Wednesday 28 July 2010

Quiche လုပ်စားပါတယ်။

ဒီနေ့ တော့ Quiche လုပ်စားဖြစ်ပါတယ်။ Quiche ကပြင်သစ် Lorraine နယ်က
အစားအစာဆိုပေမဲ့၊ အဲ့ဒီဒေသက အရင် ဂျာမန် နယ် Lothringen ဖြစ်တဲ့ အတွက်
ဂျာမနီက အစပြုခဲ့တယ်လို့ သိရပါတယ်။ ဒီမှာ ကြည့်လို့ ရပါတယ်။
အလုပ်မှာ ဘာချက်ရင်ကောင်းမလဲလို့ မေးရာက သူငယ်ချင်းက Quiche လုပ်ဖို့ 
အကြံပေးတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။




သူ့ ကိုလုပ်ဖို့  အောက်ခံမုန့် pastry crust ကို အရင်ဖုတ်ရပါတယ်။ ဒီမှာတော့ Mürbeteig
လို့ ခေါ်ပါတယ်။ လိုအပ်တာတွေကတော့
၂၀၀ ဂရမ် ဂျုံ (Type 1050)
၁၀၀ ဂရမ် ထောပတ်
ဆား လ္ဘက်ရည်ဇွန်း ၄ ပုံတပုံ (1/4)
ရေ ထမင်းစားဇွန်း ၄ ဇွန်း
အားလုံးကိုရောနယ်ပါတယ်။ မုန့် သားချောလာရင် ပလတ်စတစ် ပါးနဲ့ အုပ်ပြီး
ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် ထားပါ။
(ကျမကတော့ Supermarkt မှာရောင်းတဲ့ လုပ်ပြီးသား မုန့် သားကိုဝယ်လုပ်ပါတယ်။)
ပြီးရင်မုန့် ဖုတ်မဲ့ ခွက်ထဲမှာ ခင်းပါတယ်။ ကြိုပြီး အပူပေးထားတဲ့ Oven ထဲမှာ
၂၀၀ ဒီဂရီနဲ့  ၁၀ မိနစ်ခန့် ဖုတ်ပါတယ်။ ပြီးရင် အအေးခံထားပါ။


အထဲမှာထဲ့တဲ့ အရာတွေကတော့
Bacon 125 g, သေးသေးလေးတွေတုန်းပါ
Emmentaler Cheese 150 g၊ ခြစ်ထားပါ
စင်းထားတဲ့ Bacilicum, Thyme,parsley ထမင်းစားဇွန်း ၂ဇွန်း ၃ဇွန်း
ကြက်ဥ ၄ လုံး
ဆား (နဲနဲလျော့ထဲ့ပါ)
ငရုပ်ကောင်း
Cream ( Sahne) 250 g

အားလုံးကိုရောမွှေပြီး အအေးခံထားတဲ့ မုန့် ခွက်ထဲ လောင်းထဲ့ပါတယ်။
ခရင်းလေးနဲ့ မျက်နှာပြင်နဲနဲညှိပေးပါတယ်။ Oven အလယ်ဆင့်မှာ ၂၀၀ ဒီဂရီ
နဲ့  မိနစ် ၄၀ လောက် ဖုတ်ပါတယ်။
တခါတလေ အပြောင်းအလဲအဖြစ် စားလို့ ကောင်းပါတယ်။ ဆလပ်ရွက်သုပ်
လေးနဲ့ တွဲစားဖြစ်ပါတယ်။

Sunday 25 July 2010

ပျော်စရာကောင်းတဲ့ နေ့ 


မနေ့ ကကျမတို့  Frankfurt ကိုရောက်ပါတယ်။ အနှစ် (၂၀)နီးပါးကွဲနေတဲ့
သူငယ်ချင်းကို သွားတွေ့ တာပါ။ ကျမတို့ တက္ကသိုလ်တလျှောက် အတူတူ
ကျောင်းတက်ခဲ့ကြတာပေါ့။ သူဒီမှာရှိနေတယ်ဆိုတာကြားပေမဲ့ အဆက်အသွယ်
မရခဲ့ဘူး။ တလောတုန်းကတော့ သူငယ်ချင်းတယောက်ဆီက Email လိပ်စာလေး
ရတာနဲ့  ကျမတို့ အဆက်အသွယ်ရခဲ့ကြတာပါ။
သူ့ ဆီသွားရမယ်ဆိုတော့ စိတ်လှုပ်ရှားမိတယ်။သူငယ်ချင်းက မပြောင်းလဲဘူး။ အရင်တုန်းကလိုပဲ။ သူက အခု ၄ နှစ်ခွဲ အရွယ် သမီးလေး
တယောက်ရနေပြီ။ ချစ်စရာလေး။ကျမတို့ စကားတွေအများကြီးပြောဖြစ်ကြပါတယ်။
သူငယ်ချင်းပြင်ဆင်ထားတဲ့ ကြာဖံကြော်ကို ကြိုက်ကြိုက်နဲ့  အများကြီးစားခဲ့ပါတယ်။

