Wednesday 30 May 2012

ချဉ်ပေါင်....

 အဖွားက သီးပင်စားပင်တွေစိုက်တာဝါသနာပါတော့ ချဉ်ပေါင်ကို မြေကုန်းလေးတွေ
လုပ်ပြီးစိုက်လေ့ရှိတယ်။ အိမ်မှာ ချဉ်ပေါင်ဟင်းချက်ရင် ခြံထဲဆင်းခူးရုံပဲ။ အနီ၊ အဖြူ နှစ်
မျိုးစလုံးစိုက်ထားတယ်။ ခြံထဲကခူးလာတဲ့ချဉ်ပေါင်ရွက်ရယ်၊ ငရုပ်သီးစိမ်းရယ် ဆိုရင်
ဟင်းတစ်ခွက်ရဖို့  အဆင်ပြေသွားပြီ။

ချဉ်ပေါင်ရွက်ကို မျှစ်နဲ့ ပုဇွန်ခြောက်နဲ့ ( ပုဇွန်ပေါ်ချိန်ဆို ပုဇွန်လေးတွေနဲ့ )ကြော်ထား
ရင် ဘာအသားဟင်းမှ မလိုပဲ ထမင်းနဲ့ နယ်ဖတ်စားလိုက်ရတာ ပြန်တွေးမိတိုင်း
သွားရည်ကျမိတယ်။

ချဉ်ပေါင်ဟင်းကို ငါး၊၀က်သားတို့ နဲ့  ခပ်ပြစ်ပြစ်ချက်၊ ငရုတ်သီးဆားထောင်းနဲ့ 
ချက်တဲ့နေ့ ဆို ထမင်းမြိန်တဲ့နေ့ တစ်နေ့ ပါပဲ။ ချဉ်ပေါင်ဟင်းနဲ့ ပုဇွန်ဆီပြန်
ဆိုရင်တော့ ကျမအကြိုက်ဟင်းတွေပါ။

အုန်းထမင်းချက်တဲ့နေ့ ၊ထောပတ်ထမင်းချက်တဲ့နေ့ ၊ ဒန်ပေါက်ဝယ်စားတဲ့နေ့ 
တွေဆိုရင် ခရမ်းချဉ်သီးလေးစိတ်ထဲ့ ပြီးပုဇွန်ခြောက်နဲ့ ချက်ထားတဲ့
ချဉ်ပေါင်ဟင်းချို က အအီပြေ မပါ မဖြစ်ပါပဲ။

ချဉ်ပေါင်ဟင်းကိုနယ်ဖတ်စားပြီးတိုင်းလက်မှာ အနံ့ စွဲနေတတ်လို့ လက်စင်အောင်
ဆေးဖို့ လူကြီးတွေ ခဏခဏသတိပေး တာကိုလည်းအမှတ်ရသေးတယ်။

ကျမကြိုက်တဲ့ချဉ်ပေါင်ရွက်ကို ဒီရောက်လာတဲ့အချိန်မှာ မစားဖြစ်တော့ပါဘူး။
ဂျာမနီရောက်ပြီး ပထမဆုံးရန်ကုန်ပြန်တော့ အမေကို ချဉ်ပေါင်ဟင်းချက်ထား
ပေးဖို့ ဖုန်းကြိုဆက်ထားဖူးတယ်။

ရန်ကုန်ကပြန်လာရင် ချဉ်ပေါင်ကြော် တစ်ခါထဲ့ယူလာဖူးသေးတယ်။ ကြာကြာထား
ပြီး မစားချင်တာနဲ့ ပဲ  နောက်မယူလာဖြစ်တော့ဘူး။ တစ်ခါ အရွက်တွေ အခြောက်လှန်း
ပြီးယူခဲ့သေးတယ်။ ကျမပြန်တဲ့အချိန်က မိုးတွင်းဆိုတော့ အကောင်းကောင်း မခြောက်
တာနဲ့  မှိုတက်လာတယ်။

