Thursday, 3 December 2009

နိုင်ငံတကာဆက်ဆံရေးပညာ ဌာန (၂၅)နှစ်မြောက် အမှတ်တရ

ကျမတို့ က ကမာရွတ်၊လှည်းတန်းမှာနေတာဆိုတော့ တက္ကသိုလ်မြေနဲ့ ငယ်ငယ် လေးကတည်းကနီးစပ်လာခဲ့ရတာပါ။ ကျမ (၅)နှစ်သမီးအရွယ်ကတက္ကသိုလ် အနုပညာအသင်းမှာ ကဗျာလွတ်စသင်ခဲ့ရတာ မှတ်မိသေးတယ်။ ကျမတို့ ကို ထိန်းပေးတဲ့ အစ်မတွေက တက္ကသိုလ် ၀န်ထမ်းတွေရဲ့  ဆွေမျိုးတွေဖြစ်ပြန်၊ အဒေါ်ကလည်း ဓါတုဗေဒဋ္ဌာနမှာဆရာမဆိုတော့ သူတို့ နဲ့ အတူတူ ကျောင်းဝင်း ထဲမကြာခဏရောက် ဘူးနေတယ်။ RC ထဲမှာလုပ်တဲ့ တိုင်းရင်းသားဈေးရောင်းပွဲတွေမှာ ကိုကြီးနဲ့ အတူ မုန့်  လျှောက် စားကြတာ၊ပြထားတဲ့အရုပ်လေးတွေလိုချင်လို ကံစမ်းမဲနှိုက်ကြတာတွေတခါတခါ သတိရမိသေးတယ်။ တိုင်းရင်းသားဝတ်စုံတွေဝတ်ထား ကြတာတွေ့ တော့ဘာရယ် မဟုတ်ဘူး ကျမလည်း အဖေသွေး ဖြစ်တဲ့ မွန်တိုင်းရင်းသားဖြစ်ရတာဂုဏ်ယူမိတယ်။ အသက်ကြီးလာလို့ တက္ကသိုလ်ရောက်ရင် မွန်စာသင်မယ်လို့ စိတ်ကူးယဉ်ခဲ့ဘူးတယ်။ ဒါပေမဲ့ ကျမ ရန်ကုန်တက္ကသိုလ်ရောက်တော့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့  တွေနဲ့  ဝေးသွားခဲ့ရတယ်။ကျမတို့  ငယ်ငယ်က ရေကူးသင်ကြတော့ အင်းယားကန်မှာ။ ရေသွားကူးတိုင်း ကျောင်းဝန်းထဲကဖြတ်လျှောက်ရင်း တက္ကသိုလ်ကျောင်းသူ၊ကျောင်း သားတွေကို အားကျမိတယ်။ ကျမနေတဲ့ကျောင်းက ပညာရေးတက္ကသိုလ် လက်အောက်မှာရှိတော့ သင်္ကြန်ကပွဲ တွေဆို တက္ကသိုလ်ကျောင်းတွေနဲ့ တွဲကဖြစ်တယ်လေ။ အဲ့ဒီတုန်းက ကျမတို့  ကလေးတွေ က တက္ကသိုလ်ကျောင်းသူတွေကိုငေးခဲ့ရတာပေါ့။ (၁၀)တန်းရောက်တော့ ပုဂံလမ်းမှာ ကျူရှင်တက်တော့ ကျောင်းဝန်းထဲကို ရောက်ပြန်ရော။ပုဂံဆောင်မှာ စာသင်တော့ အဆောင်သူတွေရဲ့ ဘ၀ကိုတွေ့ ပြီး အဆောင်သူဖြစ်ချင်ခဲ့ဘူးသေးတယ်။တခါတလေသထုံလမ်းမှာခရေပန်းတွေ ကောက်ကြတာမှတ်မိနေသေးတယ်။ ကျမ ငယ်ငယ်ကတည်းက အမေကသူတက္ကသိုလ်ကျောင်းသူ ဘ၀က အကြောင်း တွေကို မကြာခဏပြောပြလေ့ရှိတယ်။ သူတို့  အဆောင်သူဘ၀တွေ၊ အဆောင်ညစာစားပွဲတွေ၊ သူတို့ ခေတ်က တက္ကသိုလ်ကျောင်းသား