Friday 6 December 2013
နောက်တစ်ပတ်ဆိုရင်... ... ...
နောက်တပတ်ဆို မြန်မာပြည်ပြန်ရမယ်။ အမေ့ကိုပြန်တွေ့ ရမှာကြောင့်
ဝမ်းသာရပါတယ်။ သူငယ်ချင်းတွေနဲ့ လည်းပြန်တွေ့ ဖြစ်၊စကားတွေပြောဖြစ်
ကြမှာမို့ လည်း ကြိုးတွေးပြီးဝမ်းသာရပါတယ်။
လေးပတ်ဆိုတဲ့ အချိန်အတွင်းမှာ အမေ့နားမှာပဲ အနေများမှာပါ။ မြန်မာနိုင်ငံ
အနှံ့  ခရီးဆန့် ချင်ပေမယ့် အမေ့ ကိုတွေ့ ခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာ
သူ့ ကို ထားပြီးမသွားရက်ခဲ့တာ။ သူငယ်ချင်းတွေ ဘလော့မှာတင်ထားတဲ့
မြန်မာပြည်ရှုခင်းတွေ ကိုပဲ ကြည့်ရင်း ဘလော့တွေထဲမှာ မြန်မာပြည်အနှံ့ 
ရောက်ခွင့်ရလို့  သူငယ်ချင်းတွေ ကိုကျေးဇူးတင်ရပါတယ်။
မှောင်လည်းမှောင်၊အေးလည်းအေးတဲ့ ဂျာမန် ဆောင်းတွင်းက တစ်လလောက်
လွတ်ခွင့်ရတာလည်း ကြို ပြီးဝမ်းသာနေပါတယ်။တစ်လလောက်မနက်စောစော
အိပ်ရာက မထရတော့မှာကိုလည်းတွေးပျော်မိပါတယ်။ တစ်ခုနဲ့ တစ်ခု အဆက်
မပြတ်လည်နေတဲ့ ပရောဂျက်တွေကနေ တစ်လလောက် လွတ်ခွင့်ရမှာကိုလည်း
တွေးရင်းကြိုပျော်နေမိပါတယ်။ ဂျာမနီရဲ့  ခရစ်စမတ်ရက်တွေ နဲ့  New Year ည
တွေကိုတော့ ကျမ သတိရနေမိမှာပါ။
အမြဲတမ်းမပြောဖြစ်တဲ့ မြန်မာစကားတွေ၊ အမြဲတမ်းမစားဖြစ်တဲ့ မြန်မာအစားအစာတွေ၊
အဝေးကနေ လွမ်းနေရတဲ့ အရာတွေ ကို မကြာခင် အချိန်မှာ ပြန်ရတော့မှာလို့ 
တွေးမိတိုင်း စိတ်လှုပ်ရှား ပြီးပျော်နေမိပါတယ်။
Monday 2 December 2013
ပိန်ခြင်း၊၀ခြင်းသီအိုရီများ
ကျမ ငယ်ငယ်ကတည်းက ကြားနေလေ့ရှိတာကတော့ ၀လို့ လှလို့ ၊
ကျန်းမာဝဖြိုး လို့ စသဖြင့် ပြည့်ပြည်ဖြိုးဖြိုး၀၀ လှလှ ကိုတန်ဖိုးထားကြတဲ့
စကားတွေပါ။ ကျမ အလုပ်မှာ နေ့ စဉ်ရင်ဆိုင်နေရတာကတော့ ကိုယ်အလေးချိန်
ရှိသင့်တာထက်ပိုနေတဲ့ သူတွေပါ။ သူတို့ တွေဟာ အများအားဖြင့် သွေးတိုး၊
ဆီးချို၊ နှလုံး ရောဂါတွေကို ခံစားနေရသူတွေပါ။ ရောဂါ အခြေအနေ မဆိုးခင်မှာ
ကိုယ်အလေးချိန်ချ ဖို့  နဲ့ ကြိုတင်ကာကွယ်ဖို့  ကျမတို့ ဆီရောက်လာကြတာပါ။
ဈေးကွက်ထဲမှာရှိတဲ့ ကိုယ်အလေးချိန်ချဖို့  နည်းတွေ၊ဆေးတွေ၊ အဆာခံနိုင်အောင်
စားတဲ့ အစာတွေ၊လေ့ကျင့်ခန်းနည်းတွေ အများကြီးကြားမှာ လူနာတွေဟာ
 ကောင်းနိုးရာရာမိမိနဲ့ သင့်တော်မယ်ထင်တဲ့ နည်းတွေ ကို  စမ်းကြည့်ကြပါတယ်။
အများစုကတော့ ဒီနည်းနဲ့ သုံးရင်း အလေးချိန်ကျသွားပေမဲ့ နောက်ပြန်တက်လာ
တာကြောင့်နောက်တနည်းစမ်းကြည့်ပြန်တယ်။ ဒီလိုနဲ့  နောက်ပိုင်းစိတ်မရှည်တော့ပဲ
ကိုယ်အလေးချိန်ကျဖို့ ဆက်မကြိုးစားတော့ပါဘူး။
ကိုအချိန်ယူပြင်လိုက်လို့  ရောဂါ သက်သာပျောက်ကင်းသွားတာတွေ တွေ့ ရလို့ 
ဝမ်းသာရသလို၊  လမ်းတ၀က်တင် လက်လျှော့လိုက်တဲ့သူတွေလည်း တွေ့ ရ
ပြန်တယ်။
တကယ်တမ်း ကိုယ်အလေးချိန် ချချင်တယ်ဆိုရင်တော့ စိတ်ရှည်ပြီးဇွဲကောင်းရမှာပါ။
မိမိ တချိန်လုံး အရိုးစွဲလာတဲ့ စားသောက်မှု ပုံစံ၊နေထိုင်လှုပ်ရှားမှု ပုံစံတွေကို
အချိန်ပေးပြီးပြု  ပြင်ယူရမှာပါ။ အဆီ၊အချို အဆိမ့်၊တွေကတော့ လူတိုင်းကြိုက်ကြ
ပေမဲ့ ဒါတွေကို တဖြေးဖြေးချင်း ရှောင်နိုင်ဖို့ ၊ မိမိရဲ့  နေ့ စဉ်ကိုယ်လက်လှုပ်ရှားမှု
အစီအစဉ်တွေကို စိတ်ရောကိုယ်ပါ စိတ်ဝင်တစားလုပ် နိုင်ဖို့ တွေက အချိန်ယူရ၊
ဇွဲရှိရမှာပါ။
တွေ၊ ပိန်ဆေးတွေ ကို အင်တာနက်မှာလွယ်လွယ်ရတိုင်းလွယ်လွယ်သုံးကြတော့
ဆိုးကျိုးတွေ နဲ့ ရင်ဆိုင်ကြရတဲ့သူတွေ တွေ့ ရတယ်။
ဂျာမနီမှာတော့ ဈေးကွက်ထဲမှာ ရောင်းခွင့်ရှိတဲ့ ဆေးတွေက ဆိုးကျိုး ကောင်းကျိုးတွေကို
စစ်ထားပြီးသားပါ။ Internet မှာတော့ ရောင်းနေတဲ့ဆေးတွေကို ကြိုက်သလိုဝယ်
သုံးလို့ ရတော့ သုံးကြည့်ကြရင်း ဆိုးကြိုးတွေရင်ဆိုင်ရပါတယ်။
ဝလာရတဲ့အကြောင်းရင်းဟာ လူတိုင်မှာမတူနိုင်သလို၊ အလေးချိန် ချရာမှာလည်း
သူများတွေချက်ချင်းကျပေမဲ့ ကိုယ်က ကျချင်မှကျတာကို၊ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်အလေးချိန်ချတော့မယ်ဆိုရင် စိတ်ရှည်၊ဇွဲကောင်းပြီး မိမိရည်မှန်ချက်
ရောက်အောင်အချိန်ယူဖို့ လိုပါတယ်။ မိမိရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ
အရလည်းလိုအပ်ရင်ဆရာဝန်နဲ့  ဆွေးနွေးပြီးမှ လေ့ကျင့်ခန်းလုပ်တာတို့ ၊
 Diet လုပ်တာတို့ စလုပ်သင့်ပါတယ်။
 တနေ့ က မိတ်ဆွေတွေနဲ့ စကားပြောရင်း ၀ခြင်း၊ ပိန်ခြင်း အကြောင်းရောက်
သွားတယ်။ မိတ်ဆွေတယောက်က TV ကြည့်ရင်ဝတယ်တဲ့၊ အထူးသဖြင့်
မှုခင်းဇာတ်လမ်းတွေကြည့်ရင်တဲ့။ ဘာဖြစ်လိုလဲဆိုတော့ စိတ်လှုတ်ရှာမှုကြောင့်
stress-hormone တွေထွက်လာပြီးလူကိုဝစေတယ်တဲ့။
ကျမက မှုခင်းဇာတ်လမ်းတွေကြည့်လေ့ရှိတော့.... ... ... သတိထားအုံးမှလို့ 
ကိုယ့်ကိုကိုယ်သတိပေးမိပါတယ်။ :)
Sunday 24 November 2013
တိုက်ပွဲ
ပြေးရင်းလွှားရင်း၊ ပျော်လိုက်ငိုလိုက်
ရန်ဖြစ်လိုက်၊စိတ်ဆိုးလိုက်နဲ့ 
အချိန်တွေက တဖြေးဖြေးကုန်သွားသလို၊
လောကကြီးထဲကထွက်သွားကြပြီ။
ကိုယ့်အလှည့် ကိုစောင့်ရင်း၊
လောဘ၊ဒေါသ၊မောဟ နည်းအောင်ကြိုးစားရင်း၊
လောက ကြီးမှာ နေခွင့်ရနေစဉ် ကောင်းမှု့ များ
လုပ်ခွင့်ရအောင်ကြိုးစားရင်း၊
ခွင့်လွှတ်ရင်း၊အနစ်နာခံရင်း၊
သည်းခံရင်းနဲ့ ... ...
