Tuesday, 13 July 2010

အသွင်တူလား မတူလား

အသွင်တူလား မတူလား။ ကျမတို့ ကတော့ အသွင်မတူတာသေချာပါတယ်။
သူကအနောက်က၊ ကျမက အရှေ့က... အရှေ့နဲ့ အနောက်တွေ့ ကြတော့
မတူတာတွေက ခပ်များများပါ။
သူက လူမျိုး၂ မျိုးရောထားသလို ကျမကလည်း ၄ မျိုးလောက်ရောနေတော့
စိတ်တွေကဟိုတမျိုးဒီတမျိုး။
ကျမတို့  နှစ်ယောက် အသက်ကွာကြတာကလည်း အသွင်မတူစေတဲ့ အကြောင်း
တခုဖြစ်မှာပါ။
သူကပြောတော့ ကျမက တိကျတယ်တဲ့(စာအုပ်ကြီးအတိုင်းပေါ့)။
သူကတော့ သူလုပ်ချင်တာလုပ်တတ်တဲ့သူပါ။
မီးနီရင် လမ်းမကူးရဆိုပေမဲ့ ကားရှင်းရင် ပြေးကူးချင်တဲ့သူ။
ဒါပေမဲ့ အချိန်တိကျတာချင်းတော့ နှစ်ယောက်စလုံးအတူတူပဲ။ တခုခုလုပ်စရာရှိရင်
မြန်မြန်ပြီးအောင်လုပ်တတ်တာလည်း တူကြတယ်။
ကျမက တခုခုကန့် သတ်ထားတဲ့စည်းကမ်း အတွက် တိတိကျကျလုပ်ပေမဲ့
စာရွက်စာတမ်း နဲ့ ပတ်သက်ရင်တော့ သူကပိုတိကျပါတယ်။

ကျမက ပတ်ဝန်းကျင်အသစ်တခုကို လွယ်လွယ်ကူကူ အသားကျပေမဲ့ သူက ဘယ်လိုမှ
ညှိမယူတတ်ပါဘူး။ ကျမက သည်းခံတတ်လွန်းပေမဲ့ သူက ဘာကိုမှ သည်းမခံချင်ပါဘူး။
ဘာမဟုတ်တဲ့ အပူဒဏ်၊ ဆူညံသံတွေကို နဲ နဲမှ သည်းမခံနိုင်ပါ။
ကျမကတော့ ပူတဲ့၊ဆူတဲ့နေရာကလာတော့ အကြောင်းမဟုတ်တာလည်းဖြစ်မှာပါ။

ကျမကစေ့စေ့စပ်စပ်သုံးပေမဲ့ သူက တော့ကျမလိုမဟုတ်ပါ။ သူက ခရီးထွက်တာ
ဝါသနာပါပေမဲ့ကျမက အိမ်မှာနေရတာပျော်တဲ့သူပါ။

ကျမတို့ နှစ်ယောက်စလုံးကတော့ လက်တွေ့ ဆန်ကြတာတူပါတယ်။ ကဗျာဆန်ဆန်
အမှတ်ရစရာတွေသိပ် မရှိပါဘူး။

သူကမြန်မာဆန်တယ်။ ရန်ကုန်ရောက်တာနဲ့ ပုဆိုးဝတ်၊ညှပ်ဘိနပ်စီး၊
ပဲပြုပ်ထမင်း နဲ့  မြန်မာကော်ဖီကို မနက်တိုင်း မရိုးနိုင်အောင်သောက်တယ်။
ငပိကြော်ဆို စပ်မှ၊ ငပိများမှ ကြိုက်တယ်။ ကျမကတော့အစပ်မစားနိုင်ပါ။
သူကပြောတာတော့ သူ လူဖြစ်တဲ့နေရာမှားနေတာတဲ့၊ မြန်မာပြည်မှာ
မွေးရမှာဆိုပဲ။

မတူညီတာတွေက ခပ်များများပါ။ ဒါတွေကို နားလည်အောင် ညှိယူကြရတာ။
အစပိုင်းတော့တော်တော်ကိုခက်ပါတယ်။ နှစ်ယောက်တွေ့ ကြတော့ အရိုးစွဲနေတဲ့ 
ကိုယ်ပိုင် အသွင်တွေကို ပြောင်းလဲဖို့ ဆိုတာ အချိန်ကြာပါတယ်။ သူ့ ဆီက
ကောင်းတာကိုယူ၊ ကျမဆီက မကောင်းတာကို အသွင်ပြောင်းရတယ်။
သူ့ ကိုလည်း ကောင်းတဲ့ အသွင် ပြောင်းတာကို လက်ခံကျင့်သုံးဖို့ 
လည်းနားဝင်အောင်ပြောရ၊ ကိုယ့်ရဲ့ အပြုအမူနဲ့  သူလက္ခံနိုင်အောင်ပြရ.....
နည်းမျိုးစုံပေါ့။

