Wednesday 2 February 2011

Depression? ဘာလုပ်ရမလဲ။

တနေ့ က Depression နဲ့ ပတ်သက်တဲ့Project တစ်ခုအတွက်ကျင်းပတဲ့
ဆွေးနွေးပွဲကိုရောက်ဖြစ်ပါတယ်။ ဂျာမနီမှာ လူတော်တော်များများဟာ
Depression ဖြစ်တယ်လို့ ဆိုပါတယ်။
ကျမအနေနဲ့ အရင်တုန်းက Depression ဆိုတဲ့ ရောဂါဟာ နဲနဲစိမ်းနေပါတယ်။
ဂျာမနီရောက်လာတော့မှ ဒါဟာရောဂါတစ်ခုမှန်း သိလာရပါတယ်။

လူတွေဟာ မိသားစုအတွင်း၊ အလုပ်ခွင်အတွင်း စတဲ့နေ့ စဉ်ထိတွေ့ နေရတဲ့ 
ပတ်ဝန်းကျင်မှာ စိတ်မကောင်းစရာတွေ၊စိတ်ဖိစီးမှုတွေ ကြုံတတ်ကြပါတယ်။
တချို့ ကတော့ဒီစိတ်လှုပ်ရှားမှုတွေကို အချိန်အတိုင်းအတာတခုပြီးတာနဲ့ ကျော်
လွန်သွားနိုင်ပါတယ်။ တချို့ ကြတော့ ရုန်းမထွက်နိုင်ကြပါဘူး။

သူတို့ တွေဟာ စိတ်ဖိစီးမှုတွေများလာရာကနေ လူတွေနဲ့ ရောရောနှောနှော
မနေချင်တော့ပဲသီးခြားနေချင်လာတယ်။ သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိ
ဖြစ်လာတယ်၊ စိတ်ဝင်စားမှု၊ အာရုံစိုက်နိုင်မှုတွေနဲလာကြပါတယ်။
အိပ်မပျော်တာ၊ကိုယ်အလေးချိန်လျှော့တာတွေဖြစ်လာတတ်ပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိဖြစ်လာတယ်၊ အပြစ်တခုခု ကျူးလွန်ထားသလို
ထင်လာတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး၊
မကောင်းတဲ့အတွေးတွေကြားမှာပဲနစ်နေတတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမှာ လည်း ရောဂါလက္ခဏာ တွေ ( အားအင်ကုန်ခန်းသလို၊
အိပ်မပျော်သလို )နဲ့ ရင်ဆိုင်ရင်း တချို့ ကနောက်ဆုံးမှာ ကိုယ့်ကိုကိုယ်
သတ်သေတဲ့အထိ ဖြစ်လာတတ်ပါတယ်။

လူတော်တော်များများဟာ မိမိမှာ Depression ဖြစ်နေတယ်မှန်းမသိကြပါဘူး။
မိမိရဲ့ အလုပ်ကစိတ်ဖိစီးမှုတွေကြောင့်ဒီလိုစိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာ
တွေဖြစ်နေတာလို့ ထင်တတ်ကြပါတယ်။ စိတ်ဖိစီးမှုနဲ့  Depressionကိုခွဲခြားဖို့ 
ကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ပြသ၊
တိုင်ပင်မှသာ ခွဲခြား သိနိုင်မှာဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာ တွေဖြစ်တဲ့  အသက်ရှုကျပ်တာ၊ နှလုံးခုန်တာ၊ ဗိုက်နာတာ
တွေကြောင့် ဆရာဝန်ဆီသွားပြဖြစ်ပေမဲ့ ဆရာဝန်များက ရောဂါရှာမတွေ့ တတ်ပါဘူး။
လူနာဟာ သူ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဇဝေဇ၀ါ ပိုဖြစ်လာပါတယ်။
တခါတလေ ကွယ်မြုပ်နေတဲ့ စိတ်ဖိစီးမှုကိုလွယ်လွယ်နဲ့ ရှာမတွေ့ ဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာဆရာဝန်က တော့ဒါဟာ Depression ရဲ့ လက္ခဏာတချို့ ဖြစ်တယ်လို့ 
ကောက်ချက်ချပါတယ်။

Depression ဟာ ကုသလို့ ပျောက်တဲ့ရောဂါတခုပါ။ လူတိုင်းဘ၀မှာ တချိန်ချိန်မှာ
ကြုံတွေ့ နိုင်ပါတယ်။ ဒါဟာရှက်စရာ၊ကွယ်ဝှက်ထားစရာ ရောဂါမဟုတ်တော့ပါဘူး။
အဓိကဖြစ်ရတဲ့အကြောင်းကတော့ genetic disposition ပါ။

