါတယ်။ သူက
မြန်မာစကားအပြောရော၊အရေးပါ ရတာကို။

တယောက်ကတော့ အိမ်ရှင်မကနေ အအေးဆိုင်တွေဘာတွေဖွင့်ဖြစ်ခဲ့တယ်။
တယောက်ကတော့ ခရီးသွားလုပ်ငန်းတခုကိုထောင်ပြီး မြန်မာပြည်မှာ
အဆင်ပြေနေလေရဲ့ ။

ကျမက ကျမတပည့်တွေမြန်မာစကားပြောရင် ၀မ်းသာ၊ဂုဏ်ယူမိတယ်။
အခုထိ ရန်ကုန်မှာပြန်တွေ့ ရင် သူတို့ ရဲ့ မြန်မာစကားအောင်မြင်မှုကို
ကျမကိုပြန်ပြောကြ၊ သိချင်တာတွေမေးကြ နဲ့ တကယ်ဝမ်းသာရပါတယ်။

ကျမ ကိုသောမတ်စ်နဲ့ စတွေ့ တော့ သူ့ တက္ကသိုလ်မှာ မြန်မာစာသင်ရကြောင်း၊
ကျမဆီမှာလေ့ကျင့်ချင်ကြောင်းပြောတာနဲ့ စနေ၊တနင်္ဂနွေ အချိန်ပေးလိုက်ပါတယ်။
ခဏပဲသင်ရသေးတယ်၊စိတ်မ၀င်စားပါဘူး။ နောက်ပိုင်းတော့ ဟိုလျှောက်လည်၊
ဒီလျှောက်လည်နဲ့ ပဲ ပြီးသွားတယ်။ မြန်မာစကားတော့မတက်လာပါဘူး။

ဒီလိုနဲ့ ကျမနဲ့ အိမ်ထောင်ကျပြီး တဲ့နောက်သင်ပေးပါသေးတယ်။ သင်လို့ မရပါဘူး။
ဒါနဲ့ ပဲကျမလက်လျှော့လိုက်ရပါတယ်။ ကျမတပည့်တွေ က ကျမယောင်္ကျားတော့
မြန်မာစကားသိပ်ကောင်းမှာပဲ လို့ ပြောကြတယ်။ ကျမက သူ့ မြန်မာစကားကသိပ်
မကောင်းဘူးလို့ ပြောတော့၊ ဆရာမ ညံ့လို့ နေမှာဆိုပြီးနောက်ကြတယ်။

သူငယ်ငယ်က ဘာသာစကားနှစ်မျိုးနဲ့ ကြီးလာရတော့ ဘာသာစကားကို
ကြားတာကို မှတ်ပြီးသင်ယူရတာသူ့ အတွက်ပိုကောင်းပါတယ်။ အင်္ဂလိပ်စာကိုလည်း
သူခရီးတွေထွက်ရင်းနဲ့ ကြားလိုက်၊ပြောလိုက်နဲ့ တတ်သွားတာလို့ ပြောပါတယ်။
ဒီတော့မြန်မာစကားကိုလည်း ကျမပြောတာကြားရင်းလိုက်ပြောရင်းနဲ့ သူတတ်လာပါတယ်။

ကျမမြန်မာသူငယ်ချင်းတွေနဲ့  ဖုန်းပြောရင် သူကနားထောင်နေတယ်။ မသိတာဆိုရင်
မေးတယ်။ တချို့ စကားလုံးတွေက သူ့ အတွက်အသံထွက်ရတာကောင်းနေတာတို့ ၊
သူနားထောင်ရတာကောင်းနေတာတို့  ဖြစ်နေရင် မေးပြီးမှတ်ထားတယ်။ လိုက်ပြောတယ်။
မေ့သွားရင်ထပ်မေးတယ်။ မြန်မာစကားထဲမှာ ပါဠိ စကားလုံးတွေပါတော့ သူ့ အတွက်
ပိုအဆင်ပြေသွားပါတယ်။

သူကမြန်မာတွေနဲ့ တွေ့ ရင် မြန်မာစကားပြောရတာသဘောကျတယ်။ ကျိုးစား
ပြီးသိတာလေးတွေကိုပြောရှာတယ်။ ကျမသူငယ်ချင်းတွေနဲ့ ဖုန်းဆက်ရင် မြန်မာ
လိုသိတာလေးဝင်ပြောရှာတယ်။ အမေနဲ့ စကားပြောရင်လည်းမြန်မာလိုရော၊ ပါဠိ
လိုရော၊ အဂ်လိပ်လိုရော ကြိုးစားပြောရှာတယ်။