သူ့ ဆီက ကျမရခဲ့တဲ့ ကောင်းတဲ့ အသွင်တခုကတော့ ကျမ တရားဓမ္မကို သိလာရတာပါပဲ။
ကျမက မိရိုးဖလာ ဗုဒ္ဓဘာသာဆိုပါတော့၊ ငယ်ငယ်ကတော့ လေ့လာခဲ့ပေမဲ့ ကျမ တရားဓမ္မ
နဲ့ ဝေးနေချိန်မှာသူနဲ့ တွေ့ ကြတာကို။ သူ့ ကြောင့် ပဌာန်းရွတ်တတ်အောင်သင်ခဲ့ရတာ။
သူနဲ့ တွေ့ ပြီး ပထမဆုံး ကဆုန်လပြည့်နေ့ မှာ ကျမဘ၀ရဲ့ ပထမဆုံး ရှစ်ပါးသီလစောင့်
တည်ခဲ့ရတာပါ။ သီလနဲ့ ဘာဝနာဆိုတာ သူ့ ဆီကတဆင့် လက်တွေ့ လုပ်ဆောင်
လာနိုင်တာပါ။ကျမတို့ လက်မထပ်ခင် ၁၀ရက် တရားစခန်း ပေးဝင်စေပါတယ်။
သူက ရတနာသုံးပါး ကို လေးစား၊တန်ဖိုးထားသလို ကျမလည်း လေးစားတန်ဖိုးထားတတ်ဖို့ 
လိုပါတယ်တဲ့။ ကျန်တဲ့ အသွင်မတူတာတွေကို တော့ ညှိယူလို့ ရပါတယ်တဲ့လေ။

ဒီလိုနဲ့ ပဲ (၁၁)နှစ်အချိန်ရလာတော့ အရင်က အသွင်မတူတာတွေလည်း သိပ်သတိမထားမိ
တော့သလိုပါပဲ။ သြော်... အသက်တွေကြီးလာလို့ နဲ့ တူပါရဲ့ ။

26 comments:

လသာည said...

ပိုစ်တူနေတာကိုး.. (ဒါကြောင့် လာစပ်စုသွားပါတယ်လို့ နောက်သွားတာလား)

ဟုတ်.. ပြန်လိုက်လာပြီး လာစပ်စုသွားပါတယ်.. ၁၁ နှစ်အတွင်း က အသွင်တူခြင်း မတူခြင်းပေါ့နော်။ အစ်မတို့အချစ်က အားကျဖို့ကောင်းပါတယ်..

Anonymous said...

ပုဆိုးဝတ်တတ်တယ်လား... တော်လိုက်တာ...၊

Anonymous said...

လာရောက် အားပေးသွားတယ် ညီမ ရေ

ဒီလိုပါဘဲ နောက်တော့လည်း အားလုံး အဆင်ပြေ သွားတော့တာပါဘဲ

ချစ်တာတူ တဲ့ အတွက် နှစ်ပေါင်းများစွာခိုင်မြဲနေတာပေါ့နော်၏

ချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဇွန်မိုးစက် said...

ထူးထူးခြားခြား သူက ဗုဒ္ဓတရားတော်မြတ်ကို လေးလေးစားစား နာယူကျင့်သုံးတဲ့သူနော်။ သူနဲ့ပေါင်းဖက်ခွင့်ရတာ အဲသည့်တစ်ခုတည်းနဲ့တင် အစ်မအတွက် သိပ်ကောင်းတဲ့ဆုံဆည်းမှုလို့ ဇွန်က မြင်မိပါတယ်။

စူးနွယ်လေး said...

စိတ်ဝင်တစားနဲ့ လာဖတ်သွားတယ် :)

Anonymous said...

သူ လူဖြစ်တဲ့နေရာမှားနေတာတာ မဖြစ်လောက်ဘူး။ သည်းမခံတတ်ဘူးဆို မြန်မာပြည်မှာလူဖြစ်လို့မရဘူးလေ။

လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့နှစ်ယောက် ဘယ်လိုနေလဲလို့သိချင်နေတာ။
မရှင်လေးက အနေတည်တော့ tagရမှာ အားနာနေတာ။ ရေးပေးတာ ကျေးဇူးနော်။

mm
(THS)

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
mm: မွန်ပြောတာ မှန်တယ်။ ကျမတို့ မြန်မာပြည်မှာ
နေဖို့ ခဏခဏကြိုးစားဖူးပါတယ်။ ပူတာရယ်၊ဆူတာရယ်...သည်းမခံနိုင်ပါ။
သူမြန်မာပြည်စရောက်တော့၁၉၇၃။ နှစ်တိုင်းရောက်ပေမဲ့
ဧည့်သည်အနေနဲ့  ပါ။ တကယ်နေရတော့မယ်ဆိုတော့
သိပ်မလွယ်ရှာဘူး။ ဒါပေမဲ့ ဇွဲမလျှော့ကြသေးပါ။
မွန်...အားနာစရာမလိုပါဘူး။ သူငယ်ချင်းတွေပဲဟာ။

PhyoPhyo said...

တရားဓမ္မကိုသူ့ဆီကပြန်သိလာရတာ .. တကယ်ထူးတဲ့သူပဲနော် ..
မရှင်လေးက ကံကောင်းလိုက်တာ ..
ပဌာန်းကိုလည်း မရှင်လေးအမျိုးသားကသင်ပေးတာဆိုတော့..
လူမျိုးခြားတွေက ကိုယ့်ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာပြီး ကျင့်သုံးလိုက်နာကြတာမြင်တိုင်း
ကိုယ့်ဘာသာအားမရဘူး

Anonymous said...

အမတို့ဖူးစာက အားကျစရာပါ။ ဖတ်ရတာ ပျော်စရာလေး. အစမှာတော့ အတော်စိတ်ညစ်မှာပဲနော်။ တခုတော့ကောင်းတယ်..အစားအသောက်..သူက မြန်မာလိုစားနိုင်တော့ အဆင်ပြေတယ်အမ။

ဟုတ်တယ်..
ကျနော်နဲ့တွဲလုပ်တဲ့ဂျပန်တွေလည်း မြန်မာပြည်ရောက်တာနဲ့ ပုဆိုးနဲ့တိုက်ပုံ မချွတ်စတမ်းဝတ်တာအမရေ..။

မြတ်နိုး

Anonymous said...

အမ..ဘာသာတရားလည်းအတော်လိုက်စားတော့.ဟုတ်တော့လည်းဟုတ်တယ်..သူ မြန်မာပြည်မှာလူဖြစ်ရမှာ..တော်တော်ပဌာန်းဆက်ါရှိတာပဲ အမတို့ ၂ယောက်..ဖတ်ရတာကြည်နူးတယ်..


မြတ်နိုး

သက်ဝေ said...

ဖတ်ရတာ သဘောကျတယ်...
ညီမတို့ နှစ်ယောက်စလုံး လက်တွေ့ကျတယ် လို့ ခံစားရတယ်။ ညီမရေးတာလဲ ရှင်းရှင်းလင်းလင်းနဲ့ ကောင်းတယ်...
၁၁ နှစ်မှသည် နှစ်ပေါင်းများစွာ မခွဲမခွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြစေရန် ဆုတောင်းသည်...။

ဧပရယ်လ်ပူး@ပူးတေ said...

မမကံကောင်းတယ်.... ဘာသာတရားနဲ့ ပက်သက်ပြီး စိတ်တူကိုယ်တူ လုပ်နိုင်တာ.. ပူးတေနဲ့တူတူပဲ... :)

လုလု said...

ဖတ်ပြီး သဘောတွေကျနေတာ။
မမရှင်လေးနဲ့ အစ်ကိုသောမတ်စ်တို့ ပျော်ရွှင်စွာနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေနော်။
ချစ်ခင်စွာဖြင့်
လုလု

မီးမီး said...

ဦးကိုကိုမောင်ကိုမေးလိုက်တိုင်းတ၇ားစခန်းဝင်နေတာချည်းဘဲ.သူ့ကိုသိခါစကတဲကတအားအံသြတယ်.ဆွေစဉ်မျိုးဆက်ဗုဒ္ဒဘာသာကိုးကွယ်လာပြီး.သူ့လောက်တ၇ားမထိုင်ဖူးပါ.ဒေါ်ကြီးေ၇.ရှင်ကံကောင်းတယ် ဘ၀ဆိုတာအေးချမ်းသာယာနေ၇င်.ဘာလိုသေးလဲ??အားကျနေ တယ်နော် :)

An Asian Tour Operator said...

တယောက် ကို တယောက်ချစ်တာ တူတာကိုးးး :))

T T Sweet said...

၂ယောက်လုံး စိတ်ရှင်းကြတယ်နော်။ ဘုရားတရားလုပ်တဲ့သူတွေဆိုတော့ နတ်ပြည်တူတူ ရောက်ကြမှာပါ။

၉၉၉ယောက်ကိစ္စကတော့ အစ်မလဲ သေချာမသိဘူးနော် ..း))

nu-san said...

မွန်ပြောသလိုပဲ အမတို့ နှစ်ယောက်ကို စိတ်ဝင်စားမိတယ်.. အမတို့ နှစ်ယောက်အတော်တော့ ညှိခဲ့ရမှာပဲ..ဦးသောမတ်စ်ဆီက တရားဓမ္မအကြောင်းတွေ ပိုသိလာရတာ အမအတွက် အရမ်းကောင်းတာပေါ့ အမရယ်.. ပြီးတော့ သူက မြန်မာအစားအစာတွေလည်း စားနိုင်တယ် အမကလည်း ဟင်းချက်ကောင်းတယ်လေ... အမတို့ဘ၀လေးက အေးချမ်းပါတယ်.. :))

Anonymous said...

water drop ပေါ့ မရှင်လေးရယ် water drop ပေါ့။:))

မအယ်

ချစ်ကြည်အေး said...

မရှင်လေးရေ လူမျိုးတူ ဘာသာတူတောင် တခါတခါ ညှိဖို့ခက်တတ်ကြတာ...၊

စကားမစပ် မရှင်လေးကို ကျမ ရင်းနှီးဖူးသလိုပဲ ဘယ်မှာ ဆိုတာ မမှတ်မိဘူး...

Shinlay said...

လာလည်ကြတာ ကျေးဇူတင်ပါတယ်။

Moe Sett Pwint said...

မမရှင်လေးရေ ...အားကျပါတယ်... ရက်တိုသင်တန်းပေးပါလားဟင် ....ညီမက တခါတခါ သိတ်ဆိုးတတ်လို့ပါ... ဦးကိုကိုမောင်ကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး.. မြန်မာပြည်မှာဆုံရင် ငရုတ်သီးစပ်စပ်ဆိုင်မှာ လိုက်ကျွေးမယ် လို့ ............

ကိုကိုမောင် (ပန်းရနံ့) said...

ကြာလာတော့လဲ အသွင်တူသွားတာပေါ့လေ။ ဒီလိုဘဲပေါ့။ လူတိုင်းကတော့ ကွက်တိ အသွင်ဘယ်တူနိုင်ပါ့မလဲ။

မမမြတ်နိုးက ညွန်းလိုက်လို့ ပထမဆုံးအကြိမ်ရောက်လာတာပါ။

ပျော်ရွှင်အဆင်ပြေပါစေ။

ကိုကိုမောင်(ပန်းရနံ့)

ကိုလူထွေး said...

ပါရမီဖြည့်ဘက်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မှာပေါ့...

းဝ)

မြစ်ချေသူ said...

အစ်မတို့ ရဲ့  တူ၊ မတူ တာလေးတွေလာဖတ်သွားပါတယ်။

ဘာသာတရား ကိုင်းရှိုင်းတဲ့ အစ်မ အမျိုးသားကိုတော့ လေးစားသွားတယ်။ ဘယ်လို့  ဘယ်လို ကြောင့်များ မြန်မာ သာမာန်လူမျိုးတစ်ယောက်ထက် ကိုယ့် ဘာသာ တရားကို သက်ဝင်ယုံကြည်ပြီး ခုလို တတ်ကျွမ်းသွားရတာလဲ ၀မ်းသာစရာ ကောင်းလိုက်တာ။

အစ်မတို့ ဘ၀ အေးမြသာယာပါစေ။

Anonymous said...

အစ်မ သူတော်ကောင်းနဲ့ ရတာပဲ။ ကံကောင်းလိုက်တာ။

အစ်မအမျိုးသားလဲ စိတ်ချမ်းသာမယ့် အိမ်ထောင်ရေးဖြစ်ဖို့ ဗုဒ္ဓဘာသာ ဇနီးလောင်းကို ရှာယူ၊ မယူခင်တောင် တရားစခန်း ဝင်ခိုင်းနဲ့ ကြိုးစားပုံက အမြော်အမြင်ကြီးလိုက်တာ။

rose of sharon said...

ရှင်လေးရေ... အိမ်ထောင်သက်တူနေတယ်တော့ :D