အခုProject ကတော့ လူတွေကို Depression နဲ့ ပတ်သက်ပြီး ပညာပေးဆွေးနွေး
ကြဖို့ ဖြစ်ပါတယ်။ ဆရာဝန်တွေ၊သူနာပြုတွေ၊ ကျောင်းဆရာတွေ၊ သက်ကြီးစောင့်
့်ရှောက်သူတွေ စသဖြင့် အလွှာပေါင်းစုံကလူတွေပါဝင်မှာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးပွဲတွေ၊ အတွေ့ အကြုံဖလှယ်မှုတွေကြောင့် Depression ရဲ့ သဘော
ကိုပိုမိုနားလည်လာပြီး အချိန်မီကုသမှုတွေလုပ်လာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်
သတ်သေတဲ့ကိစ္စတွေလည်းလျှော့နဲလာပါတယ်ဆိုတာအလားတူ Project တွေ
အရသိရပါတယ်။

တဘက်ကလည်း လူနာရဲ့ မိသားစုတွေကို ပညာပေးမှုတွေလည်းလုပ်ပါမယ်။
Depression ဖြစ်နေတဲ့သူနဲ့ အတူတူနေရတာဟာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
သူဘာဖြစ်နေတယ်ဆိုတာ ကျမတို့ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှသူ့ ကိုနာလည်
ပေးနိုင်မှာပါ။
သူ့ ခမျာရောဂါကြောင့် သွားလာလုပ်ကိုင်နိုင်ဖို့ အင်အားမရှိနေတာကို ကျမတို့ က
ဒီလူ့ ရယ်ပျင်းနေတာပဲ။ ထလုပ်လိုက်ပါလား။ဟိုဟာလုပ်ဖို့ တိုက်တွန်း
ဒီဟာလုပ်ဖို့ တိုက်တွန်း စသဖြင့်အားမလိုအားမရ ဖြစ်ပြီးအကြံတွေပေးတတ်ကြပါတယ်။

တခါတလေကြတော့လည်း ရှင့်မှာ အားလုံးပြည့်စုံနေတာပဲ၊ ဘာစိတ်ညစ်စရာရှိလိုလဲ
ပျော်ပျော်နေစမ်းပါ စသဖြင့် အကြံပေးတတ်ကြပါတယ်။

တခါတခါကြတော့လည်း ရှင့်ကိုကျမနားမလည်နိုင်တော့ဘူး ဆိုပြီး ဂရုဏာဒေါသ
နဲ့ ပြောမိတတ်ပါတယ်။

ဒါတွေဟာ သူ့ အတွက် ကူညီရာမရောက်ပဲ သူ့ ခံစားမှုကိုပိုပြီးဆိုးဝါးစေပါတယ်။
သူ့ ဘက်ကအတွေးကတော့ ကျမတို့ ဟာသူ့ ကိုနားမလည်နိုင်ဘူးဆိုပြီးစိတ်မကောင်း၊
ဝမ်းနည်းမှုဖြစ်ရပါတယ်။

သူ့အတွက်လုပ်ပေးနိုင်တာတွေကတော့ သူဖြစ်နေတဲ့ရောဂါအကြောင်းကိုနားလည်
အောင်လုပ်ပါ။ သူ့ ကို သင့်တော်တဲ့ကုသမှုရရှိအောင် စီစဉ်ပေးပါ။ သူဆေးခန်း
မှန်မှန်သွားနိုင်အောင်စီစဉ်ပေးပါ။ ဆေးများမှန်မှန်သောက်အောင်စီစဉ်ပေးပါ။
သူ့ ကို အတွေးဆိုးတွေထဲမှာပဲနစ်မနေစေပဲ အာရုံပြောင်းပေးနိုင်အောင်လုပ်
ပေးရပါမယ်။
သူနဲ့ အတူတူ ဘာလုပ်နိုင်မလဲ စဉ်းစားပါ။ သူ့ အတွက်စိတ်ဖိစီးမှုလည်းမဖြစ်စေ
တဲ့ လမ်းလျှောက်ထွက်ခြင်း၊ ဟိုနားဒီနားလျှောက်လည်တာလေးတွေလုပ်ပေးပါ။
သူဝါသနာပါတာတွေလုပ်ပါစေ၊ ဥပမာ၊ အားကစားလုပ်တာ၊ တီဗီကြည့်တာ
စတာလေးတွေပေါ့။ တခါလေကြတော့ ဒီလို တီဗီကြည့်ဖို့ တောင် အင်အားမရှိတဲ့
အချိန်တွေရှိတတ်ပါတယ်။

ဂျာမနီမှာတော့ လူနာရှင်တွေအနေနဲ့ စိတ်ပညာရှင်တွေနဲ့ သွားရောက်တိုင်ပင်
လို့ ရပါတယ်။ ဒီအတွက် ကျန်းမာရေးအာမခံကပိုက်ဆံပေးပါတယ်။
ဒါအပြင် မိမိလို လူနာရှင်တွေ တွေ့ ဆုံပြီး အတွေ့ အကြုံဖလှယ်နိုင်တဲ့ နေရာတွေရှိပါတယ်။
လူနာရှင်အနေနဲ့ လည်းစိတ်ပိုင်းဆိုင်ရာမှာကြံ့ခိုင်မှုရှိနေအောင်ကြိုးစားထားရမှာပါ။
မိမိအသိုင်းအ၀ိုင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်မှုရှိအောင်လုပ်ယူရပါမယ်။
ဒါမှလည်းလူနာကိုမေတ္တာများများပေးနိုင်မှာပါ။

20 comments:

ငွေစန္ဒာ said...

