Saturday 24 March 2012

သရက်သီးရာသီ


ပြီးခဲ့တဲ့တပတ်က ထိုင်းဈေးရောင်းပွဲကိုရောက်ဖြစ်ပါတယ်။ အဲ့ဒီမှာ သရက်သီး
စိမ်းလေးတွေရောင်းတာတွေ့ ခဲ့တာနဲ့ အတွေးတွေက သရက်သီးဆီရောက်၊
ငယ်ငယ်တုန်းကအကြောင်းတွေရောက်နဲ့ ...။
ကျမတို့ လှည်းတန်းကခြံထဲမှာ သရက်ပင်တွေ (၇)ပင်လောက်ရှိတယ်။
အခုလို ရာသီရောက်ရင် မိုးလင်းတာနဲ့ အဖွားကခြံထဲမှာလမ်းလျှောက်ရင်း
ကြွေကျနေတဲ့သရက်သီးအကင်းလေးတွေကိုကောက်လေ့ရှိတယ်။
ပြီးရင်ထိပ်လှီး၊ ထက်ခြမ်းခြမ်း ရေစိမ်ထားပြီးထမင်းစားရင် ငပိရည်ဖျော်နဲ့ 
တို့ စားလေ့ရှိတယ်။ သရက်သီးစိမ်းကျွတ်ကျွတ်လေးတွေဟာ ချဉ်ပြုံးပြုံးနဲ့ 
ထမင်းမြိန်စေပါတယ်။ စိုင်သီးလေးတွေဆိုပိုလို့ တောင် အရသာရှိပါသေးတယ်။
မွှေးပြီးကျွတ်နေရော။ စားလို့ ပိုနေရင် ဆားရည်စိမ်ထားလေ့ရှိပါတယ်။

သရက်သီးလေးတွေ ကြီးလာပြီး အစေ့မရင့်သေးခင်မှာ ခူးပြီးသုပ်စားကြတယ်။
သရက်သီးစိမ်းကို ခြစ်နဲ့ ထိုးပြီး ကျောက်ပွင့်နဲ့ သုပ်စားရတာကို ကြိုက်တယ်။
ငရုတ်သီးစိမ်း၊ ငပိတို့ နဲ့ ရခိုင်သုပ်သုပ်စားရတာကလည်း ရှူးရှူးရှဲရှဲနဲ့  အရသာ
တစ်မျိုးကောင်းပါတယ်။ သရက်သီးရှူးရှဲသုပ်ရယ် ရေနွေးကြမ်းအိုးရယ်ကိုအလည်
မှာထားပြီးကျမတို့ မောင်နှမတွေဝိုင်းဖွဲ့ စားကြတာ မမေ့နိုင်ပါဘူး။
သင်္ကြန်ချိန်ဆိုရင် သရက်သီးသုပ်၊ ပဲနီလေးဟင်းချိုနဲ့ အာပြဲခြောက်ကြော် ဆိုရင်
အလွန်ထမင်းစားမြိန်ပါတယ်။
သရက်သီးစိမ်းကိုဓါးနဲ့ ခပ်ကြမ်းကြမ်းပေါက်ပြီး ငပိချက်ချက်စားတာလည်းအမှတ်
ရနေသေးပါတယ်။ သရက်သီးတွေ ကိုအခြောက်လှန်း၊ သနပ်လုပ်၊ သရက်သီးခြောက်
တွေကိုသိမ်းထားပြီး ၀က်သားနဲ့ ချက်၊ ငါးနှပ်နဲ့ ချက်.... စားမြိန်စရာဟင်းကောင်းတွေပါ။