အဆိုတော်တွေ၊သူတို့  ခေတ်က ကြုံတွေ့ ခဲ့ရတဲ့ လှုပ်ရှားမှုအကြောင်းတွေစတာတွေကို နားထောင်ရင်း တက္ကသိုလ်ကျောင်းသူတယောက်ရဲ့ ဘ၀ကို စိတ်ကူးရင်ခဲ့ဘူးတယ်။ အမေကပြောဘူးတယ်။ တက္ကသိုလ်ရောက်ရင် အဆောင်နေမှတက္ကသိုလ် ကျောင်းသူပီသတယ်တဲ့။ ဒါပေမဲ့ကျမ အဆောင်သူမဖြစ်ခဲ့ပါဘူး။ အဖေပြောပြတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကလည်း စိတ်ဝင်စားဖို့  ကောင်းတဲ့ဇာတ်လမ်းတွေပေါ့။အဖေ ကကျောင်းတုန်းက အားကစားလုပ်ပြီး သူရေကူးတာ၊ မာရသွန်ပြေးတာ၊ လက်ဝှေ့ ထိုးခဲ့တာ၊လက်သီးသိန်းညွန့် ဆိုပြီး နံမယ်တွင်ခဲ့တာ စတာတွေကိုနားထောင်ရပြန်တော့ ပျော်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀တွေကို အားကြမိခဲ့ရတာပါ။ သူတို့ ခေတ်ကကျောင်းသားအရေအတွက်ကနဲတော့ လူတိုင်းကိုသိကြတယ်။ ကျောင်းသားတိုင်းလိုလိုကို လှည်းတန်းကဆိုင်တွေကသိကြတာ။အဖေ၊အမေတို့ နဲ့  လှည်းတန်းထိပ်လမ်းလျှောက်ရင်ပဲ လှည်းတန်းထိပ်ကဆိုင်တွေက နှုတ်ဆက်ကြ၊ အချိန်ရရင် ရှေးဟောင်းနှောင်းဖြစ်တွေပြေကြတာတွေကိုကြည့်ပြီး တက္ကသိုလ်ကျောင်းသူဖြစ်ရမှာ တွေးပြီး ဂုဏ်ယူမိဘူးတယ်။ ဒီလိုနဲ့ ကျမတက္ကသိုလ်ရောက်လာခဲ့တယ်။ IR တက်ခွင့်ရတယ်။ ကျမက တကယ်တော့ အင်္ဂျင်နီယာဖြစ်ချင်ခဲ့တာ။ (၈)မှတ်နဲ့ ပြုတ်ခဲ့ရတယ်။ ဒါကလည်းကျမရင်းနှိးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျင်လည်လာဖို့  အကြောင်းဖန် လာတာနေမှာပါ။ ကျမတို့ က IR 2nd Batch ပထမ(၂)နှစ်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ အချိန်ပြည့်တက ခဲ့ရတယ်။ ကျမတို့  IRမှာ ဘာသာတိုင်းကိုအင်္ဂလိပ် လိုသင်ရတယ်။မြန်မာစာကလွဲလို့ ပေါ့။ စစချင်းတော့ တော်တော်အခက်တွေ့ ရတယ်။ ပထမနှစ်မှာ ဆရာမဒေါ်စန်းစန်းတင် ကElements of political Thought ကို သင်တယ်။ ခက်လိုက်တာ။Plato တို့ Aristotleတို့....Political geography ဆို မနဲလိုက်ရတယ်။ Dictionary တအုပ်နဲ့ ဟိုလှန်ဒီလှန်ပေါ့။ ပထမနှစ်ကျောင်းသူဘ၀ ကကျမအတွက် တော်တော်ပင်ပန်းသား။ အင်္ဂလိပ်ဝေါဟာရ အသစ်တွေနဲ့လုံးပန်းနေခဲ့ရတာ။ ကျက်လိုက်ရတဲ့စာကတော့ အမြဲတမ်းပဲ။ ဒီကြားထဲမှာပဲ ကျမတို့  ကို ကူညီစာသင်ပေးတဲ့ ဆရာတယောက် ရခဲ့တယ်။ သူ့ ကြောင့် စာတွေကျက်ရတာ လွယ်ကူသွားရတာ။ သူ့ ကြောင့်လည်း ကျမ ရန်ကုန်တက္ကသိုလ်ကျောင်းသူဘ၀ တလျှောက် စာနဲ့ ပတ်သက်ရင် အခက်အခဲတွေလွယ်ကူစွာကျော်လွှားနိုင်ခဲ့တယ်။ဆရာမဖြစ်တဲ့အထိ သူ့ အကူအညီတွေရခဲ့တယ်။ ဒုတိယနှစ်ရောက်တော့ ကျမသူငယ်ချင်းအသစ်အုပ်စုထဲရောက်သွားတယ်။ အဲဒီတော့မှ ရန်ကုန်တက္ကသိုလ် ကျောင်းသူဘ၀ဆိုတာ နဲနဲပီပြင်လာရတာ။ ကျမတို့ အဖွဲ့ က စစချင်း (၄)ယောက်။တော်တော်လေး သူများမျက်စိ နောက်တဲ့ အုပ်စုပေါ့။ ဂုဏ်ထူးတန်းခွဲမှာမို့ လည်း တဘက်ကကြိုးစားကြရသလို၊တက္ကသိုလ် ကျောင်းသူတယောက်ရဲ့ အပျော်ဆုံးအချိန်တွေကိုလည်း ရခဲ့တယ်။ ပြန်တွေးတိုင်းသတိရတယ်။သူငယ်ချင်းတွေကိုလည်းသတိရတယ်။ ဒီလိုနဲ့ ၁၉၈၈ မှာ ရန်ကုန်တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်။ ကျမတို့ သူငယ်ချင်းတွေ ဂုဏ်ထူးတန်းဝင်ကြတယ်။ကျောင်းဖွင့်စကတော့ ပျော်သား။ ဒါပေမဲ့သိပ်မကြာပါဘူး ကျောင်းတွေပိတ်လိုက်တယ်။ကျောင်းတွေပြန်ဖွင့်တော့ တချို့ သူငယ်ချင်းတွေလည်း အကြောင်းအမျိုးမျိုးကြောင့် အဝေးကိုရောက် သွားကြတယ်။ ကျမစိတ်ကူးရင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀လေးလည်း ပျက်မတတ်ဖြစ်ခဲ့ရတယ်။ ကျောင်းတွေဖွင့်လိုက်ပိတ်လိုက်ကြားကပဲ ကျမတို့  အုပ်စု ရသမျှအချိန်လေးတွေမှာ ပျော်စရာ အမှတ်တရတွေချန် ထားခဲ့ကြတယ်။ ကျောင်းဖွင့်တဲ့ အချိန်တိုလေးအတွင်းမှာ Tutorial တွေအလွတ်ဖြေနိုင်ဖို့  စာတွေကျက်ရ၊ Term Paperတွေရေးကြ၊ Seminar တွေမှာ ငြင်းကြခုန်ကြ၊ စာကြည့်တိုက်တွေသွားကြ၊ သင်တန်းတွေတက်ကြနဲ့အချိန်အများစုဟာ စာတွေနဲ့  ကုန်ခဲ့ရတယ်။ ကျမ ငယ်ငယ်က အတွေးထဲ၊စိတ်ကူးထဲက တက္ကသိုလ် ကျောင်းသူ ဘ၀ကိုတော့ အပြည့်အ၀မရခဲ့ဘူးလို့ ပြောရမှာပါ။ ဒါနဲ့ ပဲကျောင်းပြီတော့ ဌာနမှာ အလုပ်ပြန်ဝင်တဲ့အခါ ကျမရင်းနှီးခဲ့တဲ့ တက္ကသိုလ်ကြီးမှာ ဆက်လက်ကျင်လည်ခဲ့ရပြန်တယ်။ အဲ့ဒီတော့မှ IR ဌာနနဲ့  တကယ့်ကိုရင်းနှီးလာရတယ်။ ဌာနက ဆရာကြီးတွေ၊ဆရာမကြီးတွေနဲ့ ပိုရင်းနှီးလာ ရတယ်။ ကျမ လေးစားရတဲ့ ဆရာဦးထိန်ဝင်း အပါအ၀င် ဆရာ၊ဆရာမများ က ကျမတို့ ပေါ်စေတနာထားကြပါတယ်။ဌာနမှာအားလုံးဆိုးတူကောင်းဖက် တိုင်တိုင် မင်မင်နဲ့ ပျော်စရာအချိန်လေးတွေဖြစ်ခဲ့ရပြန်ေ၇ာ။ ဒီအပျော်လေးတွေက ၁၉၉၉ မှာ ပြီးဆုံးဖို့ ဖြစ်လာတယ်။ ၁၉၉၈ မှာThomas က ရန်ကုန်က တက္ကသိုလ် တခုမှာ ကျောင်းလာတက်တယ်။ ကျမတို့ နှစ်ယောက်တက္ကသိုလ်ခြင်းမတူပေမဲ့ သူတို့ ကိုသင်တဲ့ ဆရာတချို့ ဟာ ကျမဆရာတွေဖြစ်ပြန်တော့ ပြောစရာခေါင်းစဉ်လေးတွေ ရှိလာတာပေါ့။ အခုထိကျမတို့ နှစ်ယောက် ရန်ကုန်က တက္ကသိုလ်အတွေ့ အကြုံတွေ ပြောဖြစ်ကြတုန်းပါ။ကျမကျင်လည်ခဲ့တဲ့ တက္ကသိုလ်ကြီး ကို ၁၉၉၉ မှာ စွန့် ခွာခဲ့ရတယ်။ စိတ်ထဲမှာတကယ့်ကိုဝမ်းနည်းခဲ့ရတယ်။ ကျမအတွက်တော့ တက္ကသိုလ်ဆိုတာ စိတ်ကူးတွေ အကောင်အထည်ဖေါ်တဲ့နေရာ၊ စိတ်ကူးတွေပျက်ပြယ်ရတဲ့နေရာ၊ပျော်စရာတွေ ဆုံတွေ့ ရတဲ့နေရာ၊ လွမ်းစရာတွေ ရှိခဲ့တဲ့နေရာတခုပါပဲ။ကျမငယ်ငယ်ကတည်းက အတွေးထဲ၊စိတ်ကူးတွေထဲမှာ ရှိခဲ့ရတဲ့ တက္ကသိုလ်ကြီးနဲ့ ကျမဘ၀ရဲ့ အချိန်အများစုကုန်လွန်ခဲ့ရတဲ့ IR ဌာန၊ ပြန်တွေးတိုင်း လွမ်းမိတဲ့တက္ကသိုလ်ကြီးနဲ့ IR ဌာန၊ ကျမကို ပညာပေးခဲ့တဲ့ တက္ကသိုလ်ကြီးနဲ့ IR ဌာန၊ အခုတော့ IR ဌာနကြီးလည်း (၂၅)နှစ်ပြည့်ခဲ့ပြီ။ ကျမကဌာနကိုစွန့် ခွာပြီးအဝေးကို ရောက်နေပေမဲ့ IRဌာနကတော့ တက္ကသိုလ်ကြီးထဲမှာ ရှိနေတုန်းပါ။ ကျမအတွေးထဲမှာ လည်း ဌာနကိုသတိရနေတုန်းပါ။ ကျမသူငယ်ချင်းများလည်း ကျမလိုပဲ တက္ကသိုလ်ကြီးနဲ့ IR ဌာနကို သတိရနေကြမှာပါ။ ၂၇.၁၂.၀၉ မှာ ဆီဒိုးနားမှာကျင်းပမဲ့ IR ဌာန ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား နဲ့  ဆရာ ကန်တော့ပွဲ၊မိတ်ဆုံစားပွဲကိုတော့ ကျမသွားနိုင်မှာမဟုတ်ပေမဲ့ အဝေးကနေ သတိရနေမှာပါ။ ( ကံ့ကော်ပန်းတွေနဲ့  ၊ အမှတ်တရရှိခဲ့ဖူးသူ အားလုံးကို သတိရလျှက်...)