မရေDepressionအကြောင်းလေးဖတ်သွားပါတယ်။

Anonymous said...

ဟုတ်တယ်နော် ဒီမှာအဲဒီရောဂါက တွင်ကျယ်တယ်
အသိတယောက်ဆို အကောင်းကြီးပဲ အလုပ်လည်းလုပ်တယ် စိတ်ပညာရှင်နဲ့လည်းအမြဲသွားတွေ့နေရတယ်

စူးနွယ်လေး

စည်သူ said...

မရှင်လေး။ ဒီမှာ discrimination နဲ့တွေ့ရင်ရော ဘယ်လိုလုပ်ရလဲ အကြံပေးပါဦး။ ဒီမှာ အမူအရာနဲ့ ချိုးနှိမ်တာတွေ၊ အသံတိတ်ရော အသံနဲ့ရော ပညာပြတာတွေက ဘယ်လိုခံစားရမှန်း မသိဘူးဗျာ။ ကိုယ့်တစ်သက် သူများကို ဒီလိုမလုပ်ခဲ့ဖူးပါဘူး။
ကျွန်တော်က မိဘကို လုပ်ကျွေးနေရတော့ ပြန်လို့က မဖြစ်ဘူး။ မရှင်လေးပို့စ်ထဲမှာ ပါသလို မိတ်ဆွေတွေနဲ့ ပုံမှန်တွေ့ဆုံဖို့ကျ နေတဲ့နေရာတွေက ဝေးတယ်။ အားတဲ့အချိန်တွေလဲ မတူကြတော့ သူများအားလပ်ချိန်လဲ မထိခိုက်စေချင်ဘူး။ အထီးကျန်ဒဏ်တော့ ခံရတာပါပဲ။ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း ဆိုတာက ကိုယ်က ပေါင်းချင်ပေမယ့် သူတို့က ပေါင်းဦးမှကိုး။ ဆင်းရဲတဲ့တိုင်းပြည်က လာတာရယ်၊ ကိုယ့်နိုင်ငံမှာ ဘာဘွဲ့ရရ ဒီမှာ အောက်ခြေလူတန်းစား ဖြစ်နေတာကြောင့်ရယ်က အဟန့်အတား ဖြစ်နေတာလဲ တစ်ပိုင်းပေါ့။ ကျွန်တော် အဆိုးမြင်သမားလဲ မဟုတ်ဘူးဆိုတာ အာမခံနိုင်ပါတယ်။ လူတွေကို အကောင်းပဲ မြင်ချင် တွေးချင်တာပါ။ အခု မထင်ထားတာတွေ ကြုံနေရလို့ အစ်မတို့ ဘယ်လို ဖြေရှင်းလဲ သိပါရစေ။ အစ်မက ခင်ပွန်းကောင်း ရှိနေတာရယ်၊ ကျန်းမာရေးဘက်မှာ အလုပ်လုပ်တာရယ်ကြောင့် ကျွန်တော်တို့လိုတော့ မခံရလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် အကြံပေးပါဦး

Anonymous said...

အကျိုးရှိတဲ့ စာဖတ်ရတာ
ကျေးဇူးတင်ပါတယ်။


Baby taster

ညီလင်းသစ် said...

အရင်..ကျနော်တို့ရဲ့ အိမ်နီးချင်းတစ်ယောက်လည်း အဲဒီ depression ကြောင့်ပဲ ကိုယ့်ကိုယ်ကို သတ်သေ သွားတယ်၊ ၃၄ နှစ်ပဲ ရှိသေးတယ်၊ အလုပ်လက်မဲ့ ဖြစ်နေတာ ကြာနေတာရော..၊ ချစ်သူ အိမ်ထောင်မရှိဘဲ တကိုယ်တည်း အထီးကျန် ဖြစ်နေတာရော..၊ မိသားစုနဲ့ အဆက်အသွယ် မရှိတာရော၊ တခြားအကြောင်းတွေ ရော စုဆုံပြီး ဖြစ်သွားခဲ့တာပဲ..၊

ဒါကို ရောဂါမှန်း သေချာသိ၊ သတ်မှတ်ပြီး ကုသဖို့လိုပါ တယ်၊ စိတ်ဝင်စားစရာ ပို့စ်လေးပါ..၊

Kyaw Hnin Se Lwin said...

