Sunday 16 May 2010

ဂျာမနီမှ အာမခံများ

ဂျာမန်တွေက တော်တော် အာမခံထားကြတယ်လို့ ထင်ပါတယ်။
နေရာတိုင်း၊ ကိစ္စတိုင်းနီးနီးမှာ အာမခံတွေထားလေ့ရှိတာတွေ့ ရပါတယ်။
ကျမ ကတော့ အာမခံလုပ်ငန်းတွေနဲ့ ကြီးပြင်းလာတဲ့သူမဟုတ်တော့
အစပိုင်းက တော်တော်နားမလည်နိုင်ခဲ့ပါဘူး။
ဂျာမန်တွေဟာ သေချာတယ်၊ စေ့စပ်တယ်၊ စနစ်ကျတယ်လို့ ပြောကြလေ့
ရှိပါတယ်။ အဲ့ဒီစနစ်ကျ၊သေချာမှုတွေအတွက် လိုက်လုပ်ရင်းနဲ့ 
အစိုးရိမ်လွန်တာများ ဖြစ်လာမလားလို့ တောင်တွေးမိတယ်။

ဒီမှာ ဘာပဲလုပ်လုပ် အာမခံထားလေ့ရှိတယ်။ မရှိမဖြစ် ထားရမှာတွေ
ရှိသလို ၊ တခုခုများဖြစ်ခဲ့ရင် သေချာအောင်ဆိုတဲ့ စိုးရိမ်မှုနဲ့  ( für Sicherheit )
ထားကြတဲ့ အာမခံတွေလည်း အများကြီးတွေ့ ရတယ်။

တဖက်က ကြည်ပြန်ရင်လည်း ပြသနာ တခုခုဖြစ်ခဲ့ရင် ပေးရမဲ့
ကုန်ကျစားရိတ် ကလည်း ကြီးတာကို။

ဒီက အာမခံတွေကတော့ Personenversicherung ဆိုတဲ့
အသက်အာမခံ ( လူတိုင်းတော့မထားကြပါဘူး)
ပင်စင်အာမခံ ( လူတိုင်းထားကြပါတယ်)
ကျန်းမာရေးအာမခံ ( လူတိုင်းထားကြပါတယ်)
ကျန်းမာရေး အာမခံထားရင်တောင် တချို့ က တခုထက်မက အပို ထပ်ပြီး
အာမခံတွေရှိကြတယ်။ ဥပမာ။ ဆေးရုံတက်ရင် တစ်ယောက်ခန်းပေးဖို့ ၊
Chef Arzt Besuch (ဆရာဝန်ကြီးကိုယ်တိုင် ကြည့်ပေးဖို့ )၊ နိုင်ငံခြားမှာ
ရောက်နေစဉ် ဖျားနာခဲ့ရင် ကုသဖို့ ၊ သွားအတွက် အပို အာမခံများ စတာတွေ
ထားလေ့ရှိပါတယ်။

တခုခုပျက်ဆီးသွားရင် ဆိုပြီးထားလေ့ရှိတဲ့ Kompositversicherung
တွေမှာတော့ မီးဘေး၊လေဘေး၊ ရေကြီးလို့ ၊ငလျှင်လှုပ်လို့ ပျက်စီးမှုတွေ
စတဲ့ ရာသီဥတုဘေးတွေအတွက် အာမခံများ ( လူတိုင်းနီးပါးထားကြပါတယ်)။
မီးလောင်မှုဆိုတာတောင် သာမန်လောင်တာလား၊ ပေါက်ကွဲမှုကြောင့်
လား၊ မိုးကြိုးပစ်လို့ လား စသဖြင့်ထပ်ခွဲထားပါသေးတယ်။
ရေနဲ့ ပတ်သက်လို့ ၊လေနဲ့ ပတ်သက်လို့ ၊ ဖေါက်ထွင်းမှုနဲ့ ပတ်သက်လို့ 
စတာတွေမှာလည်း အသေးစိတ်ထပ်ခွဲပြီး အာမခံ တွေထားလေ့ရှိကြပါတယ်။

ကိုယ့်ကြောင့်တယောက်ယောက် ထိခိုက်မှုရှိခဲ့ရင် လျှော်ပေးဖို့ 
ထားကြတဲ့ အာမခံများ (Haftpflichtversicherung)၊
အဲ့ဒီမှာလည်း ကိုယ့်ကြောင့်၊ ကိုယ့်ကားကြောင့်၊ ကိုယ့် မွေးထားတဲ့
တိရိစ္ဆာန်ကြောင့်၊ ကိုယ့်ကြောင့် အလုပ်ထဲမှာ တခုခုဖြစ်ခဲ့ရင်၊
စတဲ့ အာမခံမျာ။ (လူတိုင်းထားကြပါတယ်။)

မတော်တဆဖြစ်မှုအတွက်အာမခံများ၊( လူတိုင်းထားကြပါတယ်)
အလုပ်မှာဆို အလုပ်ရှင်က (၁၀၀%) ထားပေးရပါတယ်။
မူကြို ကလေးတွေ၊ကျောင်းသားတွေလည်း ကျောင်းမှာထားရပါတယ်။
တနေရာရာမှာ ဘာပဲလုပ်လုပ် အဲ့ဒီအာမခံကိုထားကြပါတယ်။