စိတ်ကိုစုစည်း၊ သတိချပ်နေပေမဲ့
အတွေးတွေကဟိုပြေး၊ဒီရောက်၊
လောဘ၊ဒေါသက ဟိုကလာ၊ဒီကလာနဲ့ 
ကမောက်ကမမို့ ၊ မောမိပါတယ်။
Monday 11 November 2013
ဦးနှောက်ဖေါက်စားခြင်း
သူများတိုင်းပြည်မှာ မိမိဘ၀ တိုးတက်ဖို့ ရုန်းကန်ကြိုးစားရတာ မလွယ်ပါဘူး။
ဘာသာစကား၊ယဉ်ကျေးမှု၊အတွေ့ အကြုံ ကွဲပြားမှုတွေကို ရင်ဆိုင်ညှိနှိုင်းရင်း
မိမိ ရဲ့ လုပ်နိုင်စွမ်းကို ပြရတာ မလွယ်ပါဘူး။
ကိုယ်လုပ်နိုင်တာကို ပြနိုင်ပြန်တော့လည်း ကိုယ့်ကို အသုံးချ တာ တခါတလေ
အောင့်သက်သက်နဲ့ ခံရသေးတယ်။
ဂျာမနီမှာ နိုင်ငံခြားက ရလာတဲ့ အောင်လက်မှတ်တွေကို သိပ်ပြီးအသိအမှတ်
မပြုချင်ကြပါဘူး။ နိုင်ငံခြားက ပညာတတ်တွေကိုလည်း သိပ်အထင်မကြီးကြသလို၊
အလုပ်ခန့် ဖို့ လည်းမစဉ်းစားချင်ကြပါဘူး။
အစပိုင်းတော့ ကျမ ဂျာမန် ပညာရေး ကို အထင်ကြီးပါတယ်။ ကိုယ်နိုင်ငံထက်စာရင်
သူတို့ ကတော့ အများကြီးသာပါတယ်လေ။ ဒါပေမဲ့ လူတွေကတော့ မထူးပါဘူး။
Ph.D. စာတမ်းကို ခိုးကူးလို့ အလုပ်ပြုတ်သွားတဲ့ အစိုးရ၀န်ကြီးရှိသလို၊ Professor ဘွဲ့ 
ပြန်အပ်လိုက်ရတဲ့ ဆရာဝန်ကြီးတွေလည်းရှိနေတာ  ကြုံနေ၊ကြားနေရလာတော့
သူတို့ လည်းထူးမခြားနားပါပဲလားလို့ သိလာခဲ့ပါတယ်။
တခုတလော ကျမ ရဲ့   Professor က သူ့ အတွက် လိုအပ်နေတဲ့ Certificate တစ်ခု
ဖြေဖို့ ရှိနေပါတယ်။ ဒီ Certificate ရမှ သူ့ ရဲ့  ပရောဂျက်က စနိုင်မှာ ပါ။
ဒီနေ့ တော့  ကျမက သူ့ ကိုယ်စား on-line ကနေ ဖြေပေးလိုက်ရပါတယ်။
Certificate  ထွက်လာတော့ Professor နာမည်နဲ့ ပေါ့လေ။
Friday 1 November 2013
လက်ချောင်းများ
လက်ချောင်းတွေရဲ့  အသုံးဝင်မှု ကို လက်ချောင်းတွေ ရုတ်တရက် နာလာတဲ့ အချိန်မှာ
ပိုပြီး တန်ဖိုးသိလာရပါတယ်။
လက်ချောင်းတွေနဲ့  ကိုင်ရ၊ ဖွင့်ရ၊ပိတ်ရ၊ လှည့်ရ၊ တွန်းရ၊လှီးရ၊ မွှေရ၊ နယ်ရ.....
သူ တို့ ရဲ့ တာဝန်တွေက မနည်းပါလား။
ကျမ တစ်ခုခုကို ကိုင်တယ်ဆိုရင်ပဲ နာလာတာကြောင့် လက်ချောင်းတွေကို
သတိပြုလာမိပါတယ်။
တစ်ခုခု လုပ်ခါနီးတိုင်းလက်ချောင်းတွေ ကိုညှာပြီး ဘယ်လို သက်သာအောင်
အလုပ်လုပ်ရမလဲလို့ နည်းလမ်းတွေရှာရတယ်။
နေ့ စဉ် လှု ပ်ရှားမှုတွေမှာ အဟန့် အတားတွေဖြစ်လာတယ်။
အခုတော့ ကျမလက်ချောင်းလေးတွေ တော်တော်လေးသက်သာလာပါပြီ၊
စားချင်တာ၊ရေးချင်တာ၊လုပ်ချင်တာတွေ တဖြေးဖြေး ပြန်စလုပ်လို့ ရလာပြီ။
ဒါပေမဲ့လည်း လက်ချောင်းလေးတွေကို အလွန်အကျွံ မခိုင်း မိအောင်သတိထား
နေရပါတယ်။
 ကျမအမေ ပြောသလို့  သမီးရေ ကိုယ့်အသက်လည်းကိုယ်မေ့ မနေနဲ့ အုံး တဲ့။
ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲ ဖေါက်ပြန်မှုတွေ တဖြေးဖြေး သိသာလာပြီ။
Tuesday 1 October 2013
ငယ်ငယ်ကသူငယ်ချင်း
တနင်္ဂနွေမနက်ဖက် ဖုန်းမြည်သံကြောင့် ဘယ်သူပါလိမ့်လို့  ဟလို
ထူးလိုက်တော့ အနှစ် ၂၀ကျော်လောက်မတွေ့ ဖြစ်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေတယ်။
သူကျမတို့ နေတဲ့နေရာရောက်နေတယ်ဆိုတာနဲ့ အပြေးအလွားသွားတွေ့ ဖို့ 
စီစဉ်လိုက်ပါတယ်။ ရထားပေါ်မှာ သူငယ်ချင်းအကြောင်းတွေးမိတယ်။
ငယ်ငယ်ကတော့ ကျမတို့ တွေ အပူအပင်မရှိ၊တာဝန်တွေမရှိနဲ့  ပျော်ရွင်စွာ
ဖြတ်သန်းခဲ့တဲ့ နေ့ ရက်တွေ့ အမှတ်ရမိပါတယ်။
ကျတို့ ဘ၀တွေရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲမှာတော့ သူငယ်ချင်းက ခေါင်းဆောင်
တစ်ယောက်ပေါ့။ သူငယ်ချင်းနဲ့ သာမတွေ့ ဖြစ်ပေမဲ့ သူ့ သတင်းတွေ ကြားနေ၊နားထောင်
နေခဲ့ပါတယ်။ ကျမ မလုပ်နိုင်တဲ့ ၊မပေးဆပ်နိုင်တဲ့ အရာတစ်ခုကို သူငယ်ချင်းက
လုပ်ဆောင်နေတာမြင်ရကြားရတော့ ဂုဏ်ယူအားပေးနေခဲ့ပါတယ်။
ကျမတို့ ခေတ်၊ကျမတို့ ဘ၀မှာ ကြုံခဲ့ရတဲ့ ခါးသီးမှုတွေ လူတိုင်းမှာရှိကြပေမဲ့
သူငယ်ချင်းလောက်တော့ ပြင်းထန်ကြမ်းတမ်းမယ် မထင်ပါဘူး။
မိမိယုံကြည်မှုအတွက်ရဲ ၀ံ့စွာ ရင်ဆိုင်ရဲတဲ့သူငယ်ချင်းရဲ့  အနုပညာ နှလုံးသားကို
သူငယ်ချင်းရေးထားတဲ့ကဗျာတွေ ဖတ်ရင်း သူငယ်ချင်းရဲ့ ဘ၀ကို ပိုပြီးနားလည်၊လေးစား
မိပါတယ်။
ကျမတို့ အားလုံးအတွက် မျှော်လင့်ချက်ကိုယူဆောင်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ တကွ
သူငယ်ချင်းနဲ့ ဘ၀တူ မိတ်ဆွေတွေအားလုံးကို လေးစားရပါတယ်။
ကျေးဇူးတင်ပါတယ်သူငယ်ချင်း။
အောင်မြင်မှုတွေနဲ့ ဆက်လက်ချီတက်နိုင်ပါစေလို့  ဆန္ဒပြုရင်း... ... ...
