Thursday 13 September 2012

အိမ်အပြန်

ရှေ့လတုန်းက အမေ့ဆီပြန်ဖြစ်ပါတယ်။ နှစ်တိုင်းပြန်နေကြပေမဲ့ ဒီနှစ်ကတော့ ဘာတွေပြောင်းလဲ
နေမလဲဆိုပြီး သိချင်နေတာ။ ရန်ကုန်က အရင်နဲ့ နဲနဲပြောင်းလဲလာတယ်။ မီးတွေမှန်၊ကားအသစ်
တွေအများကြီး၊ ကားလမ်းတွေပိတ်တယ်။ တနေရာရောက်ဖို အချိန်အရင်ထက်ပိုယူရတယ်။
လူတိုင်းနီးပါးမှာ ဟန်းဖုန်းတွေနဲ့ ၊ လူငယ်တွေကတက်တက်ကြွကြွနဲ့ လှုပ်ရှားနေကြတယ်။
ဒီနှစ်ရန်ကုန်မှာနေရတာ ပျော်ပါတယ်။

အမေ... အရင်နှစ်ကလိုပဲ။ သိပ်များပိန်သွားမလားလို့ ထင်နေခဲ့ပေမဲ့ အမေက အရင်လိုပဲ။
မှတ်ဥာဏ်တွေ ပိုမေ့လာတယ်။ ကျမတို့ ရောက်တော့ အမေ သိပ်ပျော်နေတာ။ ကျမကို အမြဲတမ်း
သူ့ အနားမှာပဲရှိနေစေချင်တာ။ သူ့ ကို ထားခဲ့ပြီး အပြင်သွားရင် ကျမလည်းစိတ်မဖြောင့်ဘူး။
အမေမျှော်နေမှာပဲဆိုပြီး အိမ်ဘဲအမြန်ပြန်ဖြစ်တယ်။
အမေက သူ့ အသက်ကို တခါတလေမေ့နေတတ်တယ်။ ငါ့အသက် ၆၀ကျော် ရ၀လောက်တော့ရှိရော
ပေါ့လို့ ပြောပြီး သူ့ ရဲ့ မြန်မာမွေးနေ့ ကို ပြောပြီးတွက်ခိုင်းတတ်တယ်။  ကျမက ဘောပင်နဲ့ စာရွက်
ပေးပြီးတွက်ကြည့်ချုင်တော့ မှန်အောင်နှုတ်နိုင်တယ်။ အမေက သူ့ အသက် ၈၀ မှန်းသိတော့
အရမ်းပျော်သွားတယ်။ ငါအခုအသက်(၈၀)မှာ တယောက်ထဲ သွားနိုင်လာနိုင်၊ စားနိုင်သောက် နိုင်သေး တယ်တဲ့။  မသေခင် ဘုရားတရားအခုထက်ပိုလုပ်ရမယ်ဆိုတယ်။ အဲ့ဒီနေ့ က အမေ့မျက်နှာက
ပြုံးပြီးခြေလှမ်းတွေတောင်ပိုသွက်နေသလိုပဲ။

အမေစားချင်တာတွေချက်ကျွေးရင်း ဒီမှာမစားရတဲ့ ဟင်းတွေ စားဖြစ်တယ်။ ကျမချက်ကျွေးတဲ့ဟင်းတွေစားရင်း တခါတလေထမင်းစားမကောင်းရင် သမီးကို သတိရတယ်လို့  ပြောတော့ ကျမစိတ်မကောင်းဖြစ်ရတယ်။ အမေနဲ့ စကားတွေအများကြီးပြောဖြစ်တယ်။  ငယ်ငယ်ကအကြောင်းတွေ၊ ဆွေမျိုးတွေ အကြောင်းတွေ၊ ကျမသူငယ်ချင်းတွေ
အကြောင်းတွေ၊ ဂျာမနီက အကြောင်းတွေ......စုံလိုပဲ။

အမေနဲ့ အတူတူ ဟိုနားဒီနားသွားဖြစ်တယ်။ ရွှေတိဂုံဘုရား၊ တရားရိပ်သာ၊ဘုန်းကြီးကျောင်းတွေကအစ၊ အိမ်နားက ဈေးဆိုင်တွေ အထိပေါ့၊ ကိုသောမတ်စ်က နေသာတဲ့နေ့ လည်တွေမှာ အမေနဲ့  လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်။ အမေပျော်နေရှာတာ။
 အခုကျမတို့ ပြန်လာတော့ အမေလည်းလွမ်းကျန်နေရစ်တယ်။ နောက်တစ်ခေါက်မပြန်ခင်အထိ
တော့ ကျမလည်း အမေ့ကိုလွမ်းနေမှာပါ။

5 comments:

Anonymous said...

အိမ်ပြန်ချင်လာပြီ :D

စူးနွယ်လေး

ညီလင်းသစ် said...

ပြန်လာပြီလား မ,ရှင်လေး..၊ Welcome back ပါဗျာ..၊
ဝေးနေကြရတဲ့ မိသားစုတွေအဖို့တော့ တွေ့ရင် ပျော်ကြရ သလောက် ခွဲရပြန်တော့လည်း ဝမ်းနည်းရ ပြန်တယ်၊ အမေ့ကို အချိန်အပြည့်ပေးပြီး သူ့အနားမှာ နေပေးနိုင်ခဲ့တာ မ,ရှင်လေး ကံကောင်းပါတယ်၊ နောက်တစ်ခေါက် ဆုံတွေ့ချိန်အထိ အမေကျန်းမာပါစေ လို့လည်း ဆုတောင်းပေးပါတယ်..။

ကိုမျိုး (အညာမြေ) said...

shinlay ၏ မိခင် နှင့် အတူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။

ခင်မင်တဲ့
ကိုမျိုး (အညာမြေ)

:P said...

ဒီနှစ်လေယာဉ်လက်မှတ်ဝယ်ပြီးမှ ကိစ္စပေါ်လို့ အိမ်မပြန်ဖြစ်တော့ဘူး....။
ပြန်မယ်ပြောထားလို့ အဖေရော အမေရော .. မျှော်နေကြတာ ။
၂၀၁၃ နှစ်လယ် မတိုင်ခင်တော့ ပြန်ဖြစ်အောင် ပြန်မယ်..။

မီးမီးငယ် said...

ဒေါ်ကြီးရေ..
ကျမအမေနဲ့ အသက်အတူတူဘဲ..
၈ဝနှစ်..ပျော်စရာကြီး၊အကြာကြီးနေလို့ ရတယ်။
ကျမလည်း အောက်တိုဘာမှာ ပြန်အုံးမယ်..။