Friday, 18 December 2009

Schweinsöhrchen (၀က်နားရွက်မုန့် )










့ကျမတို့ ကြိုက်တဲ့ မုန့် ပါ။ ရွရွလေးနဲ့ စားလို့  ကောင်းပါတယ်။
မြန်မာပြည်မှာလည်းရှိပါတယ်။ ဘယ်လိုခေါ်လည်းတော့မသိဘူး။
ဒီမှာတော့ Schweinsöhrchen (၀က်နားရွက်မုန့် ) လို့ ခေါ်ကြပါတယ်။
တနေ့ က မုန့် ဖုတ်နည်း စာအုပ်ထဲမှာတွေ့ တာနဲ့ စမ်းဖုတ်ကြည့်တာပါ။
တော်တော်လေးအဆင်ပြေပါတယ်။ အရသာလည်းရှိပါတယ်။
လိုအပ်တာတွေကတော့
ဂျုံမှုန့် ။ ။ ၃၅၀ ဂရမ်
Baking powder : လက်ဖက်ရည်ဇွန်း (၃) ဇွန်းတိတိ
Speisequark: ၂၅၀ ဂရမ်
ထောပတ် ။ ။ ၂၅၀ ဂရမ်
သကြား ။ ။ ၁၅၀ ဂရမ်

ပထမဆုံး ဂျုံ၊ Baking powder၊ Speisequarkနဲ့ တောပတ်သေးသေးလှီးထား
တာတွေကိုရော ပြီး ပြောင်ချောလာတဲ့အထိနယ်ပါ။ တော်တော်နယ်ရပါတယ်။

















ပြီးရင် ဂျုံမှုန့် ဖြူးထားတဲ့ စားပွဲပေါ်မှာ 30x60 cm ရှိတဲ့ အပြားရအောင်
ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။











ရလာတဲ့ဂျုံပြားကို အလည်ကတ၀က်ခေါက်ပြီး နောက်ထပ်တ၀က်ထပ်ခေါက်ပါ။
ပြီးရင် cling film နဲ့ ပတ်ကာ ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။

နောက်နေ့ ကြတော့ စားပွဲပေါ်မှာ သကြားဖြူးပါ။ သကြားပေါ်မှာ
မနေ့ ကလုပ်ထားတဲ့ ဂျုံကို တင်ပြီး 22x50cm ရအောင် ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။
အနားတိုတဲ့ ၂ဘက်ကို အလယ် ဘက်ကိုခေါက်ပါ။ အနား၂ဘက် အလယ်မှာဆုံပါတယ်။
နောက်တခါ အဲ့ဒီလိုထပ်ခေါက်ပါ။ ဒီမှာကြည့်လို့ ရပါတယ်။

Ofen ကို 220°C ကြိုပြီး အပူပေးထားပါ။
မုန့် ဖုတ်တဲ့ ဘန်းပေါ် မှာ မုန့် ဖုတ်စက္ကူခင်းပါ။
ပြီရင် 1 cm ထူတဲ့ အချပ်လေးတွေလှီးပြီး မုန့် ဖုတ်တဲ့ ဘန်းပေါ် တင်ပါ။
ဝက်နားရွက်လေးတွေဖြစ်အောင် လက်နဲ့ ပုံဖေါ်ပါ။


၁၅မိနစ်လောက် စားပွဲပေါ်မှာထားထားပြီးမှ
Ofen အလယ်ဆင့်မှာ ၁၀မိနစ်ခန့် ဖုတ်ပါ။
တဖက်လှန်ပေးပြီး ပူနေတဲ့ မုန့် ဖုတ်တဲ့ ဘန်းပေါ်
မှာပဲ အအေးခံပေးပါ။


စားလို့ ပိုနေရင်ဘူးတဲမှာထည့်ပြီး သိမ်းထားလို့ ရပါတယ်။

Thursday, 17 December 2009

အလုပ်လုပ်မယ်ဆိုရင်

ဂျာမနီမှာ အလုပ်လုပ်ဖို့ စဉ်းစားပြီဆိုရင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာ
ကို သိထားသလောက်ရေးထားတာပါ။ ဂျာမနီမှာနှစ်ရှည်နေခွင့်ရတဲ့သူတွေ
ကို အလုပ်လုပ်ခွင့်ပေးပါတယ်။ (၃)လ visit Visa နဲ့ လာတဲ့သူတွေတော့
အလုပ်လုပ်ခွင့် မရပါဘူး။ EU နိုင်ငံသားတွေတော့လုပ်ခွင့်ရပါတယ်။
Au Pair , special cooks , Journalists, နဲ့ ပညာရပ်ပိုင်းဆိုင်ရာပညာရှင်
တချို့  ကိုတော့ အထူး အစီအစဉ်တွေနဲ့  အလုပ်ရှင်ကအလုပ်လုပ်ခွင့်
လျှောက်ပေးရပါတယ်။

အလုပ်လုပ်ခွင့်ရတော့ ဘာလုပ်ကြမလဲဆိုတာစဉ်းစာရမှာပါ။ ဒီမှာက
ဂျာမန်စကား ကောင်းကောင်းပြောနိုင်ဖို့ လိုပါတယ်။ သာမန် သန့် ရှင်း
ရေးအလုပ်တောင် ဂျာမန်စကားတတ်ဖို့  လိုကြောင်းရေးထားတာတွေတွေ့ 
ရပါတယ်။ ဒါမှမဟုတ်ရင်တော့ စကားမပြောဖို့ မလိုတဲ့ ကာယ အလုပ်လောက်ပဲရ
နိုင်ပါတယ်။


ဂျာမနီမှာ ကျောင်းသားဦးရေရဲ့  ၂၃% (၂၀၀၃/၂၀၀၄) သာ တက္ကသိုလ်
ဆက်တက်ဖို့  Abituer (မြန်မာလိုတော့ တက္ကသိုလ်ဝင်တန်းပေါ့၊၊ဒီမှာတော့
၁၂တန်း)အောငြ်က ပါတယ်။ အများစုကတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့
သင်တန်းတွေ (Vocational School /Berufsschule) ဆက်တက်ကြပါတယ်။
ဂျာမနီမှာရှိတဲ့စွဲဆောင်မှု ကောင်းတဲ့ အလုပ် တော်တော်များများဟာ
Abitur အောင်ဖို့ မလိုတဲ့ အတွက် ပါ။ဂျာမန် ပညာရေးပုံစံကို
လပြည့်ရိပ်က ဒီမှာရေးဖူးပါတယ်။


ဂျာမနီမှာ အလုပ်တော်တော်များများဟာ Vocational school (Berufsschule)ကျောင်း
ဆင်းတွေ ကိုသာလက်ခံပါတယ်။ သူနာပြု၊ နည်းပညာကျွမ်းကျင်သူ၊မူကြို
ကျောင်းဆရာမ တွေကစပြီး မုန့် ဖုတ်သူ၊ ဆံပင်ညှပ်သူ၊ ဈေးရောင်းသူ၊
စားသောက်ဆိုင် မှာတာဝန်ယူရသူတွေစသဖြင့် အလုပ်တိုင်းမှာ Vocational
school ကျောင်း ဆင်းတွေ သာခန့် ပါ တယ်။ ဒါကြောင့် ဒီသင်တန်းတခုခု
မပြီးခဲ့ရင် အလုပ်ကောင်းကောင်း တခုရဖို့ အလွန်ခက်ပါတယ်။

Vocational school ကျောင်း တွေကို Real Schule/ Haupt Schule
(ဂျာမန်လို ၁၀တန်း)အောင်တဲ့ သူတွေတက်ခွင့်ရှိပါတယ်။ သင်တန်း
ကာလက(၃) နှစ်ပါ။ Vocational school ကျောင်း တွေမှာ ပညာရပ်ဆိုင်
ရာအလိုက် ပင်မခေါင်းစဉ်(၂၀)ခွဲထားပါတယ်။ ဥပမာ။ စီးပွားရေးနဲ့ စီမံခန့် 
ခွဲမှု၊ နည်းပညာ၊ အီလက်ထရောနစ်ပညာ၊ ဆောာက်လုပ်ရေးနဲ့ ပတ်သက်တာ
တွေ စသဖြင့်ပေါ့။ အသေးစိတ်ကိုဒီမှာကြည့်လို့ ရပါတယ်။

ဒါအပြင် မူလ အသက်မွေးဝမ်းကြောင်း တစ်ခုကို ဆက်လုပ်ဖို့  အဆင်မပြေ
သူတွေ၊ မူလ အသက်မွေးဝမ်းကြောင်းမှာ အလုပ်ရှာဖို့ သိပ်မလွယ်လို့  စသဖြင့်
အကြောင်း ကြောင်းတွေကြောင့် နောက်ထပ်အသက်မွေးဝမ်းကြောင်း
သစ်တစ်ခုပြောင်း လိုသူတွေလည်းတက်ခွင့်ရှိပါတယ်။ တချို့  အထက်တန်း
အောင်ပြီးသားသူတွေ လည်းတက်ကြပါတယ်။ သူတို့ ကတော့(၂)နှစ်ပဲတက်
လို့ ရပါတယ်။

နိုင်ငံခြားမှာ (၁၀)တန်းအောင်ထားတယ်ဆိုတဲ့ လက်မှတ်ကို ဂျာမန်ပြည်နယ်
ပညာရေးရုံးက အသိအမှတ်ပြုရင်လည်းတက်ခွင့်ရှိပါတယ်။
အဲ့ဒီလိုလူတွေအတွက်တော့ (၂)နှစ်နဲ့ တက်လို့ ရပါတယ်။ တချို့ 
ကတော့လည်း (၃)နှစ်တက်ရပါတယ်။ အသိအမှတ်ပြုတာကျဖို့  (၁)နှစ်
လောက်တော့စောင့်ရပါတယ်။