ဘာဖြစ်လို့ လဲ၊ စပ်စုတယ်၊ လာပါ၊သွားမယ်၊ အနစ္စ၊ဒုက္ခ၊အနတ္တ၊
မိန်းမအများကြီးလှတယ်၊ ဟင်းချက်ကောင်းတယ်၊ခက်တယ်၊မခက်ဘူး
ဆိုတာတွေကသူ့ ကြိုက်တဲ့စကားတွေပါ။ ဂဏန်းတွေကိုတော့ ၁ ကနေ ၅
အထိပဲရတယ်။

အခုဆိုရင် သူတော်တော်လေးပြောတတ်နေပြီ၊ သူများပြောတာကိုတော့သူပိုနားလည်
တယ်။ သူ့ ရှေ့မှာ အတင်းပြောလို့ တော့မရတော့ဘူး။

မြန်မာနာမည်ကလည်း ရှိသေးတယ်။ ကျမက ဘာပေးရမှန်းမသိတာနဲ့  တနင်္လာသားကို
ကိုကိုမောင်လို့ ပေးလိုက်တယ်။ အမျိုးသားတွေရဲ့ နာမည်ရှေ့မှာ ကို တို့  မောင်တို့ ထဲ့
ခေါ်ကြတာသူသိထားတော့ ခပ်လွယ်လွယ်ပဲ။ ကိုကိုမောင်ပေါ့။
ကျမမိတ်ဆွေ ရဲ့ သားလေးကို ကိုကို လို့ ခေါ်တယ်။ သူကလည်း သူ့ နာမည်က ကိုကို ဆို
ပြီး လူတိုင်းကိုလိုက်ပြောလို့ ရှင်းပြရသေးတယ်။

မနှစ်က ဥုးဇင်းတစ်ပါးနဲ့ စကားပြောကြရင်းမြန်မာနာမည်တွေအကြောင်းရောက်သွား
တယ်။ နာမည်ပေးပုံတွေအကြောင်းပြောရင်း သူ့ နာမည်က ကြက်သွန်ဖြူဥတစ်လုံးစု
နည်းနဲ့ မကိုက်ဖြစ်နေတယ်ဆိုပြီး သူနာမည်ပြောင်းလိုက်ပါတယ်။ ကိုကိုနိုင်တဲ့။

တခါတလေတော့လည်းမြန်မာပြည်က သူ့ တပည့်တွေသင်ပေးလိုက်တဲ့ အိမ်ဦးနတ်
ဆိုတဲ့နာမည်ကို သုံးပါသေးတယ်။
တခါက ရန်ကုန်မှာ တက္ကစီငှားစီးကြတယ်။ ကားဆရာက ပြန်အမ်းတဲ့ပိုက်ဆံကို
ကျမကိုပေးတယ်။ သူက တလမ်းလုံးမြန်မာလိုမပြောပဲ၊ အဲ့ဒီအချိန်ကျမှ ကျနော့်
ကိုပေးပါ။ ကျနော်က အိမ်ဦးနတ်လို့  ထပြောလိုက်တော့ ကားဆရာက ရီလိုက်တာလေ။

ပျှော်တယ်နဲ့ ပြောတယ် ကိုသူမကွဲဘူး။ ဈေးနဲ့ ဆေးကို သူမကွဲဘူး။ သူ့ နားထဲမှာ
တသံထဲပဲကြားတယ်တဲ့။ သူဘာပဲပြောပြောကျမကတော့ဖြည့်ပြီးနားလည်ပေးပါတယ်။
တခါတလေလည်းသူသိတဲ့မြန်မာစကားလုံးတွေကို အင်္ဂလိပ်သဒ္ဒါနဲ့ ပြောလိုက်သေးတယ်။
ဘာပဲဖြစ်ဖြစ် သူ့ ရဲ့မြန်မာစကားပြောသံကြားရရင် ကျမကတော့ပျော်ပါတယ်။

Thursday 7 April 2011

ကျေးဇူးပါသူငယ်ချင်းတို့ ရေ

တနင်္လာနေ့ က နေမကောင်းလို့ ခွင့်ယူမလားစိတ်ကူးရုံရှိသေးတယ်။
အလုပ်လုပ်ဖေါ်တယောက်က ကျမထက်ဦးစွာခွင့်ယူသွားတယ်။
တနင်္ဂနွေနေ့ မနက်က အပြင်ခဏထွက်မိပါတယ် တညနေလုံး ခံလိုက်ရတယ်။
တနလာင်္နေ့ အလုပ်ရောက်တော့ နှာရည်ကတောက်တောက်ကျ...
Project တစ်ခုကရှိနေတော့ အလုပ်ကလည်း ပုံမှန်ထက်များ၊
နှာရည်သုပ်လိုက်၊ ဟတ်ချေးလုပ်လိုက်....

