Monday, 17 November 2014
လူသစ်၊ နေရာအသစ်
ဒီနေ့  လူတယောက်ကို အလုပ်ကထုတ်လိုက်ရတယ်။ အလုပ်သာခန့် ပေးချင်
တာပါ။ အလုပ်က ထုတ်ရတာ တော့မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်းရေရှည်မှာ
အဆင်ပြေမဲ့အခြေအနေလည်းမရှိတာနဲ့  အစမ်းခန့် ကာလမှာပဲ ထုတ်လိုက်
ရတာ ပိုကောင်းပါတယ်။
လူသစ်တစ်ယောက် အလုပ်သစ်တစ်ခုကိုရောက်လာရင် အစပိုင်းမှာ
အခက်အခဲရှိတတ်ကြပါတယ်။ လက်ရှိ ရှိနေပြီးသား လူဟောင်းတွေနဲ့  ဆက်ဆံ
ရေးပိုင်း အဆင်ပြေအောင် ဘယ်သူက ဘယ်လိုဆိုတာ လေ့လာရပါတယ်။
အထက်က ဆရာဝန် တွေက လူနာတွေကို ဆေးကုတဲ့အခါ သူတို့  ကိုယ်ပိုင်
ပုံစံတွေရှိကြတယ်။ ဆရာဝန် ၃ ယောက်မှာ ဘယ်သူတာဝန်ကျရင်ဘယ်လို
ပြင်ဆင်စီစဉ်ပေးရမယ်ဆိုတာ သိထားရတယ်။
လူအမျိုးမျိုး ပုံစံအမျိုးမျိုးလေ။ လူဟောင်းတွေက နွေးထွေးစွာ ကြိုဆိုပေမဲ့လည်း
လူသစ်က ရောက်ထဲကိုက ငါကဘာဆိုတာစပြနေရင်လည်း လုပ်ငန်းခွင်ဆက်ဆံ
ရေးမှာ မလွယ်ပြန်ဘူး။  ငါကလူသစ်ပေမဲ့ လက်ရှိ လုပ်နေကြပုံစံကို ချက်ချင်း
 ပြောင်းလဲဖို့ ကြိုးစားရင်လည်း လူဟောင်းတွေနဲ့ အဆင်မပြေပြန်ဘူး။
အလုပ်ရဲ့ သဘောသဘာဝကို အချိန်ယူ လေ့လာ၊ပါဝင်လုပ်ကိုင်ပြီးတဲ့အခါမှ
ပြု ပြင်ပြောင်းလဲမှုအတွက် အကြံပြု ပေး ရင် ပိုနည်းလမ်းကျထိရောက်မယ်ထင်ပါတယ်။
အလုပ်သစ်ထဲကိုရောက်လာရင် လေ့လာသင်ယူချင်စိတ်ပါယူလာဖို့ လိုပါတယ်။
ဒါလေးများငါလုပ်ဖူးသားပဲ ဆိုပေမဲ့ ပရိုဂရမ်ကွဲလွဲမှုတွေ၊ နည်းပညာကွဲလွဲမှု
တွေရှိနေသေးတာကို မေ့မထားသင့်ပါဘူး။ ရသမျှအချိန်မှာ ရသလို သင်ယူ
လေ့လာနိုင်မှုကလည်း လူသစ်တယောက်ရဲ့  စွမ်းရည်ဆိုပါတော့။
မသိတာကိုမေး၊ ရှင်းပြတာကို စိတ်ဝင်တစား နဲ့ သင်ယူတယ်ဆိုရင်
အလုပ်ပေးသူအနေနဲ့  လူသစ်ကို အမှတ်ကောင်းကောင်းပေးနေမှာပါ။
မတတ်တဲ့သူကို တတ်အောင်သင်ပေး နိုင်ပေမဲ့ လုပ်ချင်စိတ်
မရှိတဲ့သူ၊ သင်ယူချင်စိတ်မရှိတဲ့သူကိုတော့ လက်တွဲခေါ်ရတာအလွန်
ခက်ပါတယ်။
အလုပ်ချိန်က အလုပ်ချိန်ပဲလို့ ဆိုပေမဲ့ လူသစ်တယောက်အတွက် တခါတလေ