(၂၉.၀၉.၂၀၁၃ အမှတ်တရ)
Wednesday 11 September 2013
တွေ့ ဖြစ်ခဲ့တဲ့ မိတ်ဆွေသစ်များ
အိမ်လွမ်းတဲ့ အတွေးတွေက ညည ဆို အိပ်မက်ထဲရောက်လာလေ့ရှိပါတယ်။ မနက်နိုးတိုင်း
အိပ်မက်တွေကို ပြန်ပြောရတာလည်း မရိုးနိုင်အောင်ပါပဲ။
တနေ့  (၂၀၀၇ ခုတုန်းက) တီဗီမှာ Blogger တယောက်နဲ့  Interview လုပ်ထားတာကြည့်
ပြီး ဘလော့ဆိုတာကိုစိတ်ဝင်စားခဲ့မိပါတယ်။ ဘလော့ဆိုတာဘာလဲ၊ဘယ်လိုလုပ်ရသလဲ ဆိုတာတွေကို
Internet မှာ ရှာရင် ဘလော့ တစ်ခုကိုစဖြစ်ခဲ့ပါတယ်။
အစပိုင်းတော့ တခြားသူတွေရေးတာဖတ်ရင် comment တွေပေးဖြစ်ရာက တဖြေးဖြေး ဘလော့
လောကထဲရောက်လာခဲ့ပါတယ်။
ဘလော့လောက ဟာ ကျမအတွက် မမျှော်လင့်ပဲ မိသားစု အသစ်တစ်ခုကိုရလိုက်သလိုပါပဲ။
အိမ်လွမ်းတဲ့ကျမ တဖြေးဖြေး အိပ်မက်တွေကျဲလာတယ်။ ကျမပြောပြချင်တာတွေ၊ ခံစားမှုတွေ ကို
ဘလော့ ဂါ သူငယ်ချင်းတွေကြားမှာ မျှဝေခွင့်ရလာခဲ့ပါတယ်။ ကျမရဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းသာ၊၀မ်းနည်း
မှုတွေကို သူငယ်ချင်းဘလော့ဂါတွေက နားလည် ဝေမျှ ခံစားပေးကြတယ်။
တချို့  ဘလော့ဂါတွေက ဓါတ်ပုံတွေတင်ကြလို့ ဖြင်ဖူးပေမဲ့၊ တချို့ ဆို အခုထိ မမြင်ဖူးပါဘူး။
ဒါပေမဲ့လည်း ခင်မင်မှု ကတော့ မိသားစုဝင်တွေလိုပါပဲ။ ကျမနဲ့ အတူ ခံစားမှုတွေကို ခံစား၊
နားလည်ပေးကြတဲ့ သူငယ်ချင်းဘလော့ဂါများကို ကျေးဇူးတင်ပါတယ်။
ကျမ ပထမဆုံးတွေ့ ဖူးတဲ့ သူကတော့ မလု ပါ။ သူရေးတဲ့ ဟင်းချက်နည်းတွေ ဖတ်ပြီး စားချင်တာတွေ
ချက်စားခွင့် ၊ ချက်စားတတ်လာလို့  ဝေးရပ်မြေမှာ အစားအသောက် ပိုအဆင်ပြေလာရတာပါ။
မလု  နဲ့  ရန်ကုန်မှာ တွေ့ ဖြစ်ခဲ့တယ်။ မလုရေ... သတိရနေပါတယ်။
ဘလော့မရေးခင်က အပြင်မှာမြင်ဖူးပြီး သားပေမဲ့ လပြည့်ရိပ် ဆိုတဲ့ ဘလော့ ထဲကိုဝင်ဖတ်ရင်း ခင်မင်လာ
တော့မှ သူဟာ ကျမနဲ့ အပြင်မှာမိတ်ဆွေဖြစ်နေမှန်း သိခဲ့တဲ့ ညီမ လပြည့်ရိပ်ကိုလည်း ဂျာမနီမှာ မကြာမကြာဆုံမိပါတယ်။
တနေ့ စင်္ကာပူရောက်ဖြစ်တော့ အချိန်ရတဲ့ တစ်ရက်မှာဇွန် နဲ့ အပြေးအလွှား တွေ့ ခဲ့ရတဲ့ အချိန်တိုလေးဟာလည်းအခုအချိန်ထိ အမှတ်ရနေဆဲပါ။
ကျမရဲ့ နေရာလေးဆိုတဲ့ ဘလော့ကိုရေးတဲ့မီးမီးနဲ့  ဂျာမနီမှာခင်ခဲ့ပြီး သူ ပြောင်းသွားတဲ့ ဟော်လန်အထိ
လိုက်လည်ဖြစ်ကြတယ်။ သူငယ်ချင်းရေ... ဟော်လန်မှာ စက်ဘီးစီးတာ မှတ်မိသေးရဲ့ လား။
ကျားခင်စိန် ဆိုတဲ့ သူငယ်ချင်းကိုလည်း ဂျာမနီကိုသူ ကျောင်းလာတက်တုန်းက ခင်မင်ခွင့်ရခဲ့တာပါ။
မြတ်ရောင်နီ ကိုတော့ လေးစားကြည်ညိုရတဲ့ ဆရာတော် အဖြစ် ဂျာမနီ က ဆရာတော်ကျောင်းကိုရောက်
တုန်းကတခါ၊ ကျမတို့ အိမ်ကို ကြွလာတုန်းကတစ်ခါ ဖူးခွင့်ရခဲ့ပါတယ်။
သူငယ်ချင်းတို့ ရေ... တနေ့ နေ့ တော့ သူငယ်ချင်းအားလုံးနဲ့  အပြင်မှာ ဆုံချင်ပါသေးတယ်။
ဘလော့ဂါ သူငယ်ချင်းများ...ကျန်းမာပျော်ရွှင်ကြပါစေ
Wednesday 31 July 2013
ဂျာမနီမှ အမျိုးသမီးများအကြောင်း
အခုခေတ်မှာ အမျိုးသမီးနဲ့ အမျိုးသားကြားမှာတန်းတူအခွင့်အရေးရနေပြီလို့ ဂျာမနီမှာ
ပြောနေကြပါတယ်။ အမျိုးသမီးတွေဟာ မိမိအိမ်ထောင်ရှင်ယောင်္ကျားနဲ့ ကလေးတွေ
ကိုပြုစုဖို့  ၊ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့ ဆိုတဲ့တာဝန်တွေထက် ခေတ်သစ် အမျိုးသမီးတွေမှာ
မိမိဘ၀ကို စိတ်ကြိုက်ပုံဖေါ်ခွင့်၊ရွေးချယ်ခွင့်တွေ အများကြီးရှိလာပါတယ်။
အပြင်မှာ အလုပ်လုပ်နေတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဟာ ဒီခေတ်မှာ မဆန်းတော့
ပါဘူး။
၁၉ရာစုနှစ်တုန်းက ဂျာမနီမှာလည်း သားယောင်္ကျားလေးကို သမီးမိန်းခလေးထက်ပိုပြီး
တန်ဖိုးထားကြသလို၊ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေထက် ပိုပြီးတန်ဖိုးထားကြ
ပါတယ်။အခွင့်အရေးလည်းပိုရကြပါတယ်။ အမျိုးသမီးတွေဟာ ပညာသင်ခွင့်မရခဲ့ကြပါဘူး။
၁၈၂၀လောက်မှာတော့ အထက်တန်းလွာအမျိုးသမီးငယ်များအတွက် ကျောင်းဖွင့်ပေးခဲ့
ပါတယ်။အဓိကသင်ကြားပေးတာကတော့ တနေ့ အိမ်ထောင်ကြရင် အိမ်ရှင်မကောင်း၊
မိခင်ကောင်းတယေက်ဖြစ်အောင်ရည်ရွယ်သင်ကြားပေးပါတယ်။
အတန်းကျောင်းနေနဲ့ ရေးတတ်၊ဖတ်တတ်ရုံသာသင်ခွင့်ရကြပါတယ်။
နောက်ပိုင်းတော့ အမျိုးသမီးအခွင့်အရေးကြိုးပမ်းသူတွေက အမျိုးသမီး၊အမျိုးသား
တန်းတူအခွင့်အရေးရဖို့ ဆိုတာ အမျိုးသမီးတွေ ပညာတတ်ဖို့ လိုတယ်လို့ ခံယူ
ပြီးကြိုးပမ်းကြတာနဲ့  ၁၈၉၃ မှာ အမျိုးသမီးတွေ တက္ကသိုလ်ဝင်တန်း အထိဖြေဆိုခွင့်
ရရှိခဲ့ပြီး ၊ ၁၈၉၆ မှာ အမျိုးသမီးတွေဟာ တက္ကသိုလ် အတန်းတွေမှာ
ဝင်ရောက်နားထောင်ခွင့်ရလာပါတယ်။ တက္ကသိုလ် စာမေးပွဲဖြေခွင့်တော့မရသေးပါဘူး။
၁၉၀၀ ခုမှာ ဂျာမနီနိုင်ငံမှာ ပထမဆုံးအမျိုးသမီး တက္ကသိုလ်တက်ခွင့်ကို Baden ပြည်
နယ်မှာစတင်ခဲ့ပါတယ်။ ၁၉၀၉ ခုမှာတော့ဂျာမနီတနိုင်ငံလုံးက တက္ကသိုလ်တွေမှာ
အမျိုးသမီးတွေ ပညာသင်ခွင့်ရခဲ့ပါတယ်။
၁၉၁၈ Weimarer Republik လက်ထက်မှာတော့ ဂျာမနီက အမျိုးသမီးတွေအတွက်
ပြောင်းလဲမှုတွေ အများကြီးရခဲ့ပါတယ်။ အသက် ၂၀ အထက် အမျိုးသမီးတွေ မဲပေးခွင့်
ရလာတယ်။ ဂျာမနီ သမိုင်းမှာ ပထမဆုံး အမျိုးသမီး နဲ့ အမျိုးသား နိုင်ငံရေးအခွင့်အရေး
တန်းတူရခဲ့တာပါ။
ဒီအခွင့်အရေးတွေဟာ Nationalsozialismus ( ဟစ်တလာလက်ထက်) အောက်မှာ 
ပျောက်ကွယ်ခဲ့ရပြန်ပါတယ်။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ မိခင်ကောင်းတယောက်
ဖြစ်ဖို့ ၊ ကလေးများများမွေးပေးဖို့ ဆို တဲ့ နေရာကိုရောက်သွားပါတယ်။ အဲ့ဒီခေတ်က
ကိုယ်ဝန်ဖျက်ချရင်တောင် သေဒဏ်ပေးခံရတဲ့ခေတ်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်တက်
ခွင့်ကိုလည်း အလွန်တင်းကြပ်ထားပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ အမျိုးသမီးတွေဟာ ကြမ်းတမ်း ခက်ခဲလှတဲ့ ပြန်လည်ထူထောင်
ရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ဖို့ ယုံကြည်လာကြပါတယ်။
ကလေးတွေနဲ့ မိးဖိုချောင်အလုပ်တွေကနေရုန်းထွက်ဖို့  နည်းလမ်းတွေရှာကြတယ်။
အမျိုးသမီးအဖွဲ့ အစည်းတွေဖွဲ့ ပြီး အချင်းချင်း ကူညီကြတယ်။နိုင်ငံရေးမှာစိတ်ဝင်စား
လာကြတယ်။ အမျိုးသမီးအခွင့်အရေးကိုပြောလာကြ လုပ်ဆောင်လာကြတယ်။
ဒီလိုနဲ့  ၁၉၄၉ အခြေခံဥပဒေမှာ အမျိုးသမီး၊အမျိုးသား တန်းတူ အခွင့်အရေး ရှိရမယ်
လို့ ပြဌာန်းထားပါတယ်။
၁၉၅၀ နှစ်ပိုင်းတွေမှာတော့ ကလေးများများရှိတဲ့မိသားစုဟာ လူ့ အဖွဲ့ အစည်းမှာ
စံပြမိသားစုနေရာရလာပါတယ်။  ဒီတော့ အမျိုးသမီးတွေဟာလည်း အိမ်ရှင်မကောင်း၊
မိခင်ကောင်းနေရာကို ပြန်ရောက်သွားပြန်ပါတယ်။ ကလေးတွေ အရွယ်ရောက်လာ
မှသာ အလုပ်ခွင်ပြန်ဝင်ဖို့ စဉ်းစားကြပါတယ်။
အရှေ့ဂျာမနီဘက်မှာတော့ အိမ်ရှင်မတွေဟာ အလုပ်လုပ်ကြပြီး 
ကလေးတွေကို တော့ အစိုးရကလေးထိန်းဌာနတွေက ပြုစုပေးပါတယ်။
၁၉၆၈ နှစ်ပိုင်းတွေရောက်တော့ ဂျာမနီအပါအ၀င် တခြားနိုင်ငံတွေမှာ အမျိုးသမီး
အခွင့်အရေးလှုတ်ရှားမှုတွေ စတင်လာပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ်
မှီခိုနေရတာကိုတွန်းလှန် လာကြတယ်။ မိန်းမက ယောင်္ကျားဆီမှာ အရာရာ ခွင့်မတောင်း
ချင်ကြတော့ဘူး။ အမျိုးသမီးတွေကို အကာအကွယ်ပေးမဲ့ဥပဒေတွေ တောင်းဆိုလာကြတယ်။
အမျိုးသမီးတွေ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားလာကြတယ်။  အမျိုးသမီး
အမျိုးသားတန်းတူအခွင့်အရေးတွေတောင်းဆိုလာကြပါတယ်။
အဲ့ဒီအချိန်ကစပြီးဂျာမနီက အမျိုးသမီးထုရဲ့  အခွင့်အရေးတွေ တဖြေးဖြေးရလာခဲ့ပါတယ်။
ဒါတောင် တချို့ အလုပ်ခွင်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်လစာနည်းနေတုန်းပါ။
ကလေးမွေးလာရင်အလုပ်မှာ နှောက်နှေးမှုတွေဖြစ်မှာဆိုပြီး အကြောင်းပြကြပါတယ်။
တချို့ အလုပ်တွေမှာ ဆို အမျိုးသမီး၊အမျိုးသားအချိုးကျကျ ခန့် ဖို့ လုပ်လာကြပါတယ်။ 
ကလေးထိန်းကျောင်းတွေ တိုးဖွင့်ဖို့ ကြိုးစားလာကြတယ်။ ကလေးမွေးပြီးတဲ့အခါ
အမျိုးသားက ကလေးထိန်အနေနဲ့ အိမ်မှာနေပြီး ကလေးထိန်းနိုင်ခွင့်ရအောင် အခွင့်အရေးတွေ 
စီစဉ်ပေးပြီး အမျိုးသမီးတွေ အလုပ်ဆက်လုပ်နိုင် အောင်စီစဉ်ပေးလာပါတယ်။
ဒါတောင် အမျိုးသမီးအများစုဟာ မိသားစုနဲ့ အလုပ်အကြား အခက်အခဲတွေ တွေနေရ
သေးပါတယ်။နောက်ပိုင်းဂျာမန်တွေကတော့ အိမ်အလုပ်တွေမှာ မိန်းမအလုပ်၊
ယောင်္ကျားအလုပ်မခွဲပဲအတူတူခွဲဝေလုပ်ကိုင်ကြတယ်။
လူမှုရေး၊နိုင်ငံရေးတွေအပေါ်မူတည်ပြီးရှိနေကြတာပါ။ သူ့ တိုင်းပြည်မှာ ဒီလိုလုပ်လို့ 
ငါတို့ လည်းလိုက်လုပ်ရမယ်လို့  တော့ တရားသေပြောဖို့ ခက်ပါတယ်။
အမျိုးသမီးနဲ့ အမျိုးသားတွေကြားမှာ အပြန်အလှန်လေးစားမှု ကိုတည်ဆောက်ရမှာပါ။
အမျိုးသားတွေက အင်အားကြီးတယ်ဆိုပြီး အင်အားပြချင်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်တွေလျော့ရမှာပါ။ ငါ့မှာလည်းဒီအခွင့်အရေးရှိသလို သူ့ မှာလည်း အလားတူ
အခွင့်အရေးမျိုးရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ အခွင့်အရေးသာယူတတ်ပြီး
ဗီဇနဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်တွေဟာ ကျား၊မ အပေါ် မူမတည်ပါဘူး။ မိန်းမတွေလုပ်
အခွင့်အရေးတန်းတူရှိနေသလို၊ ကျင့်သုံးရမယ့် တာဝန်ဝတ္တရားတွေလည်းတန်းတူရှိ
ရမှာပါ။ ဒါမှလည်းသင့်တော်တဲ့၊လိုအပ်တဲ့ ဥပဒေတွေ၊ အစီအစဉ်တွေရေးဆွဲပြီး 
ငါကတော့အိမ်ဦးနတ်ပဲ အခွင့်အရေးပိုရတယ်ဆိုတာ မရှိသင့်သလို၊ ငါကတော့သူ့ ကိုမှီ
ခိုနေရလို့  သူအတွက်အလုပ်တွေပိုလုပ်  ပေးရမယ်ဆိုတာလည်းမဖြစ်သင့်ပါဘူး။
အမျိုးသမီးနဲ့ အမျိုးသားကြား အပြန်အလှန် လေးစားမှုတွေနဲ့  အခွင့်အရေးတွေ၊တာဝန်
တွေကို မျှမျှတတ ညှိနိုင်းယူကြရင် သာယာတဲ့ လောက တစ်ခုဖြစ်လာမှာပါ။  
Tuesday 16 July 2013
မှန်တင်ခုံ
စနေ နေ့ ကျရင် သူငယ်ချင်းတစ်ယောက်အိမ် ကိုလာလည်မယ်ဆိုတာနဲ့ 
ကျမတယောက်ထဲ ထင်တိုင်းကျဲထားတဲ့အခန်းကိုရှင်းဖြစ်ပါတယ်။
အလှပြင်ပစ္စည်းတွေကိုရှင်းရင်းငယ်ငယ်က ကျမအမေရဲ့ မှန်တင်ခုံကို
သတိရသွားမိပါတယ်။
ကျမတို့ ငယ်ငယ်က မျက်နှာမှာ အဓိက လိမ်းတာက သနပ်ခါး။ မျက်နှာလိမ်းဖို့ 
သနပ်ခါးတုံးကောင်းကောင်းတစ်တုံး၊ ခြေလက်လိမ်းဖို့ တစ်တုံးနဲ့  အချိန်မရ
ရင်လိမ်းလေ့ရှိတဲ့ အပွေးပါးသွားတဲ့သနပ်ခါးတုံးတွေကို ကြိတ်ထားတဲ့သနပ်ခါးခဲ
တွေထဲ့ထားတဲ့ဝါးတောင်းလေး၊ ၀ါးဗန်းလေးအုပ်ထားတဲ့ ကျောက်ပြင်တစ်ချပ်၊ သနပ်ခါးသွေးဖို့ ရေဘူးလေးတစ်ဘူး၊
အမေက သနပ်ခါး မလိမ်းခင်အောက်ခံအနေနဲ့ တြိရတနာ ဦးသိန်းမောင်
စနိုးကိုလိမ်းလေ့ရှိပါတော့ ဦးသိန်းမောင် စနိုးဘူး တစ်ဘူး၊
သနပ်ခါးလိမ်းပြီး မျက်နှာရိုက်တဲ့  တို့ ပတ်ထဲ့ထားတဲ့ ဘူးလေးတစ်ဘူး၊ အမေက
မျက်ခုံးမွှေးဆွဲလေ့ရှိတော့ မျက်ခုံးမွှေးဆွဲတံနဲ့  သွားပွတ်တံဘရတ်ခ်ျ လေးထဲ့တားတဲ့
ပလတ်စတစ်ခြင်းလေးတစ်လုံး၊ ကရင်ပတ်လေးတစ်ဘူး၊ နှုတ်ခမ်းနီဘူး ၂ဘူးလောက်၊
မျက်နှာအတွက် အမေ့ရဲ့ မှန်တင်ခုံပေါ်မှာ အဓိကလိုတာလေးတွေပဲရှိပါတယ်။
ရိုးရိုးဆံညှပ်နဲ့ ခွဆံညပ်များ၊ ဆံပင်ဖြန်တဲ့ကော်ရည်ဘူးတစ်ဘူး၊ ဆံတုံးထုံးပြီးပြန်ကြည့်
လေ့ရှိတဲ့ မှန်လေးတစ်ချပ်၊
မျက်နှာသစ်တော့လည်း သာမန် ဆပ်ပြာနဲ့ ပဲသစ်ပြီးခေါင်းလျှော်တော့လည်း သလျှော်
ကင်းပွန်းခေါင်းလျှော်ရည်ပဲသုံးပါတယ်။ ခေါင်းလျှော်ပြီးလိမ်းတော့အုန်းဆီ
အမေကရေမွှေးကြိုက်တော့ ရေမွှေးပုလင်းတစ်ပုလင်း၊နှစ်ပုလင်းလောက်ရှိတယ်။
အမေအလှပြင်ဖို လိုအပ်တာ ဒီလောက်ပါပဲ။
ကျမအရွယ်ရောက်လာတော့ အမေလိမ်းလေ့ရှိတဲ့ စနိုးကို မသုံးချင်ပဲ ကျမတို့ ငယ်ငယ်
ကသုံးကြလေ့ရှိတဲ့ ပရိုမီနာက ကျမ တို့ မှန်တင်ခုံပေါ်ရောက်လာတယ်။ မျက်လုံးဆွဲဖို့ ၊
မျက်လုံးချယ်ဖို့ ၊ပါးချယ်ဖို့ တွေပါနေရာယူလာတယ်။ ဒီလောက်ပါပဲ။
အဲ့အခုတော့ ကျမမှန်တင်ခုံ က ဘာတွေနဲ့ ပြည့်နေမှန်းမသိတော့ပါ။
မျက်နှာသစ်ဖို့ က ၃ မျိုးလောက်၊ အောက်ခံလိမ်းဖို့ က နေ့ တစ်မျိုးညတစ်မျိုး၊
မိတ်ကပ်ရည်က ၃မျိုးလောက်၊ မျက်လုံးချယ်ဖို့ က အမျိုးစုံ၊ နှုတ်ခမ်းနီကလည်း ၄။၅။၆
မျိုး၊ ရေမွှေးဘူးတွေက ဘယ်နှစ်ဘူးမှန်းမသိ၊ ခေါင်းလျှော်ရည်ကလည်း လျှော်ရုံနဲ့ 
မပြီးပျော့ဆေးတွေ၊ပေါင်းဆေးတွေ၊ ဟိုဆေး၊ဒီဆေးတွေ၊.....ဘီးတွေကလည်း
အစိတ်၊အကျဲ၊ ပုံစံအမျိုးမျိုး......
