Saturday 13 November 2010

ဘက်စုံကျွမ်းကျင်သူ

ယခုခေတ်မှာနည်းပညာတွေ နေရာတိုင်း မှာတအားတိုးတက်လာပါတယ်။

တိုးတက်လာတဲ့နည်းပညာတွေနဲ့ အတူကျမတို့ ရဲ့ ဦနှောက် ကလည်း

လိုက်လျှောညီထွေတိုးတက်နေရပါတယ်။ ကျမ ဒီကို (ဂျာမနီကို)ရောက်

တော့ တော်တော်လေးလေ့လာရတယ်၊သင်ယူရတယ်။ မြန်မာပြည်မှာတုန်းက

မတွေ့ ဘူး၊မသုံးဘူးတာတွေ ကိုနည်းမျိုးစုံနဲ့ ကြိုးစားသင်ယူခဲ့ရတယ်။

(၁၀)နှစ်ကျော်လာတော့ တော်တော်လေးသိလာပြီပေါ့လေ။

ဒါပေမဲ့ဒီ(၁၀)နှစ်အတွင်းမှာပဲ သင်ခဲ့သိခဲ့တာတွေက ခေတ်မမီတော့ပြန်ဘူး။

ဆက်သင်နေရပြန်ရော။


အရင်က ရထားလက်မှတ်ဝယ်ရင် ဘူတာက ကောင်တာမှာသွားဝယ်ရုံပဲ။

ဘယ်လိုပြောဝယ်ရမယ်ဆိုတာ ကျမသင်ထားပြီပါပြီ။ ၀ယ်လည်းဝယ်တတ်နေပြီ။

အခုတော့ ဘာတဲ့ Fahrkartenautomat လက်မှတ်ရောင်းတဲ့စက်မှာဝယ်ရမယ်တဲ့။

တချို့ လက်မှတ်တွေက စက်မှာပဲဝယ်လို့ ရသလို၊ စက်မှာဝယ်ရင်ဈေးသက်သာ

ပြန်ရော။ အရင်တုန်းကရှိတဲ့ စက်တွေကသာမန် ရိုးရိုးစက်တွေပါ။ အခုနောက်ပိုင်း

စက်အသစ်တွေ လဲလိုက်တော့ ကျမလည်းစက်အသစ်ကို လေ့လာရတော့တာပေါ့။

အစပိုင်းတော့ ဟိုနှိပ်ဒီနှိပ်။ လိုချင်တာက မထွက်၊ မလိုချင်တာတွေထွက်လာ။

အနောက်မှာစောင့်နေတဲ့လူတွေက စိတ်မရှည်။ ကျမကနိုင်ငံခြားသားဆိုတော့

စာမှဖတ်တတ်ရဲ့ လားလို့ ထင်ချင်ထင်မှာ။ မတတ်နိုင်ပါဘူး။ ကိုယ်လိုချင်တာ

ရအောင်တော့ နှိပ်ရမှာပဲ။ စောင်ကြပစေ။ ကျမအလှည့်ရောက်အောင် လည်း

စောင့်ခဲ့ရတာပဲ။

တချို့ ဘူတာကြီးတွေမှာတော့ ပြပေးတဲ့ သူတွေရှိတယ်။ သူတို့ က ပြောရင်း

လုပ်သွားတော့ ဘာမှ မှတ်မိပြန်ဘူး။


နောက်ပိုင်းတော့ ဘူတာမှာရထားစောင့်နေတုန်း လက်မှတ်စက်တွေမှာလူရှင်းရင်

ဟိုနှိပ်၊ဒီနှိပ် နဲ့ ကိုယ်အမြဲဝယ်ရမယ့် လက်မှတ် ကိုအလွယ်တကူဝယ်လို့ ရအောင်

ကျင့်ရတာပေါ့။ နောက်တော့တဆင့်တက်ပြီး တခြားမြို့ တွေအတွက်လက်မှတ်ဝယ်

ရင်ဘယ်လိုနှိပ်ရမယ်။ အသွားအတွက်၊ အပြန်အတွက်၊ ထိုင်ခုံ အတွက်၊ Special offer