အပြန်ကြတော့ နောက်သူငယ်ချင်းမိသားစုနဲ့ ဘူတာမှာထပ်ချိန်းပြီး စကားတွေပြောကြပြန်
တယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ခွင့်ရတာကိုက ပျော်စရာတခုပါ။

ဒီနေ့ တော့ သူငယ်ချင်းပေးလိုက်တဲ့ ကန်ဇွန်းရိုးနီလေးကို ချဉ်ရည်ဟင်းချက်စားဖြစ်ပါတယ်။ဒီမှာမစားရတာကြာပြီဖြစ်တဲ့ ကန်ဇွန်းရိုးနီချဉ်ရည် ကထမင်းတကယ်မိန်စေပါတယ်။
ငပိရည်၊တို့ စရာရယ်၊ ငါးဟင်းရယ်.....စိတ်ထဲ မြန်မာပြည်ပြန်ရောက်နေသလိုပါပဲ။

နောက်သူငယ်ချင်းတယောက်ပေးလိုက်တဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ရှမ်းချဉ် နဲ့ 
ဆန်ချို လုပ်ဖို့ အမှုန့် တော့ မသုံးရသေးဘူး။

သူငယ်ချင်းတို့ ရေ ...ပျော်စရာကောင်းတဲ့ နေ့ အတွက်ရယ်၊ အရသာရှိတဲ့
ထမင်းဝိုင်းအတွက်ရယ်၊ အားလုံး အတွက် ကျေးဇူးတင်ပါတယ်။
နောက်တကြိမ် တနေရာရာမှာ ပြန်ဆုံကြသေးတာပေါ့။

Tuesday 20 July 2010

Spätzle နဲ့  မိတ်ဆက်ခြင်း


Spätzle ကတော့ ကျမတို့ နေတဲ့ ဒေသ ( Baden-Württemberg ) ရဲ့ 
အစားအစာဆိုပါတော့။ Spätzle ကို ဂျုံ၊ ကြက်ဥ တို့ နဲ့ လုပ်တာပါ။
လွယ်လွယ်ပြောရရင်တော့ ကြက်ဥခေါက်ဆွဲလိုပါပဲ။ ခေါက်ဆွဲလို တော့
အမျှင်ရှည်မဟုတ်ပါဘူး။ကြက်ဥ အနဲအများကတော့ မိမိနှစ်သက်မှု၊
တတ်နိုင်မှုပေါ်မူတည်ပါတယ်။
အခြေခံကတော့ ဂျုံ ၁၀၀ ၈ရမ် ကို ကြက်ဥ ၁ လုံး နှုန်းပါ။Spätzle ပုံစံတွေက
လည်း နဲနဲစီကွဲပါတယ်။ ကိုယ်လုပ်တဲ့ ပေါ်မှာမူတည်ပါတယ်။
အခြေခံ နည်းကတော့ (၆ယောက်စာအတွက်)
ဂျုံ
၅၀၀ ဂရမ်
ကြက်ဥ ၅ လုံး
ဆား
လ္ဘက်ရည်ဇွန်း တ၀က်
ဇာလိပ်ဖိုသီးအမှုန့်  လ္ဘက်ရည်ဇွန်း တ၀က် ( မထည့်လည်းရပါတယ်)
ရေနွေးနွေး 1/4 လီတာ
ထောပတ်
စားဇွန်း ၃ ဇွန်း
ထောပတ်မပါ ပဲ ဂျုံ၊ ကြက်ဥ၊ဆားကို ဇလုံထဲထည့်ပါ။ ရေကို နည်းနည်းချင်းစီ
ထည့် ပြီး စက်နဲ့ ရောမွှေပါ။ ကိုယ်သုံးတဲ့ ဂျုံပေါ်မူတည်ပြီး အပြစ်အကျဲ
ကွာတတ်လို့ ပါ။(တချို့ ကြတော့လက်နဲ့ မွှေတာပေါ့လေ။ တော်တော်မွှေရတယ်။)
အခဲလေးတွေပျောက်လို့  ညက်ပြီးစီးလာတဲ့အထိမွှေပါ။ပြီးရင်ခဏလောက် ထား
ထားလိုက်ပါ။ ဆိုပါတော့ ၁နာရီ လောက်ပေါ့။ပြီးရင်နောက်တခါထပ်မွှေပေးပါ။
Spätzle လုပ်တဲ့ နည်းတွေကတော့ များပါတယ်။
ရှေးပုံစံကတော့ ရေစွပ်ထားတဲ့သစ်သားပြားပေါ်ကို မှုန့် နှစ်ကို တင်၊ ခပ်ပြားပြား၊
ခပ်ပါးပါး ဖြန့် ပြီး ဓါးနဲ့ ခပ်ပြီးဆားထဲ့ထားတဲ့ ရေနွးအိုးထဲ ထည့်ပြုပ်ပါတယ်။
ခေါက်ဆွဲဖတ်လေးတွေ ရေပေါ် ပေါ်လာရင် ဆယ်ပြီး ရေးအေး ထဲ ခဏလေး
ထဲ့ဆေးပေးပြီး ဇကာနဲ့ စစ်ပေးပါ။
စားခါနီးတော့မှ ထောပတ်ထဲ့ထားတဲ့ ဒယ်အိုးပြားထဲကို Spätzle တွေထဲ့
ခဏလောက် လှိမ့်ပေးလိုက်ရင် အဆင်သင့်ဖြစ်ပါပြီ။
Spätzle လုပ်လို့ ရတဲ့ဇကာတွေ ရှိပါတယ်။





