Sunday 28 June 2009

ကျမ နဲ့ ပရုပ်လုံး အကြောင်း

မနေ့ ကဘီဒိုရှင်းရင်း အတွေးတစ်ခုဝင်လာတာနဲ့ ရေးလိုက်တာ။
အမေ့အိမ်မှာတုန်းကဆို ဘီဒိုတွေထဲမှာ အမေက ပရုပ်လုံးတွေ ထည့်လေ့ရှိတယ်။
ဘီဒိုတွေ၊သေတ္တာတွေဖွင့်လိုက်ရင် ပရုပ်လုံးနံ့ လေးကိုသင်းနေတာပဲ။
ကျမဒီကိုရောက်တော့ ဘီဒိုထဲထည်ဖို့ ပရုပ်လုံးရှာမတွေ့ ဘူး။ ဒါနဲ့ အမှတ်တမဲ့
ပဲထားလိုက်တယ်။ ရန်ကုန်ပြန်တော့ လှည်းတန်းဈေးမှာ ဂျာမနီပရုပ်လုံးဆိုပြီး
အော်ရောင်းနေတာတွေတော့သတိရပြီး အပြန်အတွက် တစ်ထုပ်ဝယ်လာခဲ့တယ်။
ဒီပြန်ရောက်တော့လည်း မေ့မေ့ပျောက်ပျောက်နဲ့  မသုံးဖြစ်ပြန်ဘူး။

တနှစ်တော့ မြန်မာပြည်မှာ (၆)လသွားနေကြဖို့  အကြောင်းဆုံလာတာနဲ့  စောင်တွေ၊
အနွေးထည်တွေ သေသေချာချာ လျှော်ဖွတ်ပြီး Keller /basement ထဲမှာ သိမ်းမယ်ပေါ့။
အဲ့ဒီအချိန်က အခုနေတဲ့အိမ်ခန်းကိုပြောင်းလာခါစ၊ အိမ်ကလည်း အသစ်ဆိုတော့
basement ထဲမှာအစိုပြန်မလားဆိုတဲ့အတွေးကရောက်လာတယ်။
ဒါနဲ့ မြန်မာပြည်က၀ယ်လာတဲ့ ပရုပ်လုံးတော့ အသုံးတဲ့ပြီ ဆိုပြီး ပရုပ်လုံးတွေ ကို
အ၀တ်တွေထဲထည့်ခဲ့လိုက်တယ်။ (အိမ်ရှင်မ ပီသတာလေ။)

ဒီလိုနဲ့ ကျမတို့ လည်း မြန်မာပြည်မှာ (၆)လလောက်ကြာသွားတယ်။ အပြန်ကြတော့
Thomas က (၁)လလောက်စောပြီး ပြန်လာတယ်။ သူပြန်ရောက်ပြီးနောက်တနေ့ ကြ
တော့ ကျမဆီကို Thomas ပို့ လိုက်တဲ့ Email တစ်စောင် ၀င်လာတယ်။ သူ့ Email
ဖတ်ပြီး ကျမ ငိုရမလား၊ ရီရမလား၊ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။

သူရေးလိုက်တာက... သူအိမ်ပြန်ရောက်တော့ အိမ်ခန်းဝမှာ စာတစ်စောင် ရောက်နေ
တယ်တဲ့။ စာထဲပါတာက... ကျမတို့  Basement ထဲက ထူးဆန်းတဲ့အနံ့ တွေထွက်နေတယ်။
အနံ့ က ပိုးသတ်ဆေးလို ဓါတုပစ္စည်း အနံ့ ရတယ်။ ဒီတော့ Basement အခန်းထဲမှာ
တခုခုဖြစ်နေပြီဆိုပြီး ကျန်းမာရေးရုံးကို အကြောင်းကြားထားကြောင်း။ အဲ့ဒီအခန်း
နားကိုလည်း မသွားရန် သတ်မှတ်ထားကြောင်း နဲ့  ကျမတို့ ရောက်ရောက်ချင်း
စစ်ဆေး ပေးဖို့  ရေးထားတာ။

Thomas ခမျာ ခရီးရောက်မဆိုက် Basement ထဲသွားပြီး ဘာများလည်းလို့ ရှာရတော့
တာပေါ့။ ဒီတော့မှ အဲ့ဒီအနံ့ က ကျမထည့်သွားတဲ့ ပရုပ်လုံးတွေဆီကဖြစ်နေတာ။
သူ့ ခမျာပရုပ်လုံးတွေဖယ်၊ အ၀တ်တွေကိုလေလုံအောင် ပလတ်စတစ်အိပ်တွေနဲ့ 
ပိတ် ၊ လူတွေကိုတောင်းပန် နဲ့  အလုပ်များသွားရှာတယ်။