အလုပ်ချိန်တွေကတော့ အချိန်ပြည့်ဆိုရင် တစ်ပတ်ကို နာရီ ၄၀ လုပ်ရပါတယ်။
တချို့ ကတော့ ၃၈ နာရီလုပ်ရပါတယ်။ အချိန်ပိုင်း အလုပ်တွေကတော့ ၂၀%
၅၀%၊ ၇၅% စသဖြင့် အလုပ်ရှင်နဲ့ ညှိပြီး စာချုပ်ချုပ်ကြပါတယ်။
အားလပ်ရက်ကတော့ အစိုးရရုံးပိတ်ရက် တွေအပြင် တစ်နှစ်ကို ရက် ၃၀ (၆ ပတ်)
ရပါတယ်။
Mini Job တွေကတော့ တစ်ပတ်ကို အများဆုံး ၁၄.၅ နာရီလုပ်ခွင့်ရှိပါတယ်။
လစာကတော့ တစ်လ ၄၀၀ ယူရိုရပါတယ်။ net income = gross Income ပါ။
ကျန်းမာရေးအာမခံနဲ့  ပင်စင်အာမခံ တွေကို အလုပ်ရှင် ကပဲသွင်းပေးပါတယ်။
ပင်စင်အာမခံ ကတော့ သွင်းပေးတာ အလွန့် အလွန်နည်းလို့ နောင် အခါ
အခက်တွေ့ နိုင်ပါတယ်။ အချိန်ပြည့် အလုပ်မရခင် ကြားခံအနေနဲ့ တော့
လုပ်သင့်ပါတယ်။ တချိန်ထဲမှာ mini Job နှစ်ခုလုပ်ခွင့်မရှိပါဘူး။

ဒီမလုပ်တွေအပြင် Zeitarbeit လို့ ခေါ်တဲ့ Temporary Work တွေလည်း
ရှိပါ သေးတယ်။ အဲ့ဒါကတော့
Zeitarbeit ကုမ္ပဏီကအလုပ်ရှင်တွေအတွက်
အလုပ်သမားကို ရှာပေးပါတယ်။ အလုပ်သမားကိုပေးမဲ့ လစာထဲက တချို့ 
ကို Zeitarbeit ကုမ္ပဏီကရတဲ့အတွက် အလုပ်သမားက ပုံမှန်လစာထက် နဲ
ပြီးပါတယ်။ အလုပ်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်မထားလို့  အချိန်မရွေး အလုပ်
ကထုတ်လို့ ရပါ တယ်။ အာမခံချက်သိပ်မရှိဘူးပေါ့။ ဒါပေမဲ့လည်း အလုပ်ရရင်ပြီး
ရောလုပ် နေကြရတာပါ။
ဒီတွေကတော့ ဂျာမနီရဲ့  အလုပ်ဈေးကွက်အကြောင်း နဲနဲ ပါ။ ကျမ သိသလောက်
ရေးထားတာဖြစ်ပါတယ်။


Tuesday, 15 December 2009

အလုပ်လက်မဲ့ဖြစ်ခဲ့ရင်...

အခုတလော အလုပ်လက်မဲ့ဖြစ်တယ်ဆိုတဲ့စကားတွေကို ဟိုနားဒီနားတွေမှာ
မကြာခဏကြားနေရတယ်။ အလုပ်ရှင်က အလုပ်ပိတ်လိုက်လို့ ၊ အလုပ်ရှင်နဲ့ 
အဆင်မပြေလို့ ၊ မိမိကိုယ်တိုင်က ဆက်မလုပ်ချင်လို့  စသဖြင့် အကြောင်းအမျိုး
မျိုးကြောင့် အလုပ်လက်မဲ့ ဖြစ်ကြရတယ်။

ဂျာမနီမှာ တရားဝင် အလုပ်လုပ်တဲ့ သူတိုင်း ( Mini Job- 400€ /month)
ကလွဲရင် လစဉ် အလုပ်သမား ဌာန (Labour Office) ကို Unemployment Insurgence
ပေးရပါတယ်။ ရတဲ့ ၀င်ငွေပေါ်မူတယ်ပြီး 1,4% ကိုပေးရပြီး အလုပ်ရှင် က 1,4%
သွင်းပေးရပါတယ်။ ဒီတော့ အကြောင်းတစ်ခုခု ကြောင့် အလုပ်လက်မဲ့ဖြစ်ရင်
Labour ရုံးက ပိုက်ဆံပေးပါတယ်။

လက်ရှိဥပဒေ အရကတော့ အလုပ်သမားတစ်ယောက်ဟာ အနည်းဆုံးတစ်နှစ်
Unemployment Insurgence ပေးသွင်းထားရပါမယ်။ အလုပ်လက်မဲ့ဖြစ်ရင်
နောက်ဆုံးလစာရဲ့  66% ( with Child) , 63% ( without Child) ကို
Labour ရုံးက ပိုက်ဆံပေးပါတယ်။ လုပ်သက် ၁ နှစ်ပဲ ရှိရင်တော့ (၆)လ
ပေးပါတယ်။ လုပ်သက် (၁)နှစ်ထက်ပိုရင်တော့ (၁)နှစ်ပေးပါတယ်။
အဲ့ဒီကာလအတွင်းမှာ ကျန်းမာရေး အာမခံကို လေဘာရုံးကသွင်းပေးပါတယ်။

ဒီကြားထဲမှာ အလုပ်အသစ်ရှာရပါမယ်။ လေဘာရုံးက မကြာခဏခေါ်
တွေ့ ပြီး အလုပ်တွေလျှောက်မလျှောက်ကို တစ်လ တစ်ခါလောက်ခေါ်စစ်ပါတယ်။

ကိုယ့်သဘောနဲ့ ကိုယ်အလုပ်ထွက်တဲ့သူကိုတော့ ၃လ ပိတ်ပါတယ်။
အဲ့ဒါကြောင့် ၉လစာပဲရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ထွက်ပေမဲ့
ဆရာဝန်ထောက်ခံချက် ( အလုပ်ဆက်လုပ်ရန်မဖြစ်တော့လို့ ပါဆိုတဲ့ )
ပါရင်တော့ ၃လ မပိတ်ပါဘူး။

(၁)နှစ်ကျော်လို့ မှ အလုပ်သစ်မရဘူးဆိုရင်တော့ မိမိရဲ့  ( အိမ်ထောင်ဘက်ရဲ့ )
ပိုင်ဆိုင်မှု ကိုပြရပါတယ်။ မိမိပိုင်ဆိုင်မှုတွေပေါ်မှာ ရပ်တည်နိုင်စွမ်းမရှိဘူးလို့ 
ဆုံးဖြတ်ရင်တော့ Hartz IV လို့ ခေါ်တဲ့ အစိုးရ ရဲ့ ထောင့်ပံ့မှုကို ရပါတယ်။
တစ်ကိုယ်ရည်သမားတွေ ဆိုရင်တော့ အိမ်ငှားခ အပါအ၀င် တစ်လ ကို
700 € ပေးပါတယ်။ အဲ့ဒီသူတွေအတွက် ကြက်ခြေနီလို၊တခြားလူမှုရေး
အဖွဲ့ က အကူအညီလည်းရပါတယ်။ ဥပမာ အစားသောက် ဈေးပေါပေါ
ရောင်းပေးတာ၊ အ၀တ်အထည်တွေ ပေးတာ စသဖြင့်ပေါ့။
Hartz IV အကူအညီယူထားတဲ့သူတွေကို 1€ Job လို့ ခေါ်တဲ့ ၁နာရီ ၁ ယူရို
အလုပ်တွေလုပ်ရပါတယ်။ ကျန်းမာနေရင်ပေါ့။ 1€ Job တွေကတော့ အခြေခံ
အလုပ်တွေဖြစ်တဲ့ အမှိုက်သိမ်းတာ၊ ပန်းခြံတွေမှာ သန့် ရှင်းရေးလုပ်တာ
စတာတွေပါ။
ဂျာမနီမှာ အလုပ်လက်မဲ့ဖြစ်ရင် အလုပ်ပြန်ရဖို့ တော်တော်ကိုကြိုးစားရပါတယ်။
အခုလောလောဆယ်တော့ အချိန်ပိုင်းအလုပ်တွေ၊ Mini Job တွေများပါတယ်။
အလုပ်ရှင်တွေက ချွေတာကြတော့ အလုပ်ခန့် တာနဲလာတယ်။

Saturday, 12 December 2009

မတူညီတဲ့  လူ့ အဖွဲ့ အစည်း နှစ်ခု

တနေ့  ကျမမိတ်ဆွေ ဂျာမန်အမျိုးသမီး တစ်ဦးအိမ်လာလည်ပါတယ်။ ဟိုပြောဒီပြော

နဲ့ ဂျာမန်လူ့ အဖွဲအစည်းအကြောင်းရောက်သွားတယ်။


အရင်တုန်းက ဂျာမန်မိသားစုတွေဟာ စည်းစည်းလုံးလုံးနဲ့  တယောက်နဲ့ တယောက်

ရိုင်းပင်းကြတယ်တဲ့။ ကျမတို့ အာရှတိုက်က မိသားစုတွေလိုပါပဲတဲ့။ အခုလက်ရှိ

အခြေအနေကတော့ တော်တော်လေးပြောင်းလဲနေပြီ။ မိသားစုပုံစံ၊ ပျိုးထောင်မှု

ပုံစံတွေက ပြောင်းလဲနေပြီ။ ဟုတ်တယ်။ ကျမ မြင်နေ၊တွေ့ နေ၊ ကြားနေ ရ တာ

တွေဟာ ကျမကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့  တခြား စီပါပဲ။


ဒီမှာလူတွေက ကိုယ့်ကိုကိုယ် အဓိကထားကြတယ်။ ရှင်းရှင်းပြောရရင်တော့

တစ်ကိုယ်ကောင်းဆန်တယ်ပေါ့လေ။ ကလေးဘ၀ထဲက မိဘက ကိုယ့်ခြေပေါ်

ကိုယ်ရပ်တည်နိုင်အောင်ပျိုးထောင်ပေးတယ်။ ကလေးက ကိုယ့်ရဲ့ အတွေအကြုံ

ပေါ်မူတည်ပြီး အစစ သင်ယူရတယ်။ ဒီတော့ ကလေးက ငါလုပ်မှဖြစ်မှာ ၊

ငါသာအရေးပါတယ်။ ငါ့ကိုယ်ငါသာ ကိုးကွယ်ရာဖြစ်လာတယ်။

မြန်မာပြည်မှာတော့ မိဘက နွေးထွေးမှုကိုပေးတယ်။ အမှားမကြုံရအောင်

သူတို့ ရဲ့ အတွေ့ အကြုံတွေအရ နည်းလမ်းညွှန်ပြတယ်။ သားသမီးက

မိဘစကားကိုနားထောင်တယ်။ ယုံကြည်စွာနဲ့ နာခံတယ်။


ဒီက လူတွေက ငယ်ငယ်ကတည်းက ကိုယ်တတ်ကြောင်းသိကြောင်း

ထုတ်ဖေါ်ပြောတတ်ကြတယ်။ ဒီ တော့ ကလေးဘ၀ထဲက သူသိ၊သူတတ်၊

သူသာလျှင်အရေးအပါဆုံးလို့ ထင်ကြတယ်။ မြန်မာတွေကတော့ ကိုယ့်ကိုကိုယ်

နှိမ့်ချတတ်ဖို့ ၊ မထောင်လွှားဖို့ ၊မမောက်မာဖို့ ဆုံးမကြတယ်။ ကိုယ့်အလုပ်နဲ့ 

ကိုယ်သိကြောင်းတတ်ကြောင်းကိုပြတတ်ကြတယ်။


ကလေးတွေကြီးလာတော့ သူများပြောတာနားမထာင်ချင်တော့ဘူး။ သူများဆီ

ကမသင်ယူချင်တော့ဘူး။ လူကြီးတွေက အမြင်မတော်လို့ ဆုံးမတာကို နားမထောင်၊

လျှစ်လျူရှု့ ပြီး ပြန်ရန်တွေ့ နေတဲ့ လူငယ်တွေကို တွေ့ ဖူးးတယ်။ ကြာတော့ လူကြီး

တွေလည်း မပြောတော့ပဲ ဒီအတိုင်းပဲကြည့်နေလိုက်ကြတော့တယ်။

မြန်မာကလေးတွေကိုတော့ လူကြီးပြောစကားနားထောင်ဖို့ ၊ ပြန်မပြောဖို့ ၊

သူများဆုံးမရင်နာခံဖို့ လူကြီးတွေကဆုံးမကြတယ်။


ဒီနိုင်ငံမှာ မိဘနဲ့ သားသမီးကြား၊ မောင်နှမတွေကြား၊ လင်မယားကြား၊ ဆရာတပည့်

ကြား၊ လူကြီးလူငယ်ကြား၊ လုပ်ဖေါ်ကိုင်ဖက်တွေကြားမှာ ရိုသေလေးစားမှုတွေ နဲ

လာတယ်။ စည်းလုံးမှု၊ ညှာတာမှုတွေ နဲလာတယ်။ တာဝန်ယူချင်စိတ်တွေ နဲလာတယ်။

ငါဆိုတဲ့ အတ္တ အတွေးတွေပို များလာတယ်။ ငါလုပ်ချင်တာလုပ်လို့  မရတဲ့အခါမှာ စိတ်ဓါတ်တွေကျလာကြတယ်။ ဒေါသတွေကြီးလာကြတယ်။ အဆိုးဖက်ကမြင်လာ

ကြတယ်။ သူများအပေါ် အပြစ်ရှာကြတယ်။ အနတ္တ ကို မသိကြဘူး။ဒီလိုနဲ့  ပျော်ရွှင်မှု

တွေနဲလာကြတယ်။ အထီးကျန်ဆန်လာကြတယ်။


တခါတလေ သူတို့ ကို ပြသနာတခုခုကို ရင်ဖွင့်ပြမိရင် မနှစ်သိမ့်တတ်ဘူး။

အားမပေးတတ်ဘူး။ အကွဲ၊အပျက်ဘက်ကိုဦးတည်ပြီး အကြံပေးကြတယ်။

မြန်မာတွေကတော့ နှစ်သိမ့်အားပေးကြတယ်။ အပြုသဘောနဲ့  အကြံပေးကြတယ်။

အကောင်းဖက်က တွေးပေးကြတယ်။


ဒီလူ့ အသိုင်းအ၀ိုင်းထဲမှာနေနေတဲ့ ကျမ၊ ကိုယ့်ကိုကိုယ် တစ်ကိုယ်ုကောင်းမဆန်

မိအောင်၊ မမောက်မာမိအောင်သတိပေးနေရတယ်။ ချစ်စရာကောင်းတဲ့မြန်မာ့

ဓလေ့ကို လည်းပိုပြီးတန်ဖိုးထားလာရတယ်။ တခါတလေကြတော့လည်း

ကျမတို့ ရဲ့ နှိမ့်ချ၊ကျိုးနွံတတ်မှုဟာသူတို့ အမြင်မှာ ငတုံးငအလိုထင်ပြီး နှိမ်ချင်၊

အနိုင်ကျင့်ချင်ကြတယ်။ စမ်းကြည့်ကြတာပေါ့လေ။ တဖြေးဖြေးနဲ့ တော့ ကျမတို့ ရဲ့ 

နှိမ့်ချ၊ကျိုးနွံတတ်မှု စတဲ့ ဓလေ့တွေကို သူတို့ နားလည် လာကြပါတယ်။

အဲ နားမလည်နိုင်တဲ့သူဆိုရင်တော့ အဲ့ဒီသူကို အတတ်နိုင်ဆုံးရှောင် နေလိုက်ပါတယ်။

Friday, 11 December 2009

ကလေးတွေအတွက်ကစားနည်းများ

တနေ့ က မြန်မာပြည်ကို သွားလည်မယ့် ဂျာမန် မိသားစု နဲ့ တွေ့ ပါတယ်။
သူတို့ က ဒီတခါ (၃) ကြိမ်မြောက် မြန်မာပြည်ကိုသွားမှာပါ။ သူတို့ ဒီတခါ
သွားရင်သူတို့ သိခဲ့တဲ့ မြန်မာကလေးတွေအတွက် လက်ဆောင်ယူသွားချင်ကြတယ်။
ဘာယူသွားရင်ကောင်းမလဲ စဉ်းစားရင် အကြံတစ်ခုရလာတယ်။
ကလေးတွေ စုပြီးကစားလို့ ရတဲ့ ကစားစရာတစ်ခုခု ယူသွားမယ်ပေါ့။
ဒီက ကစားနည်းတွေ၊ စည်းမျဉ်းတွေကို ကျမကို ဘာသာပြန်ပေးဖို့  အကူအညီ
တောင်းတာနဲ့  ကူညီပေးလိုက်ပါတယ်။
ကျမရယ် အဲ့ဒီ ဂျာမန် အမျိုးသမီးရယ် ကစားစရာရောင်းတဲ့ဆိုင်သွားပြီး ရွေးကြတယ်။
ဒီကကစား နည်းလေးတွေက ကလေးတွေကို တွေးတတ်၊မှတ်တတ်လာအောင်
လေ့ကျင့်ပေးသလိုပဲ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျမတို့ ငယ်ငယ်က မိုနိုပိုလီ၊ ကျား၊ ချက်စ်၊ ကြယ်ပုံ အကွက်ရွေ့ တာ၊ မြွေ စတာတွေ
ကစားဘူးတယ်။ မောင်နှမ၀ယ်းကွဲတွေနဲ့ ၊ဒါမှမဟုတ် အမေနဲ့ အားလပ်ချိန်တွေမှာ
ကစားဘူးတာမှတ်မိတယ်။ အခု ကျမတူမလေးတွေလက်ထက်ကြတော့ ဒါမျိုးတွေ
သိပ်ကစားတာမတွေ့ ရဘူး။ အားချိန်မှာ တီဗွီရှေ့ရောက်နေတာများတယ်။
နောက်တခါ ရန်ကုန်ပြန်ရင် ကလေးတွေကို လက်ဆောင်ပေးဖို့ စိတ်ကူးတစ်ခုရလာတယ်။
ကျမ ရေးထားတာလေး ပျောက်သွားမှာဆိုးလို့  ဘလော့ထဲမှာ ထည့်ထားလိုက်တာပါ။