နောက်နေ့ ကျတော့ပြောင်းသောက်လိုက်တဲ့ဆေးကြောင့် နှာရည်မကျ
တော့ပဲ နှာခေါင်းကပိတ်သွားလိုက်တာ အသက်ရှုလို့ တောင်မရတော့
ဆေးထဲ့ရပြန်ရော...

၃ရက်ဆက်တိုက် နေ့ စဉ် ပုံမှန်ထက် ၄နာရီလောက် ပိုလုပ်လိုက်ရတာဒီနေ့ 
တော့ နားရက်ရပါတယ်။ နေလို့ လည်းကောင်းလာပါတယ်။ မနက်ပိုင်းအလုပ်
ခဏသွား လွဲစရာရှိတာသွားလွဲပြီး တနေ့ လုံးအိမ်ထဲမှာပဲနေလိုက်ပါတယ်။
မနက်ဖြန် တနေ့ လုံးအလုပ်လုပ်ရအုံးမှာဆိုတော့ အားမွေးထားအုံးမှ။

သတင်းမေးကြ၊ အားပေးကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
မမြင်ဖူးကြပေမဲ့ မိတ်ဆွေရင်းတွေလို ဂရုတစိုက်ရှိကြတဲ့ ဘလော့ မိသားစုဝင်တွေကို
အထူးကျေးဇူးတင်ပါတယ်။

Saturday 2 April 2011

အပြင်မထွက်ရတဲ့နေ့ 

http://www.wellness-gesund.info/Reiseratgeber/02-Grosse-Checkliste-Reisekrankheiten/Allergie.jpg
ဒီနေ့ အလွန်လှပါတယ်။ ဒီနေ့ နေပူပါတယ်။၂၅ဒီဂရီလောက်အထိကိုပူပါတယ်။
မနေ့ ကတည်းက စပြီး နေထွက်တာနဲ့ ကျမအလုပ်ကအပြန် ဟိုဟိုဒီဒီလျှောက်
ဖြစ်ခဲ့တယ်။ ညကျတော့ ထုံးစံအတိုင်း လည်ချောင်ယား၊ နှာချေ၊နှာစီး၊
မျက်စိတွေယားနဲ့ အလုပ်များပြန်ရော၊ ခဏကြာတော့ မျက်လုံးကပိတ်မတတ်
ရောင်လာတယ်၊ မျက်နှာကလည်းရောင်လာတယ်။ .... ဒါနဲ့ ပဲဆေးတစ်လုံး
အမြန်သောက်လိုက်ရတယ်။
ဒါကြောင့်ဒီနေ့ နေသာပြီးလှပေမဲ့ ကျမကတော့ အိမ်ထဲမှာပဲနေနေရတယ်။..

မနက်စောစောနဲ့ ညနေစောင်း အပြင်ထွက်ရင် ဘာမှမဖြစ်ပေမဲ့၊ ပန်းဝတ်မှုံ
တွေလွင့်တဲ့ နေပူတဲ့အချိန်တွေဟာ ကျမလို ပန်းဝတ်မှုံအလာဂျီရှိသူအတွက်
တော့ ဒုက္ခတခုပါပဲ။ ကျမနေတဲ့ နေရာကလည်း သစ်ပင်တွေများပါတယ်။

တကယ်တော့ ပန်းခြံထဲသွားပြီးမြက်ခင်းပေါ်မှာထိုင်ရင်းစာအုပ်လေးဖတ်ပြီး
နေချင်တာ။

အပြင်မထွက်ရတော့ စားချင်တာတွေပဲချက်စားရင်းအချိန်ကုန်လိုက်ပါတယ်။
ဒီနေ့ အုန်းထမင်းချက်ဖြစ်ပါတယ်။ ကြက်သားနဲ့ အာလူးဟင်းရယ်၊ဘာလချောင်ကြော်
ရယ်၊ ဂေါ်ဖီပန်းပွင့်သုပ်ရယ်၊ ဟင်းချိုရယ်.... စားလို့ ကောင်းသား။

ဒီ နှစ်အတွက် မြန်မာလုံချည် စ၀တ်ဖြစ်တယ်။ နွေစီးဖိနပ်တွေအသင့်ပြင်ထားတယ်။
ညနေစောင်းရင်တော့ လမ်းထွက်လျှောက်မယ်။ ဖြစ်ချင်ရာဖြစ်...... ဆေးရှိတာပဲ...
ဆိုပြီးအလာဂျီကိုစိမ်ခေါ်လိုက်ပါတယ်။

http://www.allergieratgeber.de/service/ihre-pollenflugvorhersage/?strPkS=bad+krozingen