မိမိသင်ယူနိုင်ဖို့ အချိန်ပို ယူရတာတွေကို မတွက်ကပ် သင့်ပါဘူး။ အချိန်ပိုကို
၅ မိနစ် ၁၀မိနစ်ကအစမှတ်ပြီး နားရက်ယူပြစ်လိုက်တော့ ကျန်တဲ့သူတွေ
ကဘာလုပ်ကြမလဲ။ သူ့ အစားပိုလုပ်ရပြန်ရော။
မိမိရဲ့ အလုပ်က ၀န်ဆောင်မှုပေးရတဲ့အလုပ်။ မိမိဆီလာတဲ့သူကို အပြုံးနဲ့ ၊ချိုသာ တဲ့စကားလုံးတွေနဲ့  နွေးထွေးစွာကြိုဆိုရမယ့်အလုပ်။မိမိစိတ်ထင်တိုင်းပြောလို့ 
ဆိုလို့ မရပါ။ အလုပ်သဘောအရ စိတ်ပင်ပန်းမှုအောက်မှာ လုပ်နိုင်ရပါမယ်။
ဒါ့အပြင် ဒီနေရာကတော့ပင်ပန်းတယ်၊ ဟိုနေရာကတော့ သက်သာတယ်ရွေးလို့ မရပါဘူး။
လူတစ်ယောက်တကယ်အလုပ်လုပ်တယ်ဆိုရင် နေရာတိုင်းဟာ ပင်ပန်းတဲ့နေရာတွေ
ပါပဲ။ 
တကယ်တမ်း စိတ်ဝင်တစားလုပ်မယ်ဆိုရင် လူသစ်တယောက်ဟာ ၃လလောက်
ကြာရင် အလုပ်ထဲမှာ နေသားကျလာပါတယ်။ ၆လလောက်ကြာရင်တော့ ကျွမ်းကျင်
လာပါတယ်။ အလုပ်ထဲမှာ ကျွမ်းကျင်မှုရှိလာတာနဲ့ အမျှ အလုပ်လုပ်ရတာပျှော်လာပါတယ်။
လူသစ်တယောက်က ၆လကြာတဲ့အထိ ဘာမှလက်လွှတ်လို့ မရသေး၊ လူဟောင်း
တွေနဲ့ ဆက်ဆံရေးကလည်းအဆင်မပြေသေးဘူးဆိုရင်တော့ သူ နဲ့ ဒီအလုပ် မကိုက်
ညီဘူးလို့ ပဲ သတ်မှတ်လိုက်ရပါတော့တယ်။ 
Saturday, 15 November 2014
Wilhelm Straße ဆိုတဲ့လမ်းကလေး
Wilhelm Straße လို့ ခေါ်တဲ့လမ်းကလေးက ကျမအလုပ်လုပ်တဲ့  Freiburg
အဲ့ ဒီလမ်းထဲမှာ ရှိတဲ့  Goethe Institut ကိုတော့ ပွဲရှိရင်တခါတလေရောက်တာ
ပဲရှိပါတယ်။ အခုတော့ဒီလမ်းကလေးက ကျမနဲ့ ရင်းနှီးလာပါတယ်။
ကျမတို့  Freiburg မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲကစပြီး မြို့ ထဲကိုဖြတ်တဲ့
tram လမ်းတွေပြင်တာနဲ့  အောက်တိုဘာလအထိပိတ်ထားပါတယ်။
ကျမလည်း အလုပ်ကို ဘူတာကနေလမ်းလျှောက်သွားရပါတယ်။
အရင်က အလုပ်အသွားကိုပဲ လမ်းလျှောက်ပေမဲ့  အခုတော့ အသွားအပြန်လျှောက်
ရပါတော့တယ်။ ဒီတော့ အလုပ်ကို အမြန်ဆုံးသွားနိုင်မဲ့ လမ်းကို ရှာရပါတော့တယ်။
ဒါနဲ့ ပဲ ကျမ  Wilhelm Straße ကို ရောက်ခဲ့ပါတယ်။
အစပိုင်းတော့ ဒီလမ်းက အလွန်ပျင်းစရာကောင်းတဲ့လမ်းလို့ ထင်မိတယ်။မြို့ ထဲက
ဖြတ်လျှောက်နေကျဆိုတော့ ဟိုဆိုင်ငေးဒီဆိုင်ငေးနဲ့ လမ်းလျှောက်မှန်းမသိသာဘူးလေ။
Wilhelm Straße   ကတော့ အိမ်တွေများတယ်။ ကြည့်စရာ သိပ်မရှိဘူး။ ဒါပေမဲ့
တဖြေးဖြေးနဲ့ ကျမဒီလမ်းကို သတိထားမိလာတယ်။
လမ်းထိပ်မှာ နာမယ်ကြီးတဲ့  Goethe Institut ရှိတော့ နေ့ ခင်းပိုင်းကျမအိမ်ပြန်
ချိန်ဆို နိုင်ငံစုံကလာတဲ့ကျောင်းသားတွေကို အနီးအနားမှာ တွေ့ ရတယ်။ ကျမတောင်
မြန်မာကျောင်းသားများပါမလားလို့  ကျောင်းရှေ့က ကြော်ငြာဘုတ်မှာ ရှာကြည့်သေး
တယ်။
အဲ့ဒီကျောင်းဘေးမှာ Jos Fritz ဆိုတဲ့ ( http://www.josfritz.de )စိတ်ဝင်စားဘို့ ကောင်းတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်။ သူ့ ဆိုင်ဘေးမှာ ကော်ဖီဆိုင်ပါတွဲထားတယ်။
အဲ့ဒီဝန်းကျင်ကအိမ်တွေက ရှေးအိမ်တွေဆိုတော့ ကြည့်ရတာအမြင်ဆန်းနေတယ်။
ကော်ဖီဆိုင် ၂ဆိုင် ၃ဆိုင်လောက် လည်းဒီလမ်းထဲမှာရှိသေးတယ်။ အေးအေး
ဆေးဆေးနဲ့ ထိုင်လို့ ကောင်းတဲ့ဆိုင်လေးတွေပါ။ နေသာတဲ့နေ့ ဆိုရင်လမ်းပေါ်က
အုတ်ဘောင်တွေပေါ်ထိုင်ရင်း အေးအေးဆေးဆေး စကားဝိုင်းဖွဲ့ ရင် ကော်ဖီသောက်
ကြတာတွေ့ ရတယ်။ တက္ကသိုလ်ကျောင်းနဲ့ နီးတော့ ကျောင်းသားတွေကိုလာသောက်
ကြလေ့ရှိတယ်။
ကျန်းမာရေးအာမခံ ကုပ္ပဏီတစ်ခုရဲ့ ရုံးခန်းကြီး တစ်ခုလည်း ဒီလမ်းထဲမှာ ရှိသလို
Santo Mercedes  ကားအရောင်းခန်းကလည်း ဒီလမ်းထဲမှာရှိတယ်။
ကျမ တခါတလေ၀ယ်လေ့ရှိတဲ့ ပေါင်မုန့် ဆိုင်လေးလည်း ရှိသေးတယ်။
လမ်းထဲကအိမ်အများစုမှာတော့ ဆေးခန်းတွေ၊ရုံးခန်းတွေ ဖွင့်ကြတာများတယ်။
ဒီတလမ်းထဲမှာကို အထူးကုဆေးခန်း တော်တော်များသား။
လာမိတယ်။ ကျမလိုပဲ ဒီလမ်းကို နေ့ တိုင်းဖြစ်လျှောက်နေကြတဲ့သူတွေရှိသား။
တွေ့ နေကြသူတွေ မတွေ့ ရင်တောင် ဒီနေ့ နေမှကောင်းရဲ့ လား လို့ တွေးမိလာတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ မြို့ ထဲကလမ်းတွေပြန်ဖွင့်ပေမဲ့ ကျမကတော့
Wilhelm Straße  ဆိုတဲ့ လမ်းလေးကို ဆက်လျှောက်နေတုန်းပါ။ လမ်းလျှောက်
တာကျန်းမာရေးနဲ့ လည်းညီတယ်လေ။ လမ်းလေးကိုကျမ သံယောဇဉ်ဖြစ်မိတာလည်း
ပါတာပေါ့။