ကိုယ်လိမ်းတဲ့လိုးရှင်း၊လက်လိမ်း၊ခြေလိမ်းတဲ့လိုးရှင်းတွေ.... ဘာတွေမှန်းမသိ..
အဲ့ဒါတွေကိုကြည့်ပြီး .. .... ...  အမေ့မှန်တင်ခုံနဲ့ ယှဉ်ကြည့်မိတယ်။
 အမေတို့ ခေတ်က  ဈေးကွက်ထဲမှာပဲ ရွေးစရာနဲလို့ လား၊ အမေကပဲ စနစ်တကျ
ရှိလို့ လား။ အခုကျမခေတ်မှာရော.... ... ... ကျမကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိပါတယ်။
အခုကျမအမေ အသက် ၈၀ ကျော်နေပါပြီ၊ သူ့ အသားအရေ က လှနေတုန်းပါပဲ၊
ဆံပင်တွေကလည်းသန်တုန်းပါပဲ။
နည်းမျိုးစုံနဲ့ ထုတ်ထားတဲ့ခေတ်မီ အလှပြင်ပစ္စည်းတွေသုံးနေတဲ့ ကျမ အမေ့လို အသက်
၈၀ မပြောနဲ့  အခုတောင်ဟိုနားကတွန့် ၊ဒီနားကကွက်နဲ့ ၊ ..
အသက် ၈၀ လောက်များဆိုရင်တော့လား... ... ... ...
( Botox ရှိသားပဲ၊ ဆံပင်စိုက်လို့ ရသားပဲ လို့ တော့ရီစရာတွေးမိပါသေးတယ်။)
Tuesday 2 July 2013
လောဘ ပိုက်ကွန်
အားကောင်းလှတဲ့ စွဲဆောင်မှုတွေက
နဂိုချထားတဲ့လမ်းကြောင်းကို လျစ်လျူမှုဖို့ 
တွန်းအားတွေအများကြီးပေးခဲ့တယ်။
အပေါင်းတွေ၊အနှုတ်တွေကြား
အတွေးတွေများစေခဲ့တယ်။
ငါ ဆိုတဲ့အတွေးတွေအများကြီးတွေးခဲ့တယ်။
ဘာကြောင့် လဲဆိုတဲ့မူလ အစကို မေ့ပြီး
အပေါ်ယံ အတွေးတွေထဲမှာ
သောကတွေများခဲ့တယ်။
အကြောင်းကိုသေချာစစ်ရင်း ဘာကြောင့်ဆိုတာကိုတွေ့ သွားတော့
ကြောင့်ကြ မဲ့တဲ့ ပေါ့ပါး လွတ်လတ်တဲ့
အဖြေတစ်ခုကို ကျမရလိုက်ပါတယ်။
ကိုယ်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို
ငွေနဲ့ လည်း မလဲနိုင်ပါ။ ရာထူးနဲ့ လည်းမလဲနိုင်ပါ။
ပြောင်းလဲနေတဲ့ အရာတွေကြားမှာ
ဘာကိုမှ ကတိပြု မထားတာ အကောင်းဆုံးလို့ ထင်ပါတယ်။
Sunday 23 June 2013
အပေါင်း၊ အနှုတ်
ဒီတခါ ရန်ကုန်ပြန်တော့ အလုပ်ကိစ္စတစ်ခုကြောင့် ရန်ကုန်မှာပဲ နေဖြစ်တော့
မလို ဖြစ်ခဲ့ရတယ်။ တကယ်တမ်း ဂျာမနီမှာ ၁၅နှစ်နီးပါး ဘ၀ကို အစကပြန်စခဲ့ပြီး
ထူထောင်ခဲ့တဲ့ ၊ နေသားကျနေပြီဖြစ်တဲ့ ဘ၀တစ်ခု၊ အခက်အခဲတွေကြားက
ကြိုးစားရယူထားတဲ့၊ ကျေနပ်မှုရနေတဲ့၊ အာမခံချက်ရှိတဲ့  အလုပ်တစ်ခု ဒါတွေကိုစွန့် 
ထားခဲ့ပြီး မြန်မာပြည်မှာ ပြန်အခြေချ ရတော့မယ်ဆိုတော့ အတွေးတွေ၊ နှိုင်းယှဉ်
စရာတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
ကျမ အမေက အသက်ကြီးလာတာနဲ့ အတူ တစ်ဦးတည်းသော သမီးဖြစ်တဲ့ကျမ အမေ့
နားမှာ ပြန်နေသင့်ပြီ၊ ပြန်နေရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကျေချင်မှု၊ ကျေးဇူတရားဆပ်
ချင်မှုတွေက တစ်ဖက်၊ တကယ်လက်တွေ့ ကျကျစဉ်းစားတဲ့ ကျမအတွက်ရှေ့ရေးစဉ်းစားမှု
ကတစ်ဖက် လက်တွေ့ မှာ လွန်ဆွဲနေခဲ့မိပါတယ်။
ပထမဆုံးကျမ ဘာလုပ်ချင်ပါသလဲ။ အမေ့နားမှာပြန်နေချင်တယ်။ အမေ့ကိုတစ်ယောက်ထဲ
ထားရတာ စိတ်မကောင်းဘူး။ ပြန်သွားတာကပြောသလောက်မလွယ်ပြန်ဘူး။
ကျမတို့ မိသားစု အတွက် လိုအပ်တဲ့ ပုံမှန်ဝင်ငွေ ရနိုင်မဲ့ အလုပ်တစ်ခုကလည်း မရှိမဖြစ်
လိုအပ်ပြန်ပါတယ်။ ဒီတော့ ကျမ ရန်ကုန်မှာ အလုပ်ရှာတယ်။ ရရင်ပြန်နေမယ်ပေါ့။
ဒုတိယက ကျမ ဘယ်မှာပျော်သလဲ။ ကျမအတွက် ကိုယ်ဖာသာမေးရမယ့်မေးခွန်းပါ။
သူတပါးကို ကူညီချင်ရင် မိမိကိုယ်တိုင်လည်း စိတ်ကျေနပ်ပျော်ရွှင်မှု ရှိဖို့ လိုအပ်ပါတယ်။
ကိုယ်ကိုတိုင်က အဆင်မပြေ၊ စိတ်မပျော်ရင် တဖြေးဖြေးနဲ့  ကျမ လူတွေပေါ် ဒေါသထွက်မယ်။
မကျေနပ်မှုတွေဖြစ်လာမယ်။ ရန်ကုန်မှာ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့  တွေ့ ချိန်တွေမှာ
ကျမပျော်ပါတယ်။ သူတို့ ဆီကတော့ ကျမလိုအပ်တဲ့အခါ အကူအညီတောင်းလို့ ရသလို၊
သူတို့ ကပေးဖို့ လည်းအဆင်သင့်ပါ။
ကျမ ဂျာမနီမှာ ရှိနေချိန်တွေမှာ လွမ်းတသသ ဖြစ်နေခဲ့ရတဲ့ မြန်မာ့ဓလေ့၊ စရိုက်တွေ၊
ရိုးသားကြိုးစားမှုတွေ၊ ကူညီရိုင်းပင်းမှုတွေ လက်တွေ့ ရန်ကုန်မှာ ကျမ မရရှိခဲ့တော့ပါဘူး။ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ လူတွေရဲ့  စရိုက်တွေပြောင်းလဲ
နေတာကို အများကြီးတွေ့ ရပါတယ်။ ကူညီမှုရဲ့ နောက်မှာ ငွေရှိနေသလို၊ ငွေပေးမှသာ
ကူညီမှုရသလိုပါပဲ။
အလုပ်တစ်ခု အပ်ရင် အရည်အချင်းပါမလာပဲ။ ငွေတောင်းဖို့ သာအားသန်နေ
တာတွေ့ ရတယ်။ မိမိလုပ်နေတဲ့အလုပ်ကြောင်းနားလည်မှုအားနည်းကြပါတယ်။
မိမိအလုပ်ကို တာဝန်မယူနိုင်ကြတာတွေ့ ရတယ်။
ကျမအိမ်မှာ မှန်တံခါးတစ်ခု တတ်ဖို့ စီစဉ်ထားတာနဲ့  လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက
ကျမအပ်နေကျ ကုမ္ပဏီ ကို ဖုန်းဆက်လိုက်ပါတယ်။ အဲ့ဒီတုန်းက ကျမအတွေ့ အကြုံအရ
အလွန်စိတ်တိုင်ကျခဲ့ရတဲ့ ကုမ္ပဏီပါ။ ပထမဖုန်းဆက်တော့ ကျမသိချင်တာဘာမှ မသိရပဲ၊
နောက်ဖုန်းနံပါတ်တစ်ခုထပ်ပေးပြန်ပါတယ်။ ဆက်လိုက်တော့ Marketing တာဝန်ယူ
ထားသူဖြစ်နေပါတယ်။ သူ့ ကို အကျိုးကြောင်းပြောပြတော့ အိမ်ကိုလာပြီး တံခါးကိုလာတိုင်း
ဈေးတွက်ပေးဖို့ ပြောပါတယ်။ နောက်နေ့  ပြန်ဆက်ပေးမယ်ဆိုပြီး ၂ရက်ကြာလို့ မဆက်တာနဲ့ 
ကျမပြန်ဆက်ရပါတယ်။ နောက်နေ့ တော့ရောက်လာပါတယ်။ ဈေးတွက်ပေးဖို့ လာတဲ့
သူက တိုင်းစရာ ပေကြိုးမပါလာပါဘူး။ ကျမအိမ်က ပေကြိုး ( အင်္ကျီချုပ်တဲ့) နဲ့  တိုင်းပြီး