မှတ်ဥာဏ် ကစားနည်း ( Memory ) Tierbaby


ဒီကစားနည်းကို ကလေး ၃ ယောက်ကနေ ၈ ယောက်အထိ ကစားလို့ ရပါတယ်။
ကဒ်လေးတွေထဲမှာ ပုံတူတာလေးတွေ ၂ခုစီပါတယ်။
ကစားနည်း အတိုချုပ်ကတော့ ရုပ်ပုံတူ ၂ခုစီ အများဆုံးးရအောင် ကစားတာပါ။
အလှည့် တစ်လှည့်မှာ ၂ကဒ်လှန်ခွင့်ရှိပါတယ်။
ကစားနည်း
၁။ ကဒ်လေးတွေအားလုံးကို ခုံပေါ် ( ဒါမှမဟုတ်) ကြမ်းပြင်ပေါ် မှာ ပုံလေးတွေ
မမြင်ရအောင် မှောက်ထားပါ။

၂။ ဘယ်သူက အရင်စပြီးကစား ရမယ်ဆိုတာကို ကလေးတွေဘာသာ သတ်မှတ်
ပေးပါ။ ဥပမာ ၊ အသက်ငယ်တဲ့သူ ကအရင်၊ ဒါမှမဟုတ် အသက်ကြီးတဲ့သူကအရင်
စသည်ဖြင့် သတ်မှတ် လိုက်ပါ။

၃။ ပထမ ဆုံး အလှည့်ကြတဲ့သူက မှောက်ထားတဲ့ ကဒ်လေးတွေထဲက ကြိုက်ရာ (၂)
ကဒ်ကို အများမြင်အောင် လှန် လိုက်ပါ။
ကံကောင်းစွာနဲ့  ပုံစံတူ ကဒ်လေး၂ခုကို လှန်မိရင်တော့ အဲ့ဒီ၂ကဒ်ကို သူယူထားရပါမယ်။
သူက နောင်ထပ် ၂ ကဒ် ထပ်ပြီး လှန် ခွင့်ရှိ ပါတယ်။

(၄) ပုံစံ မတူတဲ့ ကဒ် ၂ ကဒ်ကို လှန်မိရင်တော့ ပြန်ပြီးမှောက်ထားရပါမယ်။ ကျန်တဲ့
ကလေးတွေက အဲ့ဒီပုံလေးတွေ ကို မှတ်ထားရပါမယ်။ ဘယ်နေရာမှာ၊ ဘာရုပ်ပုံ
ရှိတယ်ဆိုတာကို မှတ်ထားရမယ်။ ဒါမှ ကိုယ့်အလှည့်ရောက်ရင် တူတဲ့ ကဒ်လေးတွေကို
လှန်နိုင်မှာပါ။

ကဲ နောက်တစ်ယောက်အလှည့်.....
ပထမ ကဒ်ကို အများမြင်အောင်လှန်လိုက်ပါ။ ဥပမာ ခွေး ၂ကောင်ပုံဆိုပါတော့၊
တကယ်လို့  စောစောက သူများလှန် ပြတုန်းက ခွေး ၂ ကောင်ပုံ ဘယ်နေရာမှာရှိ တယ်ဆိုတာ
သိရင် အဲ့ဒီ ကဒ်ကို လှန်လိုက်ပါ။ မသိရင်တော့ မှန်းလှန်ရမှာပဲ။ ကံပဲပေါ့။

(၅)ရုပ်ပုံတူတဲ့ ကဒ် ၂ခု လှန်နိုင်ရင် ယူထားလိုက်ပါ။
ရုပ်ပုံမတူတဲ့ ကဒ် ၂ခုကို လှန်မိရင်တော့ ပြန်မှောက်ထားရပါမယ်။
နောက်တယောက်အလှည့်....

(၆) ဒီလိုနဲ့ အလှည့်ကျ ကစားသွားရင် နောက်ဆုံး တူတဲ့ ကဒ်လေးတွေ အများဆုံးရတဲ့သူက
အနိုင်ရပါတယ်။


နာ နူ (Na-Nu)

တခုခုကို ရုတ်တရက်တွေ့ လိုက်ရင် နာနူလို့ ပြော ကြတယ်။ မြန်မာလိုတော့ ဩော် ဒီမှာကို
လို့ ပြောသလိုပေါ့။ ဒါကြောင့် ဒီကစားနည်းလေးကို နာနူ လို့ ပဲ လွယ်လွယ် ခေါ်ကြတာပေါ့နော်။

ဒီကစားနည်းကို ကလေး ၂ ယောက်ကနေ၊ ၄ ယောက်အထိကစားလို့ ရပါတယ်။
ပုံလေးတွေပါတဲ့ ကဒ် ၂၄ ကဒ်၊ ရောင်စုံ အဖုံး ၅ခု ( နီ၊၀ါ၊ပြာ၊စိမ်း၊လိမ္မာ်) နဲ့  အံစာတုံး
၁ တုံး ပါပါတယ်။

၁။ ကဒ်လေးတွေကို တပုံခြင်းစီခွာလိုက်ပါ။
ကဒ်လေးတွေ ကို ခုံပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ အများမြင်အောင် လှန်ပြီးစီလိုက်ပါ။
ဥပမာ တစ်တန်းကို ၆ကဒ်စီနဲ့  ၄ တန်း စီလိုက်ပါ။

၂။ ဘယ်သူက အရင်စပြီးကစား ရမယ်ဆိုတာကို ကလေးတွေဘာသာ သတ်မှတ်
ပေးပါ။ ဥပမာ ၊ အသက်ငယ်တဲ့သူ ကအရင်၊ ဒါမှမဟုတ် အသက်ကြီးတဲ့သူကအရင်
စသည်ဖြင့် သတ်မှတ် လိုက်ပါ။

၃။ ပထမ အလှည့်ကျတဲ့သူက အဖုံး၅ခုကို ယူပြီး ပုံကဒ်လေး ၅ခုကို အစဉ်လိုက်အုပ်လိုက်ပါ။
တချိန်ထဲမှာပဲ သူ ဘယ်ပုံကဒ် ပေါ်မှာ ဘာအရောင်အဖုံး အုပ်လိုက်တယ်ဆိုတာ
ကစားသူတွေကြားအောင် ပြောရပါမယ်။ ဥပမာ။ ။ အနီရောင်အဖုံးကို လေယာဉ်
ပျံပေါ်မှာဖုံးလိုက်တယ်။ အ၀ါရောင် ကို နွားပုံမှာ အုပ်လိုက်တယ် စသည်ဖြင့်ပေါ့။
ကျန်တဲ့သူတွေကလည်း ဂရုတစိုက်လိုက်ကြည့်၊ လိုက်မှတ်ထားနော်။ ဒါမှ
ကိုယ့်အလှည့်ရောက်ရင် ဖြေနိုင်မှာ။

၎။ ဒုတိယ အလှည့်ကျနဲ့သူက အံစာတုန်းကို လှိမ့်လိုက်ပါ။ အ၀ါရောင် ကျတယ် ဆိုပါတော့
သူကအ၀ါရောင်အဖုံးအာက်မှာ ဘာပုံရှိတယ်ဆိုတာ မှန်းပြောရပါမယ်။
ပြောပြီးရင် အ၀ါရောင် အဖုံးကိုလှန်ရပါမယ်။
မှန်ရင် အဲ့ဒီကဒ်ကို ယူရပါတယ်။ ပြီးရင် နောက် ပုံကဒ် ပေါ်မှာ အ၀ါရောင် အဖုံးကို
အုပ်ရပါမယ်။ အဲ့ဒီအခါမှာလည်း ဘာပုံကို အုပ်လိုက်တယ်ဆိုတာကို အများကြား အောင်
ပြောရမယ်။ ကျန်လူတွေ ကသေသေချာချာမှတ်ထား၊ကြည့်ထားနော်။
မမှန်ရင်တော့ အားလုံးမြင်အောင်ပြပြီး၊ ပြန်အုပ်ထားလိုက်ပါ။
နောက်တစ်ယောက်အလှည့်....ကို ဒီလိုပဲဆက်ကစားပါ။
အံစာလှိမ့်တဲ့အခါ ဂျိုကာ ကျရင်တော့ မိမိကြိုက်တဲ့ အဖုံးအရောင်ကို
ရွေးလို့ ရပါတယ်။ ဘယ်အရောင် အောက်မှာ ဘာရှိတယ်ဆိုတာ သေချာသိတဲ့
အရောင်ကို ရွေးမှာပေါ့။ ပြီးတော့ ဘာပုံရှိတယ်ဆိုတာပြောရမယ်။
ဒါပေမဲ့ နောက်ဆုံးချက်ချင်း အုပ်လိုက်တဲ့ အဖုံးကိုတော့ ရွေးလို့ မရပါဘူး။
၅။ ကစားရင်းနဲ့  ပုံကဒ် ၄ခုပဲကျန်ရင်တော့ အဖုံး၎ခုနဲ့ ဆက်ကစားပါ။ ဖယ်ထားတဲ့
အရောင် အံစာကျရင် နောက်တယောက် ဆက် လှိမ့်ပါ။

၆။ ဒီလိုနဲ့ နောက်ဆုံး ကဒ်အများဆုံးရတဲ့သူကနိုင်ပါတယ်။

Quartett ( Katze)

ကွာတက် ဒ်(Quartett ) ဆိုတာကတော့ လေးမျိုးတစ်စုံလို့ အဓိပ္ပါယ်ရပါတယ်။
ဒီကစားနည်းမှာလေးခုတူတာလေးတွေကို စုရမှာ ပါ။ မြန်မာလိုလွယ်လွယ်ပြော
ရရင်တော့ လေးမျိုးတစ်စုံ လို ခေါ်ရမလားပဲ။ ဒါမှမဟုတ် ကွာတက် ဒ် လို့ ပဲ ခေါ်လို့ 
ရပါတယ်။

