Monday 17 November 2014
လူသစ်၊ နေရာအသစ်
ဒီနေ့  လူတယောက်ကို အလုပ်ကထုတ်လိုက်ရတယ်။ အလုပ်သာခန့် ပေးချင်
တာပါ။ အလုပ်က ထုတ်ရတာ တော့မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်းရေရှည်မှာ
အဆင်ပြေမဲ့အခြေအနေလည်းမရှိတာနဲ့  အစမ်းခန့် ကာလမှာပဲ ထုတ်လိုက်
ရတာ ပိုကောင်းပါတယ်။
လူသစ်တစ်ယောက် အလုပ်သစ်တစ်ခုကိုရောက်လာရင် အစပိုင်းမှာ
အခက်အခဲရှိတတ်ကြပါတယ်။ လက်ရှိ ရှိနေပြီးသား လူဟောင်းတွေနဲ့  ဆက်ဆံ
ရေးပိုင်း အဆင်ပြေအောင် ဘယ်သူက ဘယ်လိုဆိုတာ လေ့လာရပါတယ်။
အထက်က ဆရာဝန် တွေက လူနာတွေကို ဆေးကုတဲ့အခါ သူတို့  ကိုယ်ပိုင်
ပုံစံတွေရှိကြတယ်။ ဆရာဝန် ၃ ယောက်မှာ ဘယ်သူတာဝန်ကျရင်ဘယ်လို
ပြင်ဆင်စီစဉ်ပေးရမယ်ဆိုတာ သိထားရတယ်။
လူအမျိုးမျိုး ပုံစံအမျိုးမျိုးလေ။ လူဟောင်းတွေက နွေးထွေးစွာ ကြိုဆိုပေမဲ့လည်း
လူသစ်က ရောက်ထဲကိုက ငါကဘာဆိုတာစပြနေရင်လည်း လုပ်ငန်းခွင်ဆက်ဆံ
ရေးမှာ မလွယ်ပြန်ဘူး။  ငါကလူသစ်ပေမဲ့ လက်ရှိ လုပ်နေကြပုံစံကို ချက်ချင်း
 ပြောင်းလဲဖို့ ကြိုးစားရင်လည်း လူဟောင်းတွေနဲ့ အဆင်မပြေပြန်ဘူး။
အလုပ်ရဲ့ သဘောသဘာဝကို အချိန်ယူ လေ့လာ၊ပါဝင်လုပ်ကိုင်ပြီးတဲ့အခါမှ
ပြု ပြင်ပြောင်းလဲမှုအတွက် အကြံပြု ပေး ရင် ပိုနည်းလမ်းကျထိရောက်မယ်ထင်ပါတယ်။
အလုပ်သစ်ထဲကိုရောက်လာရင် လေ့လာသင်ယူချင်စိတ်ပါယူလာဖို့ လိုပါတယ်။
ဒါလေးများငါလုပ်ဖူးသားပဲ ဆိုပေမဲ့ ပရိုဂရမ်ကွဲလွဲမှုတွေ၊ နည်းပညာကွဲလွဲမှု
တွေရှိနေသေးတာကို မေ့မထားသင့်ပါဘူး။ ရသမျှအချိန်မှာ ရသလို သင်ယူ
လေ့လာနိုင်မှုကလည်း လူသစ်တယောက်ရဲ့  စွမ်းရည်ဆိုပါတော့။
မသိတာကိုမေး၊ ရှင်းပြတာကို စိတ်ဝင်တစား နဲ့ သင်ယူတယ်ဆိုရင်
အလုပ်ပေးသူအနေနဲ့  လူသစ်ကို အမှတ်ကောင်းကောင်းပေးနေမှာပါ။
မတတ်တဲ့သူကို တတ်အောင်သင်ပေး နိုင်ပေမဲ့ လုပ်ချင်စိတ်
မရှိတဲ့သူ၊ သင်ယူချင်စိတ်မရှိတဲ့သူကိုတော့ လက်တွဲခေါ်ရတာအလွန်
ခက်ပါတယ်။
အလုပ်ချိန်က အလုပ်ချိန်ပဲလို့ ဆိုပေမဲ့ လူသစ်တယောက်အတွက် တခါတလေ
မိမိသင်ယူနိုင်ဖို့ အချိန်ပို ယူရတာတွေကို မတွက်ကပ် သင့်ပါဘူး။ အချိန်ပိုကို
၅ မိနစ် ၁၀မိနစ်ကအစမှတ်ပြီး နားရက်ယူပြစ်လိုက်တော့ ကျန်တဲ့သူတွေ
ကဘာလုပ်ကြမလဲ။ သူ့ အစားပိုလုပ်ရပြန်ရော။
မိမိရဲ့ အလုပ်က ၀န်ဆောင်မှုပေးရတဲ့အလုပ်။ မိမိဆီလာတဲ့သူကို အပြုံးနဲ့ ၊ချိုသာ တဲ့စကားလုံးတွေနဲ့  နွေးထွေးစွာကြိုဆိုရမယ့်အလုပ်။မိမိစိတ်ထင်တိုင်းပြောလို့ 
ဆိုလို့ မရပါ။ အလုပ်သဘောအရ စိတ်ပင်ပန်းမှုအောက်မှာ လုပ်နိုင်ရပါမယ်။
ဒါ့အပြင် ဒီနေရာကတော့ပင်ပန်းတယ်၊ ဟိုနေရာကတော့ သက်သာတယ်ရွေးလို့ မရပါဘူး။
လူတစ်ယောက်တကယ်အလုပ်လုပ်တယ်ဆိုရင် နေရာတိုင်းဟာ ပင်ပန်းတဲ့နေရာတွေ
ပါပဲ။ 
တကယ်တမ်း စိတ်ဝင်တစားလုပ်မယ်ဆိုရင် လူသစ်တယောက်ဟာ ၃လလောက်
ကြာရင် အလုပ်ထဲမှာ နေသားကျလာပါတယ်။ ၆လလောက်ကြာရင်တော့ ကျွမ်းကျင်
လာပါတယ်။ အလုပ်ထဲမှာ ကျွမ်းကျင်မှုရှိလာတာနဲ့ အမျှ အလုပ်လုပ်ရတာပျှော်လာပါတယ်။
လူသစ်တယောက်က ၆လကြာတဲ့အထိ ဘာမှလက်လွှတ်လို့ မရသေး၊ လူဟောင်း
တွေနဲ့ ဆက်ဆံရေးကလည်းအဆင်မပြေသေးဘူးဆိုရင်တော့ သူ နဲ့ ဒီအလုပ် မကိုက်
ညီဘူးလို့ ပဲ သတ်မှတ်လိုက်ရပါတော့တယ်။ 
Saturday 15 November 2014
Wilhelm Straße ဆိုတဲ့လမ်းကလေး
Wilhelm Straße လို့ ခေါ်တဲ့လမ်းကလေးက ကျမအလုပ်လုပ်တဲ့  Freiburg
အဲ့ ဒီလမ်းထဲမှာ ရှိတဲ့  Goethe Institut ကိုတော့ ပွဲရှိရင်တခါတလေရောက်တာ
ပဲရှိပါတယ်။ အခုတော့ဒီလမ်းကလေးက ကျမနဲ့ ရင်းနှီးလာပါတယ်။
ကျမတို့  Freiburg မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲကစပြီး မြို့ ထဲကိုဖြတ်တဲ့
tram လမ်းတွေပြင်တာနဲ့  အောက်တိုဘာလအထိပိတ်ထားပါတယ်။
ကျမလည်း အလုပ်ကို ဘူတာကနေလမ်းလျှောက်သွားရပါတယ်။
အရင်က အလုပ်အသွားကိုပဲ လမ်းလျှောက်ပေမဲ့  အခုတော့ အသွားအပြန်လျှောက်
ရပါတော့တယ်။ ဒီတော့ အလုပ်ကို အမြန်ဆုံးသွားနိုင်မဲ့ လမ်းကို ရှာရပါတော့တယ်။
ဒါနဲ့ ပဲ ကျမ  Wilhelm Straße ကို ရောက်ခဲ့ပါတယ်။
အစပိုင်းတော့ ဒီလမ်းက အလွန်ပျင်းစရာကောင်းတဲ့လမ်းလို့ ထင်မိတယ်။မြို့ ထဲက
ဖြတ်လျှောက်နေကျဆိုတော့ ဟိုဆိုင်ငေးဒီဆိုင်ငေးနဲ့ လမ်းလျှောက်မှန်းမသိသာဘူးလေ။
Wilhelm Straße   ကတော့ အိမ်တွေများတယ်။ ကြည့်စရာ သိပ်မရှိဘူး။ ဒါပေမဲ့
တဖြေးဖြေးနဲ့ ကျမဒီလမ်းကို သတိထားမိလာတယ်။
လမ်းထိပ်မှာ နာမယ်ကြီးတဲ့  Goethe Institut ရှိတော့ နေ့ ခင်းပိုင်းကျမအိမ်ပြန်
ချိန်ဆို နိုင်ငံစုံကလာတဲ့ကျောင်းသားတွေကို အနီးအနားမှာ တွေ့ ရတယ်။ ကျမတောင်
မြန်မာကျောင်းသားများပါမလားလို့  ကျောင်းရှေ့က ကြော်ငြာဘုတ်မှာ ရှာကြည့်သေး
တယ်။
အဲ့ဒီကျောင်းဘေးမှာ Jos Fritz ဆိုတဲ့ ( http://www.josfritz.de )စိတ်ဝင်စားဘို့ ကောင်းတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်။ သူ့ ဆိုင်ဘေးမှာ ကော်ဖီဆိုင်ပါတွဲထားတယ်။
အဲ့ဒီဝန်းကျင်ကအိမ်တွေက ရှေးအိမ်တွေဆိုတော့ ကြည့်ရတာအမြင်ဆန်းနေတယ်။
ကော်ဖီဆိုင် ၂ဆိုင် ၃ဆိုင်လောက် လည်းဒီလမ်းထဲမှာရှိသေးတယ်။ အေးအေး
ဆေးဆေးနဲ့ ထိုင်လို့ ကောင်းတဲ့ဆိုင်လေးတွေပါ။ နေသာတဲ့နေ့ ဆိုရင်လမ်းပေါ်က
အုတ်ဘောင်တွေပေါ်ထိုင်ရင်း အေးအေးဆေးဆေး စကားဝိုင်းဖွဲ့ ရင် ကော်ဖီသောက်
ကြတာတွေ့ ရတယ်။ တက္ကသိုလ်ကျောင်းနဲ့ နီးတော့ ကျောင်းသားတွေကိုလာသောက်
ကြလေ့ရှိတယ်။
ကျန်းမာရေးအာမခံ ကုပ္ပဏီတစ်ခုရဲ့ ရုံးခန်းကြီး တစ်ခုလည်း ဒီလမ်းထဲမှာ ရှိသလို
Santo Mercedes  ကားအရောင်းခန်းကလည်း ဒီလမ်းထဲမှာရှိတယ်။
ကျမ တခါတလေ၀ယ်လေ့ရှိတဲ့ ပေါင်မုန့် ဆိုင်လေးလည်း ရှိသေးတယ်။
လမ်းထဲကအိမ်အများစုမှာတော့ ဆေးခန်းတွေ၊ရုံးခန်းတွေ ဖွင့်ကြတာများတယ်။
ဒီတလမ်းထဲမှာကို အထူးကုဆေးခန်း တော်တော်များသား။
လာမိတယ်။ ကျမလိုပဲ ဒီလမ်းကို နေ့ တိုင်းဖြစ်လျှောက်နေကြတဲ့သူတွေရှိသား။
တွေ့ နေကြသူတွေ မတွေ့ ရင်တောင် ဒီနေ့ နေမှကောင်းရဲ့ လား လို့ တွေးမိလာတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ မြို့ ထဲကလမ်းတွေပြန်ဖွင့်ပေမဲ့ ကျမကတော့
Wilhelm Straße  ဆိုတဲ့ လမ်းလေးကို ဆက်လျှောက်နေတုန်းပါ။ လမ်းလျှောက်
တာကျန်းမာရေးနဲ့ လည်းညီတယ်လေ။ လမ်းလေးကိုကျမ သံယောဇဉ်ဖြစ်မိတာလည်း
ပါတာပေါ့။
Saturday 28 June 2014
ဆက်သွယ်မှုကွန်ယက် ခေတ်
ကျမတို့ ငယ်ငယ်တုန်းကတော့ တယ်လီဖုန်းဆိုတာ ရှားပါးပစ္စည်းပါ။
အိမ်တိုင်းမှာလည်းမရှိသလို လူတိုင်းလည်းမသုံးကြပါ။ အကြောင်းရှိမှ
သာ နီးစပ်ရာနေရာကနေ ဖုန်းဆက်သတင်းပေးကြ၊သတင်းမေးကြတာပါ။
ဒီလိုနဲ့ တဖြေးဖြေး တယ်လီဖုန်းလောက တိုးတက်လာလိုက်တာ လူတိုင်း၊
ကလေးတိုင်းမှာ Handy ကိုယ်ဆီနဲ့ ။ တယ်လီဖုန်းနဲ့ ပြောဆိုတာတွေအပြင်
အင်တာနက်လိုင်းတွေပါ ခေတ်မီလာတော့ ဆက်သွယ်ရေးနည်းတွေများ
လာပြန်တယ်။
ဒီလိုတိုးတက်မှုရဲ့ ကောင်းကျိုးတွေရှိသလို တဘက်မှာလည်း ဆိုးကျိုးတွေ
ရှိလာပြန်ပါတယ်။သူငယ်ချင်းတွေတွေ့ ကြရင်စကားတွေဖေါင်ဖွဲ့ ပြောကြမယ်ဆို
ဟိုလူက ဖေ့ဘွတ်ဖွင့်၊ ဒီလူက အီးမေးစစ်၊... သူတို့ ရှေ့မှာ တကယ်ရှိနေတဲ့ 
လူကိုတော့ ရှိမှန်းတောင်သိရဲ့ လားမသိတော့ပါ။ ပြောနေတဲ့ စကားဝိုင်းက
အင်း...အဲ... နဲ့ သာဆက်သွယ်နေပေမဲ့ တကယ်တော့ ဘာမှ သေချာနားလည်
ပုံမပေါ်ပါ။ စိတ်ဝင်စားမှုက ဆက်သွယ်ရေးကွန်ယက်ထဲရောက်နေတော့
သြော် ဒုက္ခ အဲ့ဒီလိုဆိုလည်းဘာလို့  တွေ့ နေကြတော့မှာလဲ။
နောက်တစ်ခုဆိုးတာက အလုပ်ထဲမှာ။ တယောက်သော လုပ်ဖေါ်ကိုင်ဘက်က
ဟန်းဖုန်း စွဲနေသူ။ လစ်ရင်လစ်သလို ဟန်းဖုန်းကိုထုတ်သုံးနေရာက၊ အချိန်
တိုင်းလိုလို ဖြစ်လာတယ်။ ၀င်လာတဲ့ Message ကို တုန့် ပြန်ဖို့ သာ စိတ်ဝင်စား
နေတာကြောင့် အလုပ်မှာ လွဲမှားတာတွေအများကြီးဖြစ်လာတယ်။ အလုပ်ကို
စီစဉ်နေတယ်၊ ဘယ်သူတွေဘာတွေလုပ်နေတယ်... ဆိုတာတွေနဲ့ အဆက်ပြတ်
ဟန်ဖုန်းသာ သူ့ ကမ္ဘာဆိုလည်း အလုပ်ကထွက်လိုက်ပါတော့လား။
အခုတော့ အလုပ်မှာ ဟန်းဖုန်းမသုံးရ ဆိုတဲ့ အမိန့် ထုတ်၊  စောင့်ကြည့်ပါအုံး။
ဘယ်လိုများပြောင်းလဲမလဲလို့ ။
ဟန်းဖုန်းဆက်သွယ်မှုတွေကြောင့် ကလေးတွေ ကျောင်းမှာ အာရုံစိုက်မှုအားနည်း
လာရပြန်တယ်။ ဆရာကစာသင်၊စိတ်က ၀င်လာမဲ့ Message ကိုတုန့် ပြန်ဖို့ သာ
ရောက်နေတော့၊ သူတို့ လေးတွေ စာဘယ်လို မှတ်သားသင်ယူနေကြပါလိမ့်။
ကျမတို့ ငယ်ငယ်ကတော့ ဆရာသင်တာကို အာရုံစိုက်နားထောင်နေတာတောင်မှ
အိမ်ရောက်လို့ စာပြန်ဖတ်ရင် နားမလည်တော့တာတွေ ရှိသေးတာ။
အင်းလေ ဒီခေတ်ကလေးတွေက ပိုတော်လို့ ဖြစ်မှာပါ။
အလုပ်သွား၊အလုပ်ပြန် လမ်းမှာ အချိန်ရရင်ရသလို စာဖတ်ဖြစ်၊ ဘုရားစာ
ရွတ်ဖြစ်၊ မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပေမဲ့ တခါတလေ ဖုန်းဖွင့်မိရင် အပြင်
လောကနဲ့ လွတ်သွားပြန်တယ်။  ကိုယ့်ကိုကိုယ်သတိပေးရင်း သုံးတဲ့အချိန်
တစ်ခုသတ်မှတ်ထားရတယ်။
 တန်ဖိုးရှိတဲ့မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကို မသိမသာသိမ်းပိုက်သွားတဲ့ ဆက်သွယ်မှု
နည်းသစ်တွေရဲ့ ရန်ကို ကာကွယ်တောင့်ခံနိုင်ဖို့ ကတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။
ဒီအတိုင်းဆက်သွားနေလို့ ကတော့....  ...  ...
