ကျမတို့ ငယ်ငယ်တုန်းကတော့ တယ်လီဖုန်းဆိုတာ ရှားပါးပစ္စည်းပါ။
အိမ်တိုင်းမှာလည်းမရှိသလို လူတိုင်းလည်းမသုံးကြပါ။ အကြောင်းရှိမှ
သာ နီးစပ်ရာနေရာကနေ ဖုန်းဆက်သတင်းပေးကြ၊သတင်းမေးကြတာပါ။
ဒီလိုနဲ့ တဖြေးဖြေး တယ်လီဖုန်းလောက တိုးတက်လာလိုက်တာ လူတိုင်း၊
ကလေးတိုင်းမှာ Handy ကိုယ်ဆီနဲ့ ။ တယ်လီဖုန်းနဲ့ ပြောဆိုတာတွေအပြင်
အင်တာနက်လိုင်းတွေပါ ခေတ်မီလာတော့ ဆက်သွယ်ရေးနည်းတွေများ
လာပြန်တယ်။
ဒီလိုတိုးတက်မှုရဲ့ ကောင်းကျိုးတွေရှိသလို တဘက်မှာလည်း ဆိုးကျိုးတွေ
ရှိလာပြန်ပါတယ်။သူငယ်ချင်းတွေတွေ့ ကြရင်စကားတွေဖေါင်ဖွဲ့ ပြောကြမယ်ဆို
ပြီးအားခဲထားပေမဲ့လည်း ဟိုလူ့ ဖုန်းက တတီတီ၊ ဒီလူ့ ဖုန်းကတတီတီ၊
ဟိုလူက ဖေ့ဘွတ်ဖွင့်၊ ဒီလူက အီးမေးစစ်၊... သူတို့ ရှေ့မှာ တကယ်ရှိနေတဲ့ 
လူကိုတော့ ရှိမှန်းတောင်သိရဲ့ လားမသိတော့ပါ။ ပြောနေတဲ့ စကားဝိုင်းက
အင်း...အဲ... နဲ့ သာဆက်သွယ်နေပေမဲ့ တကယ်တော့ ဘာမှ သေချာနားလည်
ပုံမပေါ်ပါ။ စိတ်ဝင်စားမှုက ဆက်သွယ်ရေးကွန်ယက်ထဲရောက်နေတော့
သြော် ဒုက္ခ အဲ့ဒီလိုဆိုလည်းဘာလို့  တွေ့ နေကြတော့မှာလဲ။
နောက်တစ်ခုဆိုးတာက အလုပ်ထဲမှာ။ တယောက်သော လုပ်ဖေါ်ကိုင်ဘက်က
ဟန်းဖုန်း စွဲနေသူ။ လစ်ရင်လစ်သလို ဟန်းဖုန်းကိုထုတ်သုံးနေရာက၊ အချိန်
တိုင်းလိုလို ဖြစ်လာတယ်။ ၀င်လာတဲ့ Message ကို တုန့် ပြန်ဖို့ သာ စိတ်ဝင်စား
နေတာကြောင့် အလုပ်မှာ လွဲမှားတာတွေအများကြီးဖြစ်လာတယ်။ အလုပ်ကို
လာသာလာတယ်၊စိတ်ဝင်စားနေတာက သူ့ ရဲ့ ဟန်းဖုန်း။ အလုပ်မှာ ဘာတွေ
စီစဉ်နေတယ်၊ ဘယ်သူတွေဘာတွေလုပ်နေတယ်... ဆိုတာတွေနဲ့ အဆက်ပြတ်
ဟန်ဖုန်းသာ သူ့ ကမ္ဘာဆိုလည်း အလုပ်ကထွက်လိုက်ပါတော့လား။
အခုတော့ အလုပ်မှာ ဟန်းဖုန်းမသုံးရ ဆိုတဲ့ အမိန့် ထုတ်၊ စောင့်ကြည့်ပါအုံး။
ဘယ်လိုများပြောင်းလဲမလဲလို့ ။
ဟန်းဖုန်းဆက်သွယ်မှုတွေကြောင့် ကလေးတွေ ကျောင်းမှာ အာရုံစိုက်မှုအားနည်း
လာရပြန်တယ်။ ဆရာကစာသင်၊စိတ်က ၀င်လာမဲ့ Message ကိုတုန့် ပြန်ဖို့ သာ
ရောက်နေတော့၊ သူတို့ လေးတွေ စာဘယ်လို မှတ်သားသင်ယူနေကြပါလိမ့်။
ကျမတို့ ငယ်ငယ်ကတော့ ဆရာသင်တာကို အာရုံစိုက်နားထောင်နေတာတောင်မှ
အိမ်ရောက်လို့ စာပြန်ဖတ်ရင် နားမလည်တော့တာတွေ ရှိသေးတာ။
အင်းလေ ဒီခေတ်ကလေးတွေက ပိုတော်လို့ ဖြစ်မှာပါ။
အလုပ်သွား၊အလုပ်ပြန် လမ်းမှာ အချိန်ရရင်ရသလို စာဖတ်ဖြစ်၊ ဘုရားစာ
ရွတ်ဖြစ်၊ မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပေမဲ့ တခါတလေ ဖုန်းဖွင့်မိရင် အပြင်
လောကနဲ့ လွတ်သွားပြန်တယ်။ ကိုယ့်ကိုကိုယ်သတိပေးရင်း သုံးတဲ့အချိန်
တစ်ခုသတ်မှတ်ထားရတယ်။
တန်ဖိုးရှိတဲ့မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကို မသိမသာသိမ်းပိုက်သွားတဲ့ ဆက်သွယ်မှု
နည်းသစ်တွေရဲ့ ရန်ကို ကာကွယ်တောင့်ခံနိုင်ဖို့ ကတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။
ဒီအတိုင်းဆက်သွားနေလို့ ကတော့.... ... ...
Saturday, 28 June 2014
Subscribe to:
Post Comments (Atom)
3 comments:
အစ်မရေ... မတွေ့ဖြစ်တာတောင် ကြာပြီနော်။ ခေတ်ကို ထင်ဟပ်တဲ့ သိပ်ကိုကောင်းတဲ့ သတိပြုစရာ စာလေးပါ။ ညီမတော့ မြန်မာပြည်ပြန်ရောက်နေတော့ အင်တာနက်ကို အရင်လို ဖောဖောသီသီ မသုံးဖြစ်တာ အချိန်တွေ တော်တော်အကုန်သက်သာသွားသလိုတောင် ခံစားမိတယ်။ :D
အစ်မ ရန်ကုန်ပြန်လာဖြစ်ရင် အကြောင်းကြားပါဦးနော်။ တွေ့ရအောင်လေ။း)
ဟုတ်တယ်အစ်မရှင်လေး...၊ ဟိုတနေ့ကတောင် အသိတယောက်နဲ့ ပြောဖြစ်နေသေးတယ်၊ အခုခေတ်က ကိုယ့်ရှေ့မှာရှိတဲ့သူ ပြောနေတဲ့ စကားထက် ဟိုးအဝေးကြီးက သူတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာစားနေလဲ၊ ဘယ်ရောက်နေလဲဆိုတာ ပိုပြီး စိတ်ဝင်စားကြတဲ့ခေတ်-လို့....။
အမရေ စာအသစ်မတွေ့တာကြာလို့ BPP-Challenge (http://kokomaunguk.blogspot.sg/2014/09/blog-post.html) မှာခင်ခင်မင်မင်တဂ်ထားပါတယ်။ အချိန်ရရင် ရေးပေးပါအုံးနော်။
Post a Comment