ဒီကစားနည်းမှာ ကဒ် ၃၂ ကဒ်ပါပါတယ်။ လူ ၃ ယောက် ကနေ ၄ ယောက်အထိ
ကစားနိုင်ပါတယ်။

ကဒ်လေးတွေမှာ 1 ကနေ 8 အထိ အရောင်လေးတွေခွဲထားပါတယ်။
1 မှာ 1a, 1b, 1c, 1d ဆိုပြီး ၄ ကဒ်ရှိပါတယ်။
2 မှာလည်း 2a,2b,2c,2d ဆိုပြီး ၄ ကဒ်ရှိပါတယ်။ စသဖြင့်ပေါ့။

ကစားတော့မယ်ဆိုရင် ကဒ်တွေကို ရောမွှေလိုက်ပါ။ ကဒ်တွေကို ကစားတဲ့လူတွေအား
တစ်ချပ်စီကုန်တဲ့အထိဝေပါ။ (ဖဲဝေသလိုပေါ့)

၁။ ကစားတဲ့သူတွေက မိမိရတဲ့ ကဒ်တွေကို နံပတ်တွေ အလိုက်စီပါ။
1,2,3,4,5,6,7,8 (ဥပမာ။ 1a 1c, 4a,4c,4d...စသည်ဖြင့်ပေါ့)

၂။ ကဒ်ဝေတဲ့လူကစရပါမယ်။ သူကသူ့ ဘေးကလူကို သူလိုနေတဲ့နံပတ် တစ်ခု
ရှိလားလို့  မေးရပါမယ်။ အထက်ကဥပမာအရဆိုရင် မင်းမှာ 1b ရှိလား၊ဒါမှမဟုတ်
1d ရှိလားလို့ မေး ရမယ်။ ဒါမှမဟုတ် 4b ရှိလားလို့ မေးရမယ်။ တစ်ခါမေးရင်
နံပတ်တစ်ခုပဲမေးပါ။

၃။ အမေးခံရတဲ့သူမှာ အဲ့ဒီသူလိုတဲ့ ကဒ် ရှိရင် မေးတဲ့သူကို အဲ့ဒီကဒ် ပေး ရပါတယ်။
မေးတဲ့သူက သူလိုတဲ့နောက်တစ်ကဒ်ကိုထပ်မေးပါမယ်။ အမေးခံရတဲ့သူဆီမှာ
သူလိုချင်တဲ့ကဒ်မရှိတော့တဲ့အထိမေးရမှာပါ။ ၄ကဒ် ( a,b,c,d) စုံသွားရင် အောက်ချထားပါ။

၎။ အမေးခံရတဲ့သူဆီမှာ လိုချင်တဲ့ကဒ်တွေ မရှိရင်တော့ အမေးခံရတဲ့လူကနောက်
သူ့ ဘေးကလူကို သူလိုနေတဲ့ကဒ်တွေရှိမရှိထပ်မေး ရပါမယ်။ ဒီလိုနဲ့ အစဉ်လိုက်မေးသွားရပါမယ်။

၅။ နောက်ဆုံးမှာ ၄ မျိုးတစ်စုံ အများဆုံးရတဲ့သူကနိုင်ပါတယ်။

Quartett ( Tierkinder)

ကွာတက် (Quartett ) ဆိုတာကတော့ လေးမျိုးတစ်စုံ လို့ အဓိပ္ပါယ်ရပါတယ်။
ဒီကစားနည်းမှာလေးခုတူတာလေးတွေကို စုရမှာ ပါ။ မြန်မာလိုလွယ်လွယ်ပြော
ရရင်တော့ လေးမျိုးတစ်စုံ လို ခေါ်ရမလားပဲ။ ဒါမှမဟုတ် ကွာတက် လို့ ပဲ ခေါ်လို့ 
ရပါတယ်။

ဒီကစားနည်းမှာ ကဒ် ၃၂ ကဒ်ပါပါတယ်။ လူ ၃ ယောက် ကနေ ၄ ယောက်အထိ ကစားနိုင်ပါတယ်။

ကဒ်လေးတွေမှာ 1 ကနေ 8 အထိ အရောင်လေးတွေခွဲထားပါတယ်။
1 မှာ 1a, 1b, 1c, 1d ဆိုပြီး ၄ ကဒ်ရှိပါတယ်။
2 မှာလည်း 2a,2b,2c,2d ဆိုပြီး ၄ ကဒ်ရှိပါတယ်။ စသဖြင့်ပေါ့။

ကစားတော့မယ်ဆိုရင် ကဒ်တွေကို ရောမွှေလိုက်ပါ။ ကဒ်တွေကို ကစားတဲ့လူတွေအား
တစ်ချပ်စီကုန်တဲ့အထိဝေပါ။ (ဖဲဝေသလိုပေါ့)
၁။ ကစားတဲ့သူတွေက မိမိရတဲ့ ကဒ်တွေကို နံပတ်တွေ အလိုက်စီပါ။
1,2,3,4,5,6,7,8 (ဥပမာ။ 1a 1c, 4a,4c,4d...စသည်ဖြင့်ပေါ့)

၂။ ကဒ်ဝေတဲ့လူကစရပါမယ်။ သူကသူ့ ဘေးကလူကို သူလိုနေတဲ့နံပတ် တစ်ခု
ရှိလားလို့  မေးရပါမယ်။ အထက်ကဥပမာအရဆိုရင် မင်းမှာ 1b ရှိလား၊ဒါမှမဟုတ်
1d ရှိလားလို့ မေး ရမယ်။ ဒါမှမဟုတ် 4b ရှိလားလို့ မေးရမယ်။ တစ်ခါမေးရင်
နံပတ်တစ်ခုပဲမေးပါ။

၃။ အမေးခံရတဲ့သူမှာ အဲ့ဒီသူလိုတဲ့ ကဒ် ရှိရင် မေးတဲ့သူကို အဲ့ဒီကဒ် ပေး ရပါတယ်။
မေးတဲ့သူက သူလိုတဲ့နောက်တစ်ကဒ်ကိုထပ်မေးပါမယ်။ အမေးခံရတဲ့သူဆီမှာ
သူလိုချင်တဲ့ကဒ်မရှိတော့တဲ့အထိမေးရမှာပါ။ ၄ကဒ် ( a,b,c,d) စုံသွားရင် အောက်ချထားပါ။

၎။ အမေးခံရတဲ့သူဆီမှာ လိုချင်တဲ့ကဒ်တွေ မရှိရင်တော့ အမေးခံရတဲ့လူကနောက်
သူ့ ဘေးကလူကို သူလိုနေတဲ့ကဒ်တွေရှိမရှိထပ်မေး ရပါမယ်။ ဒီလိုနဲ့ အစဉ်လိုက်မေးသွားရပါမယ်။

၅။ နောက်ဆုံးမှာ ၄ မျိုးတစ်စုံ အများဆုံးရတဲ့သူကနိုင်ပါတယ်။


Quartett ( Mein erstes Quartett)

ကွာတက် (Quartett ) ဆိုတာကတော့ လေးမျိုးတစ်စုံ လို့ အဓိပ္ပါယ်ရပါတယ်။
ဒီကစားနည်းမှာလေးခုတူတာလေးတွေကို စုရမှာ ပါ။ မြန်မာလိုလွယ်လွယ်ပြော
ရရင်တော့ လေးမျိုးတစ်စုံ လို ခေါ်ရမလားပဲ။ ဒါမှမဟုတ် ကွာတက် လို့ ပဲ ခေါ်လို့ 
ရပါတယ်။

ဒီကစားနည်းမှာ ကဒ် ၃၂ ကဒ်ပါပါတယ်။ လူ ၃ ယောက် ကနေ ၄ ယောက်အထိ
ကစားနိုင်ပါတယ်။
ကဒ်လေးတွေမှာ ရုပ်ပုံလေးတွေကို အမျိုးတူအုပ်စုအလိုက်(ဥပမာ။ ။ ခရီးသွားယာဉ်-
ကား၊ လေယာဉ်ပျံ၊ မော်တော်ဆိုင်ကယ်၊ သင်္ဘော) အရောင်လေးတွေနဲ့ ခွဲထားပါတယ်။
အုပ်စုတစ်မျိုးမှာ ၄ ကဒ်ရှိပါတယ်။ အရောင်တူကဒ်လေးတွေရဲ့  ဘယ်ဘက်ထောင့်မှာ
အဲ့ဒီအုပ်စုမှာပါတဲ့ အမျိုးအစား ၄ပုံကို ဖေါ်ပြထားပါတယ်။

ခွဲထားတဲ့ အုပ်စုတွေကတော့- ခရီးသွားယာဉ်၊ တူရိယာ၊ တိရိ စ္ဆာန်၊ ပန်း(နေကြာပန်း၊ ဂန္ဓမာ၊
ခေါင်းလောင်းပန်း၊ စံပယ်ပန်း) ၊အသီး၊ တော တိရိ စ္ဆာန် စသဖြင့် (၈)အုပ်စု ရှိပါတယ်။

ကစားတော့မယ်ဆိုရင် ကဒ်တွေကို ရောမွှေလိုက်ပါ။ ကဒ်တွေကို ကစားတဲ့လူတွေအား
တစ်ချပ်စီကုန်တဲ့အထိဝေပါ။ (ဖဲဝေသလိုပေါ့)

၁။ ကစားတဲ့သူတွေက မိမိရတဲ့ ကဒ်တွေကို အုပ်စု / အရောင် တူရာပုံတွေတွေ အလိုက်စီပါ။
ဥပမာ။ ။ ခရီးသွားယာဉ်- (ကား၊ လေယာဉ်ပျံ၊ မော်တော်ဆိုင်ကယ်၊ သင်္ဘော)။
ပန်း(နေကြာပန်း၊ ဂန္ဓမာ၊ခေါင်းလောင်းပန်း၊ စံပယ်ပန်း)
မိမိမှာ ဘာပုံလိုနေတယ်ဆိုတာ ကို ကဒ်လေးတွေရဲ့ ဒေါင့်မှာ ကြည့်လို့ ရပါတယ်။