Tuesday 10 June 2014
ငါဘယ်သူလဲ
တနေ့ က ကျမနဲ့ ဆွေးမျိုးတော်တဲ့သူတယောက် ကျမဆီလာလည်ပါတယ်။
ကျမက အမျိုးဆို သိပ်ခင်တတ်သလို ဘယ်လိုတော်စပ်ကြတယ်ဆိုတာလည်း
အလွန်စိတ်ဝင်စားပါတယ်။ တနေ့ ကျမမှာ သားသမီး ရလာရင်သူတို့ ကိုပြဖို့ 
မိသားစု၊ဆွေမျိုး ဇယားတစ်ခုလုပ်ဖို့  အလွန်စိတ်အားသန်ခဲ့ပါတယ်။
တနေ့ တော့ ကျမ အဒေါ် အကူအညီနဲ့  မိသားစု၊ဆွေးမျိုး ဇယားတစ်ခု
ကိုလက်လှမ်းမီရာ မေးမြန်းပြီးရေးထားဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အစုံ
တော့မရဘူးပေါ့လေ။
ဒီတော့ အမျိုးတွေနဲ့ တွေ့ တိုင်းကျမရဲ့  ဇယားကို ဖြည့်စွက်ဖို့  မေးလေ့ရှိပါတယ်။
မေးရင်းမြန်းရင်းစကားတွေပြောရင်း အမျိုးတွေ အကြောင်းပိုသိလာရရင် ကျမ
အလွန်ဝမ်းသာရပါတယ်။ ကိုသောမတ်စ်ကိုလည်း ကျမ သိတာတွေပြန်ပြောရာတာ
သူ့ ခမျာ နားငြီးရောမယ်။
ကျမကတော့ ကျမဘယ်ကလာတယ်။ ဘယ်သူတွေနဲ့ ဘယ်လိုတော်စပ်တယ်။
ဘယ်သူတွေဘယ်ရောက်နေလဲစသဖြင့် သိချင်တာတွေ သိလာရလို့ ပျော်နေ
ပေမယ်။ တချို့ ကတော့ သူတို့ ဘယ်ကလာသလဲ။ မိဘ အရင်းတွေက ဘယ်သူလဲ၊
ဘယ်လို ပုံစံလဲ၊ မောင်နှမတွေရောရှိသေးလား၊ ဘယ်လို ဓလေ့စရိုက်တွေရှိတာလဲ
စသဖြင့် အဖြေမရသေးတဲ့ မေးခွန်းတွေ အခါခါမေးနေလေ့ရှိတဲ့ မွေးစားခံ ကလေး
တွေအကြောင်းအတွေးရောက်သွားပါတယ်။
ကျမတောင် ဆွေမျိုးတွေအကြောင်း သိချင်နေသေးတာ၊ သူတို့ ခမျာ မိဘအရင်းအကြောင်း
တောင်မသိသေးတော့.... ကျမ သူတို့ ရဲ့ စိတ်ထဲက ခံစားမှု အတွေးတွေကို
နားလည်ခံစားမိလိုက်ပါတယ်။
ဂျာမနီ က တီဗီ အစီအစဉ်မှာ တခါတလေ မိဘအရင်းကို လိုက်ရှာလေ့၇ှိတဲ့
ကလေးတွေအကြောင်း ပြတာသတိရမိပါတယ်။ မြန်မာပြည်မှာရော... ... ..
မိဘအရင်းကို ရှာနေသူတွေ အတွက် မျှော်လင့်ချက်တွေရှိနိုင်ပါသလား
လို့ လည်း တွေးမိပါတယ်။
Saturday 24 May 2014
အရှေ့ အနောက် တန်ဖိုး
လူတိုင်းမှာ မိမိတို့ ဘ၀အတွက် စံသတ်မှတ်ထားတဲ့ အရာတွေရှိပါတယ်။
ဒီစံတွေ၊တန်ဖိုးထားမှုတွေဟာ မိမိတို့ ကြီးပြင်းရာ ဒေသတွေရဲ့ ယဉ်ကျေးမှု၊
ဘာသာရေး၊ ဓလေ့ထုံးစံတွေပေါ် မူတည်ပြီး ကွဲပြားမှုတွေရှိလာတာပါ။
အဲ့ဒီ ဘ၀ရဲ့ တန်းဖိုးထားမှုတွေ ဟာ လူတိုင်းအတွက် မတူနိုင်ကြပါဘူး။
ယေပူယျအားဖြင့်တော့ အရှေ့နဲ့  အနောက် နိုင်ငံတွေရဲ့ ဘ၀စံထားမှုတန်ဖိုးတွေ
ကကွဲပြားပါတယ်။
အနောက်နိုင်ငံတွေရဲ့ တန်ဖိုးထားတဲ့စံနှုန်းတွေက ကျမတို့ လို အာရှကသူတွေ
ရဲ့ တန်ဖိုးထားမှုတွေနဲ့ တော်တော်လေးကွဲပါတယ်။ သူတို့  က ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှု၊ပိုင်ဆိုင်မှု၊ အောင်မြင်မှုတွေကို တန်ဖိုးထားတတ်ပြီး၊ ကျမတို့  ကတော့
စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု၊ ရောင်ရဲမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။
သူတို့ ကတော့ မိမိသာ အဓိကဖြစ်ပြီး၊ ကျမတို့ ကတော့ မိမိနဲ့  ပတ်သက်နေတဲ့
မိသားစု၊ဆွေးမျိုး ၊အသိုင်းအ၀ိုင်းကို အဓိကထားပါတယ်။
အနောက်နိုင်ငံကသူတွေက လူတယောက်မှာ ရှိသင့်တဲ့ အိမ်ထောင်ဖက်၊ သားသမီး၊
အိမ်၊ကား ခေတ်မီ အသုံးအဆောင်စတာတွေက သူများတန်းတူရှိရမယ်။ မရှိသေးရင်
ရှိအောင်လုပ်မယ်၊ ရလာရင်ခံစားကျေနပ်မယ်လို့  ယုံကြည်လုပ်ဆောင်ကြပါတယ်။
ကျမ မိတ်ဆွေတစ်ယောက်ကမေးဖူးပါတယ်။ ကျမနေတာက ရိုးစင်းလွန်းတယ်။
ကျမဘ၀မှာ ကျေနပ်ပျော်ရွှင်မှုရှိရဲ့ လားတဲ့။ ပြီးတော့ကျမကို ဘ၀မှာ ပျော်ပျော်နေ၊
ပျော်ပျော်ခံစားပါလို့ တိုက်တွန်းပါတယ်။ သူကတော့ အခု ကားရှိတယ်။အိမ်ရှိတယ်၊
သားရှိတယ်။အလုပ်ရှိတယ်။ အားတဲ့အချိန်မှာ ဟိုဒီလျှောက်လည်တယ်၊စားတယ်၊
သောက်တယ်။ဘ၀ကို ပျော်ပျော်နဲ့  လျှောက်နေတယ်ဆိုပဲ။
ကျမကပြန်မေးလိုက်ပါတယ်။နင့်ဘ၀မှာ တယ်ရောပျော်ရဲ့ လားလို့ ။သူ့ သားက
မလိမ္မာ၊ ကျောင်းထုတ်ခံရ၊ အလုပ်မှာ အလုပ်ရှင်နဲ့ အဆင်မပြေ၊ စတဲ့ ဒုက္ခ
တွေကို သူ မ ပြောတော့သလို၊ ကျမကလည်း သူ့ လိုဟိုပွဲတက်ဒီပွဲတက်မလုပ်၊
အသောက်အစားမလုပ်ပေမဲ့  ကိုယ်ပိုင်အချိန်တွေမှာ မိသားစုအတွက် အချိန်ပေး
တယ်၊ ဘ၀အတွက်အကျိုးရှိမှာတွေလုပ်ရင် ပျော်ရွှင်ကျေနပ်နေတာ။ ကျမဘ၀အတွက်
အကျိုးရှိမယ့်အရာတွေဟာသူထင်ထားသလိုမဟုတ်တာကိုတော့ မပြောပြခဲ့ပါဘူး။
တခါတလေ မတူညီတဲ့စံထားမှု တန်ဖိုး နှစ်ခုကို အကြောင်းပြုပြီး ငြင်းခုန်မနေချင်
ပါဘူး။ ကျမကိုလာငြင်းခုန်နေရင်လည်း အလွန်ကသိကအောက်ဖြစ်ရပါတယ်။
လူတိုင်းရဲ့  မတူညီနိုင်တဲ့  အတွေးအမြင် တန်ဖိုးထားမှုတွေကြား တယောက်နဲ့ 
တယောက် ငြင်းခုန်မနေပဲ၊ တယောက်တန်ဖိုး ကိုတယောက် လေးစားကြရင်
သိပ်ကောင်းမှာပါ။ မိမိတန်ဖိုးထားမှုသာ အကောင်းဆုံးထင်ပြီး ကျန်တဲ့သူလိုက်
လုပ်ရမယ်ဆိုတာကတော့ တရားသေမဖြစ်နိုင်ပါဘူး။
Wednesday 23 April 2014
လုပ်ငန်းခွင်မှာ စိတ်ကုန်နေကြသူများ
ဂျာမနီက အလုပ်သမားတွေ တကယ်ပဲစိတ်ပါလက်ပါ အလုပ်လုပ်ကြပါသလား
ဆိုတာနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတဲ့ သတင်းတပုဒ်အကြောင်းပါ။
အလုပ်လုပ်တဲ့အခါ အလုပ်မှာ စိတ်မ၀င်စားပဲ အလုပ်တစ်ခုအနေနဲ့ သာလုပ်
နေကြသူတွေကြောင့်လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ အဆင်မပြေ၊  အလုပ်ရှင်အတွက်
ငွေသာကုန်ပြီးအကျိုး မရှိပဲ၊ လုပ်ငန်းခွင်မှာ အနှောက်အယှက်ဖြစ်ကြရပါတယ်။
ဂျာမနီမှာအလုပ်သမားတွေရဲ့ ၁၆ ရာခိုင်နှုန်း ကသာ တက်တက်ကြွကြွစိတ်ပါ
ဝင်စားစွာ အလုပ်လုပ်ကြပြီး အလုပ်အတွက် အချိန်ပေးနိုင်သူ အလုပ်ရှင် အတွက်
အားထားရသူတွေဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ၆၇ ရာခိုင်နှုန်းကတော့
လုပ်ဖို့ ပေးထားတဲ့ အတိုင်းဝတ်ကျေတမ်းကျေသာလုပ်ကြပြီး ၁၇ ရာခိုင်နှုန်း
ကတော့ အလုပ်ထဲမှာစိတ်မ၀င်သားပဲ မိမိအလုပ်ကိုစိတ်ကုန်နေသူတွေဖြစ်ပါတယ်
လို့  သုတေသနစာတမ်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။
ဒီသတင်းဖတ်ပြီး ကျမလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြသနာနဲ့ တူနေလို ပိုစိတ်ဝင်စား
နားမထောင်ချင်၊အလုပ်ရှိရင် ကွေ့ ရှောင်သွား၊ မသိချင် မမြင်ချင်ယောင်ဆောင်နေ၊
အလုပ်ကိုသာမလုပ်ချင်ပေမဲ့ အလုပ်ချိန်ကိုတော့ တော်တော်တိတိကျကျလိုက်နာတတ်
သူတွေပါ။ သူကြောင့် တခြား ကြိုးစားချင်သူတွေမှာ ဒုက္ခရောက်ရပါတယ်။ သူလို
အခြောင်ခို ဖို့  သွေးထိုး။ လိုက်မလုပ်ရင် ရန်လုပ် နဲ့ အလုပ်တွဲလုပ်ရမှာ အဆင်မပြေတော့ပါ။
 တဖြေးဖြေးနဲ့ သူဟာ အလုပ်မှာ အသုံး မ၀င်သလိုဖြစ်လာပါတယ်။
သူ့ ကိုအလုပ်က ထုတ်လိုက်ပါလားလို့ ပြောတာကလွယ်ပေမဲ့၊ အလုပ်သမား
အခွင့်အရေးတွေက ဒီနိုင်ငံမှာ အကာအကွယ်ပေးနေတာကြောင့် ပြောသလောက်
မလွယ်ပါဘူး။ 
သုတေသနစာတမ်းမှာ ဆက်လက်ဖေါ်ပြထားတာက ဒီလိုစိတ်မပါလက်မပါလုပ်နေကြတဲ့ အလုပ်သမားတွေကြောင့် ဂျာမနီ စီးပွားရေးမှာ တစ်နှစ်ကို ယူရို 98 ကနေ
118 Milliarden အထိ ထိခိုက်စေတယ်လို့ သိရပါတယ်။
Friday 14 February 2014
အမေ့ ရဲ့ အတွေးများလား
မနက်လင်းခဲ့ပေမဲ့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ
ကင်းမဲ့နေတဲ့ နေ့ သစ်ကို အင်အားချိနဲ့ စွာနဲ့ စရအုံးမယ်။
ငယ်ငယ်ကလိုဒိုးဒိုးဒေါက်ဒေါက် အိပ်ရာကထလိုက်ချင်ပေမဲ့၊
ကိုယ့်အားကိုယ်မကိုးနိုင်တော့၊ လာကူထူပေးမဲ့အဖေါ်ကိုမျှော်ရင်း။
လာပါဟဲ့၊ကူပါဟဲ့လို့ ပြောချင်ပေမဲ့လည်း၊ တပါးသူကြည်ဖြူ  အောင်၊
နေတတ်၊ထိုင်တတ်ဖို့ ကလိုသေးတယ်မဟုတ်လား။
ထုတ်ပေးတဲ့အ၀တ်ကိုဝတ်၊ချက်ကျွေးတဲ့ဟင်းကိုစား၊
အရှက်လုံအောင်၊ အဟာရဖြစ်အောင် ၀တ်ဖို့ စားဖို့ ကအဓိကပါ။
ဇီဇာကြောင်၊ဂျီးများနေဖို့ ဆိုတဲ့အချိန်မဟုတ်တော့ဘူးလေ။
တော်ကြာ အဖွားကြီးဂျီးများတယ်ဆိုပြီး စေတနာကုန်သွားမှဖြင့်။
တနေ့ လုံး ဘာအလုပ်မှမရှိ၊အတွေးတွေက ဟိုပြေး၊ဒီလာ၊ဟိုရောက်၊ဒီရောက်၊
အသိတရားတွေက ပေါ်လိုက်၊ပျောက်သွားလိုက်၊
အရှေ့ကဖွင့်ထားတဲ့ တီဗီလည်းဘာတွေပြနေမှန်းမသိ၊
ကြားတစ်ချက်၊မကြားတစ်ချက်။
တခါတလေလည်းဘုရားစာလေးရွတ်လိုက်၊ပုတီးစိတ်လိုက်၊တရားမှတ်လိုက်
ဒါပဲကိုယ်နောက်ပါမှာမဟုတ်လား။
ထိုင်ရတာကြာလာတော့သွားလှဲအုံးမှ၊ အိပ်ချင်တာ၊မအိပ်ချင်တာထက်
လှဲရင်းအိပ်ပျော်သွားလည်း အချိန်ကုန်တာမြန်သွားတာပေါ့လေ။
အင်အားတွေချိနဲ့ လာတဲ့အရွယ်မှာ၊ကိုယ့်ကိုကိုယ်အားမရ၊စိတ်တိုင်မကျ၊
လုပ်နေကြအရာတွေမလုပ်နိုင်ပဲသူများမှီခိုနေရတဲ့ အခါ
တယောက်ထဲဆိုတော့ အားငယ်မိတယ်။
ဒါပေမဲ့လည်း မွေးလာတာလည်း တစ်ယောက်ထဲပဲ အတွေးကိုမွေးရင်း
ကျန်နေသေးတဲ့ရက်တွေအတွက် အားမွေးရအုံးမယ်။
ဒါမှ အဝေးရောက်နေတဲ့သမီးပြန်လာရင် ပျော်ရွှင်စွာပြန်တွေ့ နိုင်မှာလေ။
Saturday 25 January 2014
Nose piercing အတွေ့ အကြုံ
ကျမ လုပ်မယ်လုပ်မယ်နဲ့  မလုပ်ပဲကြာနေတဲ့ထဲမှာ nose piercing လည်း ပါ
ပါတယ်။ ကိုသောမတ်စ်က အိန္ဒိယက အမျိုးသမီးတွေ နှာခေါင်းမှာ နားကပ်
ပန်တာ သဘောကျသလို၊ ကျမကလည်း စိတ်ဝင်စားပါတယ်။ နားပေါက်တောင်
မရှိတဲ့ကျမမှာ နှာခေါင်းမှာဖေါက်ဖို့ တော့ လွယ်လွယ်နဲ့  အကောင်အထည်
အဖေါ်ဖြစ်တာမဆန်းပါဘူးလေ။
မနှစ်က အလုပ်ကသူငယ်ချင်းနဲ့ စကားစပ်မိရင်း သူလည်းဖေါက်ချင်ကြောင်း
ပြောပြီး အတူတူ သွားဖေါက်မယ်လို့ စီစဉ်ကြပါတယ်။
(တကယ်တမ်းကျတော့ သူမဖေါက်ဖြစ်ခဲ့ပါ။)
nose piercing ကို တကယ်ဖေါက်မယ်ဆိုတော့ ဘယ်မှာ ဖေါက်ရမလဲလို့ ရှာရပါတယ်။
တချို့ က နားကပ်တွေဘာတွေရောင်တဲ့ဆိုင်မှာ သေနတ် နဲ့ ဖေါက်တယ်။
စဉ်းစားပြီး ဆိုင်ရှာပါတယ်။ သူတို့ က နေ့ တိုင်းဖေါက်နေကြဆိုတော့ အတွေ့ 
အကြုံ ပိုမယ်လို့ ထင်လို့ ပါ။ ဆိုင်ကို Internet မှာရှာပါတယ်။ piercer က အမျိုး သမီး
ယောက်ဖြစ်ပြီး အတွေ့ အကြုံ လည်းတာနဲ့  သူ့ ဆိုင်ကိုရွေးလိုက်ပါတယ်။
http://www.tattoo-art-freiburg.de/
ဆိုင်ရောက်တော့ မဖေါက်ခင် သိသင့်တာတွေ ကို စိတ်ရှည်ရှည်ရှင်းပြပါတယ်။
ဖေါက်တာက ၃ မိနစ်လောက်အတွင်း အားလုံးပြီးပါတယ်။  နာသလားဆိုတော့။
နာပါတယ်။ မျက်ရည်ကျလောက်အောင်နာပါတယ်။ ဒါပေမဲ့ ခဏလေးပါ။
နှာခေါင်းမှာ နားကပ်လေးပါလာတော့ (ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ )
နာတာကိုခံနိုင်ပါတယ်။
ပထမနေ့ မှာ တော့ နှာခေါင်းကို မထိရဲ ပါဘူး။ ထိရင်နာမယ်ဆိုတာသိနေတယ်။
ဒါပေမဲ့  နောက်နေ့ တွေမှာ တနေ့ ပြီးတနေ့  တိုးတက်လာတာတွေ့ ရတယ်။
တပတ်လောက်နေတော့ တော်တော်ပုံမှန်ဖြစ်လာပါတယ်။
တနေ့ ကို ၂ခါတော့ desinfektionsspray နဲ့ ဆေးပေးရပါတယ်။
၅ပတ်လောက်ကြာတော့ ကျမ အသစ်တစ်ခု လဲလိုက်ပါတယ်။ တကယ်တော့
ဖေါက်ပြီး ၈ပတ်လောက်ကြာမှ လဲပေးလေ့ရှိပေမဲ့ ကျမက ခရီးထွက်စရာရှိ
တာနဲ့  လဲဖြစ်တာပါ။
nose piercing မှာ အဓိက စနစ် ၂မျိုး ရှိပါတယ်။
 ကျမသုံးတာကတော့ အကောက်ကလေးပါတဲ့
စနစ်ပါ။ သူကတော့ တတ်ရတာ အစပိုင်းတော့
နဲနဲခက်ပေမဲ့  လွယ်လွယ်နဲ့ မကျွတ်ထွက်ပါဘူး။
ကျမ ပထမဆုံး လဲတုန်းကတော့ ဆိုင်မှာသွား
လဲပါတယ်။
nose piercing တတ်ထားရင်ဂရုစိုက်ရမှာ ကတော့ မျက်နှာသစ်တဲ့အခါ၊ မျက်နှာသုပ်
တဲ့အခါ၊ အင်္ကျီ ၀တ်တဲ့အခါတွေမှာပါ။ တခါတလေချိတ်မိပြီး နားကပ်ထွက်လာတတ်
ပါတယ်။
နားကပ်လေးကိုတော့ တနေ့ ကို ၂ခါလောက် လှည့်လှည့်ပေးပါတယ်။ ဒါမှ တနေရာထဲ
အသားသေမသွားအောင်ပါ။
သူ့ ကို မတတ်ပဲ ထားရင် ၄ ရက်လောက်ဆို ပြန်ပိတ်သွားပါတယ်။
 အခုအထိတော့ အဆင်ပြေနေပါတယ်။ အမေကတော့ လှလည်းမလှဘူးတဲ့။
ဒါပေမဲ့ကျမကတော့ လှတယ်လို့ ထင်နေတုန်းပါပဲ။
Wednesday 15 January 2014
အဝေးမှ အတွေးများ
မြန်မာပြည်ကပြန်လာပြီး ဂျာမနီကိုပြန်ရောက်တယ်ဆိုတာနဲ့  အအေးဒဏ်
ရယ်၊ အမှောင်နေ့ ရယ်၊ တိတ်ဆိတ်နေတဲ့ လမ်းတွေရယ်ကဆီးကြိုနေပါတယ်။
ရန်ကုန်မှာ ကြားနေလေ့ရှိတဲ့ ကားစက်သံတွေ၊ ဟွန်းတီးသံတွေ၊ ဈေးရောင်းသံ၊
သီချင်းသံ၊အော်သံဆူသံတွေ ရုတ်တရက် မရှိတော့တာ အရင်သတိထားလိုက်
မိပါတယ်။
ကျမတယောက်ထဲရှိတဲ့အိမ်မှာ ရန်ကုန်ကအိမ်လို မိသားစုတွေရဲ့ စကားသံတွေ၊
တီဗီသံတွေ ပြန် သတိရနေသလိုပါ။ ဖုန်းတွေဆက်လေ့ရှိတဲ့ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေရဲ့  ဖုန်းခေါ်သံတွေ တိတ်နေတဲ့ ကျမရဲ့  ဖုန်းလေးလည်း အနားရနေတယ်။
မနက်စောစော အမေ့အိမ်အသွားလမ်းမှာ ၀ယ်စားလေ့ရှိတဲ့ ပဲပြုတ်နံပြား ကို
Müsli  စားရတဲ့အချိန် တိုင်းသတိရမိတယ်။ အိမ်ကနေ အလုပ်ကို ရထားနဲ့ 
သွားတိုင်း ရန်ကုန်မှာ မြို့ ပတ်ရထားစီးခဲ့ရတဲ့အရသာကိုပြန်တွေးမိပါတယ်။
တယေက်ထဲဖြစ်သလိုချက်စားတော့လည်း အဒေါ်ချက်တဲ့ဟင်းတွေ အဆင်သင့်စား
ခဲ့ရတဲ့အချိန်တွေ၊ သူငယ်ချင်းတွေချက်ကျွေး၊၀ယ်ကျွေးကြတဲ့ ထမင်းဟင်းတွေ
ကိုသတိရပါတယ်။
မနက်စောစောဘုရားရှိခိုးတိုင်း ရွှေတိဂုံဘုရားကိုလှမ်းမြင်နေရတဲ့ ကျမတို့ အိမ်
ခန်းလေးကို လွမ်းမိသလို၊ ရွှေတိဂုံ ကို သွားဖူးခဲ့တာတွေ ပြန်မြင်ရောင်မိပါတယ်။
မြို့ ထဲမှာ လူတချို့ ပိုက်ဆံတောင်းနေတာတွေ့ တော့ ရန်ကုန်လမ်းတွေပေါ်က
အဖိုးအို၊ အဖွားအိုတွေကို အမှတ်ရပြီး ၀မ်းနည်းမိတယ်။
အလုပ်ထဲမှာ လူတွေနဲ့ ပြောဆိုနေချိန်တွေကြားက မြန်မာပြည်က သူငယ်ချင်း
တွေနဲ့ ပြောဆိုရီမောခဲ့ကြတာ လွမ်းမိတယ်။
အလွမ်းတွေထဲမှာ အလွမ်းဆုံးကတော့ ကျမ အမေကိုပါပဲ ။ သူလည်းကျမကို
လွမ်းနေမှာသေချာပါတယ်။ အမေ... နောက် ၆လ ဆိုရင် ပြန်ရောက်လာမှာပါ။
အခုလည်း ကျမ ကိုယ်စား ကိုသောမတ်စ်က အမေ့ အနားမှာရှိနေ သေးတယ်
ဆိုတော့ အမေလည်း အဖေါ်ရှိနေမှာပါလို့ တွေးမိပါသေးတယ်။
အြော် အလွမ်းတွေအသားထားလို့ အခုလောလောဆယ်တော့ မနက်ဖြန်အလုပ်
သွားဖို့  ပြင်လိုက်အုံးမယ်။
နောက်မှ ဆက်လွမ်းတာပေါ့။