Sunday 23 June 2013
အပေါင်း၊ အနှုတ်
ဒီတခါ ရန်ကုန်ပြန်တော့ အလုပ်ကိစ္စတစ်ခုကြောင့် ရန်ကုန်မှာပဲ နေဖြစ်တော့
မလို ဖြစ်ခဲ့ရတယ်။ တကယ်တမ်း ဂျာမနီမှာ ၁၅နှစ်နီးပါး ဘ၀ကို အစကပြန်စခဲ့ပြီး
ထူထောင်ခဲ့တဲ့ ၊ နေသားကျနေပြီဖြစ်တဲ့ ဘ၀တစ်ခု၊ အခက်အခဲတွေကြားက
ကြိုးစားရယူထားတဲ့၊ ကျေနပ်မှုရနေတဲ့၊ အာမခံချက်ရှိတဲ့  အလုပ်တစ်ခု ဒါတွေကိုစွန့် 
ထားခဲ့ပြီး မြန်မာပြည်မှာ ပြန်အခြေချ ရတော့မယ်ဆိုတော့ အတွေးတွေ၊ နှိုင်းယှဉ်
စရာတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
ကျမ အမေက အသက်ကြီးလာတာနဲ့ အတူ တစ်ဦးတည်းသော သမီးဖြစ်တဲ့ကျမ အမေ့
နားမှာ ပြန်နေသင့်ပြီ၊ ပြန်နေရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကျေချင်မှု၊ ကျေးဇူတရားဆပ်
ချင်မှုတွေက တစ်ဖက်၊ တကယ်လက်တွေ့ ကျကျစဉ်းစားတဲ့ ကျမအတွက်ရှေ့ရေးစဉ်းစားမှု
ကတစ်ဖက် လက်တွေ့ မှာ လွန်ဆွဲနေခဲ့မိပါတယ်။
ပထမဆုံးကျမ ဘာလုပ်ချင်ပါသလဲ။ အမေ့နားမှာပြန်နေချင်တယ်။ အမေ့ကိုတစ်ယောက်ထဲ
ထားရတာ စိတ်မကောင်းဘူး။ ပြန်သွားတာကပြောသလောက်မလွယ်ပြန်ဘူး။
ကျမတို့ မိသားစု အတွက် လိုအပ်တဲ့ ပုံမှန်ဝင်ငွေ ရနိုင်မဲ့ အလုပ်တစ်ခုကလည်း မရှိမဖြစ်
လိုအပ်ပြန်ပါတယ်။ ဒီတော့ ကျမ ရန်ကုန်မှာ အလုပ်ရှာတယ်။ ရရင်ပြန်နေမယ်ပေါ့။
ဒုတိယက ကျမ ဘယ်မှာပျော်သလဲ။ ကျမအတွက် ကိုယ်ဖာသာမေးရမယ့်မေးခွန်းပါ။
သူတပါးကို ကူညီချင်ရင် မိမိကိုယ်တိုင်လည်း စိတ်ကျေနပ်ပျော်ရွှင်မှု ရှိဖို့ လိုအပ်ပါတယ်။
ကိုယ်ကိုတိုင်က အဆင်မပြေ၊ စိတ်မပျော်ရင် တဖြေးဖြေးနဲ့  ကျမ လူတွေပေါ် ဒေါသထွက်မယ်။
မကျေနပ်မှုတွေဖြစ်လာမယ်။ ရန်ကုန်မှာ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့  တွေ့ ချိန်တွေမှာ
ကျမပျော်ပါတယ်။ သူတို့ ဆီကတော့ ကျမလိုအပ်တဲ့အခါ အကူအညီတောင်းလို့ ရသလို၊
သူတို့ ကပေးဖို့ လည်းအဆင်သင့်ပါ။
ကျမ ဂျာမနီမှာ ရှိနေချိန်တွေမှာ လွမ်းတသသ ဖြစ်နေခဲ့ရတဲ့ မြန်မာ့ဓလေ့၊ စရိုက်တွေ၊
ရိုးသားကြိုးစားမှုတွေ၊ ကူညီရိုင်းပင်းမှုတွေ လက်တွေ့ ရန်ကုန်မှာ ကျမ မရရှိခဲ့တော့ပါဘူး။ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ လူတွေရဲ့  စရိုက်တွေပြောင်းလဲ
နေတာကို အများကြီးတွေ့ ရပါတယ်။ ကူညီမှုရဲ့ နောက်မှာ ငွေရှိနေသလို၊ ငွေပေးမှသာ
ကူညီမှုရသလိုပါပဲ။
အလုပ်တစ်ခု အပ်ရင် အရည်အချင်းပါမလာပဲ။ ငွေတောင်းဖို့ သာအားသန်နေ
တာတွေ့ ရတယ်။ မိမိလုပ်နေတဲ့အလုပ်ကြောင်းနားလည်မှုအားနည်းကြပါတယ်။
မိမိအလုပ်ကို တာဝန်မယူနိုင်ကြတာတွေ့ ရတယ်။
ကျမအိမ်မှာ မှန်တံခါးတစ်ခု တတ်ဖို့ စီစဉ်ထားတာနဲ့  လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက
ကျမအပ်နေကျ ကုမ္ပဏီ ကို ဖုန်းဆက်လိုက်ပါတယ်။ အဲ့ဒီတုန်းက ကျမအတွေ့ အကြုံအရ
အလွန်စိတ်တိုင်ကျခဲ့ရတဲ့ ကုမ္ပဏီပါ။ ပထမဖုန်းဆက်တော့ ကျမသိချင်တာဘာမှ မသိရပဲ၊
နောက်ဖုန်းနံပါတ်တစ်ခုထပ်ပေးပြန်ပါတယ်။ ဆက်လိုက်တော့ Marketing တာဝန်ယူ
ထားသူဖြစ်နေပါတယ်။ သူ့ ကို အကျိုးကြောင်းပြောပြတော့ အိမ်ကိုလာပြီး တံခါးကိုလာတိုင်း
ဈေးတွက်ပေးဖို့ ပြောပါတယ်။ နောက်နေ့  ပြန်ဆက်ပေးမယ်ဆိုပြီး ၂ရက်ကြာလို့ မဆက်တာနဲ့ 
ကျမပြန်ဆက်ရပါတယ်။ နောက်နေ့ တော့ရောက်လာပါတယ်။ ဈေးတွက်ပေးဖို့ လာတဲ့
သူက တိုင်းစရာ ပေကြိုးမပါလာပါဘူး။ ကျမအိမ်က ပေကြိုး ( အင်္ကျီချုပ်တဲ့) နဲ့  တိုင်းပြီး
အကြမ်းတွက်ပေးပါတယ်။ အတိအကျကို မနက်ဖြန် သူဖုန်းပြန်ဆက်မယ်ဆိုတာ ကျမသာ
ပြန်လာရော နှစ်ပတ်ကြာတဲ့အထိ ဖုန်းမဆက်ပါ။
ဒါတင်ပဲလား၊ ရေတိုင်ကီတင်တဲ့ကိစ္စ... .. ပိုက်ဆံသာ ကုန်၊လူလည်းပင်ပန်း၊ အလုပ်တခုကို
အလီလီလုပ်ကြပါတယ်။
ဒီပြသနာတွေက ကျမတစ်ယောက်ထဲမဟုတ် မိတ်ဆွေတွေကြားလည်း အလားတူ
ပြသနာများကြားနေရပါတယ်။
ဒီလို အကောင်းအဆိုးတွေ ကို အပေါင်းအနှုတ်တွေလုပ်ရင်း ၃ ပတ်ကုန်သွားတော့
ဂျာမနီပြန်ရောက်လာတယ်။
ဂျာမနီက အလုပ်ရှင်က ကျမ အလုပ်ထွက်မှာစိုးလို့  လစာတိုးပေးပြီးတခြားခံစားခွင့်
တွေညှိပေးဖို့  ကမ်းလှမ်းပြန်တယ်။
အပေါင်းတွေ၊အနှုတ်တွေကြားမှာ ကျမလည်း ရန်ကုန်မှာ အလုပ်ဆက်ရှာနေပါတယ်။
အမေ ကျမကို လိုအပ်နေမှာ ဆို တဲ့ အတွေးဝင်လာရင် အပေါင်းအနှုတ်တွေက
ကျမအတွက်အရေးမကြီးတော့ပါဘူး။
15 comments:
Anonymous said...
ရှင်လေးရေ..
ကိုယ့်ဝမ်းနာကိုယ်သာသိပါ။
သေချာတွေးပြီးဆုံးဖြတ်ပါ။
ဘယ်အပေါင်းကိုပိုဦးစားပေးမလဲ။
အလုပ်ကောင်းမှာလစာကောင်းနဲ့ ဆက်လုပ်တာလည်းအပေါင်း။
အမေ့နားနေပြီးစောင့်ရှောက်တာလည်း အပေါင်းပါဘဲ။
အမေ့ကိုခေါ်ထားနိုင်ရင်တော့အကောင်းဆုံးဘဲထင်တယ်နော်။
ဒါလည်းမလွယ်လှဘူးထင်ပါတယ်။
အနှုတ်တွေကိုတော့စိတ်ကိုပြင်ပြီးခံယူရမယ်ထင်တယ်နော်။
ဘာဘဲဆုံးဖြတ်ဆုံးဖြတ်စိတ်ချမ်းသာပါစေလို့ ……
ချစ်ခင်သောအိုင်အိုရာ
Lorem Ipsum said...
အမေ့ကိုခေါ်ထားဖို့အကြံပေးစေချင်ပါတယ် မရှင်လေးရယ်...အဝေးရောက်နေသူတွေမို့ ရန်ကုန်ကိုပြန်ချင်ပေမယ့် ထင်သလောက်အဆင်မပြေဘူးအမရယ်
အမေနဲ့အတူတူ ဂျာမနီမှာနေနိုင်ပါစေအမ
ဆုတောင်းလျက်
ဆုမြတ်
oakkar7 said...
အမ ရဲ့ လက်ရှိ career ကိုတော့ ဘာမှန်းမသိပါဘူး၊ တလောက မိတ်ဆွေတစ်ဦး project တစ်ခုလုပ်တာ လိုချင်တဲ့ ကျမ်းကျင်သူ မရလို့ Thai ကနေ အဖွဲ့လိုက်သွား ခေါ်ခဲ့ရပါတယ်၊ တကယ်တန်းတော့ သူလိုတာ skilled labor, technician အဆင့်တွေပါ၊ ကိုယ်တိုင် capacity build လုပ်နိုင်မှာ အဆင်ပြေတာပါ၊ အဲလို လုပ်နိုင်မယ်ဆိုရင် လဲ ကိုယ်ပိုင် အလုပ်တစ်ခုကိုပဲ ထူထောင်ဖို့ တိုက်တွန်းပါတယ်၊ မပြည့်စုံတာ လိုအပ်ချက်ကြီးတာ လဲ အခွင့်အရေးပဲ မဟုတ်လားဗျာ။
နော်နော် said...
ရှယ်ပါရစေနော်။
Shinlay said...
လာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
ဇွန်မိုးစက် said...
အစ်မရေ...
ဇွန်လည်း အပေါင်းတွေ၊ အနှုတ်တွေကို တွက်ချက်စဉ်းစားရင်းနဲ့ ဒီ့ထက်ပိုဝေးတဲ့နေရာကို ရောက်တော့မယ်။ လောလောဆယ် အဖေနဲ့အမေကိုတော့ မောင်လေးနဲ့ပဲ ထားခဲ့ရဦးမယ်။
`အမေ ကျမကို လိုအပ်နေမှာ ဆို တဲ့ အတွေးဝင်လာရင် အပေါင်းအနှုတ်တွေက
ကျမအတွက်အရေးမကြီးတော့ပါဘူး။´ ဟုတ်တယ်နော်... (ကိုယ့်မှာသားသမီးမရှိတဲ့အနေအထားမျိုးမှာ) မိဘနဲ့ယှဉ်လာတဲ့အခါ ကျန်တာတွေက သူတို့လောက် အရေးမကြီးတော့ဘူးလို့ ညီမလည်း ခံစားရတယ်။
ညီလင်းသစ် said...
အဝေးမှာ ရောက်နေကြတဲ့ သားသမီးတွေအတွက် တစ်ချိန်မဟုတ်တစ်ချိန်မှာ တည့်တည့်ကြီး ရင်ဆိုင်ရတဲ့ အကြောင်းပါပဲ၊ ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲရတဲ့ ဟောဒီလို ပွဲမျိုးမှာ တွက်ချက်၊ သုံးသပ်ရတာတွေနဲ့ မောပြီး ကျန်ခဲ့မယ် ထင်တယ်နော်...၊ နောင်တကင်းတဲ့ စိတ်ချမ်းမြေ့စရာ လမ်းကို ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ် အစ်မရှင်လေးရေ...။
Shinlay said...
ဇွန် နဲ့ ကိုညီ
တနေ့ တနေ့  အလုပ်က ပေးနေတဲ့ ညှိနှိုင်းမှုတွေက
ကျမ ဆုံးဖြတ်မှုကို ဝေ့၀ါးစေတယ်။
ဘာလုပ်ရမလဲ။ တကယ်တော့ ကျမကိုယ်တိုင်ပဲ ရွေးရမှာပါ။ ကျမရွေးချယ်မှုအပေါ် နောင်တ မရချင်တာတွေ အမှန်ပါပဲ။ အချိန်ရှိပါသေးတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
ညိုလေးနေ said...