အကြမ်းတွက်ပေးပါတယ်။ အတိအကျကို မနက်ဖြန် သူဖုန်းပြန်ဆက်မယ်ဆိုတာ ကျမသာ
ပြန်လာရော နှစ်ပတ်ကြာတဲ့အထိ ဖုန်းမဆက်ပါ။
ဒါတင်ပဲလား၊ ရေတိုင်ကီတင်တဲ့ကိစ္စ... .. ပိုက်ဆံသာ ကုန်၊လူလည်းပင်ပန်း၊ အလုပ်တခုကို
အလီလီလုပ်ကြပါတယ်။
ဒီပြသနာတွေက ကျမတစ်ယောက်ထဲမဟုတ် မိတ်ဆွေတွေကြားလည်း အလားတူ
ပြသနာများကြားနေရပါတယ်။
ဒီလို အကောင်းအဆိုးတွေ ကို အပေါင်းအနှုတ်တွေလုပ်ရင်း ၃ ပတ်ကုန်သွားတော့
ဂျာမနီပြန်ရောက်လာတယ်။
ဂျာမနီက အလုပ်ရှင်က ကျမ အလုပ်ထွက်မှာစိုးလို့  လစာတိုးပေးပြီးတခြားခံစားခွင့်
တွေညှိပေးဖို့  ကမ်းလှမ်းပြန်တယ်။
အပေါင်းတွေ၊အနှုတ်တွေကြားမှာ ကျမလည်း ရန်ကုန်မှာ အလုပ်ဆက်ရှာနေပါတယ်။
အမေ ကျမကို လိုအပ်နေမှာ ဆို တဲ့ အတွေးဝင်လာရင် အပေါင်းအနှုတ်တွေက
ကျမအတွက်အရေးမကြီးတော့ပါဘူး။
Friday 24 May 2013
အမေဆီသို့ 
အမေနဲ့ မတွေ့ ရတာ ၈လလောက်ရှိပြီ။ တနင်္ဂနွေနေ့ ကြရင်တော့
အမေ့အနားကို ကျမပြန်ရောက်ပါမယ်။ သမီးဘယ်တော့လာမှာလဲလို့ 
ဖုန်းဆက်တိုင်းမေးလေ့ရှိတဲ့ အမေ့ကို သမီးပြန်ရောက်ပါပြီလို့ ပြောနိုင်
တဲ့ရက်မကြာခင်ရောက်တော့မယ်ဆိုလို့ ကျမ ပျော်နေပါတယ်။
ဒီတစ်ခါတော့ ၃ ပတ်ပဲနေဖြစ်ပါမယ်။
သူငယ်ချင်းတို့ လည်း ရန်ကုန်မှာ ကြုံရင်တွေ့ ကြတာပေါ့။
Wednesday 10 April 2013
သင်္ကြန်နီးပြီနော်....
သင်္ကြန်ရောက်တော့မယ်။ ဒီနှစ်တော့ဂျာမနီမှာ နေကမထွက်၊ ဆောင်းက
မကုန်နိုင်တာနဲ့  သင်္ကြန်ရာသီက အရင်နှစ်တွေကလို စိမ်းစိမ်းစိုစို မရှိပါဘူး။
ကျမ အတာအိုးထိုးဖို့  အိမ်နားက ပန်းခြံထဲမှာ အရွက်တွေပန်းတွေ နှစ်တိုင်း
သွားခူးလေ့ရှိပေမဲ့ ဒီနှစ်တော့ အပင်တွေမှာ အရွက်တောင်မထွက်သေးပါဘူး။
 ဒီအချိန်ပွင့်နေကြ  အ၀ါရောင်ပန်းတွေလည်း ဒီနှစ် သိပ်မတွေ့ ရသေးပါဘူး။
ဒါပေမဲ့ သွားနေကြ လောနိုင်ငံဘုန်းကြီးကျောင်း ရဲ့  သင်္ကြန်ပွဲကတော့ ၁၃.၀၄.၁၃
နေ့ မှာ ကျင်းပမယ်ဆိုလို့  ဒီတပတ်လုံး စိတ်လှုပ်ရှားနေမိပါတယ်။
တစ်နှစ်မှာ တစ်ခါ ကြုံတောင့်ကြုံခဲ သံဃာတော်တွေ ဆွမ်းကပ်ခွင့်၊ လှူတန်းခွင့်
ရတဲ့ ဒီပွဲကို မလွတ်ချင်ပါဘူး။ ဆွမ်းကပ်ဖို့ ဘာချက်ရမလဲ၊ ဘာလှူရမလဲ တွေးရင်း
စီစဉ်ရင်း နဲ့  ....ပီတိဖြစ်ရပါတယ်။
တစ်နှစ်တစ်ခါ လှလှပပ ၀တ်ခွင့်ရတဲ့ မြန်မာ ၀တ်စုံကို ၀တ်နိုင်ဖို့  အဲ့ဒီနေ့  အအေး
လျှော့ပါစေ၊ နေသာပါစေလို့ လည်းဆုတောင်းရသေးတယ်။
(မိုးလေ၀သ သတင်းမှာတော့ အအေးလျှော့မယ်ဆိုပဲ။)
အဲ့ဒီပွဲမှာ  မြန်မာသူငယ်ချင်း တစ်ယောက်၊နှစ်ယောက် နဲ့ လည်းတွေ့ ရမယ်ဆိုတော့
တကယ်ဝမ်းသာမိပါတယ်။ (သူငယ်ချင်းတို့ လည်းအဲ့ဒီနေ့ လာဖြစ်ကြပါစေ။)
အလှူလုပ်ရင်ဈေးတန်းပါလေ့ရှိတဲ့ အာရှ ဓလေ့အတိုင်း အဲ့ဒီနေ့ ကြ ဘာတွေရောင်းမလဲ၊
ဘာတွေဝယ်ရမလဲ လို့ လည်း တွေးရင်းပျော်နေမိပါတယ်။
နောက်နေ့  ၁၄.၄.၁၃ မှာတော့ ဆွစ်ဇာလန်က Gretzenbach ထိုင်းဘုန်းကြီးကျောင်းကို
သွားဖြစ်မယ်။
http://www.wat-srinagarin.com/    
အဲ့ဒီကျောင်းကတော့ အရင်ကရောက်လေ့ရှိပေမဲ့ သင်္ကြန်ပွဲ ကိုတော့  ဒီနှစ်မှသွား
ဖြစ်မှာပါ။ အနီးအနားက သူငယ်ချင်းတွေ လာဖြစ်မယ်ဆိုရင်လည်းတွေ့ ကြတာပေါနော်။
သူငယ်ချင်းတို့ လည်းသင်္ကြန်ချိန်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Saturday 6 April 2013
အားလပ်ရက် တရားစခန်း...ဆွစ်ဇာလန်
ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ နဲ့  တနင်္လာနေ့ ရုံးပိတ်တာရယ်၊
ဆွစ်ဇာလန် မှာ တရားစခန်းဖွင့်တာနဲ့ ကြုံတာရယ်ကြောင့် ၄ရက်
တရားထိုင်ဖြစ်ခဲ့ပါတယ်။
တရားစခန်းကတော့ ဆရာကြီးဦးဘခင် နည်းနဲ့ သင်ကြားပြသပေးတဲ့
International Meditation Center (Switzerland) မှာပါ။ တကယ်တော့
ဆွစ်ဇာလန်မှာ ရိပ်သာရယ်လို့ အတည်တကျ မရှိပါဘူး။ ၁၀ရက်
စခန်းအတွက် သင့်တော်တဲ့ အဆောက်အဦးတစ်ခုကိုငှားပြီး ၁၀ရက်
စခန်းဖွင့်တာပါ။
ဆရာကြီးဦးဘခင်ရဲ့ International Meditation Center က ရန်ကုန် အင်းယား
မြိုင်မှာ ရှိပါတယ်။ ၁၉၇၈ ခုနှစ်မှာ ရန်ကုန်မှ ဆရာကြီးဦးချစ်တင်နဲ့  ဆရာမ
ကြီးဒေါ်မြသွင်တို့  က International Meditation Center (England) ကို အင်္ဂလန်မှာစတင်ခဲ့ရာ
ကနေ အခုဆို ရင် ဥရောပနိုင်ငံတော်တော်များများမှာ အဖွဲ့ ခွဲတွေရှိနေပါပြီ။
ဆရာမကြီး ဒေါ်မြသွင် က အင်္ဂလန်မှာ အခုထိ တရားစခန်းတွေပေးနေတုန်းပါ။
ဆရာမကြီးက နိုင်ငံအသီးသီးအတွက် regional teachers တွေ ခန့် ထားပေးပြီး
အဲ့ဒီဆရာတွေက တရားစခန်းတွေကို သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှာ တရားပြပါတယ်။
ရိပ်သာတွေရှိတဲ့ England, Australia NSW, Australia WA, Austria, US မှာတော့
ရန်ကုန်အင်းယားမြိုင်က ဓမ္မရောင်ခြည်စေတီအတိုင်း စေတီ တွေ တည်ထားကြပါတယ်။
ကျမနေတဲ့ဂျာမနီမှာတော့ တခါတလေ စနေ၊တနင်္ဂနွေ တရားစခန်းလေးတွေ၊
၁၀ ရက်စန်းတွေကို အခြေအနေပေးသလို ကျင်းပလေ့ရှိပါတယ်။
ဒီတခါတော့ ဆွစ်ဇာလန်မှာ ကြုံတာနဲ့  ကျမတို့  သွားဖြစ်ခဲ့ပါတယ်။
ဆရာကြီးဦးဘခင် တရားစခန်းဆိုပေမဲ့ အားလုံးက ဆွစ်တွေ၊ဂျာမန်တွေပါ။
ကျမတစ်ယောက်ပဲ မြန်မာပါပါတယ်။  တရားစခန်းစတာနဲ့  အမျိုးသမီး၊အမျိုးသား
လူဟောင်းယောဂီတွေက မြန်မာလုံချည် တွေဝတ်ပြီးတရားထိုင်ကြတာတွေရတော့
မြန်မာပြည်ပြန်ရောက်နေသလိုပဲခံစားမိပါတယ်။
 ဂျာမန်ဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ တရားပြ၊တရားဟောပါတယ်။
အစားသေက်ကတော့ မနက်စာတိုင်း ပဲပြုပ်ထမင်းနဲ့  မြန်မာ သရက်သီးသနပ်
အပြင် ဥရောပ မနက်စာတွေကျွေးပါတယ်။ အားလုံးသက်သတ်လွတ်ပါ။
မြန်မာသရက်သီးသနပ်ကို ရန်ကုန်ကနေ အင်္ဂလန်၊ အင်္ဂလန်ကနေ ဆွစ်ဇာလန်
အဆင့်ဆင့်သယ်လာရရှာတာပါ။ သူတို့ ရဲ့ စေတနာကိုလေးစားမိပါတယ်။
နေ့ လည်စာကိုလည်း မြန်မာ၊အိန္ဒိယ၊ဥရောပ အစားအစာတွေကျွေးပါတယ်။
အအေး၊လက်ဖက်ရည်၊ရည်နွေးကြမ်း၊ကော်ဖီ စတာတွေကို အချိန်မရွေး
သောက်လို့ ရပါတယ်။
တရားစခန်းက ၀ဇီပိတ်ဆိုတော့ ဘယ်သူနဲ့ မှစကားပြောနေစရာမလိုပဲ ကိုယ့်
အမှတ်နဲ့ ကိုယ် နေလို့ ရပါတယ်။
၎ရက်ထဲတရားဝင်ခဲ့ရပေမဲ့ အကျိုးရှိလှပါတယ်။ သူငယ်ချင်းတို့ လည်း
အချိန်ရလို့ တရားစခန်းဝင်ချင်ရင် ၀င်လို့ ရအောင် သိတာလေးတွေ
မျှဝေပေးလိုက်ပါတယ်။
Sunday 17 March 2013
Solution
ဒီနေ့  ကိုသောမတ်စ်က ကျမ တရားနာပြီးချိန်မှာ မေးခွန်းတစ်ခု
မေးပါတယ်။ တရားထဲမှာ ကြားလိုက်ရတဲ့ Solution ဆိုတာဘာလဲတဲ့။
ကျမ ရုတ်တရက် ကြောင်သွားတယ်။ ဆရာတော်ဟောတဲ့ထဲ Solution
ဆိုတာမပါပါဘူး။ ဘယ်က ဘယ်လိုကြားတာပါလိမ့်။
ပြန်မေးတော့ ကျမလည်းအဲ့ဒီSolution ဆိုတာကို မကြာခဏပြောလေ့
ရှိတာ သူ ကျမဖုန်းပြောရင် သတိထားမိတယ်တဲ့။
ဒါနဲ့ သူမေးချင်တဲ့ Solution ဆိုတဲ့မြန်မာအသံထွက်တစ်ခုခု ဖြစ်မယ်ဆိုတာသိရပါတယ်။
တရားခွေပြန်ရစ်ပြီး နားထောင်ကြည့်တော့မှ သူပြောချင်တဲ့ Solution
ကိုသိရပါတော့တယ်။ မြန်မာအသံထွက်  "ဆိုလို့ ရှိရင်" ဆိုတာကိုမေးကြောင်းသိရပါတယ်။
ဒါနဲ့ ပဲ သူသိချင်တဲ့ Solution ("ဆိုလို့ ရှိရင်") ဆိုတာကိုရှင်းပြရပါတယ်။
မသေချာသေးတဲ့ မလုပ်ရသေးတဲ့ အကြောင်းတစ်ခုခု ၊အခြေအနေတစ်ခုခု ကို
ပြောကြောင်း၊ အဲ့ဒီအခြေအနေ က ရလာမယ် အကျိုးဆက်ကို ရည်ရွယ်တဲ့အခါပြော
ကြောင်း ၊ (If.. / Wenn...) ဥပမာတွေပေးပြီးရှင်းပြလိုက်ပါတယ်။
မရေရာ၊မသေချာတဲ့ အခြေအနေတွေတဲ့  ကြုံတွေ့ လေ့ရှိတာတွေကြောင့်၊ "ဆိုလို့ ရှိရင်"
ဆိုတာကို ကျမ ပြောလေ့ရှိနေတာများလား၊
မသေချာ၊ မရေရာ၊ အစိုးမရတဲ့ လောက ကြီး နဲ့ ကိုက်ညီတဲ့ အဲ့ဒီစကားလုံး "ဆိုလို့ ရှိရင်"
ဆိုတာကို မကြာခဏပြောမိနေသလား။.... .... ...တွေးမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့  တစ်နေ့ လုံး ကိုသောမတ်စ်ကတော့ သူ့ ရဲ့ Solution ကိုပါးစပ်က
ကျမကလည်း အတွေးထဲမှာ အလုပ်ကခွင့်ရမယ်ဆိုလို့ ရှိရင်..... ..... ......တွေးနေမိပါတယ်။
Friday 1 March 2013
ဒီမိုကရေစီကျောင်း
ကြာပေမဲ့ သေသေချာချာမသိခဲ့ပါဘူး။ အဲ့ဒီကျောင်းမှာ ဦးသောမတ်စ်
ဟော်လန်စကားပြောသင် ပေးရတော့မှ စိတ်ဝင်စားလာခဲ့တာပါ။
ဒီကျောင်းက သာမန်မူလတန်း၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းတွေနဲ့ 
မတူပဲထူးခြားနေပါတယ်။
ကျောင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ အသက် ၆ နှစ်ကနေ ၁၈နှစ်
အထိရှိကြပြီး ကျောင်းမှာ ပထမတန်း၊ဒုတိယတန်းရယ်လို သတ်မှတ်မထားပဲ
ကျောင်းသားတွေဟာ မိမိစိတ်ဝင်စားတဲ့ဘာသာရပ် ကို သင်နေတဲ့အတန်းမှာ
လိုက်တက်လို့ ရပါတယ်။ ကျောင်းသားအများစုကသင်ချင်တဲ့ ဘာသာရပ်
တွေကိုလည်း စီစဉ်ပေးပါတယ်။
သာမန်ကျောင်းတွေမှာ သင်နေကြ ဘာသာရပ်တွေအပြင် လက်တွေ့ ဆန်တဲ့
ပန်းချီ၊ ဂီတ၊ စတာတွေလည်း စိတ်ဝင်စားသလိုလုပ်လို့ ရပါတယ်။
ငယ်ငယ်ကထဲက အရေးအဖတ်၊အတွက် တွေကို လက်တွေ့ ဆန်ဆန် သင်ကြား
ပေးပါတယ်။
ကျောင်းမှာ အတန်းရယ်လို့ မရှိ၊ အမှတ်စာရင်းရယ်လို့ မရှိ၊ အောင်တယ်၊ကျတယ်လို့ မရှိ
ပါဘူး။ ကျောင်းသား (၁၀)ယောက်မှာ ကြီးကြပ်သူ ဆရာ၊ ဆရာမ တစ်ယောက်
ရှိပြီး သူက နှစ်ကုန်ရင် ကျောင်းသားရဲ့ လုပ်ဆောင်ချက်မှတ်တမ်းကို ရေးပြီး
ကျောင်းသားကို ပေးရပါတယ်။
အစိုးရ ကျောင်းတွေ ကသတ်မှတ်ထားတဲ့ ပြည်နယ်အလိုက်အတန်းစာမေးပွဲ
တွေကိုဝင်ဖြေဖို့ အတွက်တော့ ကြိုတင်ပြင်ဆင်ပေးပါတယ်။
ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ၊ဆရာတွေ တပတ်တခါတွေ့ ကြ
ပြီး နေ့ စဉ်ကြုံရတဲ့ အခက်အခဲ၊ပြသနာတွေကို ဆွေးနွေးဖြေရှင်းကြပါတယ်။
ဆရာတွေ၊ကျောင်းသားတွေဟာ မိမိဆန္ဒ အလျှောက် တက်ချင်ရင်တက်၊
မတက်ချင်လည်းရပါတယ်။ အကြောင်းအရာတစ်ခုခုကိုဆုံးဖြတ်ရမယ် ဆိုရင်
ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာတွေဟာ equal vote ရပါတယ်။
ကျောင်းရဲ့ ကျောင်းသားဆရာ အစည်းအဝေး
ကျောင်းမှာ ဆရာအသစ်ခန့် ရင်လည်း ကျောင်းသား ကိုယ်စာလှယ်တွေက
ရွေးချယ်တဲ့အဖွဲ့ မှာပါပါတယ်။ ကျောင်းသားကိုယ်စားလှယ်တွေက ကြိုက်
မှ ရွေးပါတယ်။
ဦးသောမတ်စ် Interview ၀င်တော့ ဆရာ ၂ ယောက်နဲ့ ကျောင်းသား ၃ယောက်
က မေးကြပါတယ်။
တကယ်တော့ ဂျာမန် အစိုးရကျောင်းတွေရဲ့ သင်ရိုးမှာ ဒတ်ခ်ျ ( Dutch) ဘာသာ
စကားသင်တာမပါပါဘူး၊ အဲ့ဒီကျောင်းက ကျောင်းသားတချို့ က ( ၁၀နှစ်ကနေ ၁၄နှစ်)
ဒတ်ခ်ျဘာသာစကားသင်ချင်တယ်ဆိုတာနဲ့ ကျောင်းက စီစဉ်ပေးတာပါ။
အတန်းထဲမှာလည်း အသက်အရွယ် အမျိုးမျိုး ရှိပြီး၊ အစမ်းလာတက်ကြည့်ကြ
ပါတယ်။ အတန်းထဲမှာလည်း အချိန်ပြည့်ထိုင်နေစရာမလိုပဲ စိတ်မပါတော့ရင်
ထွက်သွားလို့ ရပါတယ်။
ဦးသောမတ်စ်အပြောကတော့ ကျောင်းသားတွေဟာ ပျော်ပျော်ရွှင်ရွှင်ရှိကြတယ်
လို့  ပြောပါတယ်။ ကျောင်းသားတွေက စာကို မဖြစ်မနေသင်ရမယ်ဆိုတဲ့ အတွေး
မရှိပဲ သူတို့ ရဲ့ စိတ်ဝင်စားမှု ကြောင့်လာတက်တာဖြစ်လို့  စာသင်ရမယ်၊အိမ်စာလုပ်
ရမယ်၊စာဖတ်ရမယ်ဆိုတဲ့ စိတ်ဖိစီးမှုတွေ မရှိတော့ ကျောင်းတက်ရတာပျော်နေကြ
ပါတယ်။
ကျမစိတ်ဝင်စားမိတဲ့ အဲ့ဒီကျောင်းမှာ အကောင်း၊အဆိုးတွေတော့ရှိမှာပါ။
ဒါပေမဲ့ ငယ်ငယ်ကတည်းက နေ အခုချိန်အထိ စာမေးပွဲတွေ အဆင့်ဆင့်
ဖြေခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို ပြန်တွေးမိတော့ သြော် ဒီကျောင်းမျိုး
သာတက်ခဲ့ရရင်..... ဆိုပြီးတွေးမိသွားပါတယ်။
Wednesday 30 January 2013
တရားစခန်း (ဆွစ်ဇာလန်)
Meditationskurse 2012 - 2013
Schweiz
28. März - 7. April 2013 in Kiental BE
Anmeldeformular (bitte elektronisch ausfüllen)
Informations en français sur la méditation Vipassana.
Annonce
(PDF) et talon d'inscription (PDF).
Informazione in italiano sulla meditazione vipassana.
Inscription form
(English, PDF)
http://www.ubakhin.ch
Saturday 26 January 2013
အေးချမ်းရာ.. ..
ဝမ်းသာ၊၀မ်းနဲ၊ ဆင်းရဲချမ်းသာ၊
နိမ့်တလှည့်၊မြင့်တလှည့်၊
လောကဓမ္မတွေနဲ့  ရင်ဆိုင်ရင်း....  ....  ...
လိုချင်တာတွေ၊ မလိုချင်တာတွေ၊
ဖြစ်ချင်၊မဖြစ်ချင်တာတွေ၊
လောဘ၊ဒေါသ၊မောဟတွေနဲ့ .....
ဒါတွေကိုထားခဲ့၊ ရုန်းထွက်ဖို့ ကြိုးစား၊
အတိတ်ကအရိပ်၊ ပစ္စုပန်အသိ၊ အနာဂတ် အတွေးတွေနဲ့ 
တိုက်ပွဲဝင်ရင်း... ... ...
လွတ်မြောက်၊အေးချမ်းရာ တံခါးဝ ဆီသို့ ... ... ..
Friday 4 January 2013
အချိုးညီညီ ၂၀၁၃
ဘာလိုလိုနဲ့ နောက်တပတ်ဆို အလုပ်ပြန်ဝင်ရတော့မယ်။
အလုပ်ပိတ်ရက်တွေမှာ ခရီးထွက်၊အိပ်ချင်တဲ့အချိန်အိပ်၊
ထချင်တဲ့အချိန်ထ၊ ချက်စားချင်တာတွေ အချိန်ယူချက်၊
အင်္ကျီလည်းချုပ်လိုက်သေး၊ တရုတ်စာလည်းပြန်လုပ်ဖြစ်၊
တရားလည်းနာဖြစ်၊ တရားလည်းထိုင်ဖြစ်၊ ကိုယ်အတွက်
အချိန်ပေးရတဲ့ အရသာတော်တော်ကောင်းတာပဲလို့ တွေးမိသား။
တနင်္လာနေ့ ဆိုအလုပ်ပြန်ဝင်ရပြီ၊ိမိ နှိုးစက်သံနဲ့ အိပ်ရာထရတော့မယ်။
ရထားတွေမီအောင်သွားရမယ်။ အလုပ်မှာ ကိုယ်ရဲ့ လုပ်အားကို
လိုအပ်တဲ့နေရာတွေမှာဖြည့်ပေးရတော့မယ်။... ... ...
မနေ့ က တီဗီကအစီအစဉ်တစ်ခု ကြည့်လိုက်ရတယ်။ ဂျာမနီမှာ
အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်မရခင်မှာ ရဖို့ ကြိုးစားရင်း
အလုပ်ရပြန်တော့လည်း အဲ့ဒီအလုပ်မှာ ရည်ရှည်မြဲရေးအတွက်
ကြိုးစားရင်း စိတ်ပင်ပန်းကြတယ်အကြောင်းပါ။
ကိုယ်ပိုင်အလုပ်လုပ်သူကလည်း မိမိ အလုပ်လည်ပတ်နိုင်အောင်
အလုပ်ပေးမဲ့သူရှာရ၊ အလုပ်ဈေးကွက်မှာက အလုပ်လုပ်ချင်တဲ့သူကများနေတော့
ကိုယ်ဆီကို ရောက်လာတဲ့အလုပ်ကို လက်မလွတ်အောင် ကြိုးစား
ရင်း ... ... သူများတွေထက် မြန်ကောင်းသက်သာ လုပ်ပေးနေရတာကြောင့်
သူမှာလည်း အမြတ်သိပ်မကျန်တတ်ကြောင်းပြောပြသွားတယ်။
တစ်ယောက်ကလည်း မိမိကိုယ်ပိုင်အလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့  ကိုယ်အတွက်
အချိန်တွေ မရှိတော့ပဲနောက်ဆုံး စိတ်ဖိစီးမှုတွေနဲ့ ဆေးရုံမှာ ၃ လလောက်နေ
လိုက်ရတဲ့ အကြောင်းရှင်းပြတယ်။
အလုပ်သမားတစ်ယောက်ကလည်း အလုပ်မှာ ပိနေတဲ့တာဝန်တွေကို
လုပ်ရင်းနဲ့  အချိန်ပို မရှိတော့ပဲ စိတ်ဖိရတဲ့အကြောင်းသူ့ အတွေ့ အကြုံ
ကိုပြောပြရှာတယ်။
တက္ကသိုလ်ကျောင်းသားတယောက်ကလည်း ကျောင်း ပြီးရင် အလုပ်
ကောင်းကောင်းရဖို့ အခုကတည်းက အချိန်တွေအများကြီးရင်းနှီးထား
ရပုံကိုပြောပြတယ်။
လူတွေဟာ မရသေးတာကိုရဖို့ ကြိုးစားပြီး၊ ရသွားပြန်တော့လည်း ရှိနေတာ
ကို တည်တံ့နေအောင်၊ ပိုကောင်းလာအောင်လုပ်ကြရန်း အတောမသတ်နိုင်
ဖြစ်ရတယ်လို့  ဘာသာရေးပညာရှင်တယောက်က သုံးသပ်ပြပါတယ်။
ဘ၀ရပ်တည်ဖို့ အတွက် အလုပ်ကတော့လုပ်ရမှာပါပဲ။ အလုပ်အတွက်ပေး
ထားရတဲ့အချိန်တွေထဲကမှ ကိုယ့်အတွက် စိတ်ထွက်ပေါက်ဖြစ်စေဖို့ 
ကိုယ်ပိုင်အချိန်တစ်ခုကို ကြိုးစားဖန်တီးယူကြရမှာပါပဲ။ မိမိဝါသနာပါရာ
လုပ်နိုင်ဖို့ ၊ အားကစားတစ်မျိုးမျိုးလုပ်နိုင်ဖို့ ၊ မိတ်ဆွေတွေနဲ့  တွေ့ ဆုံနိုင်
ဖို့ ၊ မိသားစုအတွက် အချိန်ပေးနိုင်ဖို့  စတဲ့ အချိန်တွေကို ဖန်တီးယူကြရမှာပါ။
အလုပ်၊မိသားစုအရေး၊ ကိုယ်ပိုင်လွတ်လပ်ချိန် တွေကို အချိုးညီညီ စီမံခန့် ခွဲ
နိုင်တဲ့ ၂၀၁၃ ဖြစ်ပါစေလို့  မိမိကိုယ်တိုင်ရော၊ သူငယ်ချင်းတွေအတွက်ပါ
ဆန္ဒပြု လိုက်ပါတယ်။