7 comments:

moemoestar said...

လှိုင်နယ်မြေက အင်းလျားလေးကန်ကိုရော အဓိပတိလမ်းကိုရောလွမ်းနေတုန်းဘဲ...

rose of sharon said...

အော် ..... လွမ်းစရာတွေ အမှတ်ရစရာတွေပေါ့

စူးနွယ်လေး said...

လွမ်းရတဲ့အဖြစ်ကလေးတွေပေါ့နော်

မြစ်ချေသူ said...

အစ်မက ၁၉၉၉ မှာ တက္ကသိုလ်ကြီးကို စွန့် ခွာခံ့ရတယ်။
ညီမက တော့ ၁၉၉၉ မှာ သမိုင်းဝင် တက္ကသိုလ်ကြီးထဲ ၀င်ဖို့ ကြိုးစားခဲ့ဖူးသော်လဲ ဒဂုံကြီးထဲကိုပဲရောက်သွားတယ်...။

ကလိုမှန်းသိခဲ့ရင် မြစ်ချေမှာပဲ ငြိမ်ငြိမ်လေးနေခဲ့မိမှာ...။

Evy said...

ဗမာပြည်ကတက္ကသိုလ် အကြောင်းတွေကို နားထောင်ရတာ ပုံပြင်နားထောင်ရသလိုပါပဲ။ အဲဒီ တက္ကသိုလ်တွေထဲကို တစ်ခါမှမရောက်ဖူးခဲ့ဘူး။ ဗမာပြည် က တက္ကသိုလ်တက်ဖို့ စိတ်ကူးတော့ယဉ်ခဲ့ဖူးတယ်။ :D

nu-san said...

ကျနော်လည်း ကျောင်းတက်တုန်းက အဆောင်သူ အရမ်းဖြစ်ချင်ခဲ့တာ.. ပြည်က ကျောင်းလာတက်တဲ့ သူငယ်ချင်းတွေရဲ့ အဆောင်ကို လိုက်လည်ပြီး သူတို့လိုပဲ အဆောင်မှာ နေချင်ခဲ့တာ.. အဲဒီတုန်းကတော့ အဆောင်နေ သူငယ်ချင်းတွေက မိဖ အသိုင်းအ၀ိုင်းနဲ့ ခွဲပြီး ရန်ကုန်မှာ ကျောင်းလာတက်ရတာဆိုတော့ သူတို့က အဆောင် မနေချင်ပါနဲ့လို့ နှစ်သိမ့်တာ မှတ်မိသေးတယ်။ ကျနော်လည်း RC2 မှာ ပထမနှစ်၊ ဒုတိယနှစ်တက်လိုက်ရသေးတယ် အမ။ ပြီးတော့ မိန်းထဲရောက်တာပဲ.. အဲဒီနှစ်မှာ တက္ကသိုလ် စိန်ရတုနဲ့ တိုးတယ်.. ပထမနှစ် ဂုဏ်ထူးတန်းမှာ ရွှေစက်တော်၊ ပုဂံ၊ ပုပ္ပါး ခရီးထွက်ခဲ့ရတာလွဲရင် ကျောင်းသူ ဘ၀က ပျော်စရာ မကောင်းခဲ့ဘူး အမ.. ကျောင်းတွေ ပိတ်လိုက် ပြန်ဖွင့်လိုက်ဆိုတော့လေ.. ၁၀ တန်းအောင်ပြီးကတည်းက ဘွဲ့ရဖို့ ၈ နှစ်ကြာသွားတယ်.. ကျောင်းကိုလည်း စိတ်ကုန်သွားတယ် ဆိုပါတော့.. ဒါပေမယ့် ကျောင်းပတ်ဝန်းကျင်ကို ရောက်မိရင်တော့ လွမ်းသလို ဆွေးသလိုကြီးပါပဲ..... အမရေးထားတာ ဖတ်ပြီး ကျောင်းတက်ခဲ့ရတုန်းက အချိန်တွေကို သွားသတိရမိတယ်... :(

Shinlay said...

သတိရစရာလေးတွေကို လာဖတ်ကြတဲ့သူငယ်ချင်းများ
ကို ကျေးဇူးတင်ပါတယ်။
nu Sanေ၇ စိန်ရတုတုန်းက ကျမတို့ ဌာနက ဆိုင်ခန်းမှာ ဈေးရောင်းကြတယ်။ စိန်ရတု ပြခန်းတွေ
လုပ်ကြတယ်။ တီဗွီတွေရိုက်ကြတယ်။ စာတမ်းတွေဖတ်ကြတယ်။ အကြိုက်ဆုံးကတော့
အဲ့ဒီတုန်းက ဖွင့်ကြတဲ့ တက္ကသိုလ်သီချင်းတွေပါပဲ။