ခရီးတခုထွက်မယ်ဆိုရင်လည်း ထားလိုက်ကြတဲ့အာမခံတွေ
မနဲပါဘူး။ လက်မှတ်ဝယ်ပြီးမှ မသွားဖြစ်ရင်၊ ခရီးသွားရင်း နေမကောင်း
ဖြစ်ခဲ့ရင်၊ ခရီးသွားရင်း မတော်တဆ ထိခိုက်မှုရှိခဲ့ရင်၊
ခရီးဆောင်အိတ်များပျောက်ခဲ့ရင်၊ ခရီးစဉ်မှာ ကိုယ့်ကြောင့် တယောက်ယောက်
ထိခိုက်ခဲ့ရင်...စသဖြင့် အာမခံအမျိုးမျိုးရှိပြန်တယ်။

အလုပ်လုပ်နေရာက အကြောင်းတခုကြောင့် မိမိ
အသက်မွေးမှုလုပ်ငန်းကို ဆက်မလုပ်နိုင်ရင်လည်း အာမခံထားကြပြန်တယ်။

အသက်ကြီးရင် ၊ ဒါမှမဟုတ် အကြောင်းတခုကြောင့် လိုအပ်ရင်
ပြုစုစောင့်ရှောက်ပေးဖို့ လည်း အာမခံထားကြပါတယ်။
(လူတိုင်းထားကြပါတယ်)

အလုပ်လက်မဲ့ အာမခံလည်း အလုပ်လုပ်တဲ့သူတိုင်းထားကြပါတယ်။

ဥပဒေနဲ့ ပတ်သက်လို့  မိမိ အခွင့်အရေးအတွက် အာမခံလည်းထားကြတယ်။
အဲ့ဒီမှာလည်း အမျိုးမျိုးခွဲထားပြန်တယ်။ အလုပ်ခွင်နဲ့ ပတ်သက်တဲ့
ကိစ္စတွေအတွက်၊ နေအိမ်ကိစ္စတွေအတွက်... စသဖြင့် အမျိုးပေါင်းများစွာ
ရှိပါတယ်။ သာမန် Rechtsschutzversicherung ကိုတော့ လူတော်တော်
များများထားလေ့ရှိပါတယ်။ ကိုယ့်ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေအတွက်
ရှေ့နေနဲ့ တိုင်ပင်လို့ ရတာပေါ့လေ။

ဒါတွေကတော့ ဒီမှာ ကျမသိသလောက် ဂျာမနီမှာရှိတဲ့
အာမခံတွေအကြောင်းရေးထားတာပါ။ လိုတာတွေလည်းရှိပါလိမ့်မယ်။
အာမခံမရှိရင် စိုးရိမ်မှုရှိတတ်ကြတယ် သူတို့ အကြောင်းလေးကို
သိသလောက်ပြောပြတာပါ။

4 comments:

ဇွန်မိုးစက် said...

ဂျာမနီက အာမခံလုပ်ငန်းတွေအကြောင်း သိခွင့်ရလို့ ကျေးဇူးပါအစ်မရေ။
စင်္ကာပူမှာတော့ တစ်ခြားအာမခံတွေထက် ဆေးရုံတက်ဖို့အတွက် အဓိကထားပြီး အာမခံကြတာ တွေ့ရပါတယ်။

Thet Oo said...

ကျနော်တို့ ဒိန်းမတ်မှာတော့ တော်တော်များများ အလုပ်ပြုတ် အာမခံ ထားကြတယ်။

မြစ်ချေသူ said...

အစ်မရေ အာမခံတွေအကြောင်းစုစည်းပေးထားတာ ကျေးဇူးတင်လိုက်တာ။ ထပ်လာဖတ်ပါ့အုံးမယ်။

အာမခံ ဆိုလို့ ညီမမှာတော့ ကုမ္မဏီကလုပ်ပေးထားတဲ့ ကျန်းမာရေး အာမခံ တစ်ခုပဲရှိတယ် ဒါတောင် မလုပ်မနေရလုပ်ရတာမလို့း)

လသာည said...

ဂျပန်မှာလည်း အာမခံလုပ်ငန်းတွေ တအားများတယ်။ လူကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ အလုပ်ပြုတ်အာမခံတွေအပြင် အိမ်အာမခံ မီးအာမခံ ငလျင်အာမခံ၊ ရေ အာမခံ၊ သူခိုးအာမခံ၊ စက်ဘီးအာမခံ ကားအာမခံ ၊ဖုန်းအာမခံ (လစဉ်ဆောင်ရတယ်၊ ပျက်ရင် ပြင်ပေးဖို့တဲ့။ တကယ်ပျက်တော့ ပြင်ခက ပေးရတာပါပဲ မမရာ။ ဒါနဲ့ ဖုန်းအာမခံကို ဖုန်းဆိုင်သွားပြီး ငြင်းခုံပြန်ဖြုတ်ရတယ်း) အိမ်မွေးတိရစ္တာန်အာမခံလည်း ရှိသေးတယ်။