ကျမပြန်ရောက်တော့ မျက်နှာပူပူနဲ့ ပဲ ဆက်နေလိုက်တယ်။ အိမ်ကလူတွေကတော့
ကျမကိုကွယ်ရာမှာ ပရုပ်လုံး လို့ များခေါ်နေမလားပဲ။ မတတ်နိုင်ဘူး။

ဒီမှာ ပရုပ်လုံးနံ့ ကို မကြိုက်ကြဘူး။ တယောက်ယောက်ဆီက အဲ့ဒီအနံ့ ရရင်
အထင်သေးစွာ ကြည့်တတ်ကြတယ်ဆိုပဲ။

တခါကလည်း သူငယ်ချင်းတယောက် ဒီကိုလာလည်တာ အင်္ကျီတွေမှာ
ပရုပ်လုံးနံ့ တွေစွဲလာလို့ အိမ်ရှင်က အ၀တ်အားလုံးပြန်လျှော်ဖို့ ပြောတယ်တဲ့။

ဒီမှာဘီဒိုထဲထည့်ဖို့  Deo အထုပ်လေးတွေဝယ်လို့ ရတယ်။ ပိုးကောင်မကိုက်
အောင်အတွက် သုံးတဲ့ အထုပ်လေးတွေလည်း ရှိတယ်။
အခုတော့ကျမဒါတွေကိုပဲ သုံးဖြစ်တော့တယ်။

ရန်ကုန်အိမ်မှာတော့ အမေ့စိတ်ကြိုက် (ကျမတို့ ဓလေ့အတိုင်း) ပရုပ်လုံးနံ့ တွေ
သင်းနေတုန်းပါပဲ။



9 comments:

Yu Ya said...

၁ ယူလိုက်ဦးမယ်.. :D

PAUK said...

မရှင်လေး..
ဒီမှာလဲ ပရုပ်လုံး(သိပ်)မသုံးကြဘူး..
အခုထွက်တဲ့ပစ္စည်းလေးတွေက သင်းသင်းလေးတွေ
မရှင်လေးပြောသလို အထုပ်လေးတွေ ဘီဒိုမှာ ချိတ်ထားရတာ...

rose of sharon said...

အင်း...မှတ်ထားမယ်...ဂျာမနီသွားလည်ဖြစ်ရင်ပရုတ်လုံး
မယူသွားဘူး...

လုလု said...

မမရှင်လေးရေ
လုလုလည်း ပရုပ်လုံးနံ့ သိပ်ကြိုက်တာ။ ဗီရိုဖွင့်လိုက်လို့ ပရုပ်လုံးနံ့လေး သင်းနေရင်၊ အ၀တ်အထည်လေးတွေ ၀တ်ဖို့ ဖြန့်လိုက်လို့ ပရုပ်လုံးနံ့လေး သင်းနေရင် အရမ်းကို ကြိုက်တာ။
အနံ့သင်းတဲ့အထုပ်လေးတွေတော့ ဒီမှာ မတွေ့ဖူးသေးဘူး။ (ကိုယ်က တောကျလို့ မတွေ့ဖူးသေးတာ နေမှာ) နောက်ကျရင် ဓာတ်ပုံရိုက်ပြီး နမူနာပြဦးနော်။

မိုးကောင်းသူ said...

ကျွန်မကတော့ ဘီရိုထဲ ပရုပ်လုံးတထုပ်လောက် ဖောက်ပြီး ပစ်ထည့်ထားတယ်။ ပရုပ်လုံးအနံကြိုက်လို့။

Shinlay said...

ယုယ ရေ အရင်ဆုံးလာလည်တာကျေးဇူးပါပဲ။
ပေါက်ရေ သတင်းစကားအတွက် ကျေးဇူးပါပဲ။
ဟုတ်တယ် Rose ..ဒီလာရင် ပရုပ်လုံးထည့်မလာနဲ့ 
တော်ကြာအ၀တ်တွေပြန်လျှော်နေရအုံးမယ်။

မလုနဲ့ မိုးကောင်းကညီမရေ...ကျမလည်းဒီမှာ
ပရုပ်နံ့ လေးတွေ သင်းနေတဲ့ ဘီဒိုလေးကို လွမ်းနေရတာ။

Shinlay said...

မလုရေ နောက်တော့ ဓါတ်ပုံရိုက် ပေးမယ်နော်

Shinlay said...

အားလုံးကိုကျေဇူးတင်လျှက်...

tsu said...

mhat thar sa yar par ama.. thank u..