Wednesday 19 September 2012

ကျမ၊ရန်ကုန်၊၂၀၁၂

ကိုသောမတ်စ်က ရန်ကုန်ကို ကျမထက် ၂ရက်လောက်စောထွက်သွားတာကြောင့်
ဒီနှစ်ရန်ကုန်ပြန်တော့တစ်ယောက်ထဲပါ။ အဖေါ်ပါရင်ခရီးသွားရတာ စိတ်သက်သာ
ပေမဲ့ မဖြစ်တော့လည်းတစ်ယောက်ထည်းပဲပေါ့။ ဒီခရီးက နှစ်တိုင်းသွားနေကြဆိုတော့
မျက်စိမှိတ်တောင်သွားလို့ ရတယ်လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ခရီးစခဲ့ပါတယ်။

ဒီနှစ်ပြန်ခါနီးခါးတအားနာနေတာကြောင့်သယ်ရမဲ့အထုတ်ကို လျှော့။ မဖြစ်မနေသယ်ရမှာ
သာသယ်သွားတယ်ဆိုပေမဲ့ ၂၂ ကီလိုတော့ရှိသား။ လေယာဉ်က နေလည်၁၂ နာရီထွက်မှာ
ဆိုတော့ အိမ်ကနေ မနက် ၅နာရီ၂၀ ရထားနဲ့ စထွက်ခဲ့ရတယ်။ လမ်းမှာ ရထား ၂ခါပြောင်း
ရင်း အဆင်ပြေပြေနဲ့  Frankfurt လေဆိပ်ကိုရောက်သွားပါတယ်။

လေယာဉ်ပေါ်ရောက်တော့ ဘေးနားမှာ တရုတ်လူမျိုးလို့ ထင်ရတဲ့ အန်တီအရွယ် အမျိုးသမီး
တစ်ယောက်ထိုင်ပါတယ်။ ကျမလည်း မတောက်တခေါက်တရုတ်စကားနဲ့ လှမ်းနှုတ်ဆက်လိုက်
ပါတယ်။ ဒါနဲ့ ပဲ တရုတ်လို့ သိသလောက်မှတ်သလောက် ပြောပြီးမှ အန်တီက ကျမကို
တရုတ်မလို့ ထင်နေတာနဲ့  ကျမမြန်မာဖြစ်ကြောင်း၊ တရုတ်မဟုတ်ကြောင်းပြောတော့မှ
သူလည်းမြန်မာပဲဖြစ်ကြောင်း ပြောရင်း ကဲ ကျမတို့ မြန်မာလိုပဲပြောကြတာပေါ့ဆိုပြီး
တစ်လမ်းလုံး မြန်မာလိုပြောလာခဲ့တယ်။ လေယာဉ်က အမေရိကန်နိုင်ငံက လာပြီး
 Frankfurt မှာခဏနား၊ စင်္ကာပူကိုဆက်ပြန်တာကို။ အန်တီက နယူးဂျာစီ ကနေ လာ
ပြီးရန်ကုန်ပြန်မှာကို.... အော် တိုက်တိုက်ဆိုင်ဆိုင်.......

စင်္ကာပူရောက်တော့ အချိန်သိပ်မရှိတာနဲ့ ရန်ကုန်ပျံမဲ့လေယာဉ်ဆီ အမြန်ပြေးရသေးတယ်။
စင်္ကာပူ-ရန်ကုန်လေယာဉ်ပေါ်ရောက်တော့ ကျမ ၀မ်းပျက်ပါတော့တယ်။ အိမ်သာဆီ
အပြေးအလွှား၃ခါ ၄ခါလောက် ပြေးလိုက်ရတယ်။ ရန်ကုန်ပြန်ခါနီးတိုင်း ဗိုက်မကောင်း
တာကျမ အကျင့်ဖြစ်နေတယ်ထင်တာပဲ။ စိတ်လှုတ်ရှားလို့ နေမှာ။

