ကျမငယ်ငယ်တုန်းက လူကြီးတွေကိုပြန်မပြောရဘူး၊ လူကြီးတွေခိုင်းရင်
လုပ်ပေးရမယ်လို့ ပဲသိခဲ့တာ။ ခိုင်းတာကိုမလုပ်ဘူးလို့ ငြင်းရင်ပဲ ကိုယ့် ကို
ကိုယ် အပျင်းတယောက်လို၊ အချောင်ခိုတဲ့ လူတယောက်လို ထင်ခဲ့မိတာလေ။
သူငယ်ချင်းတွေကြားရောဒီလိုပါပဲ။ တယောက်ယောက်က အကူအညီတောင်း
ရင် လုပ်ပေးရမယ်ဆိုတာပဲခေါင်းထဲရောက်လာတာ။ အကူအညီတောင်းလို့ 
ကိုယ်ကမပေးနိုင်ဘူးလို့ ငြင်းလိုက်ရင်ပဲ အားနာစရာကြီး၊ ငါ့ကို တမျိုးများ
ထင်မလား စသည်ဖြင့် အတွေးတွေ ၀င်လာပြီး လုပ်ချင်တာမလုပ်ချင်တာ
အသာထားပြီး အတတ်နိုင်ဆုံး လုပ်ပေးလိုက်ခဲ့တာပါပဲ။
ဒီလို အတွေ့ အကြုံတွေနဲ့ ကြီးပြင်းလာတဲ့ ကျမ တယောက်ယောက်က
ခိုင်းရင်၊ အကူအညီတောင်းရင် ငြင်းရမှာ ၀န်လေးပြီး အမြဲတမ်း အကောင်း
ဆုံး လုပ်ပေးချင်နေတဲ့ ကျမ ဒီရောက်တော့ဒါတွေဟာ ဒုက္ခဖြစ်စေတယ်ဆိုတာ
တဖြေးဖြေးသိလာရတယ်။
အလုပ်မှာဆို ပေးသမျှ အလုပ်ကိုမငြင်းပဲလုပ်။ ဒီလိုနဲ့ တဖြေးဖြေးတာဝန်တွေ
များလာ။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်။
ဒီတော့ တဖြေးဖြေးနဲ့ ဝန်တွေပိလာတယ်။ တခါတလေ အမှားတွေဖြစ်လာရော။
ဒီတော့မမှားရအောင်ပိုကြိုးစားတော့ ပိုပြီးဝန်ပိပြန်ရော။ ဒီလိုနဲ့ ကြာလာတော့
စိတ်ရောလူပါ ပင်ပန်းပြီး မခံနိုင်တော့ဘူး။
သူငယ်ချင်းတွေကြားမှာရော...ဒီလိုပါပဲ။ တယောက်ယောက်ကတောင်းတဲ့
အကူအညီကို တကယ်တော့ကိုယ်က အကြောင်းကြောင်းကြောင့် မပေး
ချင်ဘူး။ ဒါပေမဲ့ ငြင်းရမှာအားနာတယ်။ ရပါတယ်လေဆိုပြီး လုပ်ပေးမိတယ်။
တဖက်ကိုငြင်းရမှာအားနာတော့ ကိုယ့်မှာပဲဝန်ပိ ပြန်ရော။ မလုပ်ချင်တာလုပ်ရ
လို့ မပျှော်ဘူး။ လုပ်ပေးပြီးမှ ပြစ်တောက်ပြစ်တောက် ပြောနေပြန်ရော။
ဖြစ်တတ်တာတွေပါ။
ကျမဒီကိုရောက်စကတော့ No ဆိုပြီးမငြင်းတတ်ဘူး။ အဖြေးဖြေးနဲ့ No ပြော
တတ်အောင်သင်ခဲ့ရတယ်။ အစကတော့အတော်ခက်တယ်။ ဒီမှာက ကိုယ်က
အကျိုးအကြောင်းပြလို့ ငြင်းရင် တဘက်သူက လက္ခံတယ်။ သူမလုပ်နိုင်လို့ 
ငြင်းတာပဲဆိုပြီး ဘာမှစောဒကမတက်ဘူး။ တခါက အလုပ် Interview တခုမှာ
ဆရာဝန်နဲ့ ပြောကြရင်း Culture မတူတာကိုပြောမိတယ်။ သူကဥပမာပြောခိုင်း
တော့ ကျမ No လို့ ပြောတတ်အောင်သင်နေရတယ်။ အခုတော့နဲနဲပြောလာပြီ
လို့ ပြောတော့ သူနဲ့ အလုပ်လုပ်ရင်လည်း No လို့ ပြောသာပြောပါတဲ့။
အလုပ်လုပ်ကြတော့ တခါတလေ သူက ကျမ No ပြောတာကြားချင်နေတာဆိုပြီး
ကျမ အကျိုးအကြောင်းပြပြီးငြင်းရင် လက္ခံတတ်တယ်။ ကိုယ်လုပ်နိုင်တဲ့ဘောင်
အတွင်းမှာတော့ ကျမ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်။ အဲ...ဘောင်ကျာ်သွား
ရင်တော့ ငြင်းရတော့တာပဲ။
သူငယ်ချင်းတွေကြားမှာလည်းဒီလိုပဲ အစကမငြင်းတတ်ဘူး။ အားနာတယ်။
တဘက်လူစိတ်ဆိုးသွားမလားပေါ့။ ငါ့ကိုတမျိုးထင်မလား စသည်ဖြင့်ပေါ့လေ။
ဒီကလူတွေကတော့ကျမငြင်းတာကို လက္ခံ သလို သူတို့ ငြင်းပယ်တာလည်း
ကျမလက္ခံ ခဲ့ရတာပါပဲ။ အစကတော့ ကိုယ်တောင်းတဲ့အကူအညီကို Sorry
ငါမလုပ်ပေးနိုင်ဘူးလို့  ပြောတာခံရတော့ အောင့်သီးအောင့်သက်ဖြစ်ခဲ့ရတယ်။
သေချာပြန်တွေးကြည့်တော့လည်းမှန်တာပဲ။ လူတိုင်းမှာ ကိုယ်မလုပ်နိုင်တဲ့အရာ၊
ကိုယ်မလုပ်နိုင်တဲ့ အချိန်၊ ကိုယ်မလုပ်ချင်တဲ့ အရာတွေဆိုတာရှိကြတာပဲ။
ဒါကိုကျမတို့ လေးစားရမှာပါ။ သူငြင်းတာကို အပြစ်မတင်သင့်ဘူး။
အခုတော့ ကျမလည်း မိတ်ဆွေ သူငယ်ချင်းတွေကြားမှာတဖြေးဖြေးနဲ့ 
No ပြောတတ်လာပြီ။ မြန်မာအချင်းချင်းကြားမှာတော့ တခါတလေ ကျမရဲ့  ငြင်း
ပယ်မှုဟာ နားဝင်ချိုမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ပြီးမှ ကွယ်ရာမှာ
အပြစ်တင်၊ အတင်းပြောနေမဲ့အစား၊ အစကတည်းက မလုပ်နိုင်တဲ့အရာ၊
မလုပ်ချင်တဲ့အရာကို No လို့ ငြင်းလိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်။
ကျမကတော့ ကျမစိတ်ရောကိုယ်ပါလုပ်ပေးနိုင်တဲ့ ဘောင်တစ်ခုအတွင်းမှာ
တော့အားလုံးအတွက်အဆင်ပြေအောင်လုပ်ပေးပါတယ်။ ဘောင်ကျော်လာပြီး
ကျမကို စိတ်ရောကိုယ်ပါဝန်ပိစေတဲ့ အရာတွေကိုတော့ ကျမ No လို့ ပြောပြီး
ငြင်းမှာပါ။ တဘက်လူက No လို့ ပြောပြီးငြင်းပယ်မှုကိုလည်း နားလည်စွာ
လက္ခံမှာပါ။
ဒါလေးကတော့ကျမရဲ့ ငြင်းပယ်မှု Theory လေးပါ။
Saturday, 17 October 2009
Subscribe to:
Post Comments (Atom)
12 comments:
မှန်တယ်အမ..
မလုပ်နိုင်ရင်မလုပ်နိုင်ဘူးလို့ တခါတည်းပြောလိုက်တာ ကောင်းတယ်.
ကျနော်လဲ အဲလိုပဲ ..ဗြောင်ပဲ မကျေနပ်လဲ..မတတ်နိုင်။။
ရှင်လေးမှန်ပါတယ်... လိုအပ်ရင်ငြင်းရမှာဘဲ... သူများကငြင်းရင်လဲနားလည်ပေးရမှာပေါ့... Good Theory
မိုမိဂျိ နဲ့  Rose ရေ အားရှိသွားပြီ။ ကျေးဇူးပါပဲ။
တတ်ခဲလေး
အားးးးရှိဖူးဟုတ်
ထပ်ပြီး ငြင်းသာငြင်း
အားနာနဲ့သိလား
အားတွေတပုံကြိးပေးသွားတယ်နော်
တို့လည်း အရင်ကဆို သိပ်အားနာတတ်တာ
နောက်တော့ သူတို့လိုပဲဖြစ်လာတယ်
ုငြင်းစရာရှိရင် အားမနာတတ်တော့ဘူး
ဟုတ်တယ် အစ်မရေ... ထောက်ခံပါတယ်။ အားနာလို့ အကူအညီပေးမိတာ လူလည်း ဖတ်ဖတ်ကိုမောကော ဆိုတာလို ဖြစ်သွားတတ်တယ်ဗျ။
yu ya
Sorry .. လေးခံပြီးပြောတယ် ဟိ
ဟုတ်တယ်ရှင်လေးရေ...
အခုအချိန်မှာတော့ မရှိမဖြစ် no လို့ ပြောရမယ်။ အားနာပါးနာနဲ့ မနိုင်ဝန်တွေထမ်းပြီး ပင်ပန်းခဲ့တာကြာပြီ။
အသက်လဲ ၄၀ ကျော်ခဲ့ပြီ ဆိုတော့ အတွေ့အကြုံအရ အကန့်အသတ်လေးတွေ ထားတတ်လာပြီ။
ကိုယ်မနိုင်တဲ့ ၀န်ဆိုရင် ယဉ်ကျေးစွာ ငြင်းပယ်လိုက်ဖို့ အစဉ်သင့်ဖြစ်နေပြီ။ အဲ့ဒါက ရေရှည်မှာပိုကောင်းစေတယ်။
အစ်မရေ ကျနော်လည်း ကိုယ်လုပ်နိုင်တဲ့ ဘောင်တစ်ခုကို အားနာစိတ်နဲ့ မရိုက်ချိုးနိုင်အောင် ကြိုးစားနေတုန်းပဲ
အစ်မရေ
ညီမတော့ no ပြောတတ်အောင် ကြိုးစားနေရတုန်းပဲ
ဒီပို့စ်လေး သိပ်ကြိုက်တယ်။
အမှန်ပဲ။ အရင်က No ပြောဖို့ အားနာတော့ကာ ကိုယ့်မှာ မနိုင်ဝန် ပိနေတော့တာ။ မနိုင်ဝန်ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းဘူး။ သူများကိုလဲ မပိစေလိုဘူး၊ ကိုယ်လဲ အပိ မခံနိုင်ဘူး အဲဒီလို balance လုပ်နိုင်မှ ပျော်စရာ ကောင်းတယ်။
Great post..!!
I totally agree it.
We must learn how to say NO...
And also we should try to accept NO from other ppl...
Thank for your post..!!
Post a Comment