၂။ ကဒ်ဝေတဲ့လူကစရပါမယ်။ သူကသူ့ ဘေးကလူကို သူလိုနေတဲ့ပုံ တစ်ခု ရှိလားလို့ 
မေးရပါမယ်။ အထက်ကဥပမာအရဆိုရင် မင်းမှာ သင်္ဘော ရှိလား၊ဒါမှမဟုတ် နေကြာပန်း
ရှိလားလို့ မေး ရမယ်။ တစ်ခါမေးရင် တစ်ပုံပဲမေးရပါမယ်။

၃။ အမေးခံရတဲ့သူမှာ အဲ့ဒီသူလိုတဲ့ ကဒ် ရှိရင် မေးတဲ့သူကို အဲ့ဒီကဒ် ပေး ရပါတယ်။
မေးတဲ့သူက သူလိုတဲ့နောက်တစ်ကဒ်ကိုထပ်မေးပါမယ်။ အမေးခံရတဲ့သူဆီမှာ
သူလိုချင်တဲ့ကဒ်မရှိတော့တဲ့အထိမေးရမှာပါ။ ၄ကဒ် တစ်အုပ်စု စုံသွားရင် အောက်ချထားပါ။

၎။ အမေးခံရတဲ့သူဆီမှာ လိုချင်တဲ့ကဒ်တွေ မရှိရင်တော့ အမေးခံရတဲ့လူကနောက်
သူ့ ဘေးကလူကို သူလိုနေတဲ့ကဒ်တွေရှိမရှိထပ်မေး ရပါမယ်။ ဒီလိုနဲ့ အစဉ်လိုက်မေးသွားရပါမယ်။

၅။ နောက်ဆုံးမှာ ၄ မျိုးတစ်စုံ အများဆုံးရတဲ့သူကနိုင်ပါတယ်။

စိတ်မဆိုးပါနဲ့  ( Mensch ärgere Dich nicht )
● ဒီကစားနည်းကတော့ မြန်မာတွေ ကစားကြတဲ့ ကြွေပစ်တာ၊ ပဆစ် ကစားတာနဲ့ 
ဆင်ပါတယ်။ ပန်းတိုင် မရောက်ခင် နောက်ပြန်ပြန် ဆင်းနေရလို့  စိတ်မဆိုးပါနဲ့ 
လို့ ဒီကစားနည်းလေးကို နံမယ် ပေးထားပါတယ်။
● ကစားသူ ၂ ဦး ကနေ ၄ ဦး
● အနီ။ အ၀ါ၊ အစိမ်း၊ အနက် ရောင် အရုပ်လေးတွေ တစ်ရောင်ကို ၄ ရုပ် ပါပါတယ်။
● အံစာတုံး ၁ တုံး ၊ ကစားတဲ့ ကဒ်ပြား ၃ ခြမ်း
ကစားတဲ့ ကဒ်ပြား ၃ ခြမ်း ကို မကစားခင် တစ်ချပ် ထဲဖြစ်အောင် ဆက်လိုက်ပါ။

၁။ ကစားသူတွေက မိမိ ကြိုက်တဲ့ အရောင် အရုပ်လေးတွေရွေးလိုက်ပါ။
(အနီ။ အ၀ါ၊ အစိမ်း၊ အနက်)
၂။ အနီရုပ် ၄ခုကို အနီရောင် B နေရာ၊ အ၀ါရုပ် ၄ခုကို အ၀ါရောင် B နေရာ၊
အစိမ်းရုပ် ၄ခုကို အစိမ်ရောင် B နေရာ၊ အနက်ရောင် ၄ရုပ်ကို အနက်ရောင်
B နေရာ တွေမှာစီလိုက်ပါ။
၃။ ဘယ်သူက အရင်စပြီးကစား ရမယ်ဆိုတာကို ကလေးတွေဘာသာ သတ်မှတ်
ပေးပါ။ ဥပမာ ၊ အသက်ငယ်တဲ့သူ ကအရင်၊ ဒါမှမဟုတ် အသက်ကြီးတဲ့သူကအရင်
စသည်ဖြင့် သတ်မှတ် လိုက်ပါ။
အံစာကို တလှည့်စီပစ်ပါ။ (၆) ::: ကျတဲ့သူက အရုပ်တစ်ရုပ် စထွက်ရပါမယ်။
မိမိ အရုပ် အရောင်နဲ့  A လို့ ရေးထားတဲ့နေရာက စထွက်ရမှာပါ။
(၆)::: ကျရင် အမြဲတမ်း ၂ခါ ပစ်ခွင့်ရှိပါတယ်။
ဒုတိယ အကြိမ် ကျတဲ့ နံပတ် အတိုင်း မြှားပြထားတဲ့ လမ်းကြောင်းအတိုင်းဆက်ရွှေ့ 
သွားပါ။ နောက်အလှည့်တွေမှာလည်း ဒီအတိုင်းပဲဆက်ရွေ့ သွားပါ။
နောက်တခါ (၆) ::: ကျရင် B မှာရှိတဲ့ နောက်တရုပ် ကို A ကိုရွေ ပြီးစထွက်နိုင်ပါတယ်။
၎။ ကျန်တဲ့သူတွေကတော့ (၆) ::: မကျမခြင်း အလှည့်ကျ ပစ်ပါ။ (၆)::: ကျရင်
စထွက်ပါ။ဒီလိုနဲ့ ကစားသူတွေအလှည့်ကျ အံစာပစ်လိုက်၊ ရွှေ့ လိုက်နဲ့ ကစားပါ။
၅။ သွားနေရင်းလမ်းမှာ တခြားအရောင်ရှိနေရင် ကျော်သွားလို့ ရပါတယ်။
၆။ ကိုယ်ရောက်ရမယ့် အကွက်မှာ တခြားအရောင်ရှိနေရင်၊ အဲ့ဒီ တခြားအရောင်က
သူ့ ရဲ့ အိမ် B ကို ပြန်ဆင်းပေးရပါမယ်။
၇။ အဲ့ဒီလိုနဲ့ အရောင်တိုင်းဟာ သူ့ ပန်းတိုင်ဖြစ်တဲ့ a, b, c, d အကွက်လေးတွေဆီ
ရောက်အောင်သွားရပါမယ်။ a,b,c,d နေရာတွေမှာ အရုပ်တွေကိုတော့ ကျော်
သွားလို့ မရပါဘူး။ ဒါကြောင့် d နေရာကို အရင်ဖြည့်ပါ။ ပြီးမှ c, b နေရာတွေကို ဖြည့်ပါ။
နောက်ဆုံး အရုပ်ကို ( a ) နေရာမှာ ဖြည့်ရပါမယ်။ အဲ့ဒီ နေရာ ကို ရောက်မယ် အံစာနံပတ် မကျမခြင်းမိမိအလှည့်ရောက်တိုင်း အံစာပစ်ရပါမယ်။ ဥပမာ a နေရာကိုရောက်ဖို့  ၂ လိုတယ်
ဆိုပါတော့။ ကိုယ်ပစ်တဲ့ အံစာက ၅ ကျတယ်ဆိုရင် ဘာမှလုပ်လို့ မရပါဘူး။
နောက်လူကို အလှည့်ပေးရပါမယ်။ နောက် ကိုယ့်အလှည့်မှာ ထပ်ကြိုးစားတာပေါ့။
၈။ ပန်းတိုင်ကို (၄)ရုပ်စလုံး အရင်ရောက်တဲ့သူက ပထမ ၊ ဒုတိယရောက်တဲ့သူက
ဒုတိယ... စသဖြင့် အနိုင်ရကြပါတယ်။