အစ်မရှင်လေး
ညီမရဲ့အဖေကတော့ ညီမတို့နေတဲ့အရပ်မှာ ဘယ်လိုမှ မနေနိုင်ပါဘူး တဲ့။ အမေစိတ်ချမ်းသာမယ့် နေရာမှာ နေပေးလိုက်ရင် အမလည်း နောင်တရ ရမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ တခြားအပေါင်းအနုတ်တွေအတွက် နောင်တရစရာ ပေါ်ခဲ့ရင်တောင် " ငါ အမေ့ကို စိတ်ချမ်းသာအောင် ထားလိုက်နိုင်တယ် " ဆိုတဲ့စိတ်က ခြေဖျက်ပေးနိုင်ပါလိမ့်မယ်။
Shinlay said...
အထူးကျေးဇူးတင်ပါတယ် ညီမလေးညိုလေးနေ။
ဒီအတွေးလေး မတွေးမိခဲ့ဘူး။
Anonymous said...
နားလည်ပါတယ်မရှင်လေးရယ်။
နိုင်ငံခြားတိုင်းပြည်မှာ အလုပ်လာလုပ်ကြတဲ.မြန်မာတိုင်းနီးပါး ခံစားရတဲ.ခံစားချက်ပါဘဲ။
တနေ.နေ.မှာ လူတိုင်းနီးပါးတွေ.ကြုံရမယ်.ခံစားချက်ပေါ.။
အပေါ်က တယောက်ပြောသလိုဘဲ အမအမေစိတ်ချမ်းသာထားအောင်နေပေးလိုက်ရင် အမတသက်လုံး နောင်တမရနိုင်တော.ဘူးပေါ.နော်။
ဂျာမဏီကိုက အမအချိန်မရွေးပြန်သွားလာလို.ရနေတာဘဲမဟုတ်လား။
Anonymous said...
ိကျွန်တော့်အမြင် ပြောရရင် မိဘကို ရှာကျွေးဖို့က ငွေလဲလိုတယ်။ မရှင်လေး ရန်ကုန်ပြန်နေရင် အမေကို အနီးကပ် ပြုစုစောင့်ရှောက်နိုင်မှာတော့ ဟုတ်တယ်။ လူကြီးတွေ နေမကောင်းလို့ ပုဂ္ဂလိကဆေးရုံ တစ်ခါတင် သိန်းတစ်ရာ၊ သိန်းတစ်ရာ့ငါးဆယ် ပြိုက်ခနဲကုန်နေတဲ့ခေတ်မှာ အဲဒီအတွက် ငွေတွေ အထုပ်ကြီး စုပြီးဆောင်းပြီး မရှိဘဲနဲ့တော့ အရမ်းမစွန့်စားစေချင်ဘူး အစ်မရေ။ နောက်ပြီး အစ်မက အိမ်ထောင်သည်ဆိုတော့ အစ်မထက် အသက်ကြီးတဲ့ ခင်ပွန်းကို ထားပစ်ခဲ့ရင်လဲ တစ်ဖက်က အစ်ကိုခမျာ သနားဖို့ ကောင်းလားလို့။ တစ်ယောက်ယောက်က လာလိုက်ပြန်လိုက် လုပ်မယ်ဆိုရင်လဲ ရေရှည်ကျ မလွယ်ဘူး။
SSK said...
ကျမနဲ့ အတူတူပါဘဲ့ ခုကျမအမေရိကားမှာနေနေရတယ်အမေကတယောက်တည်းမြန်မာပြည်နေရတောဘယ်လို့မှ
စိတ်မကောင်းဘူး....အဲလိုမြန်မာပြည်ပြန်မိတာ အကြိမ်
ကြမ်အခါခါပါဘဲ့ ....လက်တွေ့ တောအပေါင်းတွေအ
နှူတ်နဲ့ ယောက်ယက်ခတ်နေတယ်.....
Shinlay said...
Anonymous..SSK ကျေးဇူးတင်ပါတယ်။
အခုထိတော့ .... ... ...
အခြေအနေတခုတော့ ထင်ထင်ရှားရှားဖြစ်လာမယ်ထင်ပါတယ်။
မီးမီးငယ် said...
ဖတ်ပြီးစိတ်ထဲမကောင်းဘူး...
ဟုတ်တယ်နော်..
အမေနဲ့ လည်းနေချင်တယ်..
အခြေအနေကိုလည်းကြည့်ရသေးတယ်..
ရန်ကုန်က ဒီတခါစိတ်ပျက်စရာအကောင်းဆုံးပါဘဲ..
ညစ်ပတ်ပြီးရှုပ်ပွထနေတာဘဲ..
ကျမတို့ တော့ပြန်ဖို့ ဆုံးဖြတ်ထားကြတယ်။
ရန်ကုန်ဟုတ်ဘူး..တောမှာဘဲနေတော့မယ်..
ဟိုကျပြန်ဆုံကြတာပေါ့..