တွေ ဘယ်လိုရှာရမယ်....အခုတော့ ကျမတော်တော်လေးကျွမ်းကျင်သွားပါပြီ။

ရထားအချိန်စာရင်းတွေ၊ connection တွေကို စက်မှာတောင်မဟုတ်ပဲ Internet မှာ

တောင်ရှာတတ်နေပြီ။ဂျာမန်မီးရထားမှာတောင် လက်မှတ်ရောင်တဲ့အလုပ်

လုပ်ရင်ရလောက်ပြီ။


ရထားပေါ်မှာလည်းကြည့်အုံးမလား။ အရင်က ရထားပေါ်မှာ သူတို့ တွေက

စာအုပ်တွေဖတ်ကြတယ်။ အရင်က ကျမမှာ ခရီးသွားရင်စာမဖတ်တတ်ဘူး။

ဟိုကြည့်ဒီကြည့်၊ ဟိုတွေးဒီတွေးပေါ့။ နောက်တော့ကျမလည်း ခရီးသွားရင်

စာအုပ်လေးနဲ့ ။ စာဖတ်တာအကျင့်လေးရလာတယ်။ အခု တော့ခေတ်ကပြောင်း

နေပြီ။ စာအုပ်ခေတ်ကနေ MP3 တို့ ၊ Netbook , Laptop, Notbook , iPad ,

ebook တို့ ခေတ်ကိုပြောင်းလာတယ်။


Intercity အမြန်ရထားတွေပေါ်မှာ ဆို computer တွေကြီးပဲ။ ကျမတောင်

စာရေးရင် စာရွက်ပေါ်ရေးရာကနေ၊ Computer ပေါ်မှာရေးနေတာကြည့်။

ဒီတော့Computer နဲ့ ပတ်သက်လို့ နဲနဲပါးပါးသိသင့်တာသိရပြန်ရော။

Computer တွေနဲ့ အလုပ်လုပ်ရတာတော့ကောင်းပါရဲ့ ၊ ပြသနာက

Password အလုပ်မှာ Computer ဖွင့်ဖို့ုတောင် (၅)မျိုးလောက်မှတ်နေရတယ်။

အသက်ကရလာပြီဆိုတော့ တခါတလေမှားနှိပ်မိသေးတယ်။ ကျမလည်း

နံပတ်တွေ၊ Password တွေကို မှတ်ရင်း ဥာဏ်ကောင်းလာမလား။ ဒါမှမဟုတ်

မေ့တတ်တဲ့ရောဂါများ ဖြစ်တော့မလားပဲ။


အရင်ကကျမတို့ ခရီးသွားမယ်ဆိုရင် Travel Agent ဆီသွား၊ သူနဲ့ တိုင်မင်ပြီး

ခရီးစဉ်ဆွဲ၊ လေယာဉ်လက်မှတ်ဝယ်လေ့ရှိတယ်။ အခုတော့ Internet မှာ

ဟိုနှိပ်ဒီနှပ်နဲ့ တော်တော်လေးအလုပ်ဖြစ်သား။ ဈေးသက်သာတဲ့လေယာဉ်တွေ၊

ဟိုတယ်တွေ စိတ်ကြိုက်ရှာလို့ ရနေပြီ။ ခေါင်းတော့ကိုက်တာပေါ့လေ။မကြာခင်

ကျမတောင် Travel Agent ဖြစ်တော့မယ်။


ရန်ကုန်မှာတုန်းက ဘဏ်တွေဘာတွေနဲ့ မပတ်သက်ခဲ့ဘူး။ အကြောင်းမှမရှိတာ။

ဒီရောက်တော့ ပိုက်ဆံထုတ်တာ။ ငွေသွင်း၊ငွေလွှဲတာတွေ အတွက် ဘဏ်နဲ့ ပတ်

သက်ရပြန်ရော။ Thomas ကသင်ပေးပါတယ်။ မလုပ်တတ်တော့၇င်တော့

ကောင်တာ က ဘဏ်ဝန်ထမ်းတွေဆီသွားအကူအညီတောင်းရင် အဆင်ကိုပြေလို့ ။

အခုတော့ ဘဏ်တွေလည်းခေတ်မီလာပြီ။ စက်တွေနဲ့ ပေါ့။ ငွေထုတ်တာ၊ငွေလွှဲတာ။

စတာတွေကို စက်တွေမှာပဲလုပ်ရတော့တယ်။ ကောင်တာမှာ လုပ်ခိုင်းရင် ပိုက်ဆံ

ပေးရမှာ။ ကျမကတေ့ကိုယ့်အားကိုကိုးပေါ့။ ဒီတော့ ငွေတခါလွှဲရင်

စက်ရှေ့ကတော်တော်နဲ့ မခွာနိုင်ဘူး။ နံပတ်တွေများမှားရိုက်မလား၊ ငွေပမာဏ

များမှားရိုက်မလား.....စိုးရိမ်နေတာနဲ့ အပြန်ပြန်စစ်။ ကြာရင် အစိုးရိမ်လွန်ရောဂါ

များစွဲမလားထင်မိတယ်။ အခုဒါတောင်ခေတ်မမီတော့ဘူး။ အခုတခါ Online Banking

တဲ့။ အိမ်ကနေ အလုပ်ကိုဖြစ်လို့ ။ ကျမလည်း မကြာခင် ဘဏ်မှာ

သင်တန်းတက်စရာမလိုပဲ အလုပ်ဝင်လုပ်နိုင်တော့မှာ။။။


တလောက ကျမ အိမ်မှာအားကစားလုပ်ဖို့ အိမ်တွင်းစီးစက်ဘီးတစ်စီးဝယ်တယ်။

ဆိုင်ကရောင်းလိုက်တာက စက်ဘီးထဲ့ထားတဲ့ စက္ကူဘုံး တစ်ခု။ အိမ်မှာဖွင့်လိုက်

တော့ အပိုင်းအစတွေ။ စက်ဘီးဖြစ်အောင် ကိုယ်ဘာသာကိုပြန် ဆင်ရမှာတဲ့။

Thomas ကတောု့မလုပ်တတ်ဘူးတဲ့။ ဒီတော့ ကျမပဲ လက်စွမ်းပြရတာပေါ့။

Instruction စာရွက်ကြီးရှေ့ချ၊ ခေါင်းတကုတ်ကုတ်နဲ့ ဟိုတတ်၊ဒီတတ်၊ဟိုလှည့်၊

ဒီလှည် နဲ့ စက်ဘီးက တော်ပါသေးရဲ့ ပြီးသွားလို့ ။ အခုထိတော့ နင်းလို့ ရနေ

သေးတယ်။ကျမက ဈေးသက်သာတာကိုဝယ်တာကို။ အိမ်မှာလိုအပ်တဲ့ ပရိဘောဂ

တချို့ ဆိုလည်း အိမ်ရောက်မှ ကိုယ့်ဘာသာကို ပြန်ဆင်ရတာ။ အစတော့စိတ်ညစ်

မိတယ်။ နောက်တော့လည်း ကျွမ်းကျင်သွားတာပါပဲ။


နေရာတိုင်းမှာ စက်တွေ၊ခလုပ်တွေပဲ ကြီးစိုးနေတယ်။ အစကတော့ ခလုပ်တခုခု

မှားများနှိပ်မိရင် ဘာများဖြစ်မလဲလို့ စိုးရိမ်မိသေးတယ်။ အခုတော့ နဲနဲရိုးသွားပြီ။

မှားလည်း မှားပေါ့ မတတ်နိုင်ပါဘူး။

နည်းပညာတိုးတက်မှုတွေကြောင့်နေရာတိုင်းမှာ ကိုယ့်အားကိုယ်ကိုးနေရတယ်။

အလုပ်တွေမှာ လူအစားစက်တွေသုံးကြတယ်။ ၀န်ထမ်းတွေလျော့ကြတယ်။

အလုပ်လက်မဲ့တွေများလာတယ်။ အလုပ်ရှိတဲ့သူကြတော့လည်း လုပ်ရတဲ့ အလုပ်တွေက

ရှိသင့်တာထက်များလာတယ်။ ဒီတော့ စိတ်မရှည်ကြတော့ဘူး။

