Thursday 8 July 2010

ပူလိုက်တာ....

အခုတလော ဒီမှာ တော်တော်ပူတယ်။

အေးတုန်းကလည်း နွေဆိုတာတောင်ရှိပါတော့မလားလို့ မှတ်ရတယ်။

နေပူစတုန်းကတော့ ပျော်တာပေါ့။ နေပူစာလှုံလို့ ၊လွတ်လွတ်လပ်လပ်၊

ပေါ့ပေါ့ပါးပါးဝတ်ရမယ်။ ကိုယ့်တိုင်းပြည်ရောက်နေသလိုပေါ့။ ပျော်နေတာလေ။


အခုတော့ပူလိုက်တာ။ ဒီနေ့  (၈.၇.၁၀)ဆို အရိပ်ထဲမှာ ၃၆°C ၊ အပြင်ထွက်သွားရင်

အပူငွေ့ တွေကြားဖြတ်ရသလို တရှိန်းရှိန်းနဲ့ ။ မနက်ဖြန်ဆို ၄၀°C လောက်ရှိမယ်ဆိုပဲ။

တနင်္လာနေ့ တော့ ၃၃°C လောက်ပြန်ရောက်မယ်ပြောတာပဲ။

ကျမနေတဲ့နေရာက ဂျာမနီရဲ့  အပူဆုံးနေရာမှာ။ အိမ်ထဲမှာ၊ အလုပ်မှာဆိုရင်တော့

လေအေးစက်ကြောင့် ၂၀°C-၂၂°C လောက်ရှိတယ်။

ပူစမ်းပါစေ။ ဆောင်းတွင်းတတွင်းလုံး တောင့်တခဲ့ရတဲ့ နေရောင်...

ရေများများသောက်၊ ချည်ထည်လေးတွေဝတ်၊ ဦးထုပ်ဆောင်း၊ မျက်မှန်တပ်။

(ထီးကတော့ ဒီမှာ နေပူထဲ မဆောင်းကြတော့ ကျမဆောင်းရင် စိတ်မှမှန်သေးရဲ့ 

လားလို့ ဝိုင်းကြည့်ကြမှာမို့  မဆောင်းပါဘူး။) နေပူဒဏ်ကို ကျေနပ်သွာ ခံစားနေပါတယ်။

နေတာကရှည်။ မနက်ဆို ၄ နာရီခွဲလောက်ကတည်းက ငှက်သံတွေကြားနေရပြီ။

၅နာရီဆို လင်းနေပြီ။ ည ဆို ၁၀နာရီတောင် နေရောင်ရှိနေသေးတယ်။

အခုဆို အသီးအရွက်၊ အသီးအနှံတွေကလည်းပေါတယ်။ရေခဲမုန့် ဆိုင်တွေမှာလည်း

ပြည့်နေတာပဲ။ ရေကူးကန်တွေ၊ ပန်းခြံတွေမှာလည်း ပြည့်လို့ ၊ လူတွေလည်း

လင်းလင်းချင်းချင်း၊နေရောင်အောက်မှာဆိုတော့ ပျော်နေကြတယ်။

ကမ္ဘာ့ဖလားမှာသာ ဂျာမနီ ဗိုလ်စွဲရင် ပိုပျော်ဖို့ ကောင်းတဲ့ နွေရာသီဖြစ်မှာ။

မိတ်ဆွေ သူငယ်ချင်းတွေစုပြီး အသားတွေကင်စားကြတာလည်း ပျော်စရာ

ကောင်းပါတယ်။ ကျမကတော့ ရေဘ၀ဲသုပ် လုပ်မလားလို့ ။

ကျမရဲ့ နွေရာသီ အရသာလေးကို သူငယ်ချင်းတို့ ကို မျှဝေလိုက်တာပါ။

14 comments:

ko ko naing said...

janor puda mechaibu !
i want to give you some more informations about the germans concerning this. they dont like the aircon. because of some funny ideological reasons (save the environment, makes you sick and similar reasons) So they suffer with 40 degree. funny isnt it ?

စူးနွယ်လေး said...

ပူပါစေ ပူတာပဲကြိုက်တယ် ဒီလောက်စောင့်ခဲ့ရတာကိုနော်
နွေတာက ခဏလေးရယ် ခုကတည်းကကို ကုန်သွားမှာ နှမြောနေပြီ..ဟီး

စူးနွယ်လေး said...

တကယ် ရေဘ၀ဲသုပ်မလို့လား
Orakel Paul တော့မဟုတ်လောက်ပါဘူးနော် :)

Shinlay said...

