Sunday, 16 July 2023

ပွဲဖျက်မိုး

 မနေ့ညက ကျမတို့မြို့လေးမှာ တနှစ်တခါကျင်းပတဲ့ မီးထွန်းပွဲရှိပါတယ်။ ပန်းခြံထံမှာ မီးပုံးလေးတွေ နေရာအနှံ့ချိတ်ဆွဲထားသလို။ ပန်းခြံထဲမှာဖြတ်စီးနေတဲ့ ချောင်းလေးထဲက ကျောက်တုန်းတွေပေါ်မှာလည်း မီးအိမ်လေးတွေထွန်း။ တချို့နေရာမှာ ဝါးကျည်တောက် ပေါ်မှာဆီမီးခွက်လေးတွေထွန်းကြတယ်။ ကလေးလူငယ်တွေအတွက် ချားရဟတ်တွေလည်းရှိသလို ၊ စားစရာရောင်းတဲ့ ဈေးဆိုင်တွေလည်းရှိပါတယ်။ စင်တင်ဂီတဖေါ်ဖြေပွဲလည်းပါတော့ ကလေးလူငယ်လူကြီးအားလုံး အကြိုက်တွေ့တဲ့ ပွဲပေါ့။

မနေ့ညနေက ကျမအလုပ်မှာ တာဝန်ကျပါတယ်။ အလုပ်ပြီးရင် ကိုသောမတ်ကလာကြိုပြီး မီးထွန်းပွဲသွားကြမယ်ပေါ့။ လူနာတွေကလည်း ပွဲသွားဖို့ ဆေးတွေစောစောလာယူကြတယ်။ မီးထွန်းပွဲသွားမလား ဆိုတဲ့ မေးခွန်းတွေ ခဏခဏကြားရတယ်။ 

ည ၈နာရီ ၂၀ မိနစ် ကျမ အလုပ်ဆင်း‌လို့ အပြင်လည်းရောက်ရော မိုးစရွာပါလေရော။ ကျမနဲ့ ကိုသောမတ်စ်လည်း ပွဲမသွားတော့ပဲ အိမ်တန်းပြန်ခဲ့ ရတယ်။ ပန်းခြံကိုဖြတ်ပြန်တော့ မီးပုံးတချို့ကို ကားပေါ်ကလှမ်းမြင်လိုက်ပါတယ်။ သီချင်းသံတွေကြား‌လိုက်တယ်။ လူ‌တော်တော်စည်နေပြီ။ ကားရပ်စရာမရှိတော့လို့ အဝေးကြီးအထိ ကားတွေးသွားရပ်ထားတာတွေ့ရတယ်။

ကျမတို့ အိမ်ပြန်ရောက်တော့ မိုးကတဖြေးဖြေးသည်းလားတယ်။ လျှပ်စီးတွေလက်၊ မိုတွေချိန်းနဲ့ နောက်ဆုံးတော့ ကျမတို့ မီးထွန်းပွဲလေး ဖျက်လိုက်ရတယ်။

Friday, 14 July 2023

လူကြုံပစ္စည်း နဲ့ ခရီးသွားခြင်း

 သက်ကြီးလာတာနဲ့ အတူ ခရီးသွားရင် လွတ်လွတ်လပ်လပ်သွားချင်လာတယ်။ ဝန်စည်ဆလယ်၊ အထုတ်အပိုးတွေ ကို တတ်နိုင်သမျှ လျော့ချလာခဲ့တယ်။ ခြေနဲ့ လက်မှာ ဒဏ်ဖြစ်ထားတော့ သယ်ရဆွဲရတာ အဆင်မ‌ ပြေဘူး။ 

မြန်မာပြည်ပြန်ရင်ပိုဆိုးပါတယ်။ သွားရတဲ့ ခရီးက ဝေး။ လေဆိပ်ရောက်ဖို့ ရထားက ၂ဆင့်၊၃ဆင့်လောက်ပြောင်းရသေးတာ။ ရထားအတက်အဆင်း အထုတ်တွေ မ ချရ၊ ဆွဲချရနဲ့။ ဘူတာက‌ နေလေဆိပ်ကောင်တာရာက်ဖို့ အထုတ်တဖက်နဲ့ သွားရတာ မသက်သာလှပါဘူး။

တယောက်ထဲခရီးသွားတော့ပိုဆိုးပါတယ်။ ကူသယ် ေပးမဲ့ သူ မရှိပါ။ ဘေးကလူ သယ်ခိုင်းဖို့ကလည်း သူတို့မှာလည်း သူ့အထုတ်နဲ့သူ။ ရန်ကုန်က တချို့ကမေးသေးရဲ့ ဂျာမနီမှာ ကူလီ မရှိဘူးလားတဲ့။ 


‌အခုနောက်ပိုင်း ခရီးသွားရင် ကျမ ပစ္စည်းပဲ ကျမ သယ်ပါ တော့တယ်။ အားနာပါးနာနဲ့ လူကြုံပစ္စည်းမသယ်ပေး‌ေတာ့ပါဘူး။

အရင်က ငြင်းရမှာ အားနာခဲ့ ဘူးတယ်။ ဒါလေးထည့် ‌‌ ပေးချင်လို့ပါဆိုပြီး ရောက်လာတာ့ ဒါလေးတင်မက အပိုတွေကပါလာပြန်ရော။ ကိုယ်က အားနာလို့ သယ်သွားပေး။ ရန်ကုန်ရာက် တော့ လူကြုံပေးတဲ့ ပစ္စည်းတွေ လိုက်ပို့ရပြန်။ အိမ်မှာလာယူမယ် ဆိုပြန်တာ့ လူခွဲမရှိတဲ့ ကျမ ဘယ်မှမသွားနိုင်ပဲထိုင် စောင့်။ ကားပိတ်လို့ ၊ ဘာဖြစ်လို့ဆိုပြီး ချိန်းထားတဲ့ အချိန်ကျော်မှ ရောက်လာ တော့ ကျမအစီအစဉ်တွေ ဖျက်လိုက်ရပြန်ရော။ လူကြုံပစ္စည်း လာယူရင်းနဲ့ ဂျာမနီကို လူကြုံပြန်ထည့် ပေးကြပြန် ရော။ တဖက်လူ သယ်နိုင် မသယ်နိုင်မသိ မမေး တော့ပဲ ပေါ့ပေါ့လေးပါဆိုပြီး ထားခဲ့။ 

တကယ်ပြန်တော့ ကျမ လိုချင်လို့ဝယ်ထားတဲ့ပစ္စည်းတချို့ ချန်ထားခဲ့ပြီး လူကြုံပစ္စည်းတော့ ရအောင်သယ်လာပေးခဲ့တာ အ‌ခေါက်တိုင်းပါ။

နောက်ပိုင်း တော့ မသယ်နိုင်ကြောင်းပွင့်ပ္င့်လင်းလင်း ေပြာ ပြီးငြင်းပါတယ်။ ကျမအတွက်လည်းလက် ‌‌ေဆာင်မလိုသလို ထမင်းဖိတ် ကျွေး စရာ မလို သလို၊ လူကြုံလည်း မသယ်နိုင်တော့ပါဘူး။ 


ကျမကိုလူကြုံထည့်ပေးသူ ‌တွေ မြန်မာပြည်ပြန်ရင် သိတောင်မသိလိုက်ရဘူး။ တချို့ကျတော့ အမက ခဏခဏပြန် နေ ‌တော့ မှာစရာ ရှိမှာ မဟုတ်ဘူးမလားတဲ့။ကျမလည်းတခါမှ မမှာခဲ့ပါဘူး။


ခရီးကဝေး ပို့ရတာ မလွယ် တော့ လူကြုံနဲ့ ထည့်ပေးချင်တာနားလည်ပါတယ်။ ကျမလည်း ကိုယ့် အတိုင်းအတာနဲ့ပဲ သယ်နိုင်ပါတယ်။ အသွားအပြန်လူကြုံ ပစ္စည်းသယ်ဖို့ ခရီးထွက်ခြင်းမဟုတ်ပါ။ ကီလိုဘယ်လောက်ပဲရရ၊ ကျမသယ်နိုင်သ လောက် ပေါ့ပေါ့ပါးပါးနဲ့ ပဲ ခရီးသွားချင်ပါတယ်။ 


Shinlay

Thursday, 19 July 2018

အပြောင်းအလဲ

ကျမ ဂျာမနီရောက်နေတာအနှစ် ၂၀ခန့် ရှိပါပြီ။ ဘာလိုလိုနဲ့  ဂျာမနီက ကျမအတွက် ဒုတိယ အိမ်ဆိုလည်း မမှာပါဘူး။ ဒါပေမဲ့ ကျမ အတွက် အပြောင်းအလည်း လိုအပ်လာပြီ။ အဝေးကနေ လွမ်းနေရတဲ့ မြန်မာပြည် ကို ပြန်နေကြည့်ချင်တယ်။ မြန်မာဓလေ့ကိုပြန်ခံစားကြည့်ချင်တယ်။ ကျမမေမေ ဆုံးသွားလို့ တလ မပြည့်ခင် ကျမမြန်မာပြည်ပြန်နေဖို့  အခွင့်အရေးတခုရခဲ့တယ်။ ကျမ ပြန်နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျမ ပျော်သလောက်၊ကျမ နေနိုင်သလောက်တော့ မြန်မာပြည်မှာ ပြန်နေကြည့်ချင်ပါတယ်။
ကျမ အတွက် ဘာတွေပေးဆပ်ရမယ်။ ဘာတွေ အကျိုးရှိလာမယ်ဆိုတာ ကျမတွက်ကြည့်ပါတယ်။
နောက်ဆုံးတော့ ကျမ လုပ်ချင်တဲ့ ဆန္ဒကို ဦးစားပေးလိုက်ပါတယ်။
ကျမ ဘာတွေရင်ဆိုင် ရမယ်ဆိုတာ မသိသေးပေမဲ့ ကိုယ့်တိုင်းပြည်မှာ ဆိုတော့ ကျမ အဆင်ပြေမှာပါ။

Saturday, 3 June 2017

လူသစ်

နေရာတနေရာမှာ လူသစ်တစ်ယောက်အဖြစ် စရတာ မလွယ်ဘူး ဆိုတာသိပေမဲ့ အခု အသက်ကြီး လာတော့ ပိုခက်မှန်းသိလာတယ်။
ကျမ ဂျာမနီကို စရောက်တော့ အသက် ၃၀။ ဘ၀ ကို အစကပြန်စခဲ့ရတယ်။ ပတ်ဝန်းကျင် အသစ်၊ မိတ်ဆွေ
အသစ်၊ စကားအသစ်၊ ပညာရပ်အသစ် တွေကို သင်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျမတက်ကြွပြီး ကောင်းကောင်း ကျော်လွှားနိုင်ခဲ့တယ်။ ခက်ခဲတာသိပေမဲ့ အားအင်တွေရှိနေခဲ့တယ်။
အခု အသက် ၄၉ နှစ်နားနီးမှ အလုပ်အသစ်တစ်ခုပြောင်းတာတော်တော် ခက်ခဲပင်ပန်းတာ သိသာလာတယ်။ ဒါတောင် ကျမ ကျွှမ်းကျင်တဲ့အလုပ်၊ ကျမ ဘာလုပ်နိုင်တယ်ဆိုတာ သိပြီးသားအလုပ်ရှင်၊

ပထမ ၃ပတ်ကတော့ ကျမ တော်တော် စိတ်ညစ်ရတဲ့ အချိန်ပါ။ အလုပ်ပြောင်တာမှားပြီလားမသိဘူး လို့ 
မကြာခဏတွေးဖြစ်ခဲ့ပါတယ်။ ကလေးတွေ ကျောင်းမသွားချင်သလို ကျမလည်း အလုပ်မသွားချင်ခဲ့ဘူး။
အလုပ်က လုပ်ဖေါ် ကိုင်ဖက်တွေက အလွန်သဘောကောင်းကြပါတယ်။
 အရင်အလုပ်က လူ၅ယောက်၆ယောက်ပဲရှိပြီး ၊အလုပ်အသစ်မှာ ကျမတို့ ဌာနမှာတင် ၂၇ ယောက်၊
ဆေးရုံဝန်းကကျယ်၊လမ်းတွေပျောက်၊  အလုပ်စတဲ့နေ့ မှာ အခန်းတွေမှတ်နေရတာကို က မလွယ်ကူခဲ့ပါ။ အိမ်သာတောင် ရှာမတွေ့ ခဲ့ပါဘူး။ အဆောက်အဦးက ရှည်တော့ လမ်းတော်တော်လျှောက်ရတယ်။ အိမ်ပြန်ရောက်ရင် ခြေထောက်တော့တော်တော်နာနေပြီ။
အလုပ်က ဆရာဝန်နာမယ်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ နာမယ်တွေ မှတ်ရတာကလည်း ခေါင်းခြောက်
စေပါတယ်။
ကိုယ်ကျင့်သားရနေတဲ့စနစ်ကို မေ့ထားပြီး အလုပ်အသစ်ရဲ့ လုပ်ပုံကိုင်ပုံစနစ်ကို လေ့လာရတာကလည်း
မလွယ်ပါဘူး။ အလုပ်အဟောင်းနဲ့ အလုပ်အသစ်အကူးမှာ နားရက်မရှိပဲ ချက်ချင်းတန်းဝင်ရတော့ ပိုဆိုးးတယ်။
သုံးရတဲ့ စက်တွေက အသစ်၊ ကွန်ပျူတာစနစ်က အသစ်၊ စက်တွေကလုပ်ရင်းအဆင်မပြေတော့ ပို ခေါင်းကိုက်ရပြန်တယ်။ လူတကာကို လှမ်း အကူအညီတောင်း။
ဒီလိုနဲ့ ချာလည်ရိုက်နေတာ ၄ပတ်ရောက်တော့ အထာတော်တော်ပေါက်လာတယ်။
တဖြေးဖြေးနဲ့  ပရိုဂရမ်တွေ သိလာလေလေ၊ အလုပ်သွားရတာပျော်လာပါတယ်။အလုပ်ကပြန်လာရင်လည်း
ကျမ လုပ်ခဲ့တာတွေအတွက် ကျေနပ်ပျော်ရွှင်နေတယ်။
အခု ကျမ အလုပ်အသစ်မှာ ၂ လ ရှိသွားပြီ။ ကျမလည်း ကျမတာဝန်ယူရတဲ့ နေရာ ၂ခုမှာ အားလုံးနီးပါး
သိလာပြီ။ အလုပ်သွားရတာလည်း ပျော်လာသလို၊ အလုပ်ကပြန်လာရင်လည်း ကျေနပ်နေတတ်ပြီ။
 လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ကျမကို သူတို့ အလုပ်ရဲ့ အဆိုးအကောင်းကို ရင်ဖွင့်လာ ကြပြီ။
ကျမလည်း လူသစ်ဆိုတဲ့ အသိ ပျောက်စပြုလာပြီ။

ဒီ၂လအတွင်းကျမကိုယ်ကျမ သတိထားလိုက်မိတာက လူသစ်တစ်ယောက်ဖြစ်ဖို့ ကျမ အသက်ကြီးသွား
ပြီဆိုတာပါပဲ။ အခုလောလောဆယ်တော့ ဘယ်နေရာသစ်ကိုမှ မပြောင်းချင်တော့ပါဘူး။

Sunday, 3 April 2016

ကျမရဲ့ စက်ဘီးအကြောင်း

မနေ့ က ကျမဈေးသွားတော့ စူပါမတ်မှာ စက်ဘီးတွေရောင်းနေတာတွေ့ တယ်။ စက်ဘီးကိုမြင်မြင်
ချင်းသဘောကျသွားပါတယ်။ အိမ်ရောက်တာနဲ့ ကိုသောမတ်စ်ကိုပြောတော့ သူက ချက်ချင်းပဲ
သွားဝယ်မယ်ဆို ပြီးဝယ်ဖြစ်သွားပါတယ်။


စက်ဘီးက အိမ်ရောက်မှ ခြေနင်းပြန်တတ်၊ လက်ကိုင်ပြန်တည့်စတာတွေ ကိုယ်ဘာသာကိုယ် ပြန်လုပ်ရပါတယ်။ ကျမတို့ ကလည်း စက်တွေဘာတွေ တတ်တာဖြုတ်တာ
ကျွမ်းကျင်တော့ တော်တော်လေးချွေးပြန်သွားပေမဲ့ ခြေနင်းတောင် မတတ်နိုင်ခဲ့ပါဘူး။

ဒါနဲ့  မြို့ ထဲကစက်ဘီးဆိုင်ကို တွန်းပြီးယူသွားကြပါတယ်။ ကျမတို့ မြို့ မှာ ရှိတဲ့ တစ်ဆိုင်ထဲသော စက်ဘီးဆိုင်ကသူတို့ ဆိုင်က ၀ယ်တာမဟုတ်လို့ မပြင်ပေး( မဆင်ပေး)ပါဘူးတဲ့.။ ဒါနဲ့ အနားက မြို့ မှာ ရှိတဲ့ အသိဆိုင် ကိုသွားမယ်ဆိုပြီး ဘူတာရုံ ရောက်တော့ ဒီနေ့  ရထားလမ်းတွေပြင်နေလို့  ရထားမထွက်ပါတဲ့။
မောပြန်ရော။ ဒါနဲ့ အိမ်ရောက်တော့ ကားနဲ့ သယ်သွားမယ်လို့ ကြည့်လိုက်တော့ ကားနဲ့ က မဆန့် ပြန်
ဘူး။ မောပြန်ပြီ။

ကျမလည်း ဇွဲမလျှော့ ပဲ ဂူဂယ်ကို ဖွင့်ကြည့် တော့ နဲနဲ သိလာပါတယ်။ ဒါနဲ့ ပဲနောက်ဆုံးတော့
အဆင်ပြေသွားပြီး အစမ်းမောင်းကြည့် တာလည်းအဆင်ပြေတာနဲ့ ကျမ ပျော်သွားတာပေါ့။

ဒီနေ့ တော့ ကျမတို့ စက်ဘီးစီးထွက်ကြပါတယ်။ မြို့ တမြို့ ရောက်တော့ ပွဲလုပ်နေတာနဲ့  ဆိုင်တွေ
ဖွင့်တာနဲ့ ကြုံရော။ အဲ့ဒီအချိန်မှာပဲ့ ကျမ စက်ဘီးလက်ကိုင်က ချော်သွားတာနဲ့ အနားရှိတဲ့
စက်ဘီးဆိုင်ကို ရောက်သွားပါတယ်။ ဒီနေ့ တော့ကျမ ကံကောင်းသွားပြန်တယ်။
အဲ့ဒီဆိုင်က အလွန်သဘောကောင်းပြီး ကျမ စက်ဘီးလေးကို အခမဲ့ပြင်ပေး၊စစ်ပေးပါတယ်။

ကျမငယ်ငယ်က စက်ဘီးစသင်တော့ ကျမသူငယ်ချင်းရဲ့ သုံးဘီးထောက်စက်ဘီးလေးနဲ့  စသင်ရတာပါ။
သူနဲ့ ကျမအစ်ကိုဝမ်းကွဲက မောင်ဗမာစက်ဘီး ကို တလှည့်စီစီးကြ၊ ကျမက အနောက်ကနေ
သုံးဘီးထောက်ကလေးနဲ့ လိုက်ပေါ့။ ဒီလိုနဲ့ ကျမစက်ဘီးစီးတတ်သွားပါတယ်။ ရန်ကုန်မှာဆိုတော့ လမ်း
ကြားထဲပဲစီးရတော့ ကျွမ်းကျွမ်းကျင်ကျင်တော့ မရှိပါဘူး။

ဂျာမနီရောက်မှ စက်ဘီးစီးထပ်ကျင့် ရင်း ဟိုနားဒီနားစီးဖြစ်ပါတယ်။ကျမ ဂျာမနီမှာ စက်ဘီး ၄စီး
အခိုးခံရတယ်။ ဒီနေ့ တော့ စက်ဘီးခတ်တဲ့သော့ကြီးကြီးဝယ်လာခဲ့ပါတယ်။

Sunday, 2 August 2015

အတွေးနယ်

စိတ်တွေငြိမ်အောင် အာရုံစိုက်ဖို့ ကြိုးစားလိုက်တိုင်း
အတွေးတွေက ဟိုက၀င်လာ၊ဒီကိုရောက်သွား၊
သတိကပ်ပြီး အသိနဲ့ မှတ်ပြန်လည်း
မကြာပါဘူး၊
အတွေးထဲ မှာ စာတွေရေးလိုက်။ပုံတွေဖေါ်လိုက်
ခရီးတွေသွားလိုက်၊ ရန်တွေဖြစ်လိုက်၊
ချစ်လိုက်၊မုန်းလိုက်၊
ဘယ်တော့များမှ အေးချမ်းပါ့မလဲ.... ... ...


Monday, 22 June 2015

အတွေးခရီး




ခရီသွားရတာ ကျမပျော်ပါတယ်။ ခရီးမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ရတာကလည်း ပျော်စရာကောင်းပါတယ်။
ခရီးသွားရက်နီးလာလေလေ ကျမစိတ်လှုပ်ရှားလေလေပေါ့။
အထူးသဖြင့် မြန်မာပြည်ကို ပြန်ရတော့မယ်ဆိုရင်ပိုစိုးပါတယ်။
ကျမတို့ နေတဲ့ နေရာကနေ လေဆိပ်ရှိတဲ့ ဖရန့် ဖွတ် ကို သွား ဖို့ 
အမြန် ရထားစီးရတာက ၂ နာရီကြာ တော့ မနက်အစောကြီး
ကတည်းကအိပ်ရာကထ၊ Freiburg ကို သွားဖို့ ရထားအမီ သွားရပါတယ်။ 
Freiburg ကမှ အမြန်ရထားစီးရမှာ ကို။ ရထားပေါ်ရောက်တာနဲ့  ကျမ 
အတွေးထဲမှာ ပြောမတတ်တဲ့ ခံစားမှုမျိုး အမြဲခံစားရပါတယ်။ ဂျာမနီကိုလွမ်း
သလို လို ၊ မြန်မာပြည် သွားဖို့ ပျှော်သလိုလို၊ လေယာဉ်စီးရမှာ မို့  
စိတ်လှုပ်ရှားသလိုလို… ခံစားမှုမျိုးစုံနဲ့ပေါ့။
လေဆိပ်ရောက်ရင် ကျမရဲ့ အာရုံမှာ ခရီးတလျှောက် အဆင်ပြေဖို့ အတွေးပဲ
ရှိပါတော့တယ်။ လေဆိပ်တွေကို ကျမ ကြိုက်ပါတယ်။ လူမျိုးစုံ၊ အရောင်မျိုးစုံ၊
အားလုံးက တက်ကြွနေကြတယ်။ ဂျာမနီမှာ အင်္ဂလိပ်စကားပြောလိုအရဆုံး
နေရာတစ်ခုလို့ ကျမထင်ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကျမဘေးမှာ
ဘယ်သူထိုင်မလဲ။ သဘောကောင်းပါရဲ့လား၊ စသဖြင့် အတွေးတွေနဲ့ ပေါ့။
လေယာဉ်ပေါ် ကျွေးတာစားပြီးတာနဲ့ ကြိုးစား ပြီးအိပ်ရတယ်။ ဒါမှ ရန်ကုန်ရောက်ရင်
လန်းဆန်းနေအောင်။ အမျိုးတွေနဲ့  စကားတွေအများကြီးပြောနိုင်အောင်၊ 
ကျမရဲ ပိတ်ထားတဲ့ အိမ်ခန်းလေးကိုရှင်းရအောင် အားတွေပြည့်နေဖို့ လိုတယ်လေ။
ဒီလိုနဲ့ လေယာဉ်ဘန်ကောက်ကိုဆိုက်တော့ အာရှရဲ့  အငွေ့ အသက်ကို ရပါတယ်။
ပူနွေးတဲ့လေ၊ အေးနေတဲ့ လေအေးစက်အခန်း၊ ပရုပ်နံ့ သင်းနေတဲ့ လေဆိပ်ရဲ့ အနံ့ ။
ဒါတွေကို တွေ့ ထိမိတာနဲ့ ကျမ အာရှကိုပြန်ရောက်ပြီဆိုတာ သိလိုက်ပါတယ်။
ဘန်ကောက်လေဆိပ် က ဆိုင်တွေက ၀ယ်ချင်စရာ တွေကြီးပါပဲ။ များသောအားဖြင့်
ဘန်ကောက် လေဆိပ်မှာ အချိန်မရှိပါဘူး။ ရန်ကုန်သွားမဲ့ လေယာဉ် ရှိရာ ဂိတ်ကို
ပြေးရပါတယ်။ Departure Gate ကို ရောက်တယ်ဆိုရင်ပဲ မြန်မာအသံတွေ ကြားရပါ
ပြီ။ မြန်မာလူမျိုးတွေကို တွေ့ ရပါပြီ။ ကျမ အမိမြေနဲ့ နီးလာပြီဆိုတဲ့ အသိကြောင့်
ကျမပျော်နေတယ်။
ရန်ကုန်သွားတဲ့လေယာဉ်က ခဏပဲစီးရတယ်။ လာကျွေးတာစားလိုက်၊ လာပေးတဲ့ပုံစံ
 ဖြည့်ရနဲ့ အချိန်က ခဏလေးကုန်သွားပါတယ်။ လေယာဉ် ရန်ကုန်ကို
ရောက်တော့မယ်ဆိုရင် ကျမ လေယာဉ်ပေါ်ကမြင်နေရတဲ့မြင်ကွင်းကိုကြည့်ရင်း
ကျမ ဒီတခေါက် ဘေးမသီရန်မခ ပြန်လာနိုင်ပြီး အမေ့ကိုပြန်တွေ့ ခွင့်ရပြီဆိုတဲ့
အတွေးနဲ့ မျက်ရည် အမြဲကျရပါတယ်။
လေယာဉ်ဆိုက်တာနဲ့  အမြန်ဆုံး လေယာဉ်ပေါ်ကပြေးဆင်းချင်ပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ အချိန်တွေကို အလကားကုန်သွားမှာ ကျမစိုးရိမ်ပါတယ်။
လေဆိပ်ကနေ အိမ်အသွားလမ်းတလျှောက် သွားနေတဲ့ကားတွေ၊ 
လမ်းလျှောက်နေတဲ့သူတွေ၊ အဆောက်အဦးတွေကိုကြည့်ရင်း ကျမ
ရန်ကုန်ကို ရောက်ပြီး၊ လာတော့လည်း ခဏလေးပါလားလို့ တွေးရင်း
ရန်ကုန်ရဲ့ ပြောင်းလဲမှုတွေ ကို ရှာနေမိပါတယ်။
ဒီနှစ် မြန်မာပြည်ပြန်ရတဲ့ ရက်က တစ်လလောက်နောက်ကျတော့ ကျမ
အတွေးထဲက ခရီးစဉ်လေးနဲ့ အလွမ်းပြေ ခရီးနှင်လိုက်ပါတယ်။
မကြာခင်တော့ ကျမ အတွေးထဲက ခရီးစဉ်လေး အကောင်အထည်ပေါ်လာမှာပါ။