လေဆိပ်ရောက်တော့ အစစ အဆင်ပြေပါတယ်။ လာကြိုမဲ့သူ မရှိတော့ တစ်ယောက်ထဲ
 မြေနီကုန်းအိမ်ကို ကားငှားသွားလိုက်တယ်။ အိမ်ရောက်တာနဲ့ အထုတ်ချပြီး အမေရှိတဲ့
လှည်းတန်းအိမ်ကိုပြေး၊ အမေ့ကို မြေနီကုန်းအိမ်ပြန်ခေါ်လာခဲ့တယ်။
အမေ့ကိုတွေ့ တော့ ကျမအရမ်းပျော်ပါတယ်။ အမေက အရင်နှစ်ကနဲ့ သိပ်မပြောင်းလဲ
သွားဘူး။ သူခမျာကျမပြန်လာလို့ ပျော်နေရော။

မြေနီကုန်းအိမ်ရောက်တာနဲ့ အမေ့အတွက် ထိုင်စရာနေရာ အရင်ဖုန်သုပ်ပေးပြီး
တစ်နှစ်လုံးပိတ်ထားခဲ့တဲ့ တိုက်ခန်းကို ကျမတယောက်ထဲ သန့် ရှင်းရေးလုပ်ရပါတော့တယ်။
နေ့ လည် ၂နာရီကျော်လောက်ကျတော့မှ အားလုံးပြီး၊ ရေမိုးချိုးပြီးတော့
ကိုသောမတ်စ် က သူတည်းနေတဲ့ ဟိုတယ်က ရောက်လာပါတယ်။
အဲ့ဒီညကတော့ ကျမရယ်အမေရယ် နှစ်ယောက်ထဲပဲ အိမ်မှာအိပ်ကြတယ်။
နောက်နေ့  ကျမ ကိုသောမတ်စ်က ကျမတို့ ဆီပြောင်းလာတယ်။

ရန်ကုန်ရောက်တာနဲ့ ပထမဆုံးမနက် မှာလုပ်နေကျ အတိုင်း မြေနီကုန်းဈေးကိုသွား၊
မီးဖိုချောင်အတွက်လိုတာတွေဝယ်။ အပြန်တော့ စာချင်လှတဲ့မုန့် ဟင်းခါးပါဝယ်ခဲ့တယ်။
မနက်ပိုင်း ဈေးဝယ်သွားရတာကျမသိပ်ကြိုက်ပါတယ်။ ဂျာမနီမှာ မတွေ့ ရတဲ့ အသီး
အရွက်တွေ၊ ငါး၊ပုဇွန်တွေ၊ ပန်းတွေ၊ သနပ်ခါးတွေနဲ့ မျက်နှာတွေ၊ ဆိုက်ကား၊လူ၊ဈေးသယ်၊
ဈေးဝယ်။ ..........စုံနေရော။ ကျမ မနက်တိုင်းဈေးသွားဖြစ်ပါတယ်။
မနက်စာ ဆိုရင် စာချင်နေတဲ့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ပဲပြုပ်၊ ပဲပြုတ်ထမင်း၊ မုန့် ဟင်းခါး၊
ခေါက်ဆွဲသုပ်၊ အီကြာကွေ့ .....ဈေးထဲမှာ တနေ့ တမျိုးမရိုးအောင်ဝယ်စားဖြစ်ခဲ့ပါတယ်။

နေ့ လည်စာကတော့ အမေအကြိုက်၊ကျမအကြိုက်မျှချက်ရတာပေါ့၊ ငါးကိုတော့တော်တော်
စားဖြစ်ပါတယ်။ ပဲပြား၊ ကန်စွန်းရွက်၊ချဉ်ပေါင်၊ ပိန်းဥ၊ ၀ဥ၊ မယ်ဇလီဖူး၊ ငပိရည်၊ငပိထောင်း၊
ဆန်ပြုပ်၊ ခေါက်ဆွဲကြော် ၊ ပုဇွန်ထုပ် ( ငယ်ငယ်က ကျမကိုပုဇွန်ထုတ်ဝယ်ကျွေးဖူးတဲ့
သူတွေကိုလည်း အမှတ်ရမိသေးတယ်။) ....................... စာရင်းထဲမှာရေးထားတဲ့စားချင်တာတွေ
အကုန်စားဖြစ်ခဲ့ပါတယ်။