မရေ ဒီမှာလည်းတအားများတာပဲ သိလား
ခုမှပဲ ပြည့်ပြည့်စုံစုံသိတော့တယ်

Anonymous said...

ကိုစည်သူ..

မသိချင်ယောင်တတ်နိုင်သမျှဆောင်ပီး ကိုယ့်လုပ်စရာရှိတဲ့အလုပ်ကို တာဝန်ကျေစွာလုပ်ပေးလိုက်ပါ။ သူတို့လုပ်သမျှကို စိတ်ထဲမှာမထားနဲ့။ အထီးကျန်ဆန်တယ်ထင်ရင် စာအုပ်တွေဖတ်ပါ။ စာတွေဖတ်တဲ့နေရာမှာလဲ ပျော်ရွှင်စရာ စာပေတွေကိုဖတ်ပါ။ အားလပ်ချိန်မှာ ရီစရာရုပ်ရှင်တွေ ကြည့်ပီး ရီစရာဟာသတွေ ရှာဖတ်ပါ။
သူငယ်ချင်းဆိုတာ ..သူမပေါင်းရင် နောက်တယောက်တွေ့နေနိုင်သားပဲ..။ ပီးတော့.. အားလပ်ရက်အချို့မှာ ခရီးသွားပါ။ တယောက်တည်းဖြစ်နေရင် နိုင်ငံခြားသားတွေအတွက် လုပ်ပေးထားတဲ့ အသင်းတွေမှာ ခရီးထွက်တာတွေဘာတွေရှိပါတယ်။ စုံစမ်းကြည့်ပါ။ ၀ါသနာပါတာကို အားလပ်ရက်မှာလုပ်ခြင်းဖြင့် စိတ်ပျော်ရွှင်နိုင်ပါတယ်။

အဲ့ဒါတွေအားလုံး ကိုယ်တိုင်လုပ်ခဲ့ပီးသူ..
မြတ်နိုး

အမရှင်လေး.. ဒီပို့စ် တအားကောင်းတယ်..ကျနော်လည်း ငယ်ငယ်က မြန်မာပြည်မှာ ဒီရောဂါကိုအံ့သြခဲ့ဖူးတယ်။နောက်ကျတော့ နဲနဲကြီးလာပီး အလုပ်ခွင်ဝင်တော့မှ အမဆရာဝန်တွေနဲ့ ပြောဖြစ်ပီး ဒီရောဂါကို သဘောပေါက်လာတာ..
ဒီရောဂါကြောင့် ဂျပန်မှာလဲ သတ်သေသူတွေ အများကြီးပဲ..အမရေ..။

အမပို့စ်တိုင်းလာဖတ်ဖြစ်တယ်..မမန့်ဖြစ်တာပါ။ အမရေးသမျှအားလုံးနီးပါးကြိုက်တယ်။

မြတ်နိုး

Anonymous said...

အရင်ကတော့ (ငယ်ငယ်တုန်းကတော့) ဒီပရက်ရှင်ကို သိပ်နားမလည်ခဲ့ဘူး၊
အခု ဒုတိယအရွယ်လည်းရောက်လာ၊ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ မတူတဲ့ အခါကျတော့ အဲဒီရောဂါကို နားလည်လာတယ်၊

အားပေးဖြေသိမ့်ပေးမယ့်သူ အမြဲ ရှိနေဖို့ လိုအပ်တယ်၊ အဲဒီစိတ်ကို မေ့သွားအောင် ကူညီလမ်းပြပေးဖို့ လိုအပ်တယ် ဆိုတာ နားလည်လာတယ်။

စည်သူ said...

မမြတ်နိုး။ ကျေးဇူးအများကြီး တင်ပါတယ်။ ပေးတဲ့ အကြံဥာဏ်အတိုင်း ကျွန်တော် ကြိုးစားကြည့်ပါ့မယ်။

Anonymous said...

အသိမိတ်ဆွေထဲမှာ ဒီရောဂါရှိသူ ရှိပါတယ်.။
သူ့တို့အိမ်သွားရင် အခန်းထဲကနေ မထွက်တော့ဘူး..။
နောက်တစ်ယောက်က မောင်ဝမ်းကွဲ သူ၁၂နှစ်လောက်မှာ ဒီကိုပြောင်းလာတာ ကျောင်း။ပတ်ဝန်းကျင် ။အပြောင်းအလဲတွေကြောင့်ထင်တယ်
ဒီရောဂါရသွားတယ်.။ ကျောင်းလဲ ဆက်မတက်နိုင်တော့ပဲ အမေလုပ်သူက သူ့အနားမှာ
နေပေးနေရတယ်..။ လွန်ခဲ့တဲ့ ၅နှစ်လောက်က
သူ့ကိုယ်သူ တိုက်ပေါ်က ခုန်ချသတ်သေသွားတယ်..။


ပေါက်

rose of sharon said...

ရှင်လေးရေ... ကျမလဲ ကင်မရာပျက်သွားလို့ ဒီပရက်ရှင် ဝင်နေတယ် :(

Anonymous said...

မေတ္တာငတ်တာလဲ အကြောင်းရင်းတစ်ခု ဖြစ်မယ်ထင်တယ်။ လူတစ်ယောက်နဲ့တစ်ယောက် အတိတ်ကံချင်း မတူတော့ ဒီဘဝမှာလဲ မေတ္တာများများရသူ၊ နည်းနည်းရသူ ကွာကြမှာပဲလေ။ တစ်ဘဝတည်းမှာတောင် အမျိုးမျိုး ပြောင်းလဲနိုင်သေးတာပဲ။ ပထမအရွယ်မှာ မိဘဆွေမျိုး သိုက်သိုက်ဝန်းဝန်းနဲ့ မေတ္တာ ပြည့်ပြည့်ဝဝ ဘဝကို ရခဲ့ရင်တောင် ဒုတိယအရွယ်ကျ အိမ်ထောင်ရေးပြိုကွဲ သားသမီးတွေက ပြန်လှည့်မကြည့်နဲ့ အားငယ်ပြီး ဒီပရက်ရှင် ဖြစ်တာတွေ တွေ့ဖူးတယ်။ ပထမအရွယ်နဲ့ ဒုတိယအရွယ်မှာ အဆင်ပြေခဲ့တဲ့သူတွေတောင် တတိယအရွယ်ကျ သက်ကြီးရွယ်အိုဘဝနဲ့ စိတ်အားငယ်နေတာတွေ ရှိတာပဲ။

ဒီပရက်ရှင် ဖြစ်နေရင် မေတ္တာဘာဝနာကို အားကိုးတစ်ခုအနေနဲ့ ပွားကြည့်စေချင်တယ်။ ကိုယ်ငတ်နေတဲ့ မေတ္တာတရား သူများတွေကို ဖြန့်ဝေပို့လွှတ်တဲ့သဘောပေါ့နော်။ ကိုယ်တွေ့လုပ်ကြည့်တာတော့ တော်တော်လေး အစွမ်းထက်ပါတယ်။

တတ်နိုင်သမျှ အလှူအတန်းလေး လုပ်ပေးတာ၊ ပရဟိတ အလုပ်လေးတွေ လုပ်တာလဲ အားငယ်ကျဆင်းနေတဲ့စိတ်ကို ပြန်တည့်မတ်ပေးနိုင်ပါတယ်။

လူ့ဘဝက မဖြစ်ချင်တာတွေလဲ ကြုံရမှာ သဘာဝပဲလေ။ ရှေ့လျှောက် အသက်ပိုရလာလေ ပိုအိုလာ ပိုနာလာလေဆိုတော့ ဒီပရက်ရှင် ဝင်စရာတွေက ကြာလေများလေ ဖြစ်လာမှာ။ ဒီပရက်ရှင်ကို တတ်နိုင်သမျှ မောင်းထုတ်ပြီး စိတ်ကို တက်ကြွပျော်ရွှင်လန်းဆန်းအောင် ကြံဖန်ထားဖို့လိုပါတယ်။

မရှင်လေး ရေးသလို ဒီပရက်ရှင် ဖြစ်နေတာ ဖြစ်မှန်းမသိဘဲ တခြားရောဂါဝေဒနာတစ်ခုခု ဒါမှမဟုတ် စိတ်ဖိစီးမှုလို့ ထင်မိတာမျိုးက လူတော်တော်များများ ဖြစ်တတ်တယ်။ မနက်ဖက်တွေမှာ အလုပ်မသွားချင် ကျောင်းမသွားချင် ဖြစ်နေလား၊ အားကုန်ပြီး ခေါင်းမထူနိုင်အောင် ဖြစ်နေလား။ ခြေကုန်လက်ပန်းကျနေလား။ လူတွေနဲ့ တွေ့ရရင် စိတ်ပင်ပန်းပြီး ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်ထဲ နေချင်နေလား။ ဒါတွေ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ဖို့ လိုမှာပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်လည်း ဒီပရက်ရှင် သမားတွေထဲမှာ ပါများပါနေပြီလား ပြန်စဉ်းစားစရာဘဲ မရှင်လေးရေ..
လူများများနဲ့ မနေချင်တော့တာ။ လူတွေ ထူထပ်တဲ့နေရာတွေကို ရှောင်ချင်တာ၊ အဲဒါတွေဟာ ဒီပရက်ရှင်များ ဖြစ်ကောင်းဖြစ်နေနိုင်သေးတယ်နော်။
ဒါမှမဟုတ် ပြောင်းလဲလာတဲ့ အသက်အရွယ်ကြောင့်များလား ..ငယ်ငယ်တုန်းကလို လှုပ်ရှားတက်ကြွတဲ့စိတ်မျိုး မရှိတော့တာ အမှန်ဘဲ..
ဗဟုသုတ ရပါတယ် မရှင်လေးရေ.. ကျေးဇူးပါ

Shinlay said...

ကိုစည်သူ ဂျာမနီမှာပဲနေတာပါလား။
ဒီမှာကျမလည်း အရင်က discrimination တွေနဲ့ ကြုံဖူးပါတယ်။ အခုထိလည်းတခါတလေကြုံရပါတယ်။
အလုပ်မှာကြုံရရင်တော့ မိမိအလုပ်မှာ သူတို့ လို တန်းတူလုပ်နိုင်ကြောင်း လုပ်ပြပါတယ်။ တခြားနေရာတွေမှာဆိုလည်း သူတို့ လို တန်းတူ နေတတ်၊စားတတ်ကြောင်းသိအောင်ပြပါတယ်။ အခြေ အနေပေးရင် ကိုယ်သိတာ၊ ကိုယ်တတ်တာ ကိုပြောပြ ပေးပါတယ်။ မြန်မာတွေက တော့ ကိုယ့်တတ်ကြောင်းသိကြောင်းမပြောတတ်ကြပါဘူး။
ဒီမှာတော့ပြောရမှာပဲ။
ကျမတို့ ဓလေ့ယဉ်ကျေးမှု တွေ ကို အလျှင်းသင့်သလို ပြောပြပေးပါ တယ်။ အဓိကကတော့ ကျမကို သူတို့ တွေနားလည်သွားဖို့ ပါ။ သူတို့ ယဉ်ကျေးမှုကို လည်းလိုက်လုပ်နိုင်တာကို လိုက်လုပ်ပြပါတယ်။ သူတို့ ယဉ်ကျေးမှု ဓလေ့ အကြောင်းတွေကို မေးပါ။ ကျမတို့ က သူတို့ အပေါ်မှာစိတ်ဝင်စားကြောင်းလည်းပြရတာပေါ့။
အစပိုင်းတော့ သူတို့ လို နေရကျင့်ရတာနဲနဲ ခက်ပါတယ်။
မိတ်ဆွေတွေကတော့ ကျမမှာ ကျမတို့ လိုတခြား နိုင်ငံကလာတဲ့သူတွေများပါတယ်။ သူတို့ က များသောအားဖြင့် ကျမတို့ ဓလေ့နဲ တူတတ်ပါ တယ်။
သူတို့ နဲ့ အတွေ့ အကြုံတွေဖလှဲဖြစ်ပါတယ်။
အဓိကကတော့ ကိုယ့်ကိုကိုယ် အားပေးထားပါ။
ကိုယ့်မှာရှိတဲ့ စွမ်းအားတွေပြနိုင်အောင်လုပ်ယူပါ။

Shinlay said...

လာဖတ်ကြတဲ့သူငယ်ချင်းများအားကျေးဇူးတင်ပါတယ်။

မိုးစက်ပွင့် said...

မမရေ.... ကျမ အလယ်တန်းတုန်းက ဆရာလေး တယောက် အက်စစ်သောက်ပြီး သေသွားတာ မြင်ဖူးတယ် ...ဘာအကြောင်းမှ မည်မည်ရရ မရှိဘူး .... စိတ်ရောဂါ လည်း ပေါ်ပေါ်တင်တင် မရှိဘူး.... သူလည်း ဒီပရက်ရှင်ပဲ ဖြစ်မယ်ထင်တယ်။ ကိုယ်တိုင်တော့ ဘွဲ့ရခါစ နဲ့ အလုပ်မ၀င်ရခင် ကာလတိုလေးမှာ ဒီပရက်ရှင်ဆန်ဆန် ခံစားဖူးပါတယ် ..လမ်းပျောက် နေသလိုမျိုးလေ။ အခုတော့လည်း တွေးဖို့ အချိန်ကို မရတော့တာ။

subuueain said...

အရမ်းတန်ဖိုးရှိတဲ့ post လေးပါ မမရေ။ အမြဲလာဖတ်ဖြစ်ပေမယ့် မြန်မြန်ဖတ် မြန်မြန်ပြန်မို့ အမြဲ comment မရေးဖြစ်တာပါ မရေ

မမိုး said...

ရှင်လေးရေ..ဒို့ကို ဆရာဝန်က ပေးတဲ့ Venlafaxine သောက်ပြီးရင် ဂျိုဇောင်းထဲက ကျင်ကျင်တက်လာတယ်..ဒါကို ဆရာဝန်ပြောတော့ သူကဆက်သာသောက်တာ ဆေးစွမ်းပြလို့ ခဏဖြစ်တာတဲ့။ ဒို့ကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်က ပြင်သစ်မှာ အမျိုးသမီးတယောက် ဦးနှောက် ကျူမာကြောင့်မျက်နှာကြီးယောင်ဖောင်းကားထွက် ပြီးနောက်ဆုံး သတ်သေတဲ့ သတင်းကြောင့် ကျူမာများဖြစ်သွားမလားကြောက်ပြီး ဆက်မသောက်တော့ဘူး။
စကားပြောကုထုံးနဲ့ပဲ ဆက်သွားနေမိတယ်..
၁နှစ်ခွဲကုလဲ လူကတော့ သိပ်ထူးမလာဘူး..
လူကြားထဲမသွားချင်..ဘယ်သူနဲ့မှစကားမပြောချင်တာ.နောက်ဘာကိုမှ ဟုတ်တိပတ်တိ ဆန္ဒမရှိတော့တာ မပြောင်းလဲဘူး..
အရင်လိုတော့ သတ်သေချင်တာမျိုးမရှိတော့ပါဘူး..
ဆရာဝန်ကတော့ ဒို့ဆေးဆက်သောက်တယ်ပဲ ထင်မှာ..ဒို့က ဆေးစာရွက်တော့ ယူလာတယ်..ဒါပေမဲ့ ၁လလောက်ကတည်းက မသောက်တော့တာ..

Shinlay said...

မမိုး
ဂရုစိုက်ပါနော်...အီးမေးပို့ လိုက်ပါမယ်။
မိုးစက်ယ စုဘူး...လာလည်တာကျေးဇူးတင်ပါတယ်။

Anonymous said...

to မမိုး

တရားထိုင်တဲ့နည်းနဲ့ ဒါနကောင်းမှုတွေ၊ ပရဟိတ လုပ်ငန်းလေးတွေ လုပ်တဲ့နည်းနဲ့ ကုကြည့်ပါလား။ ဒီပရက်ရှင်အတွက် တကယ်စွမ်းတဲ့ ဆေးစွမ်းကောင်းပဲ။

တရားထိုင်တာရယ်၊ အားကစားလုပ်တာရယ် ဒီနှစ်ခုက ပျော်ရွှင်မှုကို ဖြစ်စေတဲ့ endorphin ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒီပရက်ရှင်ဖြစ်သူတွေမှာ ဦးနှောက်ထဲမှာ endorphin ထုတ်လွှတ်မှု နည်းနေတတ်ပါတယ်။ endorphin များလာအောင် ဒီနည်းတွေနဲ့ လုပ်ယူပါ။

တရားထိုင်ဖို့ ဘယ်လိုမှ အာရုံစိုက်မရရင် မေတ္တာပွားကြည့်ပါ။ အထူးသဖြင့် loneliness အထီးကျန်ဝေဒနာ ခံစားနေရသူတွေ မေတ္တာစိတ်ကို ရင်ထဲက နှစ်နှစ်ကာကာ စူးစိုက်ပွားရင် အထီးကျန်ဝေဒနာ ပျောက်ကင်းတဲ့အထိ အစွမ်းထက်ပါတယ်။ လူချစ်လူခင်လဲ ခံလာရတတ်ပါတယ်။

ဒုက္ခရောက်နေတဲ့ သူတွေ၊ မိဘမဲ့နဲ့ သက်ကြီးရွယ်အိုတွေကို စာနာဖေးမတာလဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တက်ပြီး ဘဝမှာ ပျော်ရွှင်စေပါတယ်။ ဘာကိုမှ စိတ်မပါလက်မပါ ဖြစ်နေတာ ပျောက်သွားနိုင်ပါတယ်။

အစာကိုလဲ အချိန်မှန်မှန်နဲ့ အာဟာရ ပြည့်ဝအောင် ဂရုစိုက် စားပါ။ အစိမ်းရင့်ရောင် [ဟင်းသီးဟင်းရွက်(dark green vegetables)တွေ ဥပမာ ကိုက်လံ၊ ကန်စွန်း၊ ပန်းဂေါ်ဖီစိမ်းတွေကို နေ့စဉ် များများ စားပေးပါ။ မုန်လာဥနီလဲ ကောင်းတယ်။ အဆီထုတ်ထားတဲ့ နို့ကို သောက်ပါ။ ဗိုက်တာမင်စီ မချို့တဲ့အောင် သံပုရာရည် မန်ကျည်းရည် စတာတွေလဲ သောက်ပေးပါ။ ဗိုက်တာမင်တွေ ချို့တဲ့လို့လဲ neurotransmitter တွေမှာ အားနည်းချက်ဖြစ်ပြီး အာရုံမစိုက်နိုင်တာတို့ စိတ်ဓာတ်ကျတာတို့ ဖြစ်တတ်ပါတယ်။ အာဟာရ ပြည့်ဝအောင် သတိထားပါ။ ဒီအချိန်မှာ စိတ်လေးလံထိုင်းမှိုင်းစေတဲ့ အအီအဆိမ့်တွေ သွေးတက်စာတွေကို လျှော့ပါ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကလဲ စိတ်ကို ဖျတ်လတ်တက်ကြွစေပါတယ်။ လုပ်ချင်ချင် မလုပ်ချင်ချင် နေ့စဉ် ပုံမှန် လုပ်ပေးပါ။ ခွေးထွက်အောင် လုပ်ပါ။ သွေးလှည့်ပတ်မှု မြန်ဆန်ပြီး ဦးနှောက်ထဲ အောက်ဆီဂျင် အရောက်များရင် စိတ်တွေ တက်ကြွလာတတ်ပါတယ်။

အခန်းထဲမှာ အုံ့မှိုင်းမှိုင်း မီးပန်းဆိုင်းတွေ ဝါကျင့်ကျင့် မီးလုံးတွေ ထွန်းထားမိသလား သတိထားကြည့်ပါ။ ထွန်းထားတယ်ဆိုရင် ဖြူဝင်းလင်းထိန်နေတဲ့ မီးနဲ့ အစားထိုး လဲလိုက်ပါ။ ဝါကျင်အုံ့မှိုင်းတဲ့ လျှပ်စစ်မီးရောင်ဟာ ဒီပရက်ရှင်ကို ဖြစ်စေပါတယ်။ ဆောင်းတာရှည်ပြီး ဆောင်းတွင်း အမှောင်ထုများတဲ့ နိုင်ငံတွေမှာ တချို့လူတွေ ဆောင်းရာသီ စိတ်ဓာတ်ကျရောဂါ winter depression ဖြစ်ကြလို့ သုတေသနတွေ လုပ်ကြပြီး အခန်းထဲမှာ ဝါကျင်ကျင် မှိန်ဖျော့ဖျော့ မီးဆိုင်းအလှတွေအစား လင်းနေတဲ့ မီးဆိုင်းတွေ မီးချောင်းတွေ တပ်ဖို့ အကြံပေးကြပါတယ်။

နံရံကို အဖြူရောင်၊ အပြာနုရောင်၊ အစိမ်းနုရောင် စတဲ့ အကြည်ဓာတ်များတဲ့ အရောင်တွေ သုတ်ပါ။ ဝါဖျော့ဖျော့အရောင်တို့ ခပ်ပုပ်ပုပ်အရောင်တို့ ဖြစ်နေရင် ဆေးပြောင်းသုတ်ပါ။ အိမ်တွင်းနံရံ ဆေးသုတ်ရာမှာ အဝါကို ရှောင်ပါ။

ငှက်တွေခိုတွေ အစာကျွေးတာတို့ မရှိဆင်းရဲသားတွေကို လှူဒါန်းတာတို့ နေ့စဉ်လုပ်ပြီး ငါ နေ့တိုင်း ကောင်းတဲ့အလုပ်တွေ လုပ်နေတာပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးယူပါ။

အခန်းချည်း အောင်းမနေမိပါစေနဲ့။ ဒီပရက်ရှင် တာရှည်တတ်တယ်။ လူကြားထဲ သွားဖို့ ခွန်အားမရှိသေးရင်၊ တစ်ကိုယ်တည်း နေချင်နေသေးတယ်ဆိုရင် စာကြည့်တိုက်လို တစ်ဦးချင်း လွတ်လပ်မှုလဲရှိ၊ အများကိုလဲ မြင်တွေ့နေရတဲ့ နေရာမျိုးကို ပုံမှန်သွားနေပါ။ အဲဒီလိုနေရာတွေမှာ အထီးကျန်လဲ မဖြစ်ဘူး၊ အများကြားထဲမှာပေမယ့် ကိုယ့်ဟာကိုယ်လဲ လွတ်လွတ်လပ်လပ် နေနိုင်တယ်။ ပန်းခြံထဲ သွားထိုင်ချင် ထိုင်နေပါ။

ဒီပရက်ရှင် ဖြစ်တဲ့သူတွေမှာ တရားထိုင်ခြင်းဟာ ဆေးစွမ်းကောင်းပဲ ဆိုပေမယ့် စိတ်ဓာတ်ကျနေရင် တရားထိုင်ဖို့ကို စိတ်ခွန်အား မရှိဘူး ဖြစ်နေတတ်တယ်။ ကိုယ့်ဟာကိုယ် အခန်းထဲမှာ ထိုင်မယ့်အစား ဖြစ်နိုင်ရင် ရိပ်သာ ခဏလောက်ဝင်၊ ဆရာသမားဆီ နည်းယူပြီးမှ အိမ်မှာ ကိုယ့်ဟာကိုယ် ထိုင်ပါ။

ပျော်ရွှင်တက်ကြွနေအောင် ကြိုးစားယူပါ အစ်မရေ။ ကိုယ်ချင်းစာပါတယ်။

မမိုး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။