Sunday 19 February 2012

မတူညီတဲ့ဆရာများ။

ကျမတို့ ကငယ်ငယ်ကတည်းက ဆရာတွေကိုရိုသေကြသလို၊
ဆရာတွေကလည်း တပည့်တွေအပေါ် စေတနာထားဆက်ဆံကြတာပါ။
တခါတလေ ကိုယ်နဲ့ ရင်းနှီးတဲ့ ဆရာမ များကိုဆိုရင် မိမိရဲ့ အိမ်ကအကြောင်းတွေ၊
ကိုယ်ရေးကိုယ်တာ ကိစ္စ အဆင်မပြေတာ၊အဆင်ပြေတာတွေကအစပြောပြ၊ရင်ဖွင့်
လေ့ရှိကြတယ်။ ဆရာဆိုရင် လူတိုင်းကလေးစားတန်ဖိုးထားကြတာပဲလေ။

ကျမ ဂျာမနီရောက်စ၊ Goethe Institut မှာ ဂျာမန်စာစသင်တုန်းက တွေ့ ကြုံရတဲ့
ဂျာမန် ဆရာတွေနဲ့ ၊ အခု တရုတ်စာသင်နေတုန်းတွေ့ ရတဲ့ဆရာတွေ ကိုနှိုင်းကြည့်
မိပါတယ်။ ဂျာမန်စာစသင်တော့ အတန်းထဲမှာ ဆရာမက အင်္ဂလိပ်လို လုံးဝမပြောပဲ
ဂျာမန်လိုပဲသင်ပါတယ်။ ဂျာမန်စကားတလုံးမှမတတ်သေးတဲ့ကျမတို အတွက်
တော်တော် အဆင်မပြေပါ။ ဘာပြောချင်တာလဲ၊ ဘာအဓိပ္ပါယ်လည်းဆိုတာ နားမလည်
တာများပါတယ်။ စာသင်နေတုန်းမှာ အဘိဓါန်လည်းကြည့်ခွင့်မရဘူး။
အိမ်ပြန်ရောက်တော့မှ သိချင်တာတွေ ပြန်မေးရတယ်။ အတန်းထဲမှာ နားမလည်ရင်
မေးလို့ ရပေမဲ့ အားလပ်ချိန်မှာ ဆရာမကိုစာမေးလို့ မရပါဘူး။ ဒါဟာသူ့ ရဲ့ အားလပ်ချိန်
ဖြစ်လို့ စာရှင်းမပြပါဘူးတဲ့။ Goethe Institut မှာတတ်နေတဲ့ကာလ ဂျာမန်စကား
ကိုကျမလုံးဝစိတ်မ၀င်စားခဲ့ပါဘူး။
နောက် အတန်းရောက်တော့ Sprachenkolleg မှာပြောင်းတတ်ဖြစ်ပါတယ်။
အဲ့ဒီမှာတော့ကျမ ဂျာမန်စကားသင်ရတာပျှော်လာပါတယ်။ သင်တဲ့ဆရာက ဂျာမန်လို
ပြောသင်နေပေမဲ့ နားလည်အောင်ရှင်းနိုင်ပြီး လိုအပ်ရင် အင်္ဂလိပ်လိုရှင်းပါတယ်။
စာသင်ခန်း အပြင်မှာလည်း သူ့ ကိုအချိန်မရွေးစာမေးလို့ ရပါတယ်။ သူကစေတနာထား
တဲ့အတွက် အဲ့ဒီတုန်းက ကျမတို့ တတန်းလုံး စာလိုက်နိုင်ကြတယ်။ ကျောင်းတက်ရတာလည်း
ပျှော်ကြတယ်။ နောက်အတန်းရောက်တော့ ဆရာမအသစ်နဲ့ ဆရာနဲ့ နှစ်ယောက်တွဲသင်တယ်။
ဆရာမက စည်းကမ်းကြီးပေမဲ့ စာရှင်းပြတာကောင်းပါတယ်။

ကျမအလုပ်အတွက်ကျောင်းတက်တော့ ဂျာမန်ဆရာတွေနဲ့ ကြုံရပြန်တယ်။
သူတို့ ဟာ ဘာသာရပ်ပိုင်းမှာ ကျွမ်းကျင်ကြပေမဲ့ ကျမတို့ နိုင်ငံက ဆရာတွေလိုတော့
စေတနာ၊အနစ်နာ သိပ်မရှိကြပါဘူး။ ကျောင်းသားတွေကလည်း ရိုသေတာ၊လေးစားတာ
မရှိကြပါဘူး။ သူ့ ဆရာနဲ့ သူ့ တပည့်တော့ဟုတ်နေတာပါပဲ။ ဆရာကစာသင်ခန်းထဲမှာ
စာသင်တယ်။ စာသင်ချိန်ကုန်ရင်သူ့ တာဝန်ပြီးပြီ။

အခုကျမတရုတ်စကားသင်နေတော့ တရုတ်ဆရာမနဲ့ တွေ့ ရပြန်ပါတယ်။ ဆရာမက
ကျမတို့ ထက်ငယ်ပေမဲ့  ကျမတို့ က သူ့ ကိုဆရာတယောက်အဖြစ်လေးစားပါတယ်။
သူက တရုတ်စာသင်တဲ့အခါမှာ ဂျာမန်လိုရှင်းပြပါတယ်။ ဒီတော့ကျမ သူပြောချင်တာ၊
ရှင်းပြတာတွေ နားလည်ပါတယ်။ တခါတလေသူရှင်းမပြတတ်ရင်တောင် လှည့်ပတ်ပြီး
ဂျာမန်လိုရှင်းရှာတယ်။ အတန်းထဲကသူတွေကလည်း သူပြောချင်၊ရှင်းချင်တာတွေ
ကြိုးစားနားလည်ပေးပါတယ်။ ဆရာမက စာသင်ကောင်းပါတယ်။
အတန်းထဲကယောက်ယောက် ကျောင်းပျက်ရင်တောင် နောက် နေ့ ကျရင် အချိန်ပို
ယူပြီးရှင်းပြပေးပါတယ်။ ဂျာမန်ဆရာ၊ဆရာမဆိုရင်တော့ဒါမျိုးလုပ်ပေးမှာမဟုတ်ပါဘူး။
ဆရာမက အိမ်စာတွေအရမ်းပေးပါတယ်။ တရုတ်စာလုံးတွေ အများကြီး အရေးကျင့်ရတယ်။
ငယ်ငယ်က သူငယ်တန်းမှာ ကကြီးခဂွေး ကျင့်ခဲ့ရသလိုပဲ။ ကျမလည်း အချိန်ပေးပြီး
စာလုပ်ပါတယ်။ ဆရာမက စာလည်းအလွန်မေးပါတယ်။ ကျမတို့ က အတန်းထဲမှာရင်းနှီး
ကြပေမဲ့ လေးစားမှုရှိသလို ၊ ဆရာမကလည်း ကျမတို့ အပေါ်မှာ စေတနာထားပါတယ်။

ဂျာမန်စကားသင်တုန်းကတော့ ကိုယ့်အားကိုယ်ကိုးပြီး လေ့လာရပေမဲ့ ၊ တရုတ်စကား
သင်တော့ ဆရာမက သူငယ်တန်းကလေးစာသင်သလို ဂရုတစိုက်ရှိပါတယ်။
အရှေ့နဲ့ အနောက်၊ ယဉ်ကျေးမှုချင်းကွာတာကြောင့်သူတို့ ရဲ့ စာသင်ပုံ၊စာသင်
နည်းတွေလည်းပြောင်းလဲတာနေမှာ။

အခုတလော ကျမတော့ တရုတ်စာကျက်ရင်း အချိန်ကုန်နေပါတယ်။ စာတွေများလာတော့
စာလုံးတွေ မေ့မေ့သွားလို့ ပြန်ပြန်ပြီးအရေးကျင့်ရပြန်ရော။ ကျမတရုတ်လိုတွေရွတ်နေလို့ 
ကိုသောမတ်စ် ကတော့ တော်တော်နားငြီးနေပုံရပါတယ်။

8 comments:

Anonymous said...

ဟုတ်တယ်။ ကျွန်တော်လဲ စေတနာကောင်းတဲ့ ဆရာနဲ့ဆိုရင် ပိုတတ်လွယ်တယ်။ သင်ရတာလဲ ပိုပျော်တယ်။ ဆရာဆိုတာ ဈေးသည်ဈေးဝယ် ဆက်ဆံရေးမဟုတ်ဘဲ ဆရာလို ဆက်ဆံရေး ရှိမှ ဒီက အာရှသားက ကြိုက်တာ။

ဦးသောမတ်တော့ တွေးမိမလားပဲ။ ငါ ယူထားတုန်းက မြန်မာမ၊ ခု ဘယ်နှယ့် တရုတ်မပါ နှစ်ယောက်ယူထားရသလို ဖြစ်နေတာလဲဆိုပြီး...့ haha

T T Sweet said...

တရုတ်စာက ကျက်မှ များများ အရေးလေ့ကျင့်မှ မှတ်မိတာ။ အိမ်ကသမီး စင်္ကာပူမှာတုံးက တော်တော်လုပ်လိုက်ရတယ်။ အိမ်မှာသင်တဲ့ ဆရာမလေးက တစ်ပတ်ကို အလုံး ၃၀လောက် အလွတ်ရအောင်လုပ်ခိုင်းတာ။ မလွယ်ဘူးနော်။ အသံထွက်တွေကလဲ ခက်တယ်။ ကျွန်မခုချိန်မှ တရုတ်စာ၊စကား စ သင်ရမယ်ဆို ဘယ်လိုမှ လိုက်နိုင်မယ်မထင်ဘူး။ မရှင်လေးခုချိန်မှ လေ့လာတာ တော်တယ်ပြောရမယ်။

subuueain said...

တရုတ်စကားပြော သင်ဖူးပါတယ်။ အသံထွက်ရတာ အတော်ခက်ခဲသလို ခံစားရတယ်။ ဒါတောင် ရေးတာမပါသေးဘူး။ အမ ရှင်လေး အရမ်းတော်တယ်။ :)

ဟန်ကြည် said...

တကယ်က နိုင်ငံတကာက ဆရာအများစုဟာ ဂျာမန်ဆရာလို ဆရာတွေပဲ များပါတယ်..သူရို့ကျောင်းသားတွေကလည်း ကိုယ့်တာဝန်ကိုယ် အပြည့်ယူကြတာမို့ အဆင်ပြေပါတယ်...အာရှကျောင်းသားတွေကတော့ ဆရာတွေကို လေးစားစိတ်အပြင် အားကိုးစိတ်ပါ ရှိနေတာမို့ ဥရောပ ဆရာတွေနဲ့ သဟဇာတ မဖြစ်တာလို့ ထင်ပါတယ်...

Shinlay said...

Anonymous: ကိုသောမတ်စ်လည်း အဲ့ဒီလိုပဲပြောတယ်။ ဟဲဟဲ။

မဆွိရေ... ဟုတ်တယ်။ တနေ့ တနေ့  ရေးလိုက်၊ မေ့လိုက်၊ အသက်ကြီးလာတော့ ခေါင်းသိပ်မကောင်းတော့ဘူး။

စုဘူးရေ... ကြိုးစားနေဆဲပါ။

ကိုဟန်ကြည်...ဟုတ်ပါတယ်။ ကျမတို့ က အာရှဆရာတွေနဲ့ သင်လာတာအကျင့်ပါနေတော့
အာရှပုံစံနဲ့ ဆိုပိုအဆင်ပြေတာနေမှာ။

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်။

ဇွန်မိုးစက် said...

ညီမက... ဟိုးအရင်က ကိုယ်စိတ်ဝင်စားတဲ့ ပြင်သစ်စာနဲ့ ဂျပန်စာတစ်လ သင်ဖူးတယ်။ ပြီးတော့ စင်္ကာပူမှာလာပြီး ကျောင်းတက်လိုက်တော့ အဆက်ပြတ်သွားတယ်။ တရုတ်စာကို ဘယ်လိုမှ စိတ်မ၀င်စားတာနဲ့ မသင်ဖြစ်ခဲ့ဘူး။ ခုချိန်မှာတော့ အင်္ဂလိပ်စာကိုပဲ ပြန်ကောင်းအောင် လုပ်ချင်တဲ့စိတ်ရှိနေတယ်။ ဘာသာအသစ်သင်ဖို့ဆို တော်တော်အားမွေးရမယ်။ အစ်မရှင်လေးကိုတော့ တကယ်ချီးကျူးမိတယ်။း)

ဇွန်မိုးစက်

Shinlay said...

ဇွန် အရင်ကကျမလည်း တရုတ်စာကိုဘယ်လိုမှ စိတ်မ၀င်စားခဲ့ဘူး။ အခုတော့လည်းဟုတ်နေရော။
ကျေးဇူးတင်ပါတယ်။

Khemar said...

ညီမလည်း ၁၀တန်းအောင်ခါစ တက္ကသိုလ်တတ်ဖို့ စောင့်နေတုန်းက တရုပ်စာသင်ခဲ့ဘူးတယ်... အဲ့ဒီ့တုန်းက လည်းအစ်မလို မျိုးပဲ တရုပ်စာ တလုံး ကို တစ်မျက်နှာ ရေးကျင့်ခဲ့ရတယ်... နောက်နေ့ မေ့သွားရင် နောက်တစ်မျက်နှာ ထပ်ရေး..အဲ့ဒီလို ကျင့်ခဲ့ရတယ်..အခု တော့ ဂျာမန်စာနဲ့ လုံးလည်ချာလည်လိုက်နေတယ်..မပြီးနိုင်တဲ့သင်ယူခြင်းတွေပါပဲ....