ဒီနှစ်တော့ ကျမကို လာကူညီပေးတဲ့ သမီးလေးတစ်ယောက်ရပါတယ်။ သူ့ ကြောင့်
ကျမလည်း အမေ့ကို အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်ပြီး ဟိုနား၊ဒီနား သွားဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မှာ ဓမ္မစာပေသင်ယူနေတဲ့ ဂျာမန်ဥုးဇင်း တစ်ပါးကိုလည်း ဆွမ်း ၂ကြိမ်ကပ်
ဖြစ်ပါသေးတယ်။ ဂျာမနီက အစ်မတယောက်အတွက်လည်း အလှူတွေလုပ်ပေးဖြစ်တယ်။

အပြန်အတွက်တော့ ထွေထွေထူးထူး ဘာမှ မ၀ယ်လာခဲ့ပါဘူး၊ ပုဇွန်ခြောက်၊ ပဲမှုန့် အကျက်၊
ငရုပ်သီးအလှော်မှုန့် ၊ကုလားလေးမဆလာ... စတဲ့ အသေးအမွှားလေးတွေပဲပါတယ်။

ဒါတောင်စင်္ကာပူက အဒေါ်အတွက် ရှမ်းချဉ်ယူလာပေးတာ အရည်တွေထွက်ကုန်လို့ 
စင်္ကာပူရောက်တော့ အင်္ကျီတွေပြန်လျှော်လိုက်ရသေးတယ်။

ဒီတခေါက်ရန်ကုန်မှာ တော်တော်ပျော်ပါတယ်။ တစ်လဆိုတဲ့အချိန်က ခဏလေးကုန်
သွားသလိုပဲ၊ စိတ်ထဲမှာ မကြာခင် ပြန်သွားရမယ်လို့ ထင်နေတယ်။
အခြေအနေတွေပေးလို့ ပြန်ဖြစ်မယ်ဆိုရင်တော့.... ကျမ၀မ်းသာတာထက်၊အမေကပိုဝမ်းသာ
နေမှာပါ။

ကျမရန်ကုန်နဲ့ စင်္ကပူမှာရှိနေစဉ် အဖက်ဖက်က ကူညီဆောင်ရွက်ပေးကြသူအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။

6 comments:

ညီလင်းသစ် said...

မ,ရှင်လေးက အိမ်ရောက်ရောက်ချင်း မနားရသေးဘဲ သန့်ရှင်းရေး တန်းလုပ်ရသေးတာကိုး...၊ မြေနီကုန်းက တကယ်ပဲ အချက်အချာ ကျတဲ့နေရာပါ၊ ခေါင်းရွက် ဗျပ်ထိုး ဈေးလေးတွေကအစ စူပါမားကက်၊ ဒန်ပေါက် အားလုံးရတယ်နော်..၊ ခရီးစဉ်အကြောင်း ဆက်ရေးပါဦး..။

Anonymous said...

မရှင်လေးဆီလဲ ကျနော်မရောက်တာ အတော်ကြာပြီ..။
အိမ်ပြန်ရတာ ပျော်စရာ..။
မနက်ခင်းဈေးသွားရတာလည်း ပျော်တယ်.။
ကျနော်တော့ မေမြို့ရောက်ရင် ဈေးဝယ်မဟုတ်ပဲ
သက်သက်ကို နေ့တိုင်းလိုလို ဈေးထဲလည်တဲ့
အကျင့်ရှိတယ်..။
ကိုညီလင်းသစ်ပြောသလို..ခရီးစဉ်အကြောင်း
ဆက်ရေးပါဦး။



ပေါက်

Anonymous said...

ဆက်ရေးပါဦး

Anonymous said...

မြေနီကုန်းမှာ နေဖူးတယ်... အားလုံးလိုချင်တာ (စားစရာ အိမ်းသုံးပစ္စည်း) နီးနီးနားနားရလို့ ပျော်တယ်..

စင်စင်

Shinlay said...

ကိုညီ၊ပေါက်၊စင်စင်... လာလည်တာကျေးဇူးတင်ပါတယ်။
အခုတော့ မနက်ဈေးသွားချိန်တွေကိုလွမ်းနေပါတယ်။

စူးနွယ်လေး said...

ဈေးနီးနီးနားနား နေရတာ သဘောကျတယ်.. မနက်စာဆို တရက်တမျိုး ကြိုက်တာစားရုံပဲနော်...