Monday 19 November 2012
အဖေ သာရှိခဲ့ရင်....
ရန်ကုန်က ရောက်လာတဲ့သတင်းတွေ၊ဓါတ်ပုံတွေကို
ကြည့်ရင်း ဒီနေ့ ကျမအဖေ့ကို အထူးသတိရနေမိတယ်။
အဖေသာ ရှိရင် ဒီနေ့ ရန်ကုန်ကသတင်းတွေကို ကြည့်ရင်း၊
နားထောင်ရင်းဘာတွေများပြောမလဲမသိဘူးနော်။
အဖေ...ကျမတို့ နိုင်ငံကို အမေရိကန်သမ္မတကြီး လာလည်တယ်။
တွေ့ တယ်။ ဘွဲနှင်းသဘင်ခမ်းမထဲမှာ အမေရိကန်သမ္မတကြီးက
မိန့် ခွန်းပြောတယ်အဖေ။
နှစ်များစွာ လူတွေနဲ့ ကင်းဝေးနေတဲ့ ရန်ကုန် တက္ကသိုလ်
ကြီးလည်း ဆေးတွေသုပ်၊မီးတိုင်တွေလှပစွာနဲ့  အဓိအတိလမ်းကလည်း
ကျက်သရေရှိနေတယ်အဖေ။
အဖေ ရှိစဉ်က ဒီလို နေ့ မျိုး တနေ့ ရောက်လာမှာပါလို့ တွေးခဲ့မှာပါ။
အဖေသာ ဒီလို ဖြစ်ရပ်ကိုမြင်ရ၊ကြုံရရင် သိပ်ဝမ်းသာမှာဆိုတာကျမ အသိဆုံး
ပါ။ အဖေဖြစ်ချင်၊မြင်ချင်တာတွေ အဖေ မရှိတော့တဲ့အချိန်မှ ဖြစ်လာတယ်အဖေ။
 အဖေသိပ်ချစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီး အတွက် အဖေ ဘယ်လောက်ဂုဏ်ယူ
လိုက်မလဲနော်။
ကျမတို့ နိုင်ငံတော်ကြီး အကောင်းဘက်ကို ဦးတည်ပြီးတိုးတက်လာပါစေလို့ 
ဆန္ဒပြုပါတယ်အဖေ။
4 comments:
ညီလင်းသစ် said...
ဒီတစ်နေ့လုံး ဘယ်နားကြည့်ကြည့် အဲဒီသတင်းနဲ့ မလွတ်နိုင်ဘူးနော်..၊ ဟုတ်ပါတယ် မ,ရှင်လေးရေ...၊ မျှော်လင့်ခြင်းတွေ အများကြီးကို သယ်ပိုးလာတဲ့ ဒီဖြစ်ရပ်ကို မြင်ခွင့်မရလိုက်သူတွေကို မြင်စေချင်မိတယ်ဗျာ...။
ဇွန်မိုးစက် said...
အစ်မလို တောင့်တနေတဲ့သူတွေ ဇွန့်ပတ်ဝန်းကျင်မှာလည်းရှိတယ်။ အထူးသဖြင့် သူတို့ရဲ့ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေကို မြင်စေချင်တာပေါ့နော်။
ဇွန်လည်း တစ်နေကုန်အလုပ်တောင် မလုပ်နိုင်ဘူး၊ သတင်းတွေ လိုက်ဖတ်နေရတာနဲ့... :D
မြန်မာနိုင်ငံအတွက် တကယ့်ကို သမိုင်းဝင်နေ့ရက်တစ်ရက်ပါပဲ။ ရှေ့ဆက်ပြီး သမိုင်းဝင်မယ့် ကောင်းသောပြောင်းလဲခြင်းတွေနဲ့ အစဉ်တစိုက်တိုးတက်သွားမယ့် နိုင်ငံတစ်နိုင်ငံဖြစ်ပါစေလို့ ဆုတောင်းမျှော်လင့်နေမိတယ်။
မိုးစက်ပွင့် said...
မမရေ... ညီမလည်း အဝေးရောက်နေသူဆိုတော့ မနေ့က တီဗီမှာဘဲ လိုက်ဖ် ကြည့်ဖြစ်တယ်... ၀မ်းသာ ၀မ်းနည်းကြီးပါဘဲ... ညီမတို့ပြီးခဲ့တဲ့ စက်တင်ဘာလက ကျောင်းထဲရောက်ကတည်းက အဓိပတိ ပလက်ဖောင်းတွေ ပြင်နေတာ မှတ်မိတယ်မို့လား ... student exchange programme တွေအကြောင်း အိုဘားမားက ပြောသွားတော့ နောင်လာမဲ့ ပညာရေး မျိုးဆက်သစ်တွေအတွက် ကံကောင်း လာလိမ့်မယ် လို့ထင်ပါတယ်.. (ပရိသတ်ထဲမှာ မချောကိုလည်း တွေ့လိုက်တယ်)
Shinlay said...
ကိုညီ၊ ဇွန်...ကျေးဇူးနော်.
မိုးစက်.. တခါက USIS ကို သွားပြီးဆွေးနွေးပွဲတတ်ခဲ့တာ မှတ်မိသေးလား။
ကျမတို့ အဆင်မပြေခဲ့တဲ့ student exchange programme တွေ မျိုးဆက်သစ်တွေ အဆင်ပြေ
တော့မယ်ဆိုရင် ၀မ်းသာစရာပါ။
မချောကို ကျမလည်းတွေ့ တယ်။