Monday 8 June 2009

ဆွမ်းကျွေးအလှူ (၆.၆.၀၉)

မြန်မာပြည်ကို လွမ်းရတဲ့အထဲမှာ တစ်ခုကတော့ သံဃာ့ဒါန အလှူ ပြုခြင်းပါ။
ဒီမှာ ထေရ၀ါဒ သံဃာ က အလွန် တွေ့ ဖို့ ခက်ပါတယ်။ တွေ့ ပြန်တော့လည်း
ဆွမ်းကပ်ခွင့်ရဖို့ ၊ ဓမ္မတရားနာကြားခွင့်ရဖို့ က မလွယ်ပြန်ဘူး။
ဘာလင်မြို့ က သူငယ်ချင်း သိင်္ဂီ နဲ့ ပတ်သက်ပြီး ဦးဇင်း Ashin Ghosita
နဲ့ သိခွင့်ရခဲ့ပါတယ်။
ရန်ကုန်မှာဆိုရင် အိမ်မှာဆွမ်းကပ်ရတာ၊တရားနာရတာ ဟာမဆန်းပေမဲ့
ဒီမှာနေတဲ့(၁၀)နှစ်အတွင်း တခါမှ အခွင့်မသာခဲ့ဘူး။ အခုတော့ ဦဇင်း က
ကျမတို့ ဆီကိုကြွလာပေးလို့  ကျမတို့ အတွက် ထူးခြားလှတဲ့ အခွင့်ထူး၊
ကုသိုလ်ထူးကို ရရှိခဲ့ပါတယ်။
ကျမတို့ နေတဲ့ ဂျာမနီတောင်ပိုင်းမှာ မြန်မာကသိပ်မရှိဘူး။ သေချာတွက်ကြည့်မှ
(၅)ယောက်ပဲရှိတာ။ ဦးဇင်းကြွမယ်ဆိုတော့ အားလုံးက ၀မ်းသာကြတာပေါ့။
Thomas လည်းပါတာပေါ့၊ သူက ကျမတို့ ထက်ပိုတောင် ၀မ်းသာမလားပဲ။
ဦးဇင်းကဒီကိုကြွလာမယ်လည်းပြောရော ဦးဇင်း တရားပေးဖို့ ခုံကို ချက်ချင်းသွားမှာရတယ်။ဝိနည်းနဲ့ အညီ ဦးဇင်းကို ဧည့်ဝတ်ပြုနိုင်ဖို့  ဟိုလူ့ မေးရ၊ ဒီစာအုပ်ဖတ်ရနဲ့ ပေါ့။ ဒီအတွက်လည်းပီတိဖြစ်ရတာ။ ရက်နီးလာတော့ ဆွမ်းကပ်
ဖို့  ကောင်းနိုးရာရာ စဉ်းစားရင်း ပီတိဖြစ်ရပြန်ရော။
ဦးဇင်းရောက်တော့ ကျမတို့ အားလုံး ၀မ်းသာပီတိဖြစ်ရတာ။ အကောင်းဆုံး ကြိုးစားပြီးတော့ ဧည့်ဝတ်ပြုကြတယ်။ သံဃာနဲ့  ဝေးနေတဲ့ ကျမတို့  ဧည့်ဝတ်ပြု တဲ့အခါ အမှားပါရင်တော့ ဦးဇင်းကနားလည် ခွင့်လွှတ်မယ်ထင်ပါတယ်။
ကျမတို့ ကို သံဃာတော်ဖူးခွင့်၊ တရားနာခွင့်၊ ဆွမ်းကပ်ခွင့် စသည်ဖြင့်
ဒါန၊သီလ၊ဘာဝနာ ကုသိုလ်များရရှိစေတဲ့အတွက် ဦးဇင်းအား အထူး
ကျေးဇူးတင်ပါတယ်။

No comments: