Saturday 16 June 2012
မုန့် ဟင်းခါး
ကျမတို့ မြန်မာအစားအစာဖြစ်တဲ့မုန့် ဟင်းခါးကို ငယ်ငယ်ကတည်းက
ကြိုက်တာပါ။ အဖွားတို့ ရဲ့ ဖျာပုံ၊ကျိုက်လတ် ဘက်ကိုသွားလည်ရင်မုန့် ဟင်းခါး
ကောင်းကောင်းအမြဲစားရတယ်။ မုန့် ဟင်းခါးနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ
အများကြီးပါပဲ။ ကျမငယ်ငယ်က အိမ်မှာ မနက်စာစားလေ့ရှိတာက အိမ်နားက
ဒေါ်အေးရှင်ရဲ့ မုန့် ဟင်းခါး။ ဒါဟာကျမရဲ့ မုန့် ဟင်းခါးနဲ့ ပတ်သက်တဲ့ပထမဆုံး
 အမှတ်ရတာတစ်ခုပါ။ နောက်ပိုင်း ဒေါ်နွဲ့ မုန့် ဟင်းခါး၊ ဒေါ်ငွေကြိုင်မုန့် ဟင်းခါး
စသဖြင့်အိမ်နားက ဆိုင်တွေမှာစားလေ့ရှိပါတယ်။ ကျောင်းမသွားခင် မုန့် ဟင်းခါးစား၊
ကော်ဖီသောက်....(တခါတလေလည်း ကောက်ညှင်းပေါင်း၊ ခေါက်ဆွဲသုပ်စားလေ့ရှိပါတယ်။)
ကျမတို့ ခြံထဲမှာ မကြာခဏ ဘုန်းကြီးဆွမ်းကပ်လေ့ရှိပါတယ်။ အိမ်နီးနားချင်းတွေနဲ့ 
မုန့် ဟင်းခါးချက်လေ့ရှိပါတယ်။ အလှူအတွက်မုန့် ဟင်းခါးကိုတော့ ကျမအမေက
ပင်တိုင်ချက်ပါတယ်။ အမေ့ရဲ့ မုန့် ဟင်းခါးက အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကြားမှာ
နာမည်ရပါတယ်။
ပေးပါဆိုရင်လည်း အမေက သွားချက်ပေးလေ့ရှိတယ်။ 
အမေ့မှာ မုန့် ဟင်းခါးကောင်းကောင်းချက်တဲ့ နည်းရှိတယ်။ အဲ့ဒီအချိုးအစားအတိုင်း
အမေချက်လေ့ရှိပါတယ်။ အမေက သူမုန့် ဟင်းခါးချက်မယ်ဆိုရင် သူဝယ်နေကျ
ငန်ပြာရည်ဆိုင်က စပါယ်ရှယ်ငန်ပြာရည်ကိုသုံးလေ့ရှိပါတယ်။ အဲ့ဒီငန်ပြာရည်
မဟုတ်ရင်သူ့ ဟင်းကို စိတ်တိုင်းမကျပါဘူးလို့ အမြဲပြောလေ့ရှိပါတယ်။
အမေက မုန့် ဟင်းခါးမှာ ငန်ပြာရည်က အဓိကပဲတဲ့။ ငါးကို ငန်ပြာရည်၊ဆနွင်း၊ဂျင်း၊
စပါးလင်တို့ နဲ့ ပြုတ်တဲ့အခါ ဟင်းနံ့ ကောင်းကောင်းထွက်လာရင် မုန့် ဟင်းခါး
ဟင်းရည်ကောင်းပြီသာမှတ်လို့ ပြောလေ့ရှိပါတယ်။
ခြံထဲမှာက လူအားကတောင့်တော့ အလှူအတွက်ချက်ပြုတ်ကြရင် တစ်ယောက်၊
တစ်လက်နဲ့ ပျော်စရာကောင်းပါတယ်။ ကြက်သွန်နွှာတဲ့သူကနွှာ၊ ပဲရွေးတဲ့သူကရွေး၊
ငါးနွှင်တဲ့သူကနွှင်၊ပဲထောင်းတဲ့သူကထောင်းနဲ့ ပေါ့။
ငှက်ပျောအူကိုတော့ ခြံထဲမှာရှိတဲ့ ငှက်ပျောပင်တစ်ပင်ကိုလှဲပြီး နုနုလေးတွေကိုသုံးလေ့
ရှိတယ်။ ငှက်ပျောခေါင်းကိုတော့ ကျမအကြိုက်ဆုံးပါ။
အမေက မုန့် ဟင်းခါးစားရင် အရည်နဲနဲပဲထည့်စားလေ့ရှိပြီး၊ မန္တလေးပဲကြော်နဲ့ စားတတ်
ပါတယ်။ ကျမကတော့ အကြော်မထည့်ပဲ အလွတ်စားရတာပိုကြိုက်ပါတယ်။
လှည်းတန်းမှာဆိုနာမည်ကြီးတဲ့  မုန့် ဟင်းခါးဆိုင် တွေရှိပါတယ်။ ဆိုင်တွေကလည်း
သူ့ လက်ရာနဲ့ သူ အရာသာနဲနဲတော့ကွဲပါတယ်။ ကျမမှာတော့ သီးသန့် စားလေ့
ရှိတဲ့ဆိုင်ရယ်လို့ မရှိပဲ စားကောင်းမယ်ထင်ရင်ဝင်စားလေ့ရှိတာပါပဲ။
ရန်ကုန်ကို ပြန်ရောက်တဲ့ အခါ ပထမဆုံးမနက်စာက မုန့် ဟင်းခါးပါပဲ။ အနီးအနား
ကဆိုင်မှာပဲစားဖြစ်ပါတယ်။ အရသာကတော့ ထွေထွေထူးထူးမကောင်းလှပေမဲ့
ကျမစိတ်ထဲမှာ ငါမြန်မာပြည်ပြန်ရောက်ပြီဆိုတာ မုန့် ဟင်းခါးစားလိုက်မှပြည့်
စုံသွားသလိုပါပဲ။ နောက်နေ့ တွေ အချိန်ရမှ ကောင်းတဲ့ဆိုင်တွေမှာ ကြုံရင်ဝင်
စားဖြစ်ပါတယ်။
ဂျာမနီကိုရောက်တော့ မုန့် ဟင်းခါးကို အမေချက်တဲ့လက်ရာမမီပေမဲ့ 
ကိုယ်တိုင်ပဲချက်ဖြစ်ပါတယ်။ မုန့် ဟင်းခါးချက်တိုင်း ငယ်ငယ်က ခြံထဲမှာ
အမျိုးတွေနဲ့ ဝိုင်းဖွဲ့ ပြီး အလှူမုန့် ဟင်းခါးချက်တာကို အမြဲသတိရမိပါတယ်။
ဒီနေ့ ကျမ မုန့် ဟင်းခါးချက်စားဖြစ်ပါတယ်။ အမေနဲ့ ဖုန်းဆက်ပြီး မုန့် ဟင်းခါး
ချက်မယ်လို့ ပြောဖြစ်တယ်။ အမေနဲ့ ဖုန်းပြောပြီး တစ်ယောက်ထဲမုန့် ဟင်းခါးချက်၊
အမေမုန့် ဟင်းခါးနဲ့ တွဲစားလေ့ရှိတဲ့ မန္တလေးပဲကြော် ကြော်၊ ငှက်ပျောအူခြောက်
ကို ဒီတစ်ခါတော့ တစ်ညရေစိမ်ပြီး ပေါင်းအိုးနဲ့ ပေါင်းလိုက်တော့ တော်တော်လေး
အဆင်ပြေသွားပါတယ်။
ဟင်းချက်ပြီးတာနဲ့  မုန့် ဟင်းခါးတစ်ပွဲ၊ကော်ဖီတစ်ခွက်နဲ့  အရာသာရှိတဲ့မနက်စာ
ကိုစားရင်း အမေနဲ့ အတူ ခြံထဲကမောင်နှမတွေအားလုံးကို သတိရနေမိပါတယ်။
8 comments:
khin said...
မအိသူရဲ. မုန်.ဟင်းခါးကိုကြည်.ပြီး တွံတေးမြိုချနေ၇တယ်နော်။
Shinlay said...
ရှိသေးတယ်ဗျို့ ...
rose of sharon said...
ငှက်ပျောအူခြောက်ကိုတညရေစိမ်ပြီးပေါင်းလိုက်တာ စားကောင်းလားဟင်... အရင်က ငှက်ပျောအူခြောက်နဲ့ချက်ရင် ရေစိမ်ထားပြီးချက်တာ အရသာမကြိုက်ဘူး...ပေါင်းဘို့အိုင်ဒီယာမရခဲ့ဘူး...စမ်းကြည့်ဦးမယ်...
Shinlay said...
ပေါင်းလိုက်တော့ စားလို့ ရသွားတယ်။ အရသာကတော့
ငှက်ပျောအူ အစို ကိုတော့မမီဘူး သူငယ်ချင်း။
ဒါပေမဲ့ ရေစိမ်ချက်တာထက်တော့ ပိုအဆင်ပြေပါတယ်။
Anonymous said...
ဒါကြည့်ပြီးထကိုချက်စားဖြစ်သွားတော့တယ်ရှင်လေးရေ။
ချက်နည်းလေးပါအကျဉ်းလောက်ထဲ့ပေးရင်ဒီလိုမျိုးချက်အုန်းမှာ။း)
အိုင်အိုရာ
Fresh said...
စားချင်စရာလေးနော်............
Fresh said...
ထဲ့ပေးမယ်နော်.........တာ့တာ........
Kine said...
စားချင်လိုက်တာနော်.......