စူးနွယ်ရေ... ဟဲဟဲ အကုသိုလ်မများခင်တော့ပါဘူး။
ရှုံတာက ရှုံတာပါပဲလေ။

သက်ဝေ said...

ရေဘဝဲလေးကို သုတ်ပါနဲ့... သနားပါတယ်...း))

အဲဒီက နွေရာသီ ရှုခင်းဓါတ်ပုံလေးတွေ မြင်ရရင် ကောင်းမယ်လို့ တွေးနေမိတယ်...း))

MrDBA said...

နေ့တာရှည်တာကို သဘောကျတယ်ဗျာ။ အခုဆို အလုပ်ကပြန်ရောက်တာနဲ့ မှောင်ရော။
နွေရာသီ ဓါတ်ပုံလေးတွေ ရိုက်ပြီး တင်ပါလားဗျ။ မရောက်တတ်ပေမယ့် ဓါတ်ပုံလေးတွေကြည့်ပြီး မြင်ဖူးအောင်လို့။

လုလု said...

မမရှင်လေ့း့ 
နွေရာသီအလှလေး ဓာတ်ပုံရိုက်ပေးပါဦး အပေါ်က အစ်ကိုပြောသလိုပေါ့၊ မြင်ဖူးရတာပေါ့နော်။ ရေဘ၀ဲသုပ် လုပ်စားရင်လည်း ခေါ်ပါဦးနော်။

T T Sweet said...

ရှင်လေးရေ ... ပူရင် ရုပ်ရှင်တွေထဲကလို ဦးထုတ်လှလှလေးဆောင်း နွေရှုခင်းလေးတွေနဲ့ ဓာတ်ပုံလျှောက်ရိုက် ... ဘလော့ပေါ်တင်ပေးလေ ... လာအားပေးမယ် ...

ဇွန်မိုးစက် said...

နွေရာသီအကြောင်းလေး ဖတ်လို့ကောင်းတယ် အစ်မရှင်လေးရေ။ အပေါ်က ပြောသွားကြသလို ဂျာမနီရဲ့ နွေရာသီရှုခင်းပုံလေးတွေ ကြည့်ရယင် သိပ်ကောင်းမှာပဲလို့။

PAUK said...

ရေဘဝဲသုတ်ပါ..
အထိမ်းအမှတ်ပေါ့..
ဒီမှာလဲ ပူနေတယ်..
ဆိုင်ကယ်နဲ့ အပြင်ထွက်တော့..
နဂိုမဖြူတဲ့အသား..မဲရောပေါ့..။။

Anonymous said...

အမယ် ရေဘဝဲလေး သနားပါတယ် မှန်ရာပြောရှာတာဘဲ သုတ်ပါနဲ့ဗျာ

ရွှေစင်ဦး

Anonymous said...

ရေဘ၀ဲလေးတော့ ချမ်းသာပေးလိုက်ပါ အစ်မရယ်။ သူ ဂျာမဏီနိုင်မယ်ပြောတုံးကတော့ အားလုံး ပျော်ခဲ့တာပဲမဟုတ်လား။ သူက အမှန်ကိုပြောတာပါ။း)

nu-san said...

အမရေ.. ရေဘ၀ဲလေးက ပြောတာ မှန်တယ်နော်.. သူကတော့ လူတွေထက်တောင် နာမည်ကြီးနေသေးတယ်.. ဂျာမဏီရဲ့ နွေရာသီ အရသာလေးကို မြည်းစမ်းသွားတယ်..ဒီမှာတော့ hybrid နွေရာသီလို့ ပြောရမယ်.. မိုးလည်းရွာတယ်.. နေလည်းပူတယ်.. နောက်လဆို ပိုပူမယ်.. အခုချိန်ကတော့ မိုးများတဲ့လလို့ ပြောရမှာပေါ့... ဒါကြောင့် တချို့နေရာတွေ မိုးများလို့ မြေတွေပြိုကြတယ်.. :)

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
ဒီနေ့ တော့ပူလိုက်တဲ့နေ မနက် ၁၀နာရီကတည်းက ပူနေတာ။ သစ်ပင်ရိပ်အောက်မှာ သူငယ်ချင်းတွေနဲ့ 
ဝိုင်းဖွဲ့  ထိုင်ပြီး စကားလေးပြောရင်း၊ အသုပ်လေးစားရင်.. ဆိုရင်လို့ တွေးနေမိတယ်။