Thursday 27 December 2012
ပါရီ ခရီး
ကျမတို့ နေတဲ့နေရာနဲ့ ပြင်သစ်က ကပ်နေပေမဲ့ ပါရီ ကို ကျမမရောက်ဖြစ်ခဲ့ပါဘူး။
ဒီနှစ်ခရစ်စမတ်အချိန်မှာ အလုပ်လည်းပိတ်တုန်း၊ဦးသောမတ်စ်လည်း ခရီးမထွက်
တဲ့အချိန်နဲ့ ကြုံတုန်း ငယ်ငယ်ကတည်းက စိတ်ကူးထဲရောက်နေတဲ့ ပါရီကိုသွားဖို့ 
စီစဉ်ဖြစ်ပါတယ်။
ကျမတို့  အိမ်ကနေ မိနစ်၂၀လောက်ကားမောင်းပြီး ပြင်သစ်နိုင်ငံက Mulhouse
ဖြစ်တာနဲ့ လမ်းကဘူတာမှာ နာရီဝက်လောက်ရပ်ထားရလို့ ပါရီကို နာရီဝက်နောက်
ကျရောက်ပါတယ်။ရထားဆိုက်တဲ့ ဘူတာ  Gare de Lyon  ကနေ ကျတို့ တည်းမည့်
ဟိုတယ် ရှိတဲ့ Gare de l'Est ကို Metro စီးပြီးခရီးဆက်ခဲ့ပါတယ်။
ပထမဆုံးပါရီရဲ့ အတွေ့ အကြုံကတော့ မြေအောက်ရထားတွေက တစ်ခုနဲ့ တစ်ခု
ချိတ်ဆက်မိပြီး အဆင်ပြေတာကို တွေ့ ရတယ်။ ပြင်သစ်သူ ချောချောတွေ အစား
အာဖရိကန်တွေ အများကြီးတွေ့ ရတယ်။ ကျမတို့ တည်းတဲ့နေရာက အာဖရိကန်၊
အိန္ဒိယ ရပ်ကွက်တွေနဲ့ နီးတော့ သူတို့ ကို နေရာတိုင်းတွေ့ နေရတယ်။
ခဏနားပြီးတော့ ဦးသောမတ်စ်သွားချင်လှချီရဲ့ ဆိုတဲ့ အာရပ်-အာဖရိကန်ရပ်ကွက်
ရှိတဲ့Barbes-Rochechouart ကိုသွားကြပါတယ်။ ရထားပေါ်ကဆင်းတယ်ဆိုရင်ပဲ
ကျမတို့ ဥရောပကနေ အာဖရိကရောက်သွားသလိုခံစားလိုက်ရပါတယ်။
ဈေးဆိုင်တွေကလည်း ကျမတို့ တိုင်းပြည်ကဈေးဆိုင်တွေလိုပဲ။ လမ်းလည်မှာ
ဘန်းနဲ့ ထဲ့ရောင်းသူ၊ လမ်းမှာခင်းရောင်းသူလမ်းလျှောက်ပြီးရောင်းနေသူ၊
စုံလို့ ပဲ။ ကျမတို့ ရှိနေချိန်မှာပဲ မြန်မာပြည်မှာ စည်ပင်လာသလို ပြေးကြတာတွေ့ 
တော့ သြော် ပုလိပ် ၂ ယောက်လာနေတာကို....
ငါးတွေ၊ အသားတွေအများကြီးပဲ။ အမဲကလိစာတွေတွေ့ တော့ အမဲအူပြုပ်
စားချင်မိတယ်။ မီးဖိုချောင်တစ်ခုသာ ခဏငှားလို့ ရရင်...တွေးမိပါတယ်။
ငါးကြပ်တင်ထားတာတွေလည်းတွေ့ တယ်။ ကုန်ခြောက်ဆိုင်တွေမှာ
ငါးဆားနယ်တွေတွေ့ တော့ ၀ယ်ချင်ပေမဲ့ .... အနံတွေ ဟိုတယ်မှာ နံကုန်မှာ။
အာဖရိကကုန်ခြောက်ဆိုင် ပိုင်ရှင်က တရုတ်၊
ကျမတို့ လည်းဟိုငေးဒီမော့နဲ့  ပြန်လာခဲ့တယ်။ နေရာတနေရာရောက်တိုင်း
ဈေးတန်းအရင်သွားချင်တဲ့ကျမအတွက် အကောင်းဆုံးနေရာတစ်ခုပါ။
လိုင်းတွေ၊ ရထားလိုင်းတွေကလည်းအများကြီး၊ ကျမလည်း Marco polo
ခရီးလမ်းညွှန်စာအုပ် အားကိုးနဲ့  မြို့ ထဲထွက်ခဲ့ပါတယ်။ ပထမဆုံး သွားဖြစ်တဲ့နေရာ
ကတော့ Notre-Dame ကိုပါ။ပါရီမှာ ကျမအကြိုက်ဆုံးထဲက တစ်နေရာပါပဲ။
ကျမလည်းကျောင်းထဲခဏ၀င်ကြည့်ဖြစ်ပါတယ်။ Tourist တွေအများကြီးပေါ့။
အဲ့ဒီကမှတဆင့် ကျော်ကြားလှတဲ့ Eiffel Tour ကိုသွားပါတယ်။ အပေါ်ကိုတတ်
ဖို့ ဓါတ်လှေခါးဘက်မှာတန်းစီနေတဲ့လူတန်း ကိုရှောင်ရင်း အနောက်ဖက်က
ခြေချင် တတ်တဲ့နေရာက နေ အပေါ်ကိုတတ်ခဲ့ပါတယ်။ ဦးသောမတ်ကတော့
ခြေထောက်နာတာကြောင့် အနားက ကာဖီဆိုင်မှာထိုင်ပြီးကျမကိုစောင့်နေတယ်။
အပေါ်ရောက်တော့ ပါရီမြို့ ကြီးကို စီးမြင်ရလို့ မောလာတာ တန်သွားပါတယ်။
ညဖက်ဆိုမီးရောင်တွေနဲ့ ပိုလှမှာသေချာပါတယ်။
အဲ့ဒီကအပြန် Arc de Triomphe  နဲ့ Champs-Elysees ဘက်ကိုခရီးဆက်ခဲ့ပါတယ်။
Champs-Elysees ရောက်တော့ ဆိုင်တွေကိုငေးရင်းလမ်းလျှောက်မှန်းမသိတော့
အောင်ဖြစ်ရတယ်။ ဦးသောမတ်စ်က ဆက်မလျှောက်နိုင်တော့ဘူးဆိုမှပဲ....
အဲ့ဒီမှာပဲ သူက ဟိုတယ်ပြန်၊ကျမက ခရီးဆက်ရင်းလမ်းခွဲခဲ့တယ်။ ကျမလည်း
Louvre ပြတိုက်ကိုသွားခဲ့ပါတယ်။ 
အဲ့ဒီကတဆင့် တရုတ်တန်းကိုသွားဖြစ်ပါတယ်။ တရုတ်တန်းရောက်တော့လည်း
နေရာတိုင်းတရုတ်စာ၊တရုတ်စကားသံတွေကြားရတယ်။ ဘဲကင်၊အသားကင်၊
တရုတ်အစားအစာအစုံပါပဲ။ ကျမလည်း ဆိုင်တဆိုင်မှာ နေ့ လည်စာဝင်စားဖြစ်ပါတယ်။
တရုတ်ဆိုင်ကနေ လိုအပ်တဲ့ပစ္စ္စည်းနဲနဲဝယ်ခဲ့ပါတယ်။ အဲ့ဒီကမှ ဟိုတယ်ကို
ပြန်လာခဲ့တယ်။ ညနေစောင်းတော့ အနားက ကုလားဆိုင်မှာ ဒန်ပေါက်စားဖြစ်ပါတယ်။
မြန်မာပြည်လို ဆီမများပဲ နဲနဲစပ်ပါတယ်။
နောက်နေ့ မှာတော့ ပါရီမြန်မာဘုန်းကြီးကျောင်းကိုသွားကြပါတယ်။ ဆရာတော်က မနက်
၉နာရီလာခေါ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ မြန်မာ ပြည်ပြန်ရောက်သလို
ခံစားရပါတယ်။ မနက်စာကိုတော့ ဘုန်းကြီးကျောင်းနားက ဂျပန် (တရုတ်)ဆိုင်မှာ
ဆရာတော်ကိုဆွမ်းကပ်ရင်းစားဖြစ်ပါတယ်။
ကျောင်းကအပြန် ကျမတယောက်ထဲ ဟိုတယ်ကသိပ်မဝေးတဲ့ Sacré-Cœur de Montmartre
သဘောကျမိပါတယ်။
နောက်နေ့ မှာတော့ မြို့ ထဲဘက်နေရာတွေ သွားဖြစ်ပါတယ်။ ဈေးဆိုင်တွေ၊ အင်္ကျီဆိုင်တွေ၊
ဖိနပ်ဆိုင်တွေ.... ဂျာမနီထက်ဈေးကြီးပါတယ်။ ဂျာမနီက ထက်လည်းလှပါတယ်။
ကျမတော့ အင်္ကျီတစ်ထည်နဲ့ ဘောင်းဘီတစ်ထည်ပဲဝယ်ခဲ့ပါတယ်။
ပါရီခရီးက ကျမအတွက် စိတ်လှုပ်ရှားရတဲ့ ခရီးပါ။ ငယ်ငယ်က ပြင်သစ်စာအတူတူ
သင်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ်။၊ စာတွေထဲမှာ သင်ခဲ့၊ဖတ်ခဲ့ရတဲ့
အရာတွေ ကိုယ်တိုင်မြင်ရတော့  စိတ်လှုပ်ရှားရပါတယ်။ သူငယ်ချင်းတွေသာပါလာ
ရင်ဆိုပြီးမကြာခဏတွေးမိပါတယ်။
ပါရီက လူမျိုးစုံ၊ ကြည့်စရာစုံတဲ့နေရာပါ။ မြေအောက်ရထားလိုင်းတွေကိုလည်း
အဆင်ပြေအောင်လုပ်ထားလို့ သွားရတာအဆင်ပြေပါတယ်။ မြေအောက်ရထား
စီးရလွန်းတော့ နေရောင်နဲ့ သဘာဝလေကို တောင်းတလာမိတယ်။
ကိုယ့်ကိုကိုယ် မြေကြွက်တကောင်လိုထင်လာမိပါတယ်။
ဘာပဲဖြစ်ဖြစ် ပါရီခရီးက ကျမအတွက် အမှတ်တရဖြစ်နေမှာပါ။
Friday 21 December 2012
ဆောင်းတွင်းရောဂါ
21.12.12 ဒီနေ့  ကမ္ဘာပျက်မယ်ဆိုပဲ။ မနေ့ ကတည်းက တီဗီမှာ သတင်းတိုတွေ
လာနေတာကြားနေရတယ်။ ကျမအတွက်ကတော့ ဒီနေ့ က ၂၀၁၂ အတွက်
နောက်ဆုံးအလုပ်လုပ်ရက်၊ မနက်ဖြန်ကစပြီး ၆.၁.၁၃ အထိအလုပ်ပိတ်မယ်။
( အရေးပေါ် အလုပ်မ၀င်လာရင်ပေါ့)။ ဒီတစ်ပတ်လုံး Project တစ်ခုကို အပြီးသတ်
ရမှာမို့ လို့  ကျမတို့ အားလုံး ပင်ပန်းကြပါတယ်။ မနက် ဘယ်လောက်အေးအေး
အလုပ်ဇောကပ် ပြီး အစောကြီးထ အလုပ်သွား၊ နေ့ လည် ကျတော့ နောက်ကျမှ
ပြန်၊ Project တစ်ခုလက်စသတ်ဖို့ တတ်နိုင်တဲ့ဘက်က အားတက်သရော ကူညီ
ဖြစ်ခဲ့တယ်။
ဒီည အလုပ်က ခရစ္စမတ် ညစာစားပွဲ။ တစ်နှစ်တစ်ခါ ကျမတို့ တစ်ဖွဲ့ လုံး အေးအေး
ဆေးဆေး စားကြ၊သောက်ကြ၊လေကန်ကြတဲ့ပွဲမို့ တွေးပြီး ပျော်နေမိပါတယ်။
ဒါပေမဲ့ ဒီနေ့  အလုပ်က စောပြီးအိမ်ပြန်ခဲ့ရတယ်။ အအေးမိပြီး ခေါင်းကိုက်၊ ချောင်း
ဆိုး၊ ဆောင်းတွင်းရောဂါပေါ့။ မနေ့ ကတည်းက စနေခဲ့တာ၊ဒီနေ့ တော့ မလှုပ်နိုင်တော့ပါ။
မုန်လာဥ အနက် ၀ယ်လို့ မရပြန်ဘူး။
သူငယ်ချင်းတွေက ဒီညပွဲမှာ ကျမ မပါတော့လို့ စိတ်မကောင်းဖြစ်ကြတယ်။
ကျမကတော့ တနင်္ဂနွေနေ့  (၂၃.၁၂.၁၂) ပဲရစ်ကိုသွားဖို့  အားမွေးရင်း ဒီည ညစာစားပွဲကို
မလွမ်းတော့ပါဘူး။
Friday 14 December 2012
ဂျာမနီဆေးလောကရဲ့ ဈေးကွက်
ဂျာမနီမှာ ဆရာဝန်နဲ့ လူနာတွေကြားမှာ မကြာခဏကြားနေရတဲ့  အသံတခု
ကတော့ IGel (Individuelle Gesundheitsleistung) လို့ ခေါ်တဲ့ Individual health service 
ပါပဲ။ ကျန်းမာရေးအာမခံ က္ပုဏီတွက သတ်မှတ်ထားတဲ့  ကုသမှတွေ၊
ရောဂါရှာဖွေမှုတွေ မဟုတ်တဲ့အတွက် လူနာက ကိုယ့်ပိုက်ဆံ ကိုယ်ပေးရတဲ့ 
Service တွေပါ။  ဆရာဝန်တွေက မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် 
 ရောဂါရှာဖွေနည်းတွေ၊ကုသနည်းအသစ်တွေကို လူနာသဘောတူရင် သုံးပါတယ်။
 ဒီအတွက် လူနာကကျသလောက်ရှင်းရပါတယ်။ 
ဂျာမနီမှာကလည်း ကျန်းမာရေးလောကမှာ သုံးဖို့  နည်းပညာတွေကလည်း
တနေ့ တခြားတိုးတက်လာတော့ ဆရာဝန်တွေကလည်း နည်းအသစ်တွေကိုသုံး
ကြည့်ချင်ကြတယ်။ တကယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့အရာပါပဲ။ ဒါပေမဲ့
တကယ်ရင်ဆိုင်ရတဲ့ပြသနာကတော့ လူနာတွေဘက်က ပါ။
ဆရာဝန်တွေက  IGel စနစ်အရ     Individual health service တွေများများသုံး
နိုင်လေ သူ့ အတွက်ဝင်ငွေကောင်းလေပါ။  
လူနာတယောက် အထူးကု ဆရာဝန်ဆီရောက်လို့ မိမိရောဂါကို ပြောပြပြီးတာနဲ့ 
ဆရာဝန်က သူ့ ရဲ့ နည်းစနစ်အသစ်တွေ( ရောဂါရှာတာရော၊ကုသတဲ့ဘက်ကရော) နဲ့ မိတ်ဆက်ပါတော့တယ်။
ကြောင်း၊ ဘယ်လို ကြိုတင်ကာကွယ်နိုင်ကြောင်း စတဲ့ Marketing စကားတွေပြောပါတော့
တယ်။ လူနာတိုင်းကတော့ မိမိရောဂါကို အကောင်းဆုံးကုသမှုခံယူချင်ကြတာပါပဲ။
အဲ့ဒီ Service တွေကို  ကျန်းမာရေးအာမခံ က္ပုဏီတွက ပေးလေ့မရှိတော့
လူနာက ကိုယ်တိုင်ပေးနိုင်ရင်တော်သေးရဲ့ ၊ တချို့ ကျတော့ မတတ်နိုင်၊ ဘာလုပ်ရမှန်းမသိ
စိတ်ပင်ပန်းကြရပါတယ်။
များသောအားဖြင့်  IGel စနစ်အရ     Individual health service တွေဟာ 
ကျမအတွေ့ အကြုံအရ သိပ်အကျိုးသက်ရောက်မှုမရှိပါဘူး။ မလုပ်ရင်
လည်းဘာမှ မဖြစ်တဲ့အပို   service တွေပါ။ လူနာကတတ်နိုင်ရင်တော့တစ်မျိုးပေါ့။
တကယ်တော့ ကျန်းမာရေးအာမခံ က္ပုဏီ ကပေးထာတဲ့ Service တွေက
 လူတယောက် အတွက်လုံလောက်တဲ့အခြေအနေမှာရှိပါတယ်။ 
အဲ့ဒီအခါမှာ လူနာခမျာ ငွေလည်းကုန်၊ လူလည်းပင်ပန်းပေါ့။ 
လူနာမှာရောဂါတခုဖြစ်ချင်လာပြီဆိုရင် ဆရာဝန်တွေအတွက် အခွင့်ကောင်းပဲ။
ဒီကြားထဲလူနာက စိုးရိမ်တတ်လေ၊ပိုကောင်းလေပေါ့။ 
လူနာကတော့ရုတ်တရက်မဝေခွဲတတ်ကြပါဘူး။ မိမိယုံကြည်ရတဲ့ဆရာဝန်ကပြောရင်
လုပ်ရမှကောင်းမယ်လို့ ထင်ကြတာများပါတယ်။ အဲ့ဒီ ယုံကြည်မှုကို တချို့ ဆရာဝန်တွေက
အသုံးချနေကြတာ မကြာခဏ ကြားနေရပါတယ်။
Tuesday 11 December 2012
ဆောင်းတွင်း ....
နှင်းကျပြီးအေးနေတာ တစ်ပတ်လောက်ရှိလာပြီ။
မနက်အိပ်ရထဖို့ ကိုယ့်ကိုကိုယ်မနဲ အားပေးပြီး အိပ်ယာမှထရတယ်။
မလုပ်ချင်တဲ့အရာတွေထဲမှာ မနက်စောစော အလုပ်သွားရတဲ့ ကိစ္စလည်းပါပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကစပြီး ရထားအချိန်တွေကပြောင်းတော့ အားလုံးက
ကမောက်ကမနဲ့ ။
မနေ့ ကတော့ အလုပ်ကအပြန်ရထားထွက်လေ့ရှိတဲ့အချိန် မထွက်ပဲ ၊
ရထားအစား ဘတ်စ်ကားပြောင်းသွားတာမသိလို့ ဘူတာမှာ ၄၅မိနစ်
အချိန်ကုန်ခဲ့ရသေးတယ်။ချမ်းချမ်းအေးအေးထဲမှာ ၄၅ မိနစ်က အတော်ကြာသားပဲ။
ဒီနေ့ မနက် လာနေကျရထားက မနက် ၇နာရီ၂၀မိနစ်။ ခရီးသည်တွေက
ဘူတာပလက်ဖေါင်းမှာ ရထားအလာကို တမျှော်မျှော်၊ အဝေးက လာနေတဲ့
ရထားမီးရောင်ကိုတွေ့ တော့ ရထားလာပြီထင်လို့ ... ကုန်တင်ရထား။
နှင်းတွေကြားမှာ အေးရပါတယ်ဆိုမှ ကုန်တင်ရထားဖြတ်သွားတာကြောင့်
လေအေးတွေ ကမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပဲ။ မျှော်နေတဲ့ရထားက
၁၅ မိနစ်နောက်ကျမှရောက်လားတယ်။ ရထားပေါ်ရောက်တော့ထိုင်စရာမရှိ။
တော်ပါသေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် ၁၅မိနစ်ဆိုတာခဏလေး
ကုန်သွားတယ်။
အလုပ်ကပြန်လာ၊ချက်ပြုပ်စားသောက်ပြီးတာနဲ့  အပြင်မှာကမှောင်တောင်နေပြီ။
ညနေ ၄နာရီခွဲ.... .... .....
အပြင်လည်းထွက်ချင်စိတ်မရှိ၊ အပြင်တခါထွက်ဖို့  အင်္ကျီအထပ်ထပ်ကိုလည်း
ပြန်မ၀တ်ချင်၊ ... .... ....  ဒါပေမဲ့မနက်ဖြန်အတွက် ဟင်းချက်ဖို့ ဈေးတော့သွား
ဝယ်ရအုံးမယ်။ ကိုယ့်ကိုကိုယ်အားပေးရင်း... ... ... အိမ်နားက စူပါမတ်ဆီသို့ ... ... ....
Monday 19 November 2012
အဖေ သာရှိခဲ့ရင်....
ရန်ကုန်က ရောက်လာတဲ့သတင်းတွေ၊ဓါတ်ပုံတွေကို
ကြည့်ရင်း ဒီနေ့ ကျမအဖေ့ကို အထူးသတိရနေမိတယ်။
အဖေသာ ရှိရင် ဒီနေ့ ရန်ကုန်ကသတင်းတွေကို ကြည့်ရင်း၊
နားထောင်ရင်းဘာတွေများပြောမလဲမသိဘူးနော်။
အဖေ...ကျမတို့ နိုင်ငံကို အမေရိကန်သမ္မတကြီး လာလည်တယ်။
တွေ့ တယ်။ ဘွဲနှင်းသဘင်ခမ်းမထဲမှာ အမေရိကန်သမ္မတကြီးက
မိန့် ခွန်းပြောတယ်အဖေ။
နှစ်များစွာ လူတွေနဲ့ ကင်းဝေးနေတဲ့ ရန်ကုန် တက္ကသိုလ်
ကြီးလည်း ဆေးတွေသုပ်၊မီးတိုင်တွေလှပစွာနဲ့  အဓိအတိလမ်းကလည်း
ကျက်သရေရှိနေတယ်အဖေ။
အဖေ ရှိစဉ်က ဒီလို နေ့ မျိုး တနေ့ ရောက်လာမှာပါလို့ တွေးခဲ့မှာပါ။
အဖေသာ ဒီလို ဖြစ်ရပ်ကိုမြင်ရ၊ကြုံရရင် သိပ်ဝမ်းသာမှာဆိုတာကျမ အသိဆုံး
ပါ။ အဖေဖြစ်ချင်၊မြင်ချင်တာတွေ အဖေ မရှိတော့တဲ့အချိန်မှ ဖြစ်လာတယ်အဖေ။
 အဖေသိပ်ချစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီး အတွက် အဖေ ဘယ်လောက်ဂုဏ်ယူ
လိုက်မလဲနော်။
ကျမတို့ နိုင်ငံတော်ကြီး အကောင်းဘက်ကို ဦးတည်ပြီးတိုးတက်လာပါစေလို့ 
ဆန္ဒပြုပါတယ်အဖေ။
Friday 16 November 2012
အတွင်းနဲ့ အပြင်
လူတိုင်းပျော်ရွှင်မှု့ ကို လိုချင်ကြမှာပါ။ ဒီအထဲမှာ ကျမလည်းပါတာပေါ့။
ငယ်ငယ်ကဆို လိုချင်တာမရရင် လူကြီးတွေကို ဂျီတိုက်လေ့ရှိပါတယ်။
အမေက ကျမလိုချင်တာတွေ၊သွားချင်တဲ့နေရာတွေ၊စားချင်တာတွေ တတ်
နိုင်သလောက်ဖြည့်ပေးလေ့ရှိပါတယ်။ တခါတလေ အဆင်မပြေလို့ 
ကျမအလိုကျမဖြစ်ဘူးဆိုရင် ဂျီတိုက်တော့တာပဲ။ လိုတာရတော့
ကျေနပ်ပြီးပျော်လို့ ။
အရွယ်ရောက်လာတော့လည်း ဟိုအရာလိုချင်၊ဒီအရာဖြစ်ချင်နဲ့ 
လိုအင်ဆန္ဒတွေ များနေတာပါပဲ။ ငယ်ငယ်ကလိုဂျီတိုက်၊ပူဆာလို့ မရတော့
တစ်ယောက်ထဲ စိတ်ဆင်းရဲမှုတွေ၊ ဒေါသတွေ များလာပြန်တယ်။
ဖြစ်ချင်တာတွေကို ရအောင်ယူရတာကလည်း ပင်ပန်းသားလေ။
ဖြစ်ချင်တာ၊လိုချင်တာ တွေကလည်း တစ်ခုပြီးသွားရင် နောက်တစ်ခု
ထပ်ပြီးလိုချင်နေပြန်ရော။ ကျမက လိုချင်တာတွေရရင်ပျော်မယ်လို့ 
ထင်နေတာကို။
ဒီလိုနဲ့ ကျမလိုချင်တာတွေ၊ဖြစ်ချင်တာတွေကနေ၊ တခြားသူတွေရဲ့ လက်ခံမှု၊
အထင်ကြီးမှုတွေကိုလည်းရချင်လာပြန်တယ်။ သူ့ မှာ ဒါရှိရင် ငါလည်းရှိချင်တယ်။
ငါ့မှာဒါပဲရှိရင် သူတို့ ကဘာပြောကြမလဲ၊ ငါလိုက်မလုပ်နိုင်ရင်ရော စသဖြင့်
သူများနဲ့ မလိုအပ်တဲ့နှိုင်းယှဉ်မှုတွေလုပ်လာတယ်။ ကျမက သာရင်
မာနကအတက်သား၊
အင်းလေ ဒီအပြင်ပန်း အရာဝတ္ထုတွေက ကျမကိုစိတ်ချမ်းသာမှု ပေးနိုင်မယ်လို့ 
ထင်ခဲ့မိတာကို၊ တကယ်တော့ ဒါတွေရဖို့ အားထုတ်ရတဲ့ ကိုယ်၊စိတ် ပင်ပန်းမှု
တွေကို ကျမထဲ့ မတွက်ခဲ့ဘူး။ အပြင်ဘက်က ရုပ်ဝတ္ထုတွေကြောင့် တစ်ခဏ
ရခဲ့တဲ့ပျော်ရွှင်မှုကို ကျမက သာယာနေခဲ့တာပါ။
ကျမရဲ့ စိတ်အတွင်းမှာ တကယ်အေးချမ်းမှု ကို ရယူဖို့ ကိုတော့ ကျမ မေ့နေပါတယ်။
Wednesday 31 October 2012
Happy Birthday to you...
ဒီနေ့ ကိုသောမတ်စ်မွေးနေ့ ဆိုတော့ မနေ့ ကတည်းက မီးဖိုထဲမှာ
အလုပ်ရှုတ်နေပါတယ်။
အရင်နှစ်တွေကတော့ အိမ်မှာ ကိတ်မုန်ပဲဖုတ်ပြီး အပြင်မှာနေ့ လည်စာ
ဒါမှမဟုတ် ညစာ ထွက်စားလေ့ရှိပေမဲ့၊ ဒီနှစ် သူ့ ရဲ့ မွေးနေ့  နေ့ လည်စာ
ကို ကျမချက်ပေးဖြစ်ပါတယ်။
တလောက ဟင်းချက်သင်တန်းက သင်ထားတဲ့ ဟင်လေးတွေနဲ့  စိတ်ကူး
တည့်ရာစီစဉ်လိုက်တာပါ။
Grüne Erbsensuppe , Wildhasenfilet , Kartoffelnmaultaschen mit Champion gefüllt, und Championsahnesauce.......
Kaffeschaumcreme mit Orangen als Nachtisch....
Friday 19 October 2012
ဟင်းချက်သင်တန်း...
ရန်ကုန်က ပြန်ရောက်ကတည်းက အလုပ်တွေပိနေတာနဲ့  စာလည်းမရေးဖြစ်၊
ဟင်းကောင်းကောင်းလည်းချက်မစားဖြစ် နဲ့ ။ မနေ့ ကတော့ ကိုသောမတ်စ်
လက်ဆောင်ပေးထားတဲ့ ဟင်းချက်သင်တန်း ကဒ်လေးကြောင့် သင်တန်း
သွားတတ်ဖြစ်ပါတယ်။ http://www.ue-kuechen.de
သင်တန်းကတော့ Lust auf Wild  ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။ သင်တန်းခေါင်းစဉ်
တွေအများကြီးထဲက ဒီ အစီအစဉ်ကို ရွေးလိုက်ပါတယ်။ သာမန်ကြက်၊၀က်၊
ငါး၊အမဲ စတာတွေက ချက်လေ့ရှိတာကြောင့် ကျမသိပ်ချက်လေ့မရှိတဲ့
တောယုန်၊ ဒရယ် စတာတွေနဲ့ ချက်တဲ့သင်တန်းကိုရွေးလိုက်ပါတယ်။
ကျမတို့ သင်းတန်းမှာ စုစုပေါင်းသင်တန်းသား ၁၁ ယောက်ပါပါတယ်။
ဆရာကတော့ Herr Horst Vier-Ullrich ပါ။ 
သင်တန်းက ညနေ ၆နာရီခွဲကနေ ည ၁၁ နာရီအထိကြာပါတယ်။
ဆရာက ချက်ရင်းနဲ့ သင်ပြပေးပါတယ်။ ကျမတို့ က စမ်းလုပ်ကြည့်ကြ၊
သိချင်တာတွေမေးကြနဲ့ ပေါ့။ ဂျာမန် ဟင်းချက်နည်းတွေရဲ့  သိသင့်သိထိုက်
တာတွေ တော်တော်လေးသိခွင့်ရခဲ့ပါတယ်။ 
ပထမဆုံး Wildhasenfilet im Brotmantel ပါ။ တောယုန်အသားကို ပေါင်မုန့် 
နဲ့ ပတ်ပြီးကြော်ထားတာပါ။
နောက် Kartoffelmaultaschen  နဲ့  ဒရယ်သားပါ။
အချိုပွဲကတော့ Schokomousse ပါ။
ဟင်းချက်နည်းတွေကိုတော့ နောက်မှတင်ပေးပါမယ်။ မနက်ဖြန်တော့
Kartoffelmaultaschen နဲ့ Wildhasenfilet im Brotmantel (ယုန်အစား ကြက်သား
နဲ့ ) စမ်းလုပ်ကြည့်ပါအုံးမယ်။
Thursday 20 September 2012
လှည်းတန်း။ ၂၀၁၂
ကျမက တကယ်တော့လှည်းတန်းသူစစ်စစ်ပါ။ အသက် ၃၀ အရွယ်အထိလှည်းတန်း
မှာနေလာတဲ့သူဆိုတော့ လှည်းတန်းနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ အတွေးထဲမှာ
အများကြီးပါပဲ။ ကျမကလေးအရွယ် ငယ်ငယ်က လှည်းတန်း ပုံရိပ်၊ ၁၀တန်း
ကျောင်းသူအရွယ် ကလှည်းတန်းပုံရိပ်၊ တက္ကသိုလ်ကျောင်းသူဘ၀နဲ့ အလုပ်ဝင်စ
ကလှည်းတန်းပုံရိပ်၊ အခုတွေ့ နေရတဲ့လှည်းတန်းပုံရိပ်... ... ....
ဒီတခါပြန်တော့ လှည်းတန်း စန္ဒာမြိုင်ကွန်ဒိုမှာနေတဲ့  သူငယ်ချင်းဆီ ၃ခါလောက်
ပုံရိပ်တွေကို ပြန်တွေးနေမိခဲ့တယ်။
ကျမတို ငယ်ငယ်က လှည်းတန်းထိပ်ဆိုတာ ညနေခင်း အမေတို့ နဲ့ လမ်းလျှောက်
ထွက်တဲ့နေရာ။ တခါတလေ အဖေလာရင် သူတို့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းက
သိကျွမ်းခဲ့တဲ့မိတ်ဆွေဆိုင်တွေဆီ လမ်းကြုံဝင်ရင်း နှုတ်ဆက်လေ့ရှိတဲ့နေရာ။
ညနေစာ ထွက်စားဖြစ်ရင် အမေနဲ့ အဖေတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ
အတွေ့ အကြုံတွေ ကို နားထောင်ရာ နေရာ။ အဖေမိတ်ဆွေ အင်္ကျီချုပ်တဲ့ဆိုင် နေရာကတော့
အခု စိန်ဂေဟာ စူပါမာကက်ပေါ့။ ကျမငယ်ငယ်ကတော့ တန်းလျားအခန်းတွေနဲ့ ။
နောက်ပိုင်းတော့ တိုက်ခန်းတွေဆောက်ပြီးဆိုင်တွေဖွင်ကြတယ်။ အဲ့ဒီတုန်းက ကျမတို့ ကို
အင်္ကျီချုပ်ပေးတဲ့ ၀င်နီ အင်္ကျီချုပ်ဆိုင်။
ကျမ ၈တန်း က ၁၀ တန်းအထိတော့ အဲ့ဒီနေရာမှာ ဖွင့်တဲ့ ဆရာ ဦးလှဆောင် သင်္ချာသင်တန်း၊
ကျမတို့  ၁၀တန်းနဲ့ တက္ကသိုလ် အရွယ်တွေမှာ နာမည်ကြီးတဲ့ စေတနာရှင် လက်ဖက်ရည်ဆိုင်။
ကျမတို့ နဲ့ ရွယ်တူ ကောင်လေးတွေထိုင်လေ့ရှိတော့ ငယ်ငယ်က ဖြစ်သွားရတာတောင် ရှိုးတိုးရှန်းတန်းဖြစ်ခဲ့တဲ့ ဆိုင်ပေါ့။
မိုးစားယောက်ဆိုင်မှာ ဆီချက်၊ကြေးအိုးတွေကို မောင်နှမတွေ အခါသင်တိုင်းသွားစား
လေ့ရှိတာလည်း အမှတ်ရမိတယ်။ အဲ့ဒီတုန်းက ကြေးအိုးတစ်ပွဲမှ ၅ ကျပ်ရယ်။
မိုး ရဲ့ ဘေးက အအေးဆိုင်ကတော့ အမေမိတ်ဆွေဆိုင်။ စားရင်းသောက်ရင်းမိတ်ဆွေဖြစ်
နေတာပေါ့။
ဓါတ်ပုံရိုက်မယ်ဆိုရင်တော့ ရွှေဝါဖူးနဲ့ လှ ဓါတ်ပုံတိုက် ကိုသွားရတာ။
စာအုပ်ဝယ်မယ်ဆိုရင် အလိမ္မာစာပေ ကို မသိလိုမဖြစ်ဘူးလေ။ အဖေလာရင် ဆံပင်ညှပ်လေ့
ရှိတဲ့ ၀င်းဆံသ နဲ့  ကျမဆံပင်ညှပ်လေ့ရှိတဲ့ ဇင်မင်း၊
အရုပ်တွေကို ဖြတ်သွားတိုင်းငေးရတဲ့ ရတနာထွန်း၊ သွားနာရင်ပြေးရတဲ့ တက္ကသိုလ်
သွားဆိုင်၊ နေမကောင်းရင်ပြေးရတဲ့ ဒေါက်တာယဉ်ထွန်းဆေးတိုက်၊ ဒေါ်သန်သန်း
ဆေးတိုက်၊ ဆုတခွန်းဆိုင်၊ ...... ..... ....
တက္ကသိုလ် အငွေ့ အသက်လွှမ်းနေတဲ့လှည်းတန်း၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား
တွေ လျှောက်နေကြလှည်းတန်း၊  ကျမ အတွေးထဲမှာ သိပ်လှခဲ့တဲ့လှည်းတန်းပါ။
စိန်ဂေဟာရှေ့မှာထိုင်ရင်းအဲ့ဒီဆိုင်တွေကို သတိရနေမိတယ်။ အခုတော့ လှည်းတန်းရဲ့
ညနေစောင်းမှာ တွေ့ နေရတာက ငါးကင်ဆိုင်တွေ၊ ရှမ်းခေါက်ဆွဲဆိုင်တွေ၊ အင်္ကျီဆိုင်
တွေ၊ မိုးပျံတံတားဆောက်မှာမို့ လို့  ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လမ်းတွေပိတ်လို့ 
ကားတွေကျပ်နေတာတွေ၊ မပြီးသေးတဲ့ တိုက်ကြီးတွေ ကိုငေးရင်း ငယ်ငယ်ကလို အေးချမ်းတဲ့လှည်းတန်းပုံရိပ်ကိုပြန်ပြီး တမ်းတမိပါတယ်။
Wednesday 19 September 2012
ကျမ၊ရန်ကုန်၊၂၀၁၂
ကိုသောမတ်စ်က ရန်ကုန်ကို ကျမထက် ၂ရက်လောက်စောထွက်သွားတာကြောင့်
ဒီနှစ်ရန်ကုန်ပြန်တော့တစ်ယောက်ထဲပါ။ အဖေါ်ပါရင်ခရီးသွားရတာ စိတ်သက်သာ
ပေမဲ့ မဖြစ်တော့လည်းတစ်ယောက်ထည်းပဲပေါ့။ ဒီခရီးက နှစ်တိုင်းသွားနေကြဆိုတော့
မျက်စိမှိတ်တောင်သွားလို့ ရတယ်လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ခရီးစခဲ့ပါတယ်။
ဒီနှစ်ပြန်ခါနီးခါးတအားနာနေတာကြောင့်သယ်ရမဲ့အထုတ်ကို လျှော့။ မဖြစ်မနေသယ်ရမှာ
သာသယ်သွားတယ်ဆိုပေမဲ့ ၂၂ ကီလိုတော့ရှိသား။ လေယာဉ်က နေလည်၁၂ နာရီထွက်မှာ
ဆိုတော့ အိမ်ကနေ မနက် ၅နာရီ၂၀ ရထားနဲ့ စထွက်ခဲ့ရတယ်။ လမ်းမှာ ရထား ၂ခါပြောင်း
ရင်း အဆင်ပြေပြေနဲ့  Frankfurt လေဆိပ်ကိုရောက်သွားပါတယ်။
လေယာဉ်ပေါ်ရောက်တော့ ဘေးနားမှာ တရုတ်လူမျိုးလို့ ထင်ရတဲ့ အန်တီအရွယ် အမျိုးသမီး
တစ်ယောက်ထိုင်ပါတယ်။ ကျမလည်း မတောက်တခေါက်တရုတ်စကားနဲ့ လှမ်းနှုတ်ဆက်လိုက်
ပါတယ်။ ဒါနဲ့ ပဲ တရုတ်လို့ သိသလောက်မှတ်သလောက် ပြောပြီးမှ အန်တီက ကျမကို
တရုတ်မလို့ ထင်နေတာနဲ့  ကျမမြန်မာဖြစ်ကြောင်း၊ တရုတ်မဟုတ်ကြောင်းပြောတော့မှ
သူလည်းမြန်မာပဲဖြစ်ကြောင်း ပြောရင်း ကဲ ကျမတို့ မြန်မာလိုပဲပြောကြတာပေါ့ဆိုပြီး
တစ်လမ်းလုံး မြန်မာလိုပြောလာခဲ့တယ်။ လေယာဉ်က အမေရိကန်နိုင်ငံက လာပြီး
 Frankfurt မှာခဏနား၊ စင်္ကာပူကိုဆက်ပြန်တာကို။ အန်တီက နယူးဂျာစီ ကနေ လာ
ပြီးရန်ကုန်ပြန်မှာကို.... အော် တိုက်တိုက်ဆိုင်ဆိုင်.......
စင်္ကာပူရောက်တော့ အချိန်သိပ်မရှိတာနဲ့ ရန်ကုန်ပျံမဲ့လေယာဉ်ဆီ အမြန်ပြေးရသေးတယ်။
စင်္ကာပူ-ရန်ကုန်လေယာဉ်ပေါ်ရောက်တော့ ကျမ ၀မ်းပျက်ပါတော့တယ်။ အိမ်သာဆီ
အပြေးအလွှား၃ခါ ၄ခါလောက် ပြေးလိုက်ရတယ်။ ရန်ကုန်ပြန်ခါနီးတိုင်း ဗိုက်မကောင်း
တာကျမ အကျင့်ဖြစ်နေတယ်ထင်တာပဲ။ စိတ်လှုတ်ရှားလို့ နေမှာ။
လေဆိပ်ရောက်တော့ အစစ အဆင်ပြေပါတယ်။ လာကြိုမဲ့သူ မရှိတော့ တစ်ယောက်ထဲ
 မြေနီကုန်းအိမ်ကို ကားငှားသွားလိုက်တယ်။ အိမ်ရောက်တာနဲ့ အထုတ်ချပြီး အမေရှိတဲ့
လှည်းတန်းအိမ်ကိုပြေး၊ အမေ့ကို မြေနီကုန်းအိမ်ပြန်ခေါ်လာခဲ့တယ်။
အမေ့ကိုတွေ့ တော့ ကျမအရမ်းပျော်ပါတယ်။ အမေက အရင်နှစ်ကနဲ့ သိပ်မပြောင်းလဲ
သွားဘူး။ သူခမျာကျမပြန်လာလို့ ပျော်နေရော။
မြေနီကုန်းအိမ်ရောက်တာနဲ့ အမေ့အတွက် ထိုင်စရာနေရာ အရင်ဖုန်သုပ်ပေးပြီး
တစ်နှစ်လုံးပိတ်ထားခဲ့တဲ့ တိုက်ခန်းကို ကျမတယောက်ထဲ သန့် ရှင်းရေးလုပ်ရပါတော့တယ်။
နေ့ လည် ၂နာရီကျော်လောက်ကျတော့မှ အားလုံးပြီး၊ ရေမိုးချိုးပြီးတော့
ကိုသောမတ်စ် က သူတည်းနေတဲ့ ဟိုတယ်က ရောက်လာပါတယ်။
အဲ့ဒီညကတော့ ကျမရယ်အမေရယ် နှစ်ယောက်ထဲပဲ အိမ်မှာအိပ်ကြတယ်။
နောက်နေ့  ကျမ ကိုသောမတ်စ်က ကျမတို့ ဆီပြောင်းလာတယ်။
ရန်ကုန်ရောက်တာနဲ့ ပထမဆုံးမနက် မှာလုပ်နေကျ အတိုင်း မြေနီကုန်းဈေးကိုသွား၊
မီးဖိုချောင်အတွက်လိုတာတွေဝယ်။ အပြန်တော့ စာချင်လှတဲ့မုန့် ဟင်းခါးပါဝယ်ခဲ့တယ်။
မနက်ပိုင်း ဈေးဝယ်သွားရတာကျမသိပ်ကြိုက်ပါတယ်။ ဂျာမနီမှာ မတွေ့ ရတဲ့ အသီး
အရွက်တွေ၊ ငါး၊ပုဇွန်တွေ၊ ပန်းတွေ၊ သနပ်ခါးတွေနဲ့ မျက်နှာတွေ၊ ဆိုက်ကား၊လူ၊ဈေးသယ်၊
ဈေးဝယ်။ ..........စုံနေရော။ ကျမ မနက်တိုင်းဈေးသွားဖြစ်ပါတယ်။
မနက်စာ ဆိုရင် စာချင်နေတဲ့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ပဲပြုပ်၊ ပဲပြုတ်ထမင်း၊ မုန့် ဟင်းခါး၊
ခေါက်ဆွဲသုပ်၊ အီကြာကွေ့ .....ဈေးထဲမှာ တနေ့ တမျိုးမရိုးအောင်ဝယ်စားဖြစ်ခဲ့ပါတယ်။
နေ့ လည်စာကတော့ အမေအကြိုက်၊ကျမအကြိုက်မျှချက်ရတာပေါ့၊ ငါးကိုတော့တော်တော်
စားဖြစ်ပါတယ်။ ပဲပြား၊ ကန်စွန်းရွက်၊ချဉ်ပေါင်၊ ပိန်းဥ၊ ၀ဥ၊ မယ်ဇလီဖူး၊ ငပိရည်၊ငပိထောင်း၊
ဆန်ပြုပ်၊ ခေါက်ဆွဲကြော် ၊ ပုဇွန်ထုပ် ( ငယ်ငယ်က ကျမကိုပုဇွန်ထုတ်ဝယ်ကျွေးဖူးတဲ့
သူတွေကိုလည်း အမှတ်ရမိသေးတယ်။) ....................... စာရင်းထဲမှာရေးထားတဲ့စားချင်တာတွေ
အကုန်စားဖြစ်ခဲ့ပါတယ်။
ဒီနှစ်တော့ ကျမကို လာကူညီပေးတဲ့ သမီးလေးတစ်ယောက်ရပါတယ်။ သူ့ ကြောင့်
ကျမလည်း အမေ့ကို အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်ပြီး ဟိုနား၊ဒီနား သွားဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ ဓမ္မစာပေသင်ယူနေတဲ့ ဂျာမန်ဥုးဇင်း တစ်ပါးကိုလည်း ဆွမ်း ၂ကြိမ်ကပ်
ဖြစ်ပါသေးတယ်။ ဂျာမနီက အစ်မတယောက်အတွက်လည်း အလှူတွေလုပ်ပေးဖြစ်တယ်။
အပြန်အတွက်တော့ ထွေထွေထူးထူး ဘာမှ မ၀ယ်လာခဲ့ပါဘူး၊ ပုဇွန်ခြောက်၊ ပဲမှုန့် အကျက်၊
ငရုပ်သီးအလှော်မှုန့် ၊ကုလားလေးမဆလာ... စတဲ့ အသေးအမွှားလေးတွေပဲပါတယ်။
ဒါတောင်စင်္ကာပူက အဒေါ်အတွက် ရှမ်းချဉ်ယူလာပေးတာ အရည်တွေထွက်ကုန်လို့ 
စင်္ကာပူရောက်တော့ အင်္ကျီတွေပြန်လျှော်လိုက်ရသေးတယ်။
ဒီတခေါက်ရန်ကုန်မှာ တော်တော်ပျော်ပါတယ်။ တစ်လဆိုတဲ့အချိန်က ခဏလေးကုန်
သွားသလိုပဲ၊ စိတ်ထဲမှာ မကြာခင် ပြန်သွားရမယ်လို့ ထင်နေတယ်။
အခြေအနေတွေပေးလို့ ပြန်ဖြစ်မယ်ဆိုရင်တော့.... ကျမ၀မ်းသာတာထက်၊အမေကပိုဝမ်းသာ
နေမှာပါ။
ကျမရန်ကုန်နဲ့ စင်္ကပူမှာရှိနေစဉ် အဖက်ဖက်က ကူညီဆောင်ရွက်ပေးကြသူအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။
Saturday 15 September 2012
သူငယ်ချင်းများ.. ၂၀၁၂
ကျမ အတွေးတွေထဲမှာ သူငယ်ချင်းတွေက အမြဲပါပါတယ်။ ငယ်သူငယ်ချင်း
တွေဖြစ်ကြတဲ့ တီတီစီ က သူငယ်ချင်းတွေ၊ တက္ကသိုလ်မှာ တွဲဖြစ်ခဲ့တဲ့
သူငယ်ချင်းတွေ၊ အခုနောက်ပိုင်းသိကျွမ်းခဲ့ရတဲ့သူငယ်ချင်းတွေ.....
ဒီနှစ်တော့ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ တီတီစီ
ကသူငယ်ချင်းတွေနဲ့ တွေ့ ကြတော့ ငယ်ငယ်က ကလေးဘ၀ အတွေ့ အကြုံ
တွေ ပြန်ပြောကြရင်း ၊ အခုဘယ်သူက ဘယ်မှာ၊ ဘယ်သူနဲ့ တွေ့ တွေ့ တယ်
စသဖြင့် သတင်းတွေမေးကြ၊ သတင်းတွေပေးကြပေါ့။ သူငယ်ချင်းတို့ ရဲ့ 
ကလေးတွေတောင် ၁၀ တန်းအောင်ကုန်ကြပြီဆိုတော့.. ကျမတို ခင်ခဲ့ကြ
တဲ့နှစ်တွေ မနဲ တော့ဘူးပေါ့လေ။ သူငယ်ချင်းအားလုံးနဲ့ မတွေ့ နိုင်ခဲ့ပေမဲ့
ကျန်တဲ့သူငယ်ချင်းများကိုလည်း သတိရ ရပါတယ်။ သူငယ်ချင်းတို့ နဲ့ တွေ့ 
နိုင်အောင် စီစဉ်ပေးတဲ့  မဉ္ဖ္ဇူ နဲ့ မီအောင် ကို အထူးကျေးဇူးတင်ပါတယ်။
IR က အတူတွဲတဲ့ သူငယ်ချင်းတစ်ယောက်က လည်း ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင်
ကျမတို့ နဲ့ ရန်ကုန်မှာဆုံဖြစ်ပါတယ်။ အင်တာနက်ထဲ တွေ့ ကြပေမဲ့ လူချင်း
မတွေ့ ကြတာ ၁၀နှစ်ကျော်ပြီဆိုတော့ သူ့ ကို ထိုင်ကြည့်နေမိတယ်။
ငယ်ငယ်ကလို မပြောင်းလဲတဲ့ သူငယ်ချင်းကိုတွေ့ တော့ ကျောင်းတုန်းက
နောက်ခဲ့ ၊ပြောင်ခဲ့၊ ပျော်ခဲ့တာတွေ သတိရတယ်။ တခြားတွဲဖေါ်တွဲဖက်
တွေကိုလည်း လွမ်းတယ်။ သူငယ်ချင်းအပြင် ရန်ကုန်မှာ ရှိတဲ့
သူငယ်ချင်းတချို့ နဲ့ လည်းတွေ့ ဖြစ်ပါတယ်။
နောက်နေ့ တော့ ကျမတို့ ရဲ့ မိခင်ဌာနရှိရာ ရန်ကုန်တက္ကသိုလ်ကို သွားကြ
ပါတယ်။ အဓိပတိလမ်းက ဂိတ်ကို အပြည့်ဖွင့်ထားတာတွေ့ ရတော့ လွတ်လပ်
မှုဆိုတာကို ခံစားရခဲ့ပါတယ်။ ဌာနမှာ အလုပ်လုပ်နေသေးတဲ့ သူငယ်ချင်း
တချို့ နဲ့ တောင်ငူ ဆောင်နားက စားသောက်တန်းတွေမှာ ထိုင်ရင်း ကျောင်းသူ
ဘ၀ အလွမ်းဖြေခဲ့သေးပါတယ်။ အန်တီဝင်းတို့ ၊အန်တီမြတို့ ဆိုင်တွေမရှိတော့
တစ်ခုခုလိုအပ်နေသလိုပါပဲ။
စားသောက်လေဖေါင်ပြီးတော့ ကျောင်းဝန်းထဲ လှည့်ပတ်ကြပါတယ်။
ကျောင်ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။ ပလက်ဖေါင်းတွေပြင်၊ လမ်းတွေပြင်၊
နဲ့ ပေါ့။ အဓိပတိလမ်းမှာ လျှောက်ရင်း... ငယ်ဘ၀ အတွေ့ အကြုံတွေ တစ်ယောက်
တစ်ပေါက်ပြောကြတာ ဆူညံနေရောပဲ။ စာကြည့်တိုက်အသစ်၊စာကြည့်တိုက် အဟောင်း၊
သစ်ပုပ်ပင်၊ ငွေစာရင်းဌာန၊ ၀ိဇ္ဇာခမ်းမ၊ အာစီ၊ ဂျက်ဆင်..... ....
IRက သူငယ်ချင်းဇနီးမောင်နှံက ဖိတ်လို့  တခြားသူငယ်ချင်းတချို့ နဲ့ ညစာ စားဖြစ်
သေးတယ်။ အစားတွေကစုံ၊လူတွေကစုံနဲ့ တကယ်ပျော်စရာကောင်းပါတယ်။
နောက်သူငယ်ချင်းတစ်ဖွဲ့ ကတော့ ဦးသောမတ်စ်နဲ့ ပတ်သက်ပြီးသိခဲ့ရပေမဲ့
ကျမအပေါ်မှာ တကယ်ကောင်းကြတဲ့ ညီအစ်မတွေလို ဖြစ်နေကြတဲ့ ဂျာမန်
တိုးဂိုက်သူငယ်ချင်းတွေပါ။ တနေ့ အိမ်ကိုလာပြီး မုန့် တွေယူလာ၊ စကားတွေပြော၊
အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။
ရန်ကုန်ကအပြန် စင်္ကာပူရောက်တော့ တီတီစီက သူငယ်ချင်းနဲ့ တွေ့ ပြန်တယ်။
သူငယ်ချင်းနဲ့ အတူ သူလိုက်ပို့ ပေးတဲ့ Supermarket တစ်ခုကိုသွားပြီး၊ ဟိုငေး၊
ဒီမော့နဲ့ ဈေးဝယ်ထွက်ရတာ တကယ်ပျော်စရာပါ။ ဂျာမနီမှာလည်းဈေးဝယ်ထွက်ရင်
တစ်ယောက်ထဲ၊ ရန်ကုန်မှာလည်း ဈေးဝယ်မထွက်ဖြစ်ဆိုတော့ သက်တူရွယ်တူ
သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ်ထွက်ရတဲ့ အရသာကို မရရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အဲ့ဒီအတွေ့ အကြုံကို ပြန်စဉ်းစားမိတိုင်း ပျော်နေတုန်းပဲသူငယ်ချင်းရေ။
စင်္ကာပူမှာပဲ ဘလော့ထဲက သိနေတဲ့ သူငယ်ချင်းညီမတစ်ယောက်နဲ့ တွေ့ ဖြစ်သေးပါတယ်။
စိတ်ထဲမှာညီမတစ်ယောက်တွေ့ ရသလို ၀မ်းသာမိပါတယ်။ ကျမကို  အချိန်ပေးပြီး
တွေ့ ခွင့်ပေးကြလို့ လည်းကျေးဇူးပါနော်။
အခုအိမ်ပြန်ရောက်လာတော့ သူငယ်ချင်းတို့ နဲ့ ပျော်ခဲ့တာတွေကိုပြန်တွေးရင်း
သတိရနေပါတယ်။ နောက်နှစ်တွေမှာ လည်း သူငယ်ချင်းတို့ နဲ့ အတူ တနေရာရာမှာ
ပြန်ဆုံကြသေးတာပေါ့လို့ ဆုတောင်းရင်း သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်
ကြပါစေ.......
Friday 14 September 2012
Thomas in Yangon 2012
ကိုသောမတ်စ်ကတော့ ရန်ကုန်ပြန်ရမယ်ဆိုရင် ကျမထက်တောင်ပျှော်နေမလားပဲ။
ဒီနှစ်သူက TG နဲ့ သွားပြီး၊ ကျမက S'pore Airline နဲ့ သွားပါတယ်။ ကျမထက် ရန်ကုန်ကို
တစ်ရက်စောရောက်နေတာနဲ့  Pack Royal မှာ ၂ည တည်း ပြီးမှ ကျမတို့ နေတဲ့ မြေနီကုန်း
ကိုရောက်ပါတယ်။ သူက မနက်စာဆိုရင် မြန်မာကော်ဖီနဲ့ အီကြာကွေ့ ၊ ပဲပြုပ်နဲ့ ထမင်းကြော်
ကိုအိမ်နားက ဒေါ်ဝါ ဆိုင်မှာ နေ့ တိုင်းစားပါတယ်။ 
အိမ်မှာကော်ဖီဖျှော်ပေးရင်လည်း မြန်မာကော်ဖီမှုန့် နဲ့ ဖျှော်မှ သောက်ချင်တာ။ နို့ ဆီများများ
ချိုချိုအီအီကိုကြိုက်သူပါ။ သူ့  အကြိုက်ကော်ဖီမှုန့် ကတော့ လှည်းတန်းက ဆုကော်ဖီပါပဲ။ ရန်ကုန်ကပြန်လာတိုင် ဆုကော်ဖီကိုတစ်နှစ်စာသယ်လာပြီးသောက်လေ့ရှိသူပါ။ မနက် ကော်ဖီဆိုင်မှာစားပြီးတာနဲ့  ရွှေတိဂုံဘုရားသွား၊ ရိပ်သာသွားတဲ့အခါသွားနဲ့ 
အိမ်ကို မနက် ၉ နာရီလောက်ပြန်လာလေ့ရှိပါတယ်။
ပြန်ရောက်တာနဲ့ အင်တာနက်ဆိုင်ပြေးရတာကလည်းသူ့ ရဲ့ နေ့ စဉ်အလုပ်ပါပဲ။ ကျမက
ရန်ကုန်မှာရှိနေချိန် အင်တာနက်ဆိုင်မရောက်ဖြစ်ပေမဲ့ သူကတော့အချိန်မှန်ပါပဲ။
နေ့ လည်စာကိုတော့ကျမချက်တာသူမကြိုက်ရင် ဒန်ပေါက်ဆိုင်ပြေး၊ဒန်ပေါက်ထုပ်လေး
ကျမအပြင်သွားရင်သူ့ ကို အမေနဲ့ ထားခဲ့ရလို့ တော်သေးတယ်။ ကျမလည်း သူငယ်ချင်း
တချို့ နဲ့ တွေ့ ဖြစ်တယ်။ အမေ့ကို ကိုသောမတ်စ်က တော်တော်လေးဂရုစိုက်ပါတယ်။
အမေကလည်းသူ ကိုချစ်ရှာသား။
နေ့ လည်မိုးမရွာရင်အမေ့ ကို လက်ဖက်ရည်ဆိုင်ခေါ်သွား၊ အိမ်နားက ဒဂုံစင်တာခေါ်သွား
နဲ့ ။ တခါ သူ  က အမေကိုတွဲပြီး  အပြင်သွားတုန်း လမ်းမှာ လူတစ်ယောက်က
What a wonderful couple! လို့ ပြောသွားသတဲ့။ :)
ကိုသောမတ်စ်က ရန်ကုန်မှာ တွေ့ တဲ့သူတိုင်းကို သူအသက်လယ်လောက်လဲလို့  မှန်းခိုင်းလေ့
ရှိပါတယ်။ ဂျာမနီမှာ လူတွေက သူ့ အသက်ထက်ငယ်ပြီးမှန်းကြတော့ ရန်ကုန်ကလူတွေလည်း
ကိုသောမတ်စ်ခမျာ မအီမသာဖြစ်သွားရပါတယ်။ :)
 ( လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ နေရာမရှိလို့  မြန်မာအမျိုးသား
နှစ်ယောက်ထိုင်နေတဲ့ ၀ိုင်း မှာဝင်ထိုင်ဖြစ်ပါတယ်။ ကိုသောမတ်စ်က ထုံးစံအတိုင်း သူ့ အသက်ကို
မှန်းခိုင်းလေရဲ့ ထိုသူ နှစ်ယောက်က ညှာညှာတာတာနဲ့  ၇၀ လို့ မှန်းလိုက်လေရဲ့ ။
ကိုသောမတ်စ်လည်းအောင့်သက်သက်နဲ့ သူ့ အသက်အမှန်ကိုပြောပြတော့ မြန်မာ အမျိုးသားနှစ်ယောက်ခမျာ
အားတွေနာပြီး ကျမတို စားထားတာတွေကိုရှင်းသွားပါတယ်။)
ကိုသောမတ်စ်က ရန်ကုန်ရောက်တာနဲ့ ပုဆိုးဝတ်တော့တာပါပဲ။ ပြန်မဲ့နေ့ မှသာ ဘောင်းဘီဝတ်
တော့တယ်။ ဒီတခေါက် သူများတွေပုဆိုးဝတ်တာကိုကြည့်ပြီး သူရဲ့ ပုဆိုးခါးပုံစက သူများနဲ့ 
မတူဘူးတဲ့။ တချို့ က ခါးပုံစ ကို သပ်သပ်ရပ်ရပ်ပြန် ထည့်ထားတာကိုသတိထားမိပြီး သူကလိုက်ဝတ်
ကြည့်ပါတယ်။ အဆင်ပြေသွားသားပဲ။ တနေ့ လမ်းလျှောက်နေတုန်း ဘေးနားက အမျိုးသား
တစ်ယောက် မွန်ပုဆိုးဝတ်ထားတာတွေ့ လို့ သူအလွန်ကြိုက်ကြောင်း၊ သူ ၀တ်ချင်ကြောင်း
ပူဆာတာနဲ့ ကျမလည်း နောက်နေ့ ချက်ချင်းဝယ်ပေးလိုက်ပါတယ်။ သူ့ ခမျာလည်း
ဝတ်ချင်လွန်းလို့ ရှိတဲ့ လိမ္မော်ရောင် တီရှပ်နဲ့ ဝတ်လိုက်တော့ ..... ..... :)
နောက်နေ့ မှ တခြားအင်္ကျီနဲ့ ပိုအဆင်ပြေလိုက်ဖက်သွားတော့တယ်။
ရန်ကုန်မှာရှိနေတဲ့ရက်မှာပဲ သူနဲ့ Facebook မှာသိတဲ့ သူငယ်ချင်းတွေကို ဂျာမန်စကားပြောလေ့ကျင့်
ပေးသေးတယ်။ ကျမလည်း သူ နဲ့ ပတ်သက်ပြီးမိတ်ဆွေတွေပိုရလာလို့ ဝမ်းသာရပါတယ်။
တနေ့ တော့မိတ်ဆွေတစ်ယောက်အိမ်မှာ ကျမတို့ မေ့ကျန်ခဲ့တဲ့ထီး၂လက် ပြန်သွားယူခိုင်းလိုက်
တာ ပြန်လာတော့ သူယူသွားတဲ့ထီးပါ အဲ့ဒီအိမ်မှာ ထပ်မေ့ကျန်ခဲ့သေးလို့ အသစ်တစ်ချောင်း
ထပ်ဝယ်ရတယ်။ ဒါနဲ့ အိမ်မှာအခုထီး၎လက်ဖြစ်သွားရော။
ဒီတခါတော့သူရန်ကုန်မှာနေရတာပိုပျော်တယ်လို့ ပြောပါတယ်။
သူက ကျမထက်၎ရက်စောပြီးရန်ကုန်ကပြန်ပါတယ်။သူ့ အတွက် ကော်ဖီမှုန့် ၊
Thursday 13 September 2012
အိမ်အပြန်
ရှေ့လတုန်းက အမေ့ဆီပြန်ဖြစ်ပါတယ်။ နှစ်တိုင်းပြန်နေကြပေမဲ့ ဒီနှစ်ကတော့ ဘာတွေပြောင်းလဲ
နေမလဲဆိုပြီး သိချင်နေတာ။ ရန်ကုန်က အရင်နဲ့ နဲနဲပြောင်းလဲလာတယ်။ မီးတွေမှန်၊ကားအသစ်
တွေအများကြီး၊ ကားလမ်းတွေပိတ်တယ်။ တနေရာရောက်ဖို အချိန်အရင်ထက်ပိုယူရတယ်။
လူတိုင်းနီးပါးမှာ ဟန်းဖုန်းတွေနဲ့ ၊ လူငယ်တွေကတက်တက်ကြွကြွနဲ့ လှုပ်ရှားနေကြတယ်။
ဒီနှစ်ရန်ကုန်မှာနေရတာ ပျော်ပါတယ်။
အမေ... အရင်နှစ်ကလိုပဲ။ သိပ်များပိန်သွားမလားလို့ ထင်နေခဲ့ပေမဲ့ အမေက အရင်လိုပဲ။
မှတ်ဥာဏ်တွေ ပိုမေ့လာတယ်။ ကျမတို့ ရောက်တော့ အမေ သိပ်ပျော်နေတာ။ ကျမကို အမြဲတမ်း
သူ့ အနားမှာပဲရှိနေစေချင်တာ။ သူ့ ကို ထားခဲ့ပြီး အပြင်သွားရင် ကျမလည်းစိတ်မဖြောင့်ဘူး။
အမေမျှော်နေမှာပဲဆိုပြီး အိမ်ဘဲအမြန်ပြန်ဖြစ်တယ်။
အမေက သူ့ အသက်ကို တခါတလေမေ့နေတတ်တယ်။ ငါ့အသက် ၆၀ကျော် ရ၀လောက်တော့ရှိရော
ပေါ့လို့ ပြောပြီး သူ့ ရဲ့ မြန်မာမွေးနေ့ ကို ပြောပြီးတွက်ခိုင်းတတ်တယ်။  ကျမက ဘောပင်နဲ့ စာရွက်
ပေးပြီးတွက်ကြည့်ချုင်တော့ မှန်အောင်နှုတ်နိုင်တယ်။ အမေက သူ့ အသက် ၈၀ မှန်းသိတော့
အရမ်းပျော်သွားတယ်။ ငါအခုအသက်(၈၀)မှာ တယောက်ထဲ သွားနိုင်လာနိုင်၊ စားနိုင်သောက် နိုင်သေး တယ်တဲ့။  မသေခင် ဘုရားတရားအခုထက်ပိုလုပ်ရမယ်ဆိုတယ်။ အဲ့ဒီနေ့ က အမေ့မျက်နှာက
ပြုံးပြီးခြေလှမ်းတွေတောင်ပိုသွက်နေသလိုပဲ။
အမေစားချင်တာတွေချက်ကျွေးရင်း ဒီမှာမစားရတဲ့ ဟင်းတွေ စားဖြစ်တယ်။ ကျမချက်ကျွေးတဲ့ဟင်းတွေစားရင်း တခါတလေထမင်းစားမကောင်းရင် သမီးကို သတိရတယ်လို့  ပြောတော့ ကျမစိတ်မကောင်းဖြစ်ရတယ်။ အမေနဲ့ စကားတွေအများကြီးပြောဖြစ်တယ်။  ငယ်ငယ်ကအကြောင်းတွေ၊ ဆွေမျိုးတွေ အကြောင်းတွေ၊ ကျမသူငယ်ချင်းတွေ
အကြောင်းတွေ၊ ဂျာမနီက အကြောင်းတွေ......စုံလိုပဲ။
အမေနဲ့ အတူတူ ဟိုနားဒီနားသွားဖြစ်တယ်။ ရွှေတိဂုံဘုရား၊ တရားရိပ်သာ၊ဘုန်းကြီးကျောင်းတွေကအစ၊ အိမ်နားက ဈေးဆိုင်တွေ အထိပေါ့၊ ကိုသောမတ်စ်က နေသာတဲ့နေ့ လည်တွေမှာ အမေနဲ့  လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်။ အမေပျော်နေရှာတာ။
 အခုကျမတို့ ပြန်လာတော့ အမေလည်းလွမ်းကျန်နေရစ်တယ်။ နောက်တစ်ခေါက်မပြန်ခင်အထိ
တော့ ကျမလည်း အမေ့ကိုလွမ်းနေမှာပါ။
Sunday 1 July 2012
မိုးရွာရင်
ဒီနှစ်ဂျာမနီနွေက အရင်နှစ်တွေနဲ့ မတူပဲ မိုးများလွန်းတယ်လို့ ပြောရမလိုပါပဲ။
မိုးရွာရင်လည်းတော်တော်သဲပါတယ်။ စိတ်ထဲမှာ ရန်ကုန် ရောက်နေသလို
တခါတလေ ခံစားမိတယ်။မိုးရွာတဲ့အခါ ဟထားတဲ့ ပြူတင်းပေါက်က နေ
ကြားနေရတဲ့ မိုးသံတွေကြောင့်ငယ်ငယ်က အမေအိမ်ကို သတိရမိတယ်။
ခေါင်မိုးပေါ်ကို ကျလာတဲ့မိုးစက်သံတွေ၊ မိုးရွာပြီဆိုတာနဲ့  တဂွမ်ဂွမ်အော် နေတဲ့
ဖားသံတွေ၊ ဒီအသံတွေကိုနားထောင်ရင်း မိုးအေးအေးမှာ ကွေးလို့ ကောင်းတဲ့
ရက်တွေ... ... ... သတိရမိတယ်။
ကျမတို့ လှည်းတန်းအိမ်မှာ မိုးများများရွာတာနဲ့  ခြံထဲကိုရေတွေဝင်လေ့ရှိတယ်။
တခါတလေများဒူးခေါင်းလောက်အထိရေတက်လာတတ်တယ်။ မိုးတိတ်သွားရင်တော့
သိပ်မကြာခင်မှာပဲ ရေပြန်ကျတတ်တယ်။ ခြံထဲမှာ ကျွတ်၊ခရု၊ငါး၊မျှော့.. တခါတလေ
မြွေတောင်ရှိတတ်သေးတယ်။ ကျွတ်နဲ့ မြွေကိုတော့ကျမ အလွန်ကြောက်ပါတယ်။
မိုးရွာထဲမှာကျောင်းသွားခဲ့ရတာတွေ၊ လမ်းလျှောက်ရင် ဗွက်တွေ စင်လို့ စိတ်ညစ်
ရတာတွေ၊ မိုးအေးတဲ့နေ့ တွေ ကျောင်းမသွားချင်တာလည်း. .. .. အမှတ်ရမိသေးတယ်။
ကျမ ရန်ကုန်ကိုပြန်တဲ့အချိန်တွေကလည်း မိုးတွင်းပဲဖြစ်တော့ မိုးတွေရွာတဲ့ အခုလို
အချိန်မှာ ကျမ ရန်ကုန်ကိုပြန်ချင်တယ်။ မကြာခင် အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိကြောင့် စိတ်ထဲမှာ ပျော်နေသလို၊ အတွေးတွေ၊အိပ်မက်တွေထဲမှာလည်း မြန်မာပြည်က
အမေနဲ့ သူငယ်ချင်းတွေ၊မိတ်ဆွေတွေ၊ ဆွေမျိုးတွေအကြောင်းတွေးဖြစ်တယ်။
Sunday 17 June 2012
ကျမအတွက် အဖေဆိုတာ...
ကျမငယ်ငယ်က အမေကို အဖေဘယ်မှာလဲလို့ မေးခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။
အဲ့ဒီတုန်းက အမေက သမီးအဖေ သေသွားပြီလို့ ဖြေခဲ့တယ်။
ကျမ ၅နှစ်အရွယ် တီချယ် ဒေါ်ယဉ်ဝိုင်းကျောင်းမှာ အမေက အဖေ့ကိုခေါ်လာပြီး
ကျမနဲ့ မိတ်ဆက်ပေးတယ်။ ဒါသမီးအဖေတဲ့။ စိတ်ထဲမှာစိမ်းနေပေမဲ့ ကျမမှာ
သူများကလေးတွေ (ကျမမောင်နှမ၀မ်းကွဲတွေ)လို အဖေရှိတယ်ဆိုလို့ ပျော်လာပါတယ်။
အဖေက နယ်မှာအလုပ်လုပ်နေရလို့ ကျမတို့ သားအမိဆီ(ကျမဆီ) မကြာခဏပဲလာ
လည်နိုင်တယ်လို့ ထင်ခဲ့တာ။ ကိုကြီးတို့ ၊မချိုတို့ အဖေတွေလည်းနယ်မှာပဲတာဝန်ကျနေ
ကြတာဆိုတော့ ကျမအတွက် အထူးတလည်မတွေးတော့ပါဘူး။
ကျမအသက် ၁၃ နှစ်အရွယ် သင်္ကြန်တနေ့ အဖွားတို့ အိမ်မှာ အဖေကို သူ့ ရဲ့ တခြား
မိသားစုနဲ့ အတူတွေ့ လိုက်ရတဲ့အချိန်။ ကျမတိတ်တိတ်လေး ၀မ်းနည်းပြီး၊ ညည
လူမသိအောင်ငိုနေခဲ့တဲ့ အချိန်တွေ.... ကျမဘယ်တော့မှ မမေ့ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ ကျမအနားမှာ အမေလည်းမရှိနေခဲ့ဘူး။ ကျမ တစ်ယောက်ထဲ.....။
အမေ့ဆီပြန်ရောက်တော့ အဖေ့တို့ မိသားစုကိုတွေ့ ခဲ့ကြောင်းပြောပြပြီးနဲ့ နောက်ပိုင်း
အမေ့ကို အဖေ့အကြောင်းမပြောဖြစ်တော့ပါဘူး။ အမေ့ရှေ့မှာ ကျမ စိတ်မကောင်း
ဖြစ်ရတာကို မပြောပြချင်တာပါ။ ကျမရင်ထဲက အဖေနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို
အမေ အခုထိသိမှာမဟုတ်ပါဘူး။
အဲ့ဒီအချိန်ကစပြီး အဖေကျမတို့ ဆီမလာလည်တော့ပါဘူး။ ကျမ ၁၀တန်းအောင်ပြီးတော့
မှတခါပြန်တွေ့ ရတယ်။ ကျမ ဒုတိယနှစ်ရောက်တော့ အဖေ လာလည်တယ်။ နောက်ပိုင်း
အဆင်ပြေသလိုလာတွေ့ ပါတယ်။
အဖေ့ကို ကျမ မပိုင်ဆိုင်ဘူးဆိုတာသိတဲ့နောက်ပိုင်း ပတ်ဝန်းကျင်မှာ အဖေအကြောင်း
လူတွေမေးလာမှာကြောက်လာတယ်။ သူငယ်ချင်းတွေရဲ့ အဖေတွေလို အဖေ့ ကို အနားမှာ
ရှိစေချင်တယ်။ နင့်အဖေရောလို့ လူတွေမေးလာမှာကြောက်တယ်။ မေးလာရင်လည်း
ဘာပြန်ဖြေရမှန်းမသိဘူး။ ဒီလိုနဲ့ ကျမ နှုတ်နည်းလာတယ်။ လူကြားထဲပြောရဆိုရမှာ
ကြောက်လာတယ်။
ကျမကို အမေက သူများတန်းတူ မကြောင့်မကြ ထားပေမဲ့ တခါတလေ အဖေဆိုတဲ့
ကျမတို့ ရှေ့မှာမားမားရပ်ပေးမဲ့ သူကို လိုချင်မိတယ်။ ကျမအားငယ်နေချိန်မှာ အဖေရော
ငါ့ကို သတိမှရရဲ့ လားလို့  စဉ်းစားမိတယ်။ ကျမဘေးမှာအဖေရှိခဲ့ရင်ဆိုတဲ့ အတွေး
မကြာခဏတွေးမိတယ်။
ကျမ ၁၀တန်းအောင်တော့ ဆရာတစ်ယောက်က ကျမ အဖေအကြောင်းမေးလို့ 
သူ့ ကို အမှန်အတိုင်းပထမဆုံးပြောပြဖြစ်တယ်။ သူက ဒါဟာ လူကြီးတွေဖြစ်ကြတဲ့
ကိစ္စ၊ ကျမနဲ့ မဆိုင်ကြောင်း။ ကျမအဖေဟာ၊ ကျမအဖေသာဖြစ်ကြောင်း၊ ပတ်ဝန်း
ကျင်ကိုရင်ဆိုင်ရဲလာအောင်၊သတ္တိရှိလာအောင် အားပေးခဲ့ပါတယ်။ သူ့ ရဲ့ ကျေးဇူး
ကြောင့်ကျမ လူတောထဲပြန်ဝင်ရဲလာတယ်။ အဖေအကြောင်းကိုလည်း သူများတွေ
ကို ပြောပြရဲလာတယ်။
အရွယ်ရောက်လာတာနဲ့ အမျှ တခါတလေ အဖေရဲ့ ဂုဏ်၊ အဖေ့ရဲ့  အရိပ်ဟာ ကျမ
အတွက်လိုအပ်လာပြန်တယ်။ အဲ့ဒီအချိန်တွေမှာ ကျမ၀မ်းနည်းစွာနဲ့ အဖေ့ကို တမ်းတခဲ့
မိဖူးပါတယ်။ အဖေဟာ ကျမအတွက် ရုံးသုံးနာမည်တစ်ခုလို စာရွက်ပေါ်မှာသာရှိခဲ့
တာပါ။
အကောင်းဘက်ကတွေးရင်တော့ ကျမ ကိုယ့်ကိုကိုယ်အားကိုးတတ်လာတယ်။
အိမ်မှာ ယောင်္ကျားလေးအလုပ်ရော၊မိန်းကလေးအလုပ်ရော ကျမတတ်နိုင်သလို
ကြိုးစားလုပ်တတ်လာတယ်။ ငါလုပ်မှဖြစ်မယ်ဆိုတဲ့ အသိရှိလာတယ်။ ဆုံးဖြတ်ရဲ
လာတယ်။
ကျမဂျာမနီကိုရောက်လာတော့ ကျမလိုဘ၀တူကလေးတွေကို အများကြီးတွေ့ ရတယ်။
ဒီမှာက မြန်မာပြည်လိုမဟုတ်ဘူး။ အဖေနဲ့ အမေ အကြောင်းမတိုက်ဆိုင်လို့ ကွဲကြပေ
မဲ့ သားသမီးဟာ မိဘနှစ်ဦးစလုံးနဲ့ တွေ့ ခွင့်၊ဆက်သွယ်ခွင့်ရတယ်။ ကလေးတွေဟာ
အမေနဲ့ နေပေမဲ့ တပတ်တခါအဖေနဲ့ တွေ့ ခွင့်ရှိပါတယ်။ အားလပ်ရက်တွေမှာ အဖေနဲ့ 
ခရီးအတူတူသွားကြလေ့ရှိပါတယ်။ အဖေမှာ သားသမီးကိုထောက်ပံ့ရမဲ့တာဝန်ရှိတယ်။
ဥပဒေ အရကို သတ်မှတ်ထားပါတယ်။ ဒီမှာ အဖေတယောက်ဟာ ကိုယ့်သားသမီး
အပေါ်တာဝန်ကျေပါတယ်။ လူကြီးချင်းပြသနာမှာ ကလေးကိုမထိခိုက်စေပါဘူး။
ကျမတို့ ဆီမှာကတော့ အဖေနဲ့ လက်ရှိနေတဲ့မိသားစုက ကျမလို အတူမနေရတဲ့ ကလေး
ကို အရာမသွင်းချင်ကြပါဘူး။ အဖေ့မှာ ကျမလိုနောက်ကလေးတယောက်ရှိမှန်း လူအသိ
မခံချင်ကြပါဘူး။ နည်းမျိုးစုံနဲ့ ကျမကိုနှောက်ယှက်သလို၊ ကျမနဲ့ အဖေ ပြန်ဆက်သွယ်မှာ
မလိုလားကြပါဘူး။ ပတ်ဝန်းကျင်ကလည်း သူ့ အဖေက နောက်မိသားစုရှိသတဲ့ဆိုတဲ့
ဝေဖန် သလိုအပြောမျိုး ပြောကြသေးတယ်။
အဖေတိုင်းအဖေ့တာဝန်ကိုကျေနိုင်ကြရင်၊ မိဘတိုင်းမိဘတာဝန်ကိုကျေနိုင်ကြရင် ၊
လူတိုင်းကိုယ့်တာဝန်ကိုယ်ကျေကြရင်....ပျော်စရာကောင်းမှာပါ။