အဲ့ဒီနောက်ပိုင်းတော့ ချဉ်ပေါင်ရွက်ကို ကြိုးစားပန်းစားမသယ်လာဖြစ်တော့ပါဘူး။
ရန်ကုန်ရောက်ရင် တစ်ဝစားလာခဲ့တယ်။ ဒီမှာ စားချင်စိတ်ရှိလာရင် Sauerampfer
ကိုပဲ အလွမ်းပြေချက်စားဖြစ်ပါတယ်။
ချဉ်ပေါင်ကိုမစားတာ ကြာတော့လည်း သိပ်မလွမ်းတော့သလိုပါပဲ။

တစ်လောက တော့ အိမ်မက်ရဲ့  ဘလော့မှာ ဗမာစတိုးအကြောင်းရေးထားတာတွေ့ 
တာနဲ့  ဖရန်းဖွတ်ရောက်တုန်းဗမာစတိုးကို ၀င်ခဲ့ရင်း ချဉ်ပေါင်ရွက်ခြောက် ရယ်
ငှက်ပျောအူခြောက်ရယ်ဝယ်လာခဲ့တယ်။ ချဉ်ပေါင်ရွက်ခြောက် ကတော့
 တော်တော်လေး အဆင်ပြေပါတယ်။
ဒါနဲ့ ပဲ ချဉ်ပေါင်ကြော်တစ်ခါကြော်စားဖြစ်တယ်။ ဒီနေ့ တော့ ချဉ်ပေါင်းဟင်းကို ၀က်သား
သုံးထပ်သားရတာနဲ့ ချက်စားဖြစ်ပါတယ်။

မစားရတာကြာတဲ့ မိမိကြိုက်တဲ့ ဟင်းတစ်ခွက်ကို စားလို့ ရအောင် ကြော်ငြာသတင်း
ပေးထားတဲ့ အိမ်မက် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

5 comments:

အိမ်မက်စေရာ said...

ဟုတ်လား မရှင်လေးရေ..
ကျေးဇူး တင်စရာမလိုပါဘူး အချင်းချင်းတွေပဲးD

ဒီလိုလေး သိရတော့ အိမ်မက်လဲ ဝမ်းသာပါတယ်..

Gute Appetit ပါရှင်..

ခင်တဲ့
အိမ်မက်

မိုးစက်ပွင့် said...

ချဉ်ပေါင် အရမ်းကြိုက်တယ်..
ချဉ်ပေါင်အဖြူထက် အရသာစူးတဲ့ အနီကို ပိုကြိုက်တယ်
ချဉ်ပေါင်သီးကို မြေပဲနဲ့ ထောင်းစားရင် အရမ်းကောင်းတယ်.. ချဉ်ပေါင်နှစ်မျိုးလုံးလည်း
အိမ်မှာ စိုက်ထားတယ် မမ....

Shinlay said...

မိုးစက်.. အခြောက်လှန်းထားလေ အပြန်ကျယူသွားလို့ ရအောင်။

ဇွန်မိုးစက် said...

ဇွန်လည်း ... ချဉ်ပေါင်ဆို တအားကြိုက်တာ။ အကြော်ပဲဖြစ်ဖြစ်၊ ဟင်းရည်သောက်ပဲဖြစ်ဖြစ်။ ဇွန် အင်္ဂလန်က ပြန်သွားတုန်းကလည်း စားချင်တာချက်ကြွေးမယ့် အမေ့ကို ချဉ်ပေါင်ကြော်ထားပေးပါလို့ ဖုန်းကြိုဆက်ထားခဲ့တာ။ စင်္ကာပူမှာတော့ ချဉ်ပေါင်က အလွယ်တကူ ၀ယ်လို့ရတယ်။ ကိုယ်တိုင်မချက်စားဖြစ်ရင်တောင် မြန်မာထမင်းဆိုင်တွေကနေ ၀ယ်စားလို့ရတော့ အဆင်ပြေတယ် အစ်မရှင်လေး။

Shinlay said...

ဇွန်... ကောင်းတယ်နော် စားချင်တာလွယ်လွယ်နဲ့ ဝယ်လို့ ရတာလည်း ကုသိုလ် တစ်မျိုးထူးတာပဲ။