ကျမကတော့ အလွယ်နည်းပဲသုံးပါတယ်။
Spätzle ကို အသားဟင်းများအသီးအရွက်ဟင်းများ၊ ၀က်အူချောင်းနဲ့ ပဲဟင်း
စသဖြင့် မိမိနှစ်သက်တာနဲ့ တွဲစားလို့ ရပါတယ်။
လုပ်ရတာပျော်စရာလည်းကောင်း၊ စားလို့ လည်းကောင်းတဲ့ Spätzle ပါ။

Tuesday 13 July 2010

အသွင်တူလား မတူလား

အသွင်တူလား မတူလား။ ကျမတို့ ကတော့ အသွင်မတူတာသေချာပါတယ်။
သူကအနောက်က၊ ကျမက အရှေ့က... အရှေ့နဲ့ အနောက်တွေ့ ကြတော့
မတူတာတွေက ခပ်များများပါ။
သူက လူမျိုး၂ မျိုးရောထားသလို ကျမကလည်း ၄ မျိုးလောက်ရောနေတော့
စိတ်တွေကဟိုတမျိုးဒီတမျိုး။
ကျမတို့  နှစ်ယောက် အသက်ကွာကြတာကလည်း အသွင်မတူစေတဲ့ အကြောင်း
တခုဖြစ်မှာပါ။
သူကပြောတော့ ကျမက တိကျတယ်တဲ့(စာအုပ်ကြီးအတိုင်းပေါ့)။
သူကတော့ သူလုပ်ချင်တာလုပ်တတ်တဲ့သူပါ။
မီးနီရင် လမ်းမကူးရဆိုပေမဲ့ ကားရှင်းရင် ပြေးကူးချင်တဲ့သူ။
ဒါပေမဲ့ အချိန်တိကျတာချင်းတော့ နှစ်ယောက်စလုံးအတူတူပဲ။ တခုခုလုပ်စရာရှိရင်
မြန်မြန်ပြီးအောင်လုပ်တတ်တာလည်း တူကြတယ်။
ကျမက တခုခုကန့် သတ်ထားတဲ့စည်းကမ်း အတွက် တိတိကျကျလုပ်ပေမဲ့
စာရွက်စာတမ်း နဲ့ ပတ်သက်ရင်တော့ သူကပိုတိကျပါတယ်။

ကျမက ပတ်ဝန်းကျင်အသစ်တခုကို လွယ်လွယ်ကူကူ အသားကျပေမဲ့ သူက ဘယ်လိုမှ
ညှိမယူတတ်ပါဘူး။ ကျမက သည်းခံတတ်လွန်းပေမဲ့ သူက ဘာကိုမှ သည်းမခံချင်ပါဘူး။
ဘာမဟုတ်တဲ့ အပူဒဏ်၊ ဆူညံသံတွေကို နဲ နဲမှ သည်းမခံနိုင်ပါ။
ကျမကတော့ ပူတဲ့၊ဆူတဲ့နေရာကလာတော့ အကြောင်းမဟုတ်တာလည်းဖြစ်မှာပါ။

