ဒီနေ့ အိမ်အောက်ထပ်က ဂျာမန်အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တယ်။
သူက ဂျာမနီမြောက်ပိုင်းကဖြစ်လို့ ကျမတို့ တောင်ပိုင်းမှာ သူ့ မိတ်ဆွေတွေ
မရှိဘူးတဲ့။ အဲ့ဒီကနေစပြီး ဂျာမနီရဲ့ လူမှု စရိုက်အကြောင်းပြောဖြစ်ကြပါတယ်။
ကျမအသက်ကြီးရင်မြန်မာပြည်ပြန်နေမှာလား။ဒီမှာပဲနေမလားလို့ မေးတာနဲ့ 
မြန်မာပြည်ပြန်နေမှာပေါ့လို့ ပြောတော့ သူလည်း သူ့ ဇာတိမြောက်ပိုင်းကိုပဲ
ပြန်နေချင်ကြောင်းပြောပါတယ်။ ဂျာမနီတစ်နိုင်ငံထဲမှာတောင် တောင်ပိုင်း
နဲ့ မြောက်ပိုင်း စရိုက်ဓလေ့က ကွာနေသေးတယ်။ တောင်ပိုင်းကသူတွေက
သိပ်မဖေါ်ရွေကြပါဘူး။ ဖာသိဖာသာ နေကြတာများပါတယ်။ လမ်းမှာတွေ့ 
လို့ လည်း နှုတ်ဆက်လေ့မရှိကြဘူး။ ဈေးဆိုင်တွေသွားရင်လည်း
မဖေါ်ရွေကြပါဘူး။ မြောက်ပိုင်းကသူတွေကြတော့ ဖေါ်ဖေါ်ရွေရွေရှိကြတယ်။
မှတ်တိုင်မှာ ရပ်နေရင်းလည်း မိတ်ဆွေ လို စကားစမြည်ပြောဖို့ ဝန်မလေးကြပါဘူး။
မိတ်ဆွေဖြစ်ဖို့ လွယ်တယ်ပေါ့လေ။
အဲ့ဒီအမျိုးသမီးက ပြောင်းလာတာမကြာသေးပါဘူး။ သူ့ မှာ ၇နှစ်အရွယ် သား
တစ်ယောက်ရှိတယ်။ တခြားအိမ်ခန်း တွေနဲ့ ကျမ သိပ်မရင်းနှီးပေမဲ့ သူနဲ့  ကျမ
မကြာခင်မှာပဲ ရင်းနှီးသွားပါတယ်။
သူ့ မှာလည်း အသက် ၈၀ အရွယ် အမေရှိပြီး အမေက သူ့ အရပ်မှာပဲပျှော်ကြောင်း၊
ဒီဘက်ကိုလာဖို့ ခေါ်လို့ မရကြောင်းပြောပါတယ်။ ကျမအမေနဲ့ အရွယ်တူဆိုတော့
အမေ့ကို သတိရသွားမိတယ်။ အမေလည်း သူ ရပ်ရွာမှာ ပဲနေချင်တာ။
ဒီမှာ မိတ်ဆွေရှာဖို့ ခက်ကြောင်းပြောဖြစ်ပါတယ်။ လူတိုင်းဟာ သူ့ အလုပ်နဲ့ သူ
အချိန်တွေ ပြည့်နေတာကြောင့် တခြားသူအတွက် အချိန်မပေးနိုင်ကြပါဘူး။
သူ့ ကလေးတောင် သူငယ်ချင်းအိမ်သွားလည်ဖို့  ရက်ချိန်းတောင်းရတယ်ဆိုပဲ။
ကလေးတွေမှာလဲ ကျောင်းပြီးတာနဲ့  ဂီတသင်တန်း၊အားကစားသင်တန်း၊
စတာတွေသွားရ၊ အိမ်စာလုပ်ရနဲ့  အားချိန်မရှိကြောင်း၊ အိမ်စာတွေကလည်း
အလွန်များကြောင်းပြောရင်း သူတို့ ငယ်ငယ်က ကလေးဘ၀အကြောင်းပြောပြပါတယ်။
သူတို့ ငယ်ငယ်က ကလေးတွေဟာ လမ်းပေါ်မှာ ဆော့ကြကြောင်း။ စစ်တိုက်တမ်း၊
တူတူပုန်းတမ်း၊သရေကြိုးခုန်တမ်း စတာတွေကစားကြတယ်တဲ့။ လူကြီးတွေကလည်း
ကလေးတွေကစားလို့ နားငြီးတယ်လို့ ပြသနာမလုပ်ကြောင်းပြောပြပါတယ်။
တစ်အိမ်နဲ့ တစ်အိမ်လည်း အချိန်မရွေးသွားလည်လို့ ရကြောင်းပြောပါတယ်။
အဲ့ဒီတုန်းက ကလေးအမေတွေက အိမ်ရှင်မ အလုပ်ပဲ၇ှိတော့ အချိန်ရကြောင်း၊
ကလေးတွေအတွက်အချိန်ပေးနိုင်ကြောင်းပြောပါတယ်။
ကျမလည်း ကျမငယ်ငယ်က လမ်းပေါ်မှာ အိမ်နီးချင်းကလေးတွေနဲ့ ဆော့ကြတဲ့
အကြောင်း၊ အခုတော့ တူလေးတူမလေးတွေ ဒီလို အခွင့်အရေးမျိုး မရကြောင်း၊
အိမ်ထဲမှာပဲ စာကျက်လိုက်၊တီဗီကြည့်လိုက်၊ ဗီဒီယိုကြည့်လိုက်၊ ဂိမ်းဆော့လိုက်၊
ဖုန်းပြောလိုက်နဲ့ အချိန်ကုန်သွားကြောင်း။ ကလေးပီပီ ပြေးလွှားကစားကြတာမျိုး
မတွေ့ ရတော့ကြောင်းပြောပြပါတယ်။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ ခင်မင်ရင်းနှီးမှု
တွေနည်းသွားရတာ စိတ်မကောင်းစရာပါပဲ။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက်
ခေတ်နဲ့ အမီလိုက်ရင်း လူမှုရေးပိုင်းမှာ ပေးဆပ်လိုက်ရတာတွေက နေရာတိုင်းမှာရှိ
နေမှာပါပဲ။
Subscribe to:
Post Comments (Atom)
4 comments:
ကစားဖို့အချိန်မရတဲ့ ကလေးလေးတွေကို သနားမိတယ်.... တိုးတက်မှုအတွက် (ပေးဆပ်ရတဲ့ တန်ဖိုး) လို့လည်း ဆိုနိုင်ပါရဲ့နော်..
အိမ်နီးချင်းကောင်းရတာ ဝမ်းသာစရာဘဲနော်...
ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက်
ခေတ်နဲ့ အမီလိုက်ရင်း လူမှုရေးပိုင်းမှာ ပေးဆပ်လိုက်ရတာတွေက နေရာတိုင်းမှာရှိနေမှာပါပဲ။
ဟုတ်တယ် အမရေ..ဒါတော့ လက်တွေ့ပဲ..
အမ frankfurt ရောက်တာ မသိလိုက်ဘူး..သိရင် လာတွေ့ပါတယ်..
ခင်တဲ့
အိမ်မက်
ဟုတ်တယ် အစ်မရှင်လေးရေ... ဇွန်တော့ တခါတလေ ဘာ entertainment မှ မရှိတဲ့ ဟိုးရှေးခေတ်ကို ပြန်ရောက်ချင်တယ်။ အာရုံဝင်စားစရာတွေ များတာနဲ့အမျှ အကုသိုလ်စိတ်တွေက ပိုပိုများလာတာလေ။
Post a Comment