သရက်သီးတွေရင့်လာရင်တော့ ဦးငယ်က တိုင်ခံခူးပေးပါတယ်။ ခူးပြီးရင် ခြံထဲ
ကမောင်နှမတွေဝေယူပြီးအုပ်ကြပါတယ်။ ခြံထွက်အသီးဆိုတော့ ချိုနေတာပဲ။
ကျမတို့ ကလေးတသိုက်ကတော့အုပ်ထားတဲ့ သရက်သီးတွေ မှဲ့ ပြီလားလို့ 
မကြာခဏဖွင့်ကြည့်တတ်လို့ အဖွားက ဆူတတ်ပါသေးတယ်။
သရက်သီးတွေမှဲ့ လာရင် လေးအိမ်တွေကိုဝေ၊ အသိတွေကိုဝေပေး၊ခြံထဲမှာတော့
သရက်သီးကိုဝယ်မစားရအောင်လှိုင်လှိုင်ပေါပါတယ်။ခြံထဲမှာ မန္တလေးရင်ကွဲ၊ မချစ်စု၊
နို့ ဆီသရက်စတဲ့ အပင်တွေရှိပါတယ်။ မန္တလေးရင်ကွဲကတော့ အများဆုံးပါ။

အခုတော့ခြံထဲမှာ သရက်ပင်တချို့ ကို ခုတ်လိုက်ပေမဲ့  ကျန်တဲ့အပင်တွေကလည်း
တော်တော်သီးပါတယ်။ ဦးသောမတ်စ်က သရက်သီးကြိုက်တာနဲ့ မနှစ်က ကျမပြန်
လာတော့ ခြံထွက် သရက်သီး ၁၀လုံးသယ်လာတယ်။

သြော် အမေတို့ ခြံထဲက သရက်ပင်တွေလည်း အခုဆို သီးနေလောက်ပြီ။ ကျမကတော့
အဝေးရောက်နေပေမဲ့ မောင်နှမတွေနဲ့ သရက်ပင်တွေ၊အုန်းပင်တွေရှိတဲ့ လှည်းတန်းက
ခြံလေးကိုသတိအမြဲရနေပါတယ်။

Sunday 11 March 2012

လောနိုင်ငံသားများရဲ့ သင်္ကြန်ပွဲ ၂၀၁၂

အရင်နှစ်တွေလိုပဲ ဒီနှစ်မှာလည်း ကျမတို့ သွားနေကြ သင်္ကြပွဲကို သွားပါမယ်။
ဒီပွဲကို ဂျာမနီမှာရှိတဲ့ လာအိုး (လော)နိုင်ငံ ဘုန်းကြီးကျောင်းက ကြီးမှူး ကျင်းပ
တာဖြစ်ပါတယ်။ ၁၄.၄.၂၀၁၂ စနေနေ့ မှာ ကျင်းပမှာပါ။
နေရာကတော့ Rheinhalle 68775 Ketsch ( Mannheim မြို့ နားမှာပါ။)
အချိန်ကတော့ မနက် ၁၀နာရီဆို သီလစပေးပါတယ်။ ဖြစ်နိုင်ရင် ၉နာရီခွဲလောက်
ရောက်ရင်ကောင်းပါတယ်။

သီလယူပြီးရင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများလောင်းလှူကြပါတယ်။
မိမိသဒ္ဒါပေါက်ရာ လှူဖွယ်ပစ္စည်းလေးတွေနဲ့  စီတန်းလောင်းလှူရတာ ကြည်နူး
စရာကောင်းပါတယ်။

ပြီးရင်သံဃာတော်များကိုဆွမ်းကပ်ပါတယ်။

ဘုန်းကြီးကျောင်းက လာတဲ့သူတွေအတွက် အစားအသောက်စီစဉ်ထားပါတယ်။
ကျမတို့ ကတော့ တတ်နိုင်သလောက် အိမ်က ဟင်းချက်ယူသွားပါတယ်။

သီလယူ၊ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ ဒါနပြု ၊ကုသိုလ်ပြုရတာကြည်နူးစရာပါ။

ဒါအပြင် ထိုင်းနိုင်ငံသားတွေရောင်းတဲ့ အစားအစာ ဆိုင်တွေလည်းဖွင့်ထားပါသေးတယ်။
ကျမတို့ အစားအစာနဲ့ တူတာကြောင့် ငေးရင်း မောရင်း၊ မြီးစမ်းကြည့်ရင်း... ... ...