ကျမကစေ့စေ့စပ်စပ်သုံးပေမဲ့ သူက တော့ကျမလိုမဟုတ်ပါ။ သူက ခရီးထွက်တာ
ဝါသနာပါပေမဲ့ကျမက အိမ်မှာနေရတာပျော်တဲ့သူပါ။

ကျမတို့ နှစ်ယောက်စလုံးကတော့ လက်တွေ့ ဆန်ကြတာတူပါတယ်။ ကဗျာဆန်ဆန်
အမှတ်ရစရာတွေသိပ် မရှိပါဘူး။

သူကမြန်မာဆန်တယ်။ ရန်ကုန်ရောက်တာနဲ့ ပုဆိုးဝတ်၊ညှပ်ဘိနပ်စီး၊
ပဲပြုပ်ထမင်း နဲ့  မြန်မာကော်ဖီကို မနက်တိုင်း မရိုးနိုင်အောင်သောက်တယ်။
ငပိကြော်ဆို စပ်မှ၊ ငပိများမှ ကြိုက်တယ်။ ကျမကတော့အစပ်မစားနိုင်ပါ။
သူကပြောတာတော့ သူ လူဖြစ်တဲ့နေရာမှားနေတာတဲ့၊ မြန်မာပြည်မှာ
မွေးရမှာဆိုပဲ။

မတူညီတာတွေက ခပ်များများပါ။ ဒါတွေကို နားလည်အောင် ညှိယူကြရတာ။
အစပိုင်းတော့တော်တော်ကိုခက်ပါတယ်။ နှစ်ယောက်တွေ့ ကြတော့ အရိုးစွဲနေတဲ့ 
ကိုယ်ပိုင် အသွင်တွေကို ပြောင်းလဲဖို့ ဆိုတာ အချိန်ကြာပါတယ်။ သူ့ ဆီက
ကောင်းတာကိုယူ၊ ကျမဆီက မကောင်းတာကို အသွင်ပြောင်းရတယ်။
သူ့ ကိုလည်း ကောင်းတဲ့ အသွင် ပြောင်းတာကို လက်ခံကျင့်သုံးဖို့ 
လည်းနားဝင်အောင်ပြောရ၊ ကိုယ့်ရဲ့ အပြုအမူနဲ့  သူလက္ခံနိုင်အောင်ပြရ.....
နည်းမျိုးစုံပေါ့။

သူ့ ဆီက ကျမရခဲ့တဲ့ ကောင်းတဲ့ အသွင်တခုကတော့ ကျမ တရားဓမ္မကို သိလာရတာပါပဲ။
ကျမက မိရိုးဖလာ ဗုဒ္ဓဘာသာဆိုပါတော့၊ ငယ်ငယ်ကတော့ လေ့လာခဲ့ပေမဲ့ ကျမ တရားဓမ္မ
နဲ့ ဝေးနေချိန်မှာသူနဲ့ တွေ့ ကြတာကို။ သူ့ ကြောင့် ပဌာန်းရွတ်တတ်အောင်သင်ခဲ့ရတာ။
သူနဲ့ တွေ့ ပြီး ပထမဆုံး ကဆုန်လပြည့်နေ့ မှာ ကျမဘ၀ရဲ့ ပထမဆုံး ရှစ်ပါးသီလစောင့်
တည်ခဲ့ရတာပါ။ သီလနဲ့ ဘာဝနာဆိုတာ သူ့ ဆီကတဆင့် လက်တွေ့ လုပ်ဆောင်
လာနိုင်တာပါ။ကျမတို့ လက်မထပ်ခင် ၁၀ရက် တရားစခန်း ပေးဝင်စေပါတယ်။
သူက ရတနာသုံးပါး ကို လေးစား၊တန်ဖိုးထားသလို ကျမလည်း လေးစားတန်ဖိုးထားတတ်ဖို့ 
လိုပါတယ်တဲ့။ ကျန်တဲ့ အသွင်မတူတာတွေကို တော့ ညှိယူလို့ ရပါတယ်တဲ့လေ။