ဖေါက်သည်တွေအပေါ် အရင်လို စိတ်ရှည်လက်ရှည်ရှင်းမပြချင်တော့ဘူး။

နောက်မှာတန်းစီနေတဲ့ အလုပ်တွေပေါ် အာရုံရောက်နေတယ်။

ဒီတော့ တနေရာရာသွားပြီး၊ တခုခုလုပ်ရမယ်ဆိုရင် အိမ်မှာကတည်းက

Internet မှာကြိုကြည့်။ နားလည်အောင်ကြိုးစား။ နို့ မို့ ဆိုရင် စိတ်မရှည်တဲ့

ဝန်ထမ်းနဲ့ တိုးလို့ ဘာမှမသိဘဲ အမှားတွေဖြစ်ရော။

ဒီတော့တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျမ ဘက်စုံကျွမ်းကျင်သူ ဖြစ်အောင်

ကြိုးစားနေရတယ်။ ဒါမှမဟုတ်ရင် ဘာမှဆက်လုပ်လို့ ရမှာမဟုတ်ဘူးလေ။

9 comments:

AMK said...

ကောင်းလိုက်တဲ့ ပို့ ပါအစ်မရေ မျှဝေတာကျေးဇူးပါ

Anonymous said...

ဟုတ်ပါ့မရှင်လေးရေ...
ပရိဘောဂဆိုလို့သတိရတယ်..ဒီမှာပရိဘောဂ၀ယ်ရင်လာပို့တဲ့သူကဘယ်လောက်လေးတဲ့ပစ္စည်းဖြစ်ဖြစ် နှစ်ယောက်ထက်မပိုဘူး.. ကိုယ်တိုင်ဆင်ဖို့ငွေမ ချေထားရင်ကိုယ့်ဟာကိုယ်ဆင်...တော်တော်များများကိုယ့်ဟာကိုယ်ပဲဆင်ပါတယ်..ရန်ကုန်မှာဝယ်တာက မှန်တင်ခုံလေးတခုထဲ...လာပို့တာကငါးယောက် ခြောက် ယောက်လောက်.. အကုန်ဝိုင်းဆင်တာတောင်အမြီးအ မောက်မတည့်ဘူး...ဒီမှာစာရွက်ကြည့်ပြီးကိုယ့်ဟာကိုဆင်နိုင်တဲ့ပစ္စည်းမျိုးတွေဟိုမှာလူငါးယောက်လောက် ၀ိုင်းဆင်နေကြတယ်...အဲဒီမှာကလုပ်အားခသက်သာတယ်လေ...အကောင်းဖက်က ကြည့်ရင်တော့လူတိုင်းအလုပ်လေးရကြတယ်ပေါ့...အဆိုးဖက်ကတော့လခနည်းနေတယ်..လူနည်းနည်းနဲ့နိုင်မယ့်အလုပ်တွေကိုလူနည်းနည်းပဲထားပြီးလခပိုပေး ရင်လည်းတမျိုးကောင်းတာပေါ့...
ပြီးတော့စားသောက်ဆိုင်ကော်ဖီဆိုင်ဆိုရင်ဒီမှာစားပွဲထိုးကအများအားဖြင့်တယောက်တည်း၊ ဟိုမှာတော့လုပ်အားပေါတော့အများကြီးပဲ။ နောက်ဆိုဈေးကြီးတဲ့လူသားလုပ်သားတွေအစားဈေး သက်သာတဲ့စက်ရုပ်တွေနေရာယူလာကြမယ်ထင်တယ်..Staub Saugen အတွက်စက်ရုပ်လေးတရုပ် လောက်တော့ဈေးပေါရင်လိုချင်သား...စနေနေ့ မီးဖိုချောင်အတွက် တပတ်စာဈေးဝယ်ထွက်လိုက်ဦးမယ်။ စက်ရုပ်ရမှ သူ့ကိုဝယ်ခိုင်းရမယ်...အင်း..ဒီဘ၀မှာတော့မှီပါ့ မလား:P

စူးနွယ်လေး

ချစ်ကြည်အေး said...