Monday, 7 December 2009

ကျေးဇူးတင်ပါတယ်။

ဘာလိုလိုနဲ့  ၂၀၀၉ ခုနှစ်လည်း မကြာခင်ကုန်တော့မယ်။ ဒီနှစ်ထဲမှာ ကျမ

Blog တွေကို တော်တော်လေးလည်ဖြစ်ခဲ့ပါတယ်။ ကျမရဲ့  Bolg လေးကို

၂၀၀၇ လောက်ကစပြီးရေးဖြစ်ခဲ့ပေမဲ့ ဘယ်မှလည်းမလည်ဖြစ်၊ ဘယ်သူကမှ

လည်း လာမလည်ကြ နဲ့ ကျမတယောက်ထဲပဲ။

၂၀၀၈ လောက်ရောက်တော့ မလု ရဲ့  Blog ကတဆင့် ဘလော့ တချို့ ကို

သွားလည်ဖြစ်တယ်။ စန္ဒကူး၊ ထမင်းအိုး၊ မြူး၊ We she me, မမိုးချိုသင်း၊

စုဘူးအိမ် တို့ ဆီ ပုံမှန်ရောက်ဖြစ်တယ်။ အဲ့ဒီတုန်းကမြန်မာလိုကလည်း

မရိုက်တတ်တော့ Comment တွေ၊ Cbox တွေမှာလည်း

သိပ်မရေးဖြစ်ခဲ့ပါဘူး။

၂၀၀၉ ခု ၄လပိုင်းမှာ မြန်မာလိုရိုက်လို့ အဆင်ပြေရော ကျမ ပြောချင်တာ

တွေ၊ရေးချင်တာတွေ တော်တော်လေးေ၇းဖြစ်ခဲ့ပါတယ်။ ဘလော့တွေဆီ

လည်း တော်တော်ရောက်ဖြစ်တယ်။ဒီလိုနဲ့ ကျမ အတွက် ရင်ဖွင့်ရာ နေရာ

အသစ်လေးတခုရခဲ့တယ်။ မိတ်ဆွေသစ်တွေလည်းတိုးခဲ့တယ်။

အရင်က အိမ်ရယ်၊ အလုပ်ရယ်ပဲရှိခဲ့တဲ့ ကျမ အခုတော့ အားချိန်ရတာနဲ့ 

ဘလော့တွေဆီသွားလည်၊ အတွေ့ အကြုံတွေ ဖလှယ်ကြ၊ ဟင်းချက်နည်းတွေ

စမ်းသပ်လိုက်နဲ့  ကျမအတွက်အိမ်လွမ်းချိန်၊ တွေးချိန်၊ ဘာလုပ်ရမှန်းမသိတဲ့

အချိန်တွေ နဲလာတယ်။ တဖြေးဖြေးနဲ့ ကျမပျော်လာတယ်။ နေရတာ

အဓိပ္ပါယ်ရှိလာသလိုပဲ။အရင်က ကျမညတိုင်းလိုလို မြန်မာပြည် ကိုအိပ်မက်

မက်တယ်။ မနက်တိုင်း Thomas ကို ပြောပြလေ့ရှိတယ်။ ဒီနှစ်တော့ အဲ့ဒီ

အိပ်မက်တွေ သိပ်မမက်တော့ဘူး။

တကယ်တော့ ဘလော့လေးတွေကတဆင့် မြန်မာစာတွေဖတ်ရ၊ လွမ်းနေတဲ့

မြန်မာ အစားအစာတွေ မြင်ရ၊ ဟင်းချက်နည်းသစ်တွေရ၊ မြန်မာသူငယ်ချင်း

တွေရခဲ့တယ်။တယောက်နဲ့ တယောက် မတွေ့ ဘူး၊ မသိဘူးကြပေမဲ့ သံယောဇဉ်

လေးတွေရှိကြတယ်။သူတို့ ဆီကိုကျမ သွားမလည်ရတဲ့နေ့ တွေဆို တခုခု

ဟာနေသလိုပဲ။

ကျမဆီ လာလည်ကြတဲ့ သူငယ်ချင်းများ ကိုလည်း ကျမ အထူးကျေးဇူးတင်ပါတယ်။

ကျမကို ဗဟုသုတတွေပေးတဲ့ ဘလော့ရေးသူ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် ၂၀၀၉ မှ ၂၀၁၀ နှစ်သစ်ကို

ကူးပြောင်းနိုင်ကြပါစေလို့ ဆုမွန်ချွေလျှက်...........

Thursday, 3 December 2009

နိုင်ငံတကာဆက်ဆံရေးပညာ ဌာန (၂၅)နှစ်မြောက် အမှတ်တရ

ကျမတို့ က ကမာရွတ်၊လှည်းတန်းမှာနေတာဆိုတော့ တက္ကသိုလ်မြေနဲ့ ငယ်ငယ်
လေးကတည်းကနီးစပ်လာခဲ့ရတာပါ။ ကျမ (၅)နှစ်သမီးအရွယ်ကတက္ကသိုလ်
အနုပညာအသင်းမှာ ကဗျာလွတ်စသင်ခဲ့ရတာ မှတ်မိသေးတယ်။ ကျမတို့ ကို
ထိန်းပေးတဲ့ အစ်မတွေက တက္ကသိုလ် ၀န်ထမ်းတွေရဲ့  ဆွေမျိုးတွေဖြစ်ပြန်၊
အဒေါ်ကလည်း ဓါတုဗေဒဋ္ဌာနမှာဆရာမဆိုတော့ သူတို့ နဲ့ အတူတူ ကျောင်းဝင်း
ထဲမကြာခဏရောက် ဘူးနေတယ်။

RC ထဲမှာလုပ်တဲ့ တိုင်းရင်းသားဈေးရောင်းပွဲတွေမှာ ကိုကြီးနဲ့ အတူ မုန့်  လျှောက်
စားကြတာ၊ပြထားတဲ့အရုပ်လေးတွေလိုချင်လို ကံစမ်းမဲနှိုက်ကြတာတွေတခါတခါ
သတိရမိသေးတယ်။ တိုင်းရင်းသားဝတ်စုံတွေဝတ်ထား ကြတာတွေ့ တော့ဘာရယ်
မဟုတ်ဘူး ကျမလည်း အဖေသွေး ဖြစ်တဲ့ မွန်တိုင်းရင်းသားဖြစ်ရတာဂုဏ်ယူမိတယ်။

အသက်ကြီးလာလို့ တက္ကသိုလ်ရောက်ရင် မွန်စာသင်မယ်လို့ စိတ်ကူးယဉ်ခဲ့ဘူးတယ်။
ဒါပေမဲ့ ကျမ ရန်ကုန်တက္ကသိုလ်ရောက်တော့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ 
တွေနဲ့  ဝေးသွားခဲ့ရတယ်။ကျမတို့  ငယ်ငယ်က ရေကူးသင်ကြတော့ အင်းယားကန်မှာ။
ရေသွားကူးတိုင်း ကျောင်းဝန်းထဲကဖြတ်လျှောက်ရင်း တက္ကသိုလ်ကျောင်းသူ၊ကျောင်း
သားတွေကို အားကျမိတယ်။

ကျမနေတဲ့ကျောင်းက ပညာရေးတက္ကသိုလ် လက်အောက်မှာရှိတော့ သင်္ကြန်ကပွဲ
တွေဆို တက္ကသိုလ်ကျောင်းတွေနဲ့ တွဲကဖြစ်တယ်လေ။ အဲ့ဒီတုန်းက ကျမတို့ 
ကလေးတွေ က တက္ကသိုလ်ကျောင်းသူတွေကိုငေးခဲ့ရတာပေါ့။
(၁၀)တန်းရောက်တော့ ပုဂံလမ်းမှာ ကျူရှင်တက်တော့ ကျောင်းဝန်းထဲကို
ရောက်ပြန်ရော။ပုဂံဆောင်မှာ စာသင်တော့ အဆောင်သူတွေရဲ့ ဘ၀ကိုတွေ့ ပြီး အဆောင်သူဖြစ်ချင်ခဲ့ဘူးသေးတယ်။တခါတလေသထုံလမ်းမှာခရေပန်းတွေ
ကောက်ကြတာမှတ်မိနေသေးတယ်။

ကျမ ငယ်ငယ်ကတည်းက အမေကသူတက္ကသိုလ်ကျောင်းသူ ဘ၀က အကြောင်း
တွေကို မကြာခဏပြောပြလေ့ရှိတယ်။ သူတို့  အဆောင်သူဘ၀တွေ၊ အဆောင်
်ညစာစားပွဲတွေ၊ သူတို့ ခေတ်က တက္ကသိုလ်ကျောင်းသား အဆိုတော်တွေ၊သူတို့ 
ခေတ်က ကြုံတွေ့ ခဲ့ရတဲ့ လှုပ်ရှားမှုအကြောင်းတွေစတာတွေကို နားထောင်ရင်း တက္ကသိုလ်ကျောင်းသူတယောက်ရဲ့ ဘ၀ကို စိတ်ကူးရင်ခဲ့ဘူးတယ်။
အမေကပြောဘူးတယ်။ တက္ကသိုလ်ရောက်ရင် အဆောင်နေမှတက္ကသိုလ်
ကျောင်းသူပီသတယ်တဲ့။ ဒါပေမဲ့ကျမ အဆောင်သူမဖြစ်ခဲ့ပါဘူး။

အဖေပြောပြတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကလည်း စိတ်ဝင်စားဖို့ 
ကောင်းတဲ့ဇာတ်လမ်းတွေပေါ့။အဖေ ကကျောင်းတုန်းက အားကစားလုပ်ပြီး
သူရေကူးတာ၊ မာရသွန်ပြေးတာ၊ လက်ဝှေ့ ထိုးခဲ့တာ၊လက်သီးသိန်းညွန့် ဆိုပြီး
နံမယ်တွင်ခဲ့တာ စတာတွေကိုနားထောင်ရပြန်တော့ ပျော်စရာကောင်းတဲ့
တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀တွေကို အားကြမိခဲ့ရတာပါ။
သူတို့ ခေတ်ကကျောင်းသားအရေအတွက်ကနဲတော့ လူတိုင်းကိုသိကြတယ်။
ကျောင်းသားတိုင်းလိုလိုကို လှည်းတန်းကဆိုင်တွေကသိကြတာ။အဖေ၊အမေတို့ နဲ့  လှည်းတန်းထိပ်လမ်းလျှောက်ရင်ပဲ လှည်းတန်းထိပ်ကဆိုင်တွေက နှုတ်ဆက်ကြ၊
အချိန်ရရင် ရှေးဟောင်းနှောင်းဖြစ်တွေပြေကြတာတွေကိုကြည့်ပြီး
တက္ကသိုလ်ကျောင်းသူဖြစ်ရမှာ တွေးပြီး ဂုဏ်ယူမိဘူးတယ်။