အနီးအနားက မြန်မာသူငယ်ချင်းများလည်း အချိန်ရလို့  အဆင်ပြေရင် လာခဲ့ကြဖို့ 
သတင်းပေးတာပါ။
မနှစ်ကပုံတွေကိုတော့ဒီနေရာမှာ ကြည့်လို့ ရပါတယ်။
http://www.wat-lao.org/page12/page15/page15.html

Friday 9 March 2012

နှိုးစက်

Photo: http://www.predigt-online.de/prewo/bild_wecker.gif

မနက်အလုပ်သွားရမယ်ဆိုရင် ကျမ က နာရီကို နှိုးစက်ပေးပြီးအိပ်ပါတယ်။
ဒါပေမဲ့များသောအားဖြင့်ကတော့ နှိုးစက်က မနှိုးခင် ကျမအရင်နိုးတာပါပဲ။
နှိုးစက်ပေးအိပ်တဲ့အကျင့်က ဂျာမနီရောက်မှ ရလာတဲ့အကျင့်ပါ။ ညအိပ်ရာ
ဝင်ခါနီးဆို နှိုးစက် မပေးမိမှာစိုးလို့ ၂ခါလောက်ပြန်စစ်ကြည့်မိသေးတယ်။

သြော်... မြန်မာပြည်မှာတုန်းက ကျမမှာ နှိုးစက် ပေးအိပ်ရတယ်ဆိုတာ မရှိ
သလောက်ပါပဲ။ ကျမတို့ ငယ်ငယ်က အိမ်မှာ မကြာခဏ အာရုံဆွမ်းကပ်လေ့
ရှိပါတယ်။ အမေကိုယ်တိုင် မနက်အစောကြီးထပြီး မုန့် ဟင်းခါးဆွမ်းချက်၊
အာရုံဆွမ်းဟင်၊ဆွမ်းချက်... နှိုးစက်ပေးပြီးထရတယ်ဆိုတာ မရှိခဲ့ပါဘူး။
တစ်ခါပဲ အမေ ကဆွမ်းထချက်ပြီးပြန်လှဲလိုက်တာအိပ်ပျှော် သွားလို့ 
ဘုန်းကြီးကြွလာမှ အိမ်ကလူတွေလာနှိုးရတာကြုံဖူးပါတယ်။

ကျမငယ်ငယ်က မနက်စောစောစာထကျက်ရင် လည်းနှိုးစက်မလိုပဲနိုးတာပါ။
မနက်စောစော ခရီးသွားရမယ်ဆိုရင်လည်း အမေရေ မနက်ကျစောစော နှိုးနော်
လို့ မှာပြီး ကျမအိပ်ပေမဲ့ အမေ့မှာတော့ နှိုးစက်မပါပဲ မနက်စောစော ကျမနှိုးစေချင်
တဲအချိန် ကျမကိုလာနှိုးတာပဲ။
အဲ အမေ့မှာတော့ နှိုးစက်မရှိပေမဲ့ ကျမရဲ့ နှိုးစက်က တော့ အမေပဲ ဖြစ်ပါတယ်။
အမေက တခါပြောဖူးတယ်။ မနက် စောစောထချင်ရင် ညအိပ်ခါနီး လှဲနေတုန်း
မနက် ၅ နာရီ (ဥပမာ) နှိုးပါ၊ မနက် ၅နာရီ နှိုးပါလို့  မိမိရဲ့  ကိုယ်စောင့်နတ်ကို
ပြောရတယ်လို့ သင်ပေးဖူးပါတယ်။
အဖွားက ကျမတို့ ကို အိပ်ရာကစောစောထတတ်တဲ့ အကျင့်ကို ပေးခဲ့ပါတယ်။
မနက် အနောက်ကျဆုံး ၆နာရီအိပ်ရာက ထရပါတယ်။ နိုးတာနဲ့ မျက်နှာသစ်၊
သနပ်ခါးလိမ်းရပါတယ်။ အိပ်ရာထနောက်ကျပြီး သန့် သန့် ရှင်းရှင်းမရှိရင်
မိမိရဲ့ ကိုယ်စောင့်နတ် က နတ်သဘင် အစည်းအဝေးမှာ မျက်နှာငယ်ရမယ်တဲ့။
ဟုတ်တာမဟုတ်တာအသာထားလို့  စောစောထတဲ့အကျင့်ကတော့ ရလာပါတယ်။
ညဘယ်လောက်ပဲနောက်ကျပြီးအိပ်ရာဝင်ပါစေ၊ မနက်တော့ ၆နာရီဆို နိုးတာပဲ။

အိမ်ထောင်ကျတော့လည်း ကိုသောမတ်စ်က စောစောထတတ်တဲ့သူဆိုတော့
အဆင်ပြေပါတယ်။ တခါတလေ မိတ်ဆွေတွေအိမ်သွားလည်ရင် ကျမက
အစောကြီးနိုးနေတတ်လို့  ဘာလုပ်ရမှန်းမသိဖြစ်နေရော။

ဂျာမနီမှာအလုပ်သင် စလုပ်တော့ မနက်စောစောထရတယ်။ ကျောင်းတတ်ရတဲ့နေ့ 
ဆိုရင် မနက် ၄ နာရီထရတယ်။ ၆ နာရီဆို ဘတ်စကားကလာပြီလေ။
ဆောင်းတွင်းဆို အေးကလည်းအေး၊မှောင်ကလည်းမှောင်နဲ့  မနက်ဆိုမထချင်ဘူး။
အဲ့ဒီတော့ မနက် ၄နာရီထဖို့ နှိုးစက်ပေးရတော့တယ်။ အဲ့ဒီကစပြီးနှိုးစက်ပေးပြီး
အိပ်ဖြစ်တယ်။

ကျမရဲ့ အကျင့်တစ်ခုက မနက်စောစော အချိန်ယူလုပ်လေ့ရှိတာပါ။ တချို့ က အိပ်ရာ
နိုးတာနဲ့  နာရီဝက်အတွင်းအားလုံးပြီးအောင်လုပ်တတ်ပေမဲ့၊ ကျမကတော်တော်အချိန်
ယူပါတယ်။ မနက် ၈နာရီအိမ်ကထွက်ရမယ်ဆိုရင် ၅ နာရီခွဲ ထပါတယ်။ ဆွမ်းချက်၊
ဆွမ်းကပ်၊ ဘုရားရှိခိုး၊ တရားထိုင်၊ မနက်စာစား၊ ဟိုလုပ်ဒီလုပ်နဲ့  အချိန်တော်တော်
ယူရပါတယ်။

ကျမကအလုပ်သွားရတဲ့နေ့ တွေဆို နှိုးစက်ကို ၅ နာရီခွဲပေးထားပေမဲ့ နှိုးစက်က မနှိုးခင်
ကျမက အရင်နိုးနေလေ့ရှိပါတယ်။ နှိုးစက်အသံကြောင့်လန့် နိုးလာရတာကိုမကြိုက်ပါဘူး။
အဲ့ဒီတော့နှိုးစက်မပေးပဲအိပ်ပါလားဆိုတော့လည်း မနိုးခဲ့ရင်ဆိုပြီး စိုးရိမ်ပြန်ရော။
ကျမမှာ နှိုးစက်ပေးတဲ့အကျင့်ပါနေပြီထင်ပါတယ်။ တနေ့ ကတော့ ငါဘာဖြစ်လို့ နှိုးစက်
ပေးအိပ်နေတာလဲလို့ မေးခွန်းထုတ်ရင်း တွေးမိပါတယ်။
ဒီမှာကတော့ မနက်အလုပ်သွား၊ကျောင်းသွားကြတဲ့ လူတိုင်းနှိုးစက်ပေးအိပ်ကြတယ်။
ကျမအလုပ်ကသူငယ်ချင်းဆို နှိုးစက် ၃ လုံးထားအိပ်တယ်ဆိုပဲ။
ကျမက မြန်မာပြည်မှာတုန်းက ငါနှိုးစက်မသုံးဖူးဘူးဆိုတော့ တအံ့တအော်
ကြည့်ကြတယ်။
တကယ်တော့ နှိုးစက်ပေးအိပ်တယ်၊ နှိုးစက်မလိုပဲနိုးတယ်ဆိုတာလည်း အကျင့်တစ်ခုပဲ
ဖြစ်မှာပါ။

မနက်ဖြန်စနေနေ့ ဆိုတော့ ဒီည နှိုးစက်မပေးပဲ အိပ်တော့မယ်။ အလုပ်မသွားရလို့ 
မနက် ၁၀နာရီအထိအိပ်မယ် ဆိုပေမဲ့လည်း အကျင့်အတိုင်း အစောကြီးနိုးနေအုံးမှာပါ။

Monday 5 March 2012

Boreout


Photo: http://www.mopo.de/psychologie/boreout-mit-test--macht-ihr-job-sie-vor-langeweile- krank-,9594626,11383810.html

အလုပ်ကိုရောက်ရင် ကွန်ပြူတာကိုဖွင့်၊ မနေ့ ကရောက်နေတဲ့ စာတွေကိုဖေါက်၊
ဓါတ်ခွဲခန်း အဖြေတွေကို Scan လုပ်။ ဒါဟာ ဒီနေ့ အလုပ်ချိန် ၄နာရီအတွက်
လုပ်ရတဲ့ အလုပ်ပါ။ တပတ်မှာဒီလို ရက်မျိုးက ၂ ရက်နဲ့ ၃ရက်ကြားမှာရှိတတ်တယ်။

ဒီလိုရက်တွေမှာ အလုပ်ချိန် ၄နာရီဟာ အလွန်ကြာသလို၊ အလွန်လည်းပျင်းစရာ
ကောင်းပါတယ်။ ဘေးထိုင်ခုံကအလုပ်ဖေါ် သူငယ်ချင်းနဲ့ ထွေရာလေးပါးပြောဖြစ်ရင်
လည်းခဏပါပဲ။ အကြောင်းတွေပြောရလွန်းတော့စိတ်ဝင်စားစရာ ခေါင်းစဉ် က
သိပ်မကျန်တော့ပါဘူး။
ဒီတော့ ကျမတို့ နှစ်ယောက်အင်တာနက်ထဲဝင် အီးမေးစစ်၊ အီးမေးရေး၊ ဟင်းချက်
နည်းတွေ ဟိုကြည့်၊ဒီကြည့်၊ဟိုခေါင်းစဉ်ဖတ်၊ဒီခေါင်းစဉ်ဖတ်။ ခဏ ကြာလာတော့
မျက်စိညောင်း၊ တ၀ါးဝါးသန်း၊နေရာကထ၊ ဟိုနားဒီနားလျှောက်၊ လုပ်စရာ အလုပ်တွေ့ 
လိုတွေ့ ငြား ရှာကြည့်၊အိမ်ကယူလာတဲ့စာအုပ်ကလည်းစိတ်ဝင်စားစရာမကောင်း။
နာရီကြည့်ပြန်တော့သွားနေတဲ့ နာရီလက်တန်တွေက နှေးနေသလို ။ ဘာလုပ်ရမှန်းမသိ၊.....