ဒီမှာလည်း ဒီလိုပဲ သူငယ်ချင်းရေ၊ အစစ အသစ် အသစ်တွေ လေ့လာနေရတာပဲ၊ စက်တွေနဲ့ အစားထိုးလာကြတော့ လူတွေရဲ့ လုပ်အားတွေ ဘေးရောက်၊ အလုပ်လက်မဲ့ ဦးရေတွေ များလာ.....။ အကောင်း အဆိုး ဒွန်တွဲနေတာ ပို ပိုထင်ရှားလာတယ်....

လသာည said...

နားလည်ဖို့ ကြိုးစားရင်း ကြိုးစားရင်း ပိုပိုသိသိလာတော့ပေါ့နော်။ အရမ်းဖတ်ကောင်းတဲ့ပိုစ်လေးပါပဲ မမရှင်လေး။

ချော(အစိမ်းရောင်လွင်ပြင်) said...

နိုင်ငံခြားမှာတော့ တစ်နှစ်ထက်တစ်နှစ် နည်းပညာတွေက မတူတော့အောင် တိုးတက်ပြောင်းလဲလို့ အမှီလိုက်ဖို့ မနည်းဘဲနော်
ဒါပေမဲ့ ဘယ်နှနှစ်ကြာကြာ ဘာမှမပြောင်းဘဲ ဒီတိုင်းဖြစ်နေတဲ့ နိုင်ငံတစ်ခုတော့ ရှိတယ်လေ ...
သိတယ်ဟုတ်...

Anonymous said...

ကျမတို့ဆီမှာတော့ စက်လှေခါး မစီးရဲတဲ့သူတွေတောင် အများကြီး.... ဟိ (ကျမကတော့ စီးရဲပါသည်)

မိုးစက်ပွင့်

Anonymous said...

Nice post.Thanks for sharing n go on.GYIDAW

ဇွန်မိုးစက် said...

ဒီပို့စ်လေး သိပ်ကောင်းပါတယ် အမရှင်လေးရေ။
ဇွန်လည်း အင်တာနက်ကို သိပ်အားကိုး၊ လုပ်တာက IT Field မှာဆိုတော့ တစ်ခုခုလုပ်ပြီဆို Password တွေကို အရင်ဖြတ်ကျော်ရတာ။ တခါတလေ ကိုယ်ပေးထားတဲ့ Password ကိုယ်ပြန်မမှတ်မိလို့ reset ပြန်လုပ်ရတာ အကြိမ်ကြိမ်။ မှတ်ဉာဏ်ကလည်း ငယ်ငယ်တုန်းကလိုမကောင်း၊ မေ့တတ်လာတော့ password မှားလို့ ၀င်မရရင် တော်တော်စိတ်တိုမိတာ။
ကိုယ့်မျက်စိရှေ့မှာတင် တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အမှီလိုက်နေရတာ အချိန်ကုန်သက်သာပေမယ့် စိတ်မောစရာတွေလည်း အများကြီးပါပဲ အမရေ။

T T Sweet said...

ဟုတ်တယ် မရှင်လေးရေ ... ခေတ်က တိုးတက်လာတာနဲ့ အမျှ ထွက်သမျှသော အသစ်အသစ်တွေကို မှီအောင် မနဲလိုက်နေရတယ်။ အသက်က ကြီးလာတော့ ရုံးမှာသုံးတဲ့ ဆော့ဖ်ဝဲ အသစ်ပြောင်းတာတောင် မနဲလိုက်လုပ်နေရတယ်။

မရှင်လေး ဘလော့ဂ်ကို အမြဲရောက်ပါတယ်။