ဒီလိုနဲ့ ပဲ (၁၁)နှစ်အချိန်ရလာတော့ အရင်က အသွင်မတူတာတွေလည်း သိပ်သတိမထားမိ
တော့သလိုပါပဲ။ သြော်... အသက်တွေကြီးလာလို့ နဲ့ တူပါရဲ့ ။

Sunday 11 July 2010

ကြက်သားနဲ့ ဆနွင်းတက်

တနေ့ က Blog ထဲကသူငယ်ချင်းချက်ထားတဲ့ ဟင်းပါ။ တခါမှ မချက်ဘူးလို့ 
စမ်းချက်ကြည့်တာပါ။ သူကတော့ အမဲသားနဲ့ ချက်ထားပါတယ်။ ကျမကတော့
ကြက်သားနဲ့ ချက်ကြည့်တာပါ။အာရှဆိုင်မှာ ဆနွင်းတက်လပ်လပ်ဆပ်ဆပ် လေးတွေ တွေ့ နေတာတော့ကြာပါပြီ။
ဘယ်လိုချက်ရမှန်းမသိတာနဲ့ တခါမှ မ၀ယ်ဖူးဘူး။ မနေ့ က အာရှဆိုင်ရောက်တုန်း
ဆနွင်းတက်လေးတွေတွေ့ တာနဲ့ ဝယ်လာခဲ့ပါတယ်။


ကြက်သားရင်ပုံ ၂၅၀ ဂရမ် ကို ခပ်ရှည်ရှည်၊ပါးပါးလေးတွေ လှီးပြီး ဆားနဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ ၄တက်လောက်ကို တပြားရိုက်ထားပါတယ်။
ဆနွင်းတက်လေး ၂တက် ကို ခပ်သေးသေးလေးစဉ်းထားပါတယ်။ သစ်သားစဥ့်နီတုန်းပေါ်
မလှီးပါနဲ့ ၊ လက်အိပ်နဲ့ ကိုင်ပြီးလှီးပါ။ အ၀ါရောင်တွေ စွန်းနေပါမယ်။
ငရုပ်သီးအနီ ၄တောင့် (သို့ ) ငရုပ်သီးမှုန့် 
ခရမ်းချဉ်သီး ၁လုံးကို ခပ်သေးသေးတုန်းပါတယ်။
ကြက်သွန်မိတ် ၂ ပင် နုပ်နုပ်လှီးပါတယ်။
ပဲငံပြာရည်၊ ခရုဆီ စား၂ ဇွန်းစီ

ကြက်သွန်ဖြူကိုဆီသပ်ပါ။ ကြက်သားထဲ့ပြီး အရောင်ပြောင်းလာတဲ့အထိ ကြော်ပေးပါ။
ပြီးရင် လှီးထားတဲ့ ဆနွင်းတက်၊ ခရမ်းချဉ်သီးတွေထဲ့ ပြီးမွှေပါတယ်။
ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ ငရုပ်သီး ထည့်ပါတယ်။
ရေနဲနဲထည့်ပြီး ချက်ပါတယ်။ အနှစ် မိမိလိုချင်တဲ့ အနေရရင် ကြက်သွန်မိတ်ထဲ့ပါတယ်။
ခဏနေရင်ချလို့ ရပါပြီ။ နံနံပင်ကြိုက်တတ်ရင်တော့ အပေါ်ကထပ်ဖြူးပေးပါ။

ဆနွင်းက အမှုန့် လို အနံမပြင်းပါဘူး။ သူ့ အနံက ခပ်သင်းသင်းလေး။ အရသာ က
စပ်ခါးခါးလေးရှိပါတယ်။ ကျမတော့ ကြိုက်ပါတယ်။
ဒီနေ့  ကြက်သားနဲ့ ဆနွင်းတက် ဟင်းရယ်၊ ဂေါ်ဖီပန်းသုပ် ပြီး မျှစ် ဆန်လှော်ဟင်း
နဲ့ စားပါမယ်။ ငပိရည်ဖျော်ထားပြီး မုန်လာဥနီ၊ သခွားသီး၊ ဆလပ်ရွက် တို့ နဲ့ ပြင်ဆင်
ထားပါတယ်။ လမ်းကြုံရင်ဝင်ခဲ့ပါ။

Thursday 8 July 2010

ပူလိုက်တာ....