အပြန်လမ်းရောက်တော့ လူက ပင်ပန်းနေတယ်။ လမ်းမှာတွေ့ တဲ့မိတ်ဆွေတွေက
အလုပ်မှာပင်ပန်းလာသလားတဲ့။ အလုပ်မှာဘာမှလည်းမလုပ်ရပဲ ငါပုံက ပင်ပန်း
နေသလိုဖြစ်နေလို့ လားလို့ မကြာခဏတွေးမိတယ်။
အလုပ်မရှိပဲဖြစ်နေလို့ ပင်ပန်းတယ်ဆိုတာ အရင်ကတွေးမိခဲ့ပါဘူး။

တကယ်တော့ လုပ်ငန်းခွင်မှာ မိမိလုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိ လုပ်ရမယ်ဆိုရင်
အကောင်းဆုံးပါ။ ဒါပေမဲ့တခါတလေကြတော့ မိမိလုပ်နိုင်မှု အတိုင်အတာ ထက်ပိုပြီး
လုပ်ရလို့ စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေရ၊ Burn out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေသလို။

အထက်ကရေးခဲ့သလို လုပ်ငန်းခွင်မှာ လုပ်စရာ မယ်မယ်ရရမရှိလို့  ရရှိလာတဲ့
စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေကြောင့် Bore out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။

လူတစ်ယောက်ဟာ Bore out ဖြစ်လာပြီဆိုရင် Burn out ဖြစ်သလိုမျိုး လက္ခဏာတွေ
တွေ့ ရပါတယ်။ ပင်ပန်းနွမ်းနယ်မှု၊ လုပ်ချင်ကိုင်ချင်စိတ်လျှော့လာမှု၊ အိပ်မပျော်မှု၊
ဗိုက်နာတယ်၊ဗိုက်အောင့်မယ်စတာ တွေကနေ စိတ်ဓါတ်ကျမှု depression အထိဖြစ်နိုင်
ပါတယ်။

လုပ်ငန်းခွင်မှာ Bore out အခြေအနေမျိုးနဲ့ ကြုံနေရပြီဆိုရင် အလုပ်ရှင်ကို မိမိအခြေအနေကို
ပြောပြပြီး အလုပ်အပိုထပ်ပေးတာမျိုး၊ သင်တန်းတက်စေတာမျိုးတွေ လုပ်ပေးဖို့ ဆွေးနွေး
သင့်ပါတယ်။ တကယ်လို့ များ မိမိ အထက်က ရောဂါလက္ခဏာမျိုးဖြစ်လာရင်တော့
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Bore out ဟာ ပျင်းတယ်ဆိုတာနဲ့ 
မဆိုင်ပါဘူး။ Bore out ဖြစ်လို့ ဒီလူဟာငပျင်းလို့ သတ်မှတ်လို့ မရပါဘူး။

အလုပ်တွေများလို့ ပင်ပန်းနေတယ်ဆိုတဲ့ ပြောသံတွေကြားမှာ လုပ်စရာမရှိ လို့ ပင်ပန်းနေတဲ့သူတွေလည်းရှိပါသေးလားလို့ တွေးမိတယ်။ ကျမအလုပ်က
Project တွေပေါ်မူတည်နေတော့ Project မရှိတဲ့ကြာအချိန်တွေမှာ တကယ်ပဲ
Bore out ဖြစ်ရပါတယ်။

Saturday 3 March 2012

ပေါက်စီ / Fried Baozi / Fried Pork Buns /水煎包 / 包子

ကျမအလွန်ကြိုက်တဲ့ အစားအစာပါ။ ငယ်ငယ်က ခရီးသွားရင်းလမ်းမှာ ပေါက်စီ
စားချင်လို့  ဂျီတိုက်ခဲ့တာသတိရမိပါတယ်။ အိမ်မှာလုပ်လေ့ရှိတာကတော့
ရေနဲ့ ပေါင်းတာပါ။ မနေ့ က youtube မှာ နည်းတစ်ခုတွေ့ တာနဲ့  စိတ်ဝင်စား
သွားတာနဲ့ ဒီနေ့ လုပ်စားပါမယ်။
Thanks to http://www.youtube.com/user/EasyChineseFood



လိုက်လုပ်ကြည့်တဲ့ပေါက်စီ.....ကျောင်းကအပြန် သူငယ်ချင်းတွေနဲ့ စားဖြစ်တယ်။