ဒီလိုနဲ့ ကျမတက္ကသိုလ်ရောက်လာခဲ့တယ်။ IR တက်ခွင့်ရတယ်။ ကျမက
တကယ်တော့ အင်္ဂျင်နီယာဖြစ်ချင်ခဲ့တာ။ (၈)မှတ်နဲ့ ပြုတ်ခဲ့ရတယ်။
ဒါကလည်းကျမရင်းနှိးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျင်လည်လာဖို့  အကြောင်းဖန်
လာတာနေမှာပါ။ ကျမတို့ က IR 2nd Batch ပထမ(၂)နှစ်တော့ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေမှာ အချိန်ပြည့်တက ခဲ့ရတယ်။ ကျမတို့  IRမှာ ဘာသာတိုင်းကိုအင်္ဂလိပ်
လိုသင်ရတယ်။မြန်မာစာကလွဲလို့ ပေါ့။ စစချင်းတော့ တော်တော်အခက်တွေ့ ရတယ်။
ပထမနှစ်မှာ ဆရာမဒေါ်စန်းစန်းတင် ကElements of political Thought ကို
သင်တယ်။ ခက်လိုက်တာ။Plato တို့ Aristotleတို့....Political geography ဆို
မနဲလိုက်ရတယ်။ Dictionary တအုပ်နဲ့ ဟိုလှန်ဒီလှန်ပေါ့။ ပထမနှစ်ကျောင်းသူဘဝ
ကကျမအတွက် တော်တော်ပင်ပန်းသား။ အင်္ဂလိပ်ဝေါဟာရ အသစ်တွေနဲ့ 
့လုံးပန်းနေခဲ့ရတာ။ ကျက်လိုက်ရတဲ့စာကတော့ အမြဲတမ်းပဲ။ ဒီကြားထဲမှာပဲ ကျမတို့ 
ကို ကူညီစာသင်ပေးတဲ့ ဆရာတယောက် ရခဲ့တယ်။
သူ့ ကြောင့် စာတွေကျက်ရတာ လွယ်ကူသွားရတာ။ သူ့ ကြောင့်လည်း ကျမ
ရန်ကုန်တက္ကသိုလ်ကျောင်းသူဘ၀ တလျှောက် စာနဲ့ ပတ်သက်ရင် အခက်အခဲတွေလွယ်ကူစွာကျော်လွှားနိုင်ခဲ့တယ်။ဆရာမဖြစ်တဲ့အထိ
သူ့ အကူအညီတွေရခဲ့တယ်။

ဒုတိယနှစ်ရောက်တော့ ကျမသူငယ်ချင်းအသစ်အုပ်စုထဲရောက်သွားတယ်။
အဲဒီတော့မှ ရန်ကုန်တက္ကသိုလ် ကျောင်းသူဘ၀ဆိုတာ နဲနဲပီပြင်လာရတာ။
ကျမတို့ အဖွဲ့ က စစချင်း (၄)ယောက်။တော်တော်လေး သူများမျက်စိ နောက်တဲ့
အုပ်စုပေါ့။ ဂုဏ်ထူးတန်းခွဲမှာမို့ လည်း တဘက်ကကြိုးစားကြရသလို၊တက္ကသိုလ်
ကျောင်းသူတယောက်ရဲ့ အပျော်ဆုံးအချိန်တွေကိုလည်း ရခဲ့တယ်။
ပြန်တွေးတိုင်းသတိရတယ်။သူငယ်ချင်းတွေကိုလည်းသတိရတယ်။

ဒီလိုနဲ့ ၁၉၈၈ မှာ ရန်ကုန်တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်။ ကျမတို့ သူငယ်
်ချင်းတွေ ဂုဏ်ထူးတန်းဝင်ကြတယ်။ကျောင်းဖွင့်စကတော့ ပျော်သား။
ဒါပေမဲ့သိပ်မကြာပါဘူး ကျောင်းတွေပိတ်လိုက်တယ်။ကျောင်းတွေပြန်ဖွင့်တော့
တချို့ သူငယ်ချင်းတွေလည်း အကြောင်းအမျိုးမျိုးကြောင့် အဝေးကိုရောက်
သွားကြတယ်။ ကျမစိတ်ကူးရင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀လေးလည်း
ပျက်မတတ်ဖြစ်ခဲ့ရတယ်။ ကျောင်းတွေဖွင့်လိုက်ပိတ်လိုက်ကြားကပဲ ကျမတို့ 
အုပ်စု ရသမျှအချိန်လေးတွေမှာ ပျော်စရာ အမှတ်တရတွေချန် ထားခဲ့ကြတယ်။

ကျောင်းဖွင့်တဲ့ အချိန်တိုလေးအတွင်းမှာ Tutorial တွေအလွတ်ဖြေနိုင်ဖို့ 
စာတွေကျက်ရ၊ Term Paperတွေရေးကြ၊ Seminar တွေမှာ ငြင်းကြခုန်ကြ၊
စာကြည့်တိုက်တွေသွားကြ၊ သင်တန်းတွေတက်ကြနဲ့အချိန်အများစုဟာ စာတွေနဲ့ 
ကုန်ခဲ့ရတယ်။ ကျမ ငယ်ငယ်က အတွေးထဲ၊စိတ်ကူးထဲက တက္ကသိုလ်
ကျောင်းသူ ဘ၀ကိုတော့ အပြည့်အ၀မရခဲ့ဘူးလို့ ပြောရမှာပါ။
ဒါနဲ့ ပဲကျောင်းပြီတော့ ဌာနမှာ အလုပ်ပြန်ဝင်တဲ့အခါ ကျမရင်းနှီးခဲ့တဲ့
တက္ကသိုလ်ကြီးမှာ ဆက်လက်ကျင်လည်ခဲ့ရပြန်တယ်။ အဲ့ဒီတော့မှ IR ဌာနနဲ့ 
တကယ့်ကိုရင်းနှီးလာရတယ်။ ဌာနက ဆရာကြီးတွေ၊ဆရာမကြီးတွေနဲ့ ပိုရင်းနှီးလာ
ရတယ်။ ကျမ လေးစားရတဲ့ ဆရာဦးထိန်ဝင်း အပါအ၀င် ဆရာ၊ဆရာမများ က
ကျမတို့ ပေါ်စေတနာထားကြပါတယ်။ဌာနမှာအားလုံးဆိုးတူကောင်းဖက် တိုင်တိုင်
မင်မင်နဲ့ ပျော်စရာအချိန်လေးတွေဖြစ်ခဲ့ရပြန်ေ၇ာ။ ဒီအပျော်လေးတွေက
၁၉၉၉ မှာ ပြီးဆုံးဖို့ ဖြစ်လာတယ်။

၁၉၉၈ မှာThomas က ရန်ကုန်က တက္ကသိုလ် တခုမှာ ကျောင်းလာတက်တယ်။
ကျမတို့ နှစ်ယောက်တက္ကသိုလ်ခြင်းမတူပေမဲ့ သူတို့ ကိုသင်တဲ့ ဆရာတချို့ ဟာ
ကျမဆရာတွေဖြစ်ပြန်တော့ ပြောစရာခေါင်းစဉ်လေးတွေ ရှိလာတာပေါ့။
အခုထိကျမတို့ နှစ်ယောက် ရန်ကုန်က တက္ကသိုလ်အတွေ့ အကြုံတွေ
ပြောဖြစ်ကြတုန်းပါ။ကျမကျင်လည်ခဲ့တဲ့ တက္ကသိုလ်ကြီး ကို ၁၉၉၉ မှာ စွန့် ခွာခဲ့ရတယ်။ စိတ်ထဲမှာတကယ့်ကိုဝမ်းနည်းခဲ့ရတယ်။

ကျမအတွက်တော့ တက္ကသိုလ်ဆိုတာ စိတ်ကူးတွေ အကောင်အထည်ဖေါ်တဲ့နေရာ၊
စိတ်ကူးတွေပျက်ပြယ်ရတဲ့နေရာ၊ပျော်စရာတွေ ဆုံတွေ့ ရတဲ့နေရာ၊ လွမ်းစရာတွေ
ရှိခဲ့တဲ့နေရာတခုပါပဲ။ကျမငယ်ငယ်ကတည်းက အတွေးထဲ၊စိတ်ကူးတွေထဲမှာ ရှိခဲ့ရတဲ့
တက္ကသိုလ်ကြီးနဲ့ ကျမဘ၀ရဲ့ အချိန်အများစုကုန်လွန်ခဲ့ရတဲ့ IR ဌာန၊ ပြန်တွေးတိုင်း
လွမ်းမိတဲ့တက္ကသိုလ်ကြီးနဲ့ IR ဌာန၊ ကျမကို ပညာပေးခဲ့တဲ့ တက္ကသိုလ်ကြီးနဲ့ IR ဌာန၊
အခုတော့ IR ဌာနကြီးလည်း (၂၅)နှစ်ပြည့်ခဲ့ပြီ။ ကျမကဌာနကိုစွန့် ခွာပြီးအဝေးကို
ရောက်နေပေမဲ့ IRဌာနကတော့ တက္ကသိုလ်ကြီးထဲမှာ ရှိနေတုန်းပါ။
ကျမအတွေးထဲမှာ လည်း ဌာနကိုသတိရနေတုန်းပါ။ ကျမသူငယ်ချင်းများလည်း
ကျမလိုပဲ တက္ကသိုလ်ကြီးနဲ့ IR ဌာနကို သတိရနေကြမှာပါ။

၂၇.၁၂.၀၉ မှာ ဆီဒိုးနားမှာကျင်းပမဲ့ IR ဌာန ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား နဲ့ 
ဆရာ ကန်တော့ပွဲ၊မိတ်ဆုံစားပွဲကိုတော့ ကျမသွားနိုင်မှာမဟုတ်ပေမဲ့ အဝေးကနေ
သတိရနေမှာပါ။

( ကံ့ကော်ပန်းတွေနဲ့  ၊ အမှတ်တရရှိခဲ့ဖူးသူ အားလုံးကို သတိရလျှက်...)