Friday 9 March 2012

နှိုးစက်

Photo: http://www.predigt-online.de/prewo/bild_wecker.gif

မနက်အလုပ်သွားရမယ်ဆိုရင် ကျမ က နာရီကို နှိုးစက်ပေးပြီးအိပ်ပါတယ်။
ဒါပေမဲ့များသောအားဖြင့်ကတော့ နှိုးစက်က မနှိုးခင် ကျမအရင်နိုးတာပါပဲ။
နှိုးစက်ပေးအိပ်တဲ့အကျင့်က ဂျာမနီရောက်မှ ရလာတဲ့အကျင့်ပါ။ ညအိပ်ရာ
ဝင်ခါနီးဆို နှိုးစက် မပေးမိမှာစိုးလို့ ၂ခါလောက်ပြန်စစ်ကြည့်မိသေးတယ်။

သြော်... မြန်မာပြည်မှာတုန်းက ကျမမှာ နှိုးစက် ပေးအိပ်ရတယ်ဆိုတာ မရှိ
သလောက်ပါပဲ။ ကျမတို့ ငယ်ငယ်က အိမ်မှာ မကြာခဏ အာရုံဆွမ်းကပ်လေ့
ရှိပါတယ်။ အမေကိုယ်တိုင် မနက်အစောကြီးထပြီး မုန့် ဟင်းခါးဆွမ်းချက်၊
အာရုံဆွမ်းဟင်၊ဆွမ်းချက်... နှိုးစက်ပေးပြီးထရတယ်ဆိုတာ မရှိခဲ့ပါဘူး။
တစ်ခါပဲ အမေ ကဆွမ်းထချက်ပြီးပြန်လှဲလိုက်တာအိပ်ပျှော် သွားလို့ 
ဘုန်းကြီးကြွလာမှ အိမ်ကလူတွေလာနှိုးရတာကြုံဖူးပါတယ်။

ကျမငယ်ငယ်က မနက်စောစောစာထကျက်ရင် လည်းနှိုးစက်မလိုပဲနိုးတာပါ။
မနက်စောစော ခရီးသွားရမယ်ဆိုရင်လည်း အမေရေ မနက်ကျစောစော နှိုးနော်
လို့ မှာပြီး ကျမအိပ်ပေမဲ့ အမေ့မှာတော့ နှိုးစက်မပါပဲ မနက်စောစော ကျမနှိုးစေချင်
တဲအချိန် ကျမကိုလာနှိုးတာပဲ။
အဲ အမေ့မှာတော့ နှိုးစက်မရှိပေမဲ့ ကျမရဲ့ နှိုးစက်က တော့ အမေပဲ ဖြစ်ပါတယ်။
အမေက တခါပြောဖူးတယ်။ မနက် စောစောထချင်ရင် ညအိပ်ခါနီး လှဲနေတုန်း
မနက် ၅ နာရီ (ဥပမာ) နှိုးပါ၊ မနက် ၅နာရီ နှိုးပါလို့  မိမိရဲ့  ကိုယ်စောင့်နတ်ကို
ပြောရတယ်လို့ သင်ပေးဖူးပါတယ်။
အဖွားက ကျမတို့ ကို အိပ်ရာကစောစောထတတ်တဲ့ အကျင့်ကို ပေးခဲ့ပါတယ်။
မနက် အနောက်ကျဆုံး ၆နာရီအိပ်ရာက ထရပါတယ်။ နိုးတာနဲ့ မျက်နှာသစ်၊
သနပ်ခါးလိမ်းရပါတယ်။ အိပ်ရာထနောက်ကျပြီး သန့် သန့် ရှင်းရှင်းမရှိရင်
မိမိရဲ့ ကိုယ်စောင့်နတ် က နတ်သဘင် အစည်းအဝေးမှာ မျက်နှာငယ်ရမယ်တဲ့။
ဟုတ်တာမဟုတ်တာအသာထားလို့  စောစောထတဲ့အကျင့်ကတော့ ရလာပါတယ်။
ညဘယ်လောက်ပဲနောက်ကျပြီးအိပ်ရာဝင်ပါစေ၊ မနက်တော့ ၆နာရီဆို နိုးတာပဲ။

အိမ်ထောင်ကျတော့လည်း ကိုသောမတ်စ်က စောစောထတတ်တဲ့သူဆိုတော့
အဆင်ပြေပါတယ်။ တခါတလေ မိတ်ဆွေတွေအိမ်သွားလည်ရင် ကျမက
အစောကြီးနိုးနေတတ်လို့  ဘာလုပ်ရမှန်းမသိဖြစ်နေရော။

ဂျာမနီမှာအလုပ်သင် စလုပ်တော့ မနက်စောစောထရတယ်။ ကျောင်းတတ်ရတဲ့နေ့ 
ဆိုရင် မနက် ၄ နာရီထရတယ်။ ၆ နာရီဆို ဘတ်စကားကလာပြီလေ။
ဆောင်းတွင်းဆို အေးကလည်းအေး၊မှောင်ကလည်းမှောင်နဲ့  မနက်ဆိုမထချင်ဘူး။
အဲ့ဒီတော့ မနက် ၄နာရီထဖို့ နှိုးစက်ပေးရတော့တယ်။ အဲ့ဒီကစပြီးနှိုးစက်ပေးပြီး
အိပ်ဖြစ်တယ်။

ကျမရဲ့ အကျင့်တစ်ခုက မနက်စောစော အချိန်ယူလုပ်လေ့ရှိတာပါ။ တချို့ က အိပ်ရာ
နိုးတာနဲ့  နာရီဝက်အတွင်းအားလုံးပြီးအောင်လုပ်တတ်ပေမဲ့၊ ကျမကတော်တော်အချိန်
ယူပါတယ်။ မနက် ၈နာရီအိမ်ကထွက်ရမယ်ဆိုရင် ၅ နာရီခွဲ ထပါတယ်။ ဆွမ်းချက်၊
ဆွမ်းကပ်၊ ဘုရားရှိခိုး၊ တရားထိုင်၊ မနက်စာစား၊ ဟိုလုပ်ဒီလုပ်နဲ့  အချိန်တော်တော်
ယူရပါတယ်။

ကျမကအလုပ်သွားရတဲ့နေ့ တွေဆို နှိုးစက်ကို ၅ နာရီခွဲပေးထားပေမဲ့ နှိုးစက်က မနှိုးခင်
ကျမက အရင်နိုးနေလေ့ရှိပါတယ်။ နှိုးစက်အသံကြောင့်လန့် နိုးလာရတာကိုမကြိုက်ပါဘူး။
အဲ့ဒီတော့နှိုးစက်မပေးပဲအိပ်ပါလားဆိုတော့လည်း မနိုးခဲ့ရင်ဆိုပြီး စိုးရိမ်ပြန်ရော။
ကျမမှာ နှိုးစက်ပေးတဲ့အကျင့်ပါနေပြီထင်ပါတယ်။ တနေ့ ကတော့ ငါဘာဖြစ်လို့ နှိုးစက်
ပေးအိပ်နေတာလဲလို့ မေးခွန်းထုတ်ရင်း တွေးမိပါတယ်။
ဒီမှာကတော့ မနက်အလုပ်သွား၊ကျောင်းသွားကြတဲ့ လူတိုင်းနှိုးစက်ပေးအိပ်ကြတယ်။
ကျမအလုပ်ကသူငယ်ချင်းဆို နှိုးစက် ၃ လုံးထားအိပ်တယ်ဆိုပဲ။
ကျမက မြန်မာပြည်မှာတုန်းက ငါနှိုးစက်မသုံးဖူးဘူးဆိုတော့ တအံ့တအော်
ကြည့်ကြတယ်။
တကယ်တော့ နှိုးစက်ပေးအိပ်တယ်၊ နှိုးစက်မလိုပဲနိုးတယ်ဆိုတာလည်း အကျင့်တစ်ခုပဲ
ဖြစ်မှာပါ။

မနက်ဖြန်စနေနေ့ ဆိုတော့ ဒီည နှိုးစက်မပေးပဲ အိပ်တော့မယ်။ အလုပ်မသွားရလို့ 
မနက် ၁၀နာရီအထိအိပ်မယ် ဆိုပေမဲ့လည်း အကျင့်အတိုင်း အစောကြီးနိုးနေအုံးမှာပါ။

6 comments:

လပြည့်ရိပ် said...

နှိုးစက်ပေးပေမယ့်လည်း မနိုးမှာ စိတ်စောနေလို့ ၁ နာရီခြားတစ်ခါစီ နိုးနေတတ်တဲ့ ညတွေရှိတယ်။ တနင်္ဂနွေလိုညမျိုးမှာ ပိုဖြစ်တတ်တယ်။ သောကြာနေညနဲ့ စနေနေ့ညက အအိပ်များထားပြီး တနင်္ဂနွေညကျတော့ တနလာင်္နေ့စောစောထရမယ့် ဇောကပ်နေတော့ အိပ်မရတော့ဘူး ...

Evy said...

စောစောနိုးတဲ့ အကျင့်တူတယ်မရေ။ ဆက်အိပ်လို့ကို မရတော့တာ

စူးနွယ်လေး said...

ကျမတော့ အဖေစပေးထားတဲ့အကျင့် ငယ်ကတည်းက နှိုးစက်နဲ့ပေးပြီးထတာ အကျင့်ပါနေပြီ။ အခုလည်း နှိုးစက်ကို ၃ခါပေးပြီးမှထတယ်။ မနက်၆နာရီထချင်ရင် ၅နာရီခွဲကတည်းက ဆယ်မိနစ်စီခြားပေးပြီး ၃ခါမြည်မှထတယ်။ ဆောင်းတွင်းဆိုပိုဆိုး။ ကျမဘေးအိပ်တဲ့သူတော့ နားငြီးမှာ မလွယ်ဘူး။ အဆောင်သူဘဝ အခန်းဖော်၊ အခုကျတော့ ယောက်ျား :D

ချော(အစိမ်းရောင်လွင်ပြင်) said...

နိုးစက်မပါဘဲ ထတဲ့အကျင့်ရှိရင် သိပ်ကောင်းမှာ
ဒီမှာလည်း နိုးစက်ပေးပေးထားပြီး ပြန်နှပ်နေလို့ နောက်ကျတာ အခါခါရယ် ..
ဒါကြောင့် ပုံမှန်ထက် အစောကြီး နိုးစက်ကိုပေးထားရတယ်း))

Kyaw Hnin Se Lwin said...

ညီမကတော့ နှိုးစက်ပါမှနိုးတာ
အသံကို ငြိမ့်ညောင်းမှ
ဆူညံပြီးနိုးလာရင် စိတ်နောက်နေရောပဲ
:)))

Natthamee said...

နှိုးစက်သံကြားရင် ရင်တုံတယ်