Friday 16 November 2012

အတွင်းနဲ့ အပြင်

လူတိုင်းပျော်ရွှင်မှု့ ကို လိုချင်ကြမှာပါ။ ဒီအထဲမှာ ကျမလည်းပါတာပေါ့။
ငယ်ငယ်ကဆို လိုချင်တာမရရင် လူကြီးတွေကို ဂျီတိုက်လေ့ရှိပါတယ်။
အမေက ကျမလိုချင်တာတွေ၊သွားချင်တဲ့နေရာတွေ၊စားချင်တာတွေ တတ်
နိုင်သလောက်ဖြည့်ပေးလေ့ရှိပါတယ်။ တခါတလေ အဆင်မပြေလို့ 
ကျမအလိုကျမဖြစ်ဘူးဆိုရင် ဂျီတိုက်တော့တာပဲ။ လိုတာရတော့
ကျေနပ်ပြီးပျော်လို့ ။

အရွယ်ရောက်လာတော့လည်း ဟိုအရာလိုချင်၊ဒီအရာဖြစ်ချင်နဲ့ 
လိုအင်ဆန္ဒတွေ များနေတာပါပဲ။ ငယ်ငယ်ကလိုဂျီတိုက်၊ပူဆာလို့ မရတော့
တစ်ယောက်ထဲ စိတ်ဆင်းရဲမှုတွေ၊ ဒေါသတွေ များလာပြန်တယ်။
ဖြစ်ချင်တာတွေကို ရအောင်ယူရတာကလည်း ပင်ပန်းသားလေ။
ဖြစ်ချင်တာ၊လိုချင်တာ တွေကလည်း တစ်ခုပြီးသွားရင် နောက်တစ်ခု
ထပ်ပြီးလိုချင်နေပြန်ရော။ ကျမက လိုချင်တာတွေရရင်ပျော်မယ်လို့ 
ထင်နေတာကို။

ဒီလိုနဲ့ ကျမလိုချင်တာတွေ၊ဖြစ်ချင်တာတွေကနေ၊ တခြားသူတွေရဲ့ လက်ခံမှု၊
အထင်ကြီးမှုတွေကိုလည်းရချင်လာပြန်တယ်။ သူ့ မှာ ဒါရှိရင် ငါလည်းရှိချင်တယ်။
ငါ့မှာဒါပဲရှိရင် သူတို့ ကဘာပြောကြမလဲ၊ ငါလိုက်မလုပ်နိုင်ရင်ရော စသဖြင့်
သူများနဲ့ မလိုအပ်တဲ့နှိုင်းယှဉ်မှုတွေလုပ်လာတယ်။ ကျမက သာရင်
မာနကအတက်သား၊

အင်းလေ ဒီအပြင်ပန်း အရာဝတ္ထုတွေက ကျမကိုစိတ်ချမ်းသာမှု ပေးနိုင်မယ်လို့ 
ထင်ခဲ့မိတာကို၊ တကယ်တော့ ဒါတွေရဖို့ အားထုတ်ရတဲ့ ကိုယ်၊စိတ် ပင်ပန်းမှု
တွေကို ကျမထဲ့ မတွက်ခဲ့ဘူး။ အပြင်ဘက်က ရုပ်ဝတ္ထုတွေကြောင့် တစ်ခဏ
ရခဲ့တဲ့ပျော်ရွှင်မှုကို ကျမက သာယာနေခဲ့တာပါ။
ကျမရဲ့ စိတ်အတွင်းမှာ တကယ်အေးချမ်းမှု ကို ရယူဖို့ ကိုတော့ ကျမ မေ့နေပါတယ်။

6 comments:

ညီလင်းသစ် said...

ကောင်းလိုက်တဲ့ စာစုလေးပါ အစ်မရှင်လေး...၊ တိုသလောက် ကျစ်ကျစ်လစ်လစ်နဲ့ ထိမိလှတယ်၊ ရုပ်ဝတ္ထုတွေရဲ့ မတည်မြဲပုံကို အဖန်ဖန် ကြားဖူးသိဖူးနေပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ အထဲမှာ ကျနော်လည်း ပါတယ်၊ အခုလို သတိပေးစာလေးတွေ ဖတ်ရမှပဲ တပင်တပန်း သယ်ပိုးထားတဲ့ ကိုယ့်အမောတွေကို ပြန်မြင်မိတယ်၊ တကယ့်ကို Vielen dank ပါဗျာ..။

Shinlay said...

ကျေးဇူးပါကိုညီ။

ဇွန်မိုးစက် said...

ဒါကြောင့်ပဲ လူ့အလို နတ်မလိုက်နိုင်တို့၊ ရလေလိုလေ အိုတစ္ဆေဆိုတဲ့ စကားပုံလေးတွေ ပေါ်ခဲ့တာ ထင်တယ်နော်။

အဘိဓမ္မာသဘောအရ...လောဘဖြစ်ရင် သူ့နောက်က ဒေါသတွေ အမြဲကပ်ပါလာတယ်တဲ့။ လိုချင်တာမရတော့ စိတ်တို၊ စိတ်ဆိုး။ လိုချင်တာရပြန်တော့ သူ့ကို မပျက်စီး၊ မပျောက်ပျက်အောင် ထိန်းသိမ်းရတော့ ပူလောင်ရပြန်ရော။ လိုချင်တာကို ထိန်းချုပ်ရပြန်တော့လည်း စိတ်ပင်ပန်းတာပဲ။ မြတ်စွာဘုရားရဲ့ တရားတော်တွေက သိပ်မှန်တာပဲနော်။

ကိုညီလင်း ပြောသွားသလိုပဲ အစ်မပို့စ်လးက တိုတိုလေးနဲ့ ထိမိတဲ့စာကောင်းလေး...။း)

Have a great weekend!

Shinlay said...

ကျေးဇူးတင်ပါတယ်ဇွန်။ မှန်တာတွေကို သိခွင့်ရတဲ့အတွက် တကယ်ပဲ ၀မ်းသာမိပါတယ်။

လပြည့်ရိပ် said...

အစ်မရေ... ကျွန်မကိုများ အနားနားလာပြီး နားချနေသလားမှတ်လောက်အောင် ကျွန်မ အခုဖြစ်နေတာတွေနဲ့ ထပ်တူကျနေပါတယ်။ ကျေးဇူးအထူးတင်ပါတယ် အစ်မ.. အားရင် ဖုန်းခေါ်လိုက်မယ်..

Shinlay said...

လပြည့်ရိပ်...အသုံးဝင်တယ်ဆိုလို့ ဝမ်းသာပါတယ်။
ဂရုစိုက်နော်။