Monday, 22 June 2015

အတွေးခရီး




ခရီသွားရတာ ကျမပျော်ပါတယ်။ ခရီးမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ရတာကလည်း ပျော်စရာကောင်းပါတယ်။
ခရီးသွားရက်နီးလာလေလေ ကျမစိတ်လှုပ်ရှားလေလေပေါ့။
အထူးသဖြင့် မြန်မာပြည်ကို ပြန်ရတော့မယ်ဆိုရင်ပိုစိုးပါတယ်။
ကျမတို့ နေတဲ့ နေရာကနေ လေဆိပ်ရှိတဲ့ ဖရန့် ဖွတ် ကို သွား ဖို့ 
အမြန် ရထားစီးရတာက ၂ နာရီကြာ တော့ မနက်အစောကြီး
ကတည်းကအိပ်ရာကထ၊ Freiburg ကို သွားဖို့ ရထားအမီ သွားရပါတယ်။ 
Freiburg ကမှ အမြန်ရထားစီးရမှာ ကို။ ရထားပေါ်ရောက်တာနဲ့  ကျမ 
အတွေးထဲမှာ ပြောမတတ်တဲ့ ခံစားမှုမျိုး အမြဲခံစားရပါတယ်။ ဂျာမနီကိုလွမ်း
သလို လို ၊ မြန်မာပြည် သွားဖို့ ပျှော်သလိုလို၊ လေယာဉ်စီးရမှာ မို့  
စိတ်လှုပ်ရှားသလိုလို… ခံစားမှုမျိုးစုံနဲ့ပေါ့။
လေဆိပ်ရောက်ရင် ကျမရဲ့ အာရုံမှာ ခရီးတလျှောက် အဆင်ပြေဖို့ အတွေးပဲ
ရှိပါတော့တယ်။ လေဆိပ်တွေကို ကျမ ကြိုက်ပါတယ်။ လူမျိုးစုံ၊ အရောင်မျိုးစုံ၊
အားလုံးက တက်ကြွနေကြတယ်။ ဂျာမနီမှာ အင်္ဂလိပ်စကားပြောလိုအရဆုံး
နေရာတစ်ခုလို့ ကျမထင်ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကျမဘေးမှာ
ဘယ်သူထိုင်မလဲ။ သဘောကောင်းပါရဲ့လား၊ စသဖြင့် အတွေးတွေနဲ့ ပေါ့။
လေယာဉ်ပေါ် ကျွေးတာစားပြီးတာနဲ့ ကြိုးစား ပြီးအိပ်ရတယ်။ ဒါမှ ရန်ကုန်ရောက်ရင်
လန်းဆန်းနေအောင်။ အမျိုးတွေနဲ့  စကားတွေအများကြီးပြောနိုင်အောင်၊ 
ကျမရဲ ပိတ်ထားတဲ့ အိမ်ခန်းလေးကိုရှင်းရအောင် အားတွေပြည့်နေဖို့ လိုတယ်လေ။
ဒီလိုနဲ့ လေယာဉ်ဘန်ကောက်ကိုဆိုက်တော့ အာရှရဲ့  အငွေ့ အသက်ကို ရပါတယ်။
ပူနွေးတဲ့လေ၊ အေးနေတဲ့ လေအေးစက်အခန်း၊ ပရုပ်နံ့ သင်းနေတဲ့ လေဆိပ်ရဲ့ အနံ့ ။
ဒါတွေကို တွေ့ ထိမိတာနဲ့ ကျမ အာရှကိုပြန်ရောက်ပြီဆိုတာ သိလိုက်ပါတယ်။
ဘန်ကောက်လေဆိပ် က ဆိုင်တွေက ၀ယ်ချင်စရာ တွေကြီးပါပဲ။ များသောအားဖြင့်
ဘန်ကောက် လေဆိပ်မှာ အချိန်မရှိပါဘူး။ ရန်ကုန်သွားမဲ့ လေယာဉ် ရှိရာ ဂိတ်ကို
ပြေးရပါတယ်။ Departure Gate ကို ရောက်တယ်ဆိုရင်ပဲ မြန်မာအသံတွေ ကြားရပါ
ပြီ။ မြန်မာလူမျိုးတွေကို တွေ့ ရပါပြီ။ ကျမ အမိမြေနဲ့ နီးလာပြီဆိုတဲ့ အသိကြောင့်
ကျမပျော်နေတယ်။
ရန်ကုန်သွားတဲ့လေယာဉ်က ခဏပဲစီးရတယ်။ လာကျွေးတာစားလိုက်၊ လာပေးတဲ့ပုံစံ
 ဖြည့်ရနဲ့ အချိန်က ခဏလေးကုန်သွားပါတယ်။ လေယာဉ် ရန်ကုန်ကို
ရောက်တော့မယ်ဆိုရင် ကျမ လေယာဉ်ပေါ်ကမြင်နေရတဲ့မြင်ကွင်းကိုကြည့်ရင်း
ကျမ ဒီတခေါက် ဘေးမသီရန်မခ ပြန်လာနိုင်ပြီး အမေ့ကိုပြန်တွေ့ ခွင့်ရပြီဆိုတဲ့
အတွေးနဲ့ မျက်ရည် အမြဲကျရပါတယ်။
လေယာဉ်ဆိုက်တာနဲ့  အမြန်ဆုံး လေယာဉ်ပေါ်ကပြေးဆင်းချင်ပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ အချိန်တွေကို အလကားကုန်သွားမှာ ကျမစိုးရိမ်ပါတယ်။
လေဆိပ်ကနေ အိမ်အသွားလမ်းတလျှောက် သွားနေတဲ့ကားတွေ၊ 
လမ်းလျှောက်နေတဲ့သူတွေ၊ အဆောက်အဦးတွေကိုကြည့်ရင်း ကျမ
ရန်ကုန်ကို ရောက်ပြီး၊ လာတော့လည်း ခဏလေးပါလားလို့ တွေးရင်း
ရန်ကုန်ရဲ့ ပြောင်းလဲမှုတွေ ကို ရှာနေမိပါတယ်။
ဒီနှစ် မြန်မာပြည်ပြန်ရတဲ့ ရက်က တစ်လလောက်နောက်ကျတော့ ကျမ
အတွေးထဲက ခရီးစဉ်လေးနဲ့ အလွမ်းပြေ ခရီးနှင်လိုက်ပါတယ်။
မကြာခင်တော့ ကျမ အတွေးထဲက ခရီးစဉ်လေး အကောင်အထည်ပေါ်လာမှာပါ။

No comments: