Sunday 16 October 2011

ကျန်းမာရေးပြခန်းများ... (Bad Krozingen)

ဒီတပတ် ကျမတို့ နေတဲ့မြို့ လေးမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြပွဲလုပ်တာနဲ့ သွားကြည့်
ဖြစ်ပါတယ်။ တခုတလော အလုပ်တွေကများ၊ ရာသီဥတုကလည်း အေးလာတာကြောင့်
လူက ပင်ပန်းနေသလို ကိုယ်ခန္ဓာကလည်းဟိုနားကနာ၊ဒီနားကနာနဲ့ ဆိုတော့ ကျန်းမာရေး
ပြခန်းတွေသွားကြည့်ရတာ ပိုလိုက်ဖက်သွားပါတယ်။


ပြခန်းတွေကို ကျမတို့ မြို့ ရဲ့  အပန်းဖြေပန်းခြံက ခန်းမထဲမှာလုပ်ပါတယ်။ ပြခန်းတွေ ၈၀
လောက်ရှိပါတယ်။ အနီးအနားမှာရှိတဲ့ ဆေးရုံတွေ၊ နာလန်ထ ဆေးရုံတွေ၊ ပုဂ္ဂလိက
ဆေးခန်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်းရောင်းတဲ့ဆိုင်တွေ၊ ဓါတ်ခွဲခန်းတွေ၊
အစားအသောက် ရောင်းတာတွေက ပြခန်းတွေဖွင့်ပြီး သက်ဆိုင်တဲ့ သတင်းအချက်အလက်
တွေ ရှင်းပြပေးပါတယ်။



ပြခန်းတွေအပြင် ကျန်းမာရေးဟောပြောပွဲတွေလည်း ရှိပါတယ်။ နှလုံးရောဂါ၊
သွေးတိုးရောဂါ၊ အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါတွေ၊ အရိုးအဆစ်ဆိုင်ရာ
ရောဂါတွေ၊ သွားဘက်ဆိုင်ရာရော ဂါတွေနဲ့ ဆိုင်တဲ့ဟောပြောပွဲတွေကို ဆေးရုံတွေက
ပါမောက္ခတွေ၊ ဆရာဝန်ကြီးတွေလာရောက်ဟောပြောပါတယ်။

ပြခန်းတွေကြည့်ရင်း သွေးစစ်တာတို့ ၊ သွေးတိုင်းတာတို့ ၊ လေ့ကျင့်ခန်းလုပ်တဲ့စက်
တွေကိုစမ်းကြည့်တာတို့ ကိုလည်း အခမဲ့လုပ်ပေးပါတယ်။ မိမိရောဂါနဲ့ ပတ်သက်လို့ 
သိချင်တာတွေကို ပညာရှင်တွေနဲ့ တနေရာထဲမှာ မေးမြန်းဆွေးနွေးလို့ ရပါတယ်။
မိမိနဲ့ သင့်တော်မဲ့ ကုထုံးတွေကိုလည်း ပိုမို နားလည်သိရှိခွင့်ရပါတယ်။

လာကြည့်ကြတဲ့သူတွေကတော့ လူကြီးပိုင်းတွေများပါတယ်။ ကျမကတော့ ဟိုငေး
ဒီမော့နဲ့ လျှောက်ကြည့်ရင်း သွေးလည်းစစ်ခဲ့တယ်။ လေ့ကျင့်ခန်းလုပ်တဲ့ စက်ကို
လည်းစမ်းကြည့်ခဲ့ပါတယ်။ အရိုးအဆစ်နာတာနဲ့ ပတ်သက်တဲ့ ဟောပြောပွဲ၊
တရုတ်တိုင်းရင်းဆေး (TCM) နဲ့ ပတ်သက်တဲ့ဟောပြောပွဲတွေကို နားထောင်ခဲ့
ပါတယ်။ ဒါ့အပြင် မျက်မမြင်တွေဖတ်တဲ့ စာလုံးတွေကိုလည်း လေ့ကျင့်ခဲ့ပြီး၊ အိမ်မှာ
ဆက်လေ့ကျင့်ဖို့  စာရွက်တွေပါယူလာခဲ့ပါတယ်။ အနှိပ်ခံမလားလို့ ကြည့်လိုက်တော့
၁၀မိနစ်ကို ၅ယူရိုတဲ့၊ လူတွေများနေတာနဲ့ အဆင်မပြေခဲ့ပါ။

ကျမတို့ မြို့ မှာ တစ်နှစ်တစ်ခါ ကျင်းပတဲ့ ကျန်းမာရေးပြခန်းတွေဟာ ကျန်းမာရေး
လေ့လာလိုက်စားသူတွေအတွက်အလွန်အကျိုးရှိပါတယ်။ မိမိရဲ့ ရောဂါ အကြောင်း၊
ကုထုံးတွေအကြောင်း၊ ကြိုတင်ကာကွယ်ရေးတွေအကြောင်း စတဲ့ အကြောင်းအရာ
များစွာကို တနေရာထဲ တနေ့ ထဲမှာ သိခွင့်ရပါတယ်။

2 comments:

TZH1985 said...

ကောင်းလိုက်တာ အဲလိုပွဲမျိုးတွေ သွားရတာ.. ကျန်းမာရေး ဗဟုသုတ အတော်ရမှာပဲ....

ညီလင်းသစ် said...

ကျန်းမာခြင်းရဲ့ တန်ဖိုးကို နေထိုင်မကောင်း ဖြစ်မှ သိတာနဲ့စာရင် အခုလို ကြိုတင်ပြီး လေ့လာ၊ သိရှိထားတာ တကယ်ကောင်းပါတယ်၊ ဒီလို ပြခန်းမျိုး တွေကို အချိန်ယူပြီး နာလည်း သဘောပေါက်တဲ့အထိ အေးအေးဆေးဆေး လေ့လာသင့်ပါတယ်..။