အခုတလော ဒီမှာ တော်တော်ပူတယ်။

အေးတုန်းကလည်း နွေဆိုတာတောင်ရှိပါတော့မလားလို့ မှတ်ရတယ်။

နေပူစတုန်းကတော့ ပျော်တာပေါ့။ နေပူစာလှုံလို့ ၊လွတ်လွတ်လပ်လပ်၊

ပေါ့ပေါ့ပါးပါးဝတ်ရမယ်။ ကိုယ့်တိုင်းပြည်ရောက်နေသလိုပေါ့။ ပျော်နေတာလေ။


အခုတော့ပူလိုက်တာ။ ဒီနေ့  (၈.၇.၁၀)ဆို အရိပ်ထဲမှာ ၃၆°C ၊ အပြင်ထွက်သွားရင်

အပူငွေ့ တွေကြားဖြတ်ရသလို တရှိန်းရှိန်းနဲ့ ။ မနက်ဖြန်ဆို ၄၀°C လောက်ရှိမယ်ဆိုပဲ။

တနင်္လာနေ့ တော့ ၃၃°C လောက်ပြန်ရောက်မယ်ပြောတာပဲ။

ကျမနေတဲ့နေရာက ဂျာမနီရဲ့  အပူဆုံးနေရာမှာ။ အိမ်ထဲမှာ၊ အလုပ်မှာဆိုရင်တော့

လေအေးစက်ကြောင့် ၂၀°C-၂၂°C လောက်ရှိတယ်။

ပူစမ်းပါစေ။ ဆောင်းတွင်းတတွင်းလုံး တောင့်တခဲ့ရတဲ့ နေရောင်...

ရေများများသောက်၊ ချည်ထည်လေးတွေဝတ်၊ ဦးထုပ်ဆောင်း၊ မျက်မှန်တပ်။

(ထီးကတော့ ဒီမှာ နေပူထဲ မဆောင်းကြတော့ ကျမဆောင်းရင် စိတ်မှမှန်သေးရဲ့ 

လားလို့ ဝိုင်းကြည့်ကြမှာမို့  မဆောင်းပါဘူး။) နေပူဒဏ်ကို ကျေနပ်သွာ ခံစားနေပါတယ်။

နေတာကရှည်။ မနက်ဆို ၄ နာရီခွဲလောက်ကတည်းက ငှက်သံတွေကြားနေရပြီ။

၅နာရီဆို လင်းနေပြီ။ ည ဆို ၁၀နာရီတောင် နေရောင်ရှိနေသေးတယ်။

အခုဆို အသီးအရွက်၊ အသီးအနှံတွေကလည်းပေါတယ်။ရေခဲမုန့် ဆိုင်တွေမှာလည်း

ပြည့်နေတာပဲ။ ရေကူးကန်တွေ၊ ပန်းခြံတွေမှာလည်း ပြည့်လို့ ၊ လူတွေလည်း

လင်းလင်းချင်းချင်း၊နေရောင်အောက်မှာဆိုတော့ ပျော်နေကြတယ်။

ကမ္ဘာ့ဖလားမှာသာ ဂျာမနီ ဗိုလ်စွဲရင် ပိုပျော်ဖို့ ကောင်းတဲ့ နွေရာသီဖြစ်မှာ။

မိတ်ဆွေ သူငယ်ချင်းတွေစုပြီး အသားတွေကင်စားကြတာလည်း ပျော်စရာ

ကောင်းပါတယ်။ ကျမကတော့ ရေဘ၀ဲသုပ် လုပ်မလားလို့ ။

ကျမရဲ့ နွေရာသီ အရသာလေးကို သူငယ်ချင်းတို့ ကို မျှဝေလိုက်တာပါ။

Friday 2 July 2010

တမင်းဂျိုးကြော်


အခုတလောနေပူတာရယ်။ထမင်းကြမ်းကျန်တာရယ်ကြောင့် ထမင်းခြောက်လှမ်းဖြစ်ပါတယ်။
ဘောလုံးပွဲကြည့်ရင်း စားရတာပေါ့။
ငယ်ငယ်ကဆို အဖွားက ထမင်းကြမ်းကျန်ရင်လှန်းလေ့ရှိတယ်။ ညဘက် အဆာပြေကြော်စားလေ့
ရှိတာ သတိရမိပါတယ်။
ရန်ကုန်မှာဆို မြေနီကုန်း၊စမ်းချောင်းမှာ ကြော်ရောင်းတဲ့ဆိုင်တွေရှိတော့ ခဏခဏသွားဝယ်ဖြစ်တယ်။
ဂျိုးဂျိုးဂျွတ်ဂျွတ် ကြိုက်တဲ့သူငယ်ချင်းများအတွက်... အပျင်းပြေ၀ါးရအောင်လို့ ...