နေရာတနေရာမှာ လူသစ်တစ်ယောက်အဖြစ် စရတာ မလွယ်ဘူး ဆိုတာသိပေမဲ့ အခု အသက်ကြီး လာတော့ ပိုခက်မှန်းသိလာတယ်။
ကျမ ဂျာမနီကို စရောက်တော့ အသက် ၃၀။ ဘ၀ ကို အစကပြန်စခဲ့ရတယ်။ ပတ်ဝန်းကျင် အသစ်၊ မိတ်ဆွေ
အသစ်၊ စကားအသစ်၊ ပညာရပ်အသစ် တွေကို သင်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျမတက်ကြွပြီး ကောင်းကောင်း ကျော်လွှားနိုင်ခဲ့တယ်။ ခက်ခဲတာသိပေမဲ့ အားအင်တွေရှိနေခဲ့တယ်။
အခု အသက် ၄၉ နှစ်နားနီးမှ အလုပ်အသစ်တစ်ခုပြောင်းတာတော်တော် ခက်ခဲပင်ပန်းတာ သိသာလာတယ်။ ဒါတောင် ကျမ ကျွှမ်းကျင်တဲ့အလုပ်၊ ကျမ ဘာလုပ်နိုင်တယ်ဆိုတာ သိပြီးသားအလုပ်ရှင်၊
ပထမ ၃ပတ်ကတော့ ကျမ တော်တော် စိတ်ညစ်ရတဲ့ အချိန်ပါ။ အလုပ်ပြောင်တာမှားပြီလားမသိဘူး လို့ 
မကြာခဏတွေးဖြစ်ခဲ့ပါတယ်။ ကလေးတွေ ကျောင်းမသွားချင်သလို ကျမလည်း အလုပ်မသွားချင်ခဲ့ဘူး။
အလုပ်က လုပ်ဖေါ် ကိုင်ဖက်တွေက အလွန်သဘောကောင်းကြပါတယ်။
အရင်အလုပ်က လူ၅ယောက်၆ယောက်ပဲရှိပြီး ၊အလုပ်အသစ်မှာ ကျမတို့ ဌာနမှာတင် ၂၇ ယောက်၊
ဆေးရုံဝန်းကကျယ်၊လမ်းတွေပျောက်၊ အလုပ်စတဲ့နေ့ မှာ အခန်းတွေမှတ်နေရတာကို က မလွယ်ကူခဲ့ပါ။ အိမ်သာတောင် ရှာမတွေ့ ခဲ့ပါဘူး။ အဆောက်အဦးက ရှည်တော့ လမ်းတော်တော်လျှောက်ရတယ်။ အိမ်ပြန်ရောက်ရင် ခြေထောက်တော့တော်တော်နာနေပြီ။
အလုပ်က ဆရာဝန်နာမယ်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ နာမယ်တွေ မှတ်ရတာကလည်း ခေါင်းခြောက်
စေပါတယ်။
ကိုယ်ကျင့်သားရနေတဲ့စနစ်ကို မေ့ထားပြီး အလုပ်အသစ်ရဲ့ လုပ်ပုံကိုင်ပုံစနစ်ကို လေ့လာရတာကလည်း
မလွယ်ပါဘူး။ အလုပ်အဟောင်းနဲ့ အလုပ်အသစ်အကူးမှာ နားရက်မရှိပဲ ချက်ချင်းတန်းဝင်ရတော့ ပိုဆိုးးတယ်။
သုံးရတဲ့ စက်တွေက အသစ်၊ ကွန်ပျူတာစနစ်က အသစ်၊ စက်တွေကလုပ်ရင်းအဆင်မပြေတော့ ပို ခေါင်းကိုက်ရပြန်တယ်။ လူတကာကို လှမ်း အကူအညီတောင်း။
ဒီလိုနဲ့ ချာလည်ရိုက်နေတာ ၄ပတ်ရောက်တော့ အထာတော်တော်ပေါက်လာတယ်။
တဖြေးဖြေးနဲ့  ပရိုဂရမ်တွေ သိလာလေလေ၊ အလုပ်သွားရတာပျော်လာပါတယ်။အလုပ်ကပြန်လာရင်လည်း
ကျမ လုပ်ခဲ့တာတွေအတွက် ကျေနပ်ပျော်ရွှင်နေတယ်။
အခု ကျမ အလုပ်အသစ်မှာ ၂ လ ရှိသွားပြီ။ ကျမလည်း ကျမတာဝန်ယူရတဲ့ နေရာ ၂ခုမှာ အားလုံးနီးပါး
သိလာပြီ။ အလုပ်သွားရတာလည်း ပျော်လာသလို၊ အလုပ်ကပြန်လာရင်လည်း ကျေနပ်နေတတ်ပြီ။
လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ကျမကို သူတို့ အလုပ်ရဲ့ အဆိုးအကောင်းကို ရင်ဖွင့်လာ ကြပြီ။
ကျမလည်း လူသစ်ဆိုတဲ့ အသိ ပျောက်စပြုလာပြီ။
ဒီ၂လအတွင်းကျမကိုယ်ကျမ သတိထားလိုက်မိတာက လူသစ်တစ်ယောက်ဖြစ်ဖို့ ကျမ အသက်ကြီးသွား
ပြီဆိုတာပါပဲ။ အခုလောလောဆယ်တော့ ဘယ်နေရာသစ်ကိုမှ မပြောင်းချင်တော့ပါဘူး။
Saturday, 3 June 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment