Sunday 17 June 2012
ကျမအတွက် အဖေဆိုတာ...
ကျမငယ်ငယ်က အမေကို အဖေဘယ်မှာလဲလို့ မေးခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။
အဲ့ဒီတုန်းက အမေက သမီးအဖေ သေသွားပြီလို့ ဖြေခဲ့တယ်။
ကျမ ၅နှစ်အရွယ် တီချယ် ဒေါ်ယဉ်ဝိုင်းကျောင်းမှာ အမေက အဖေ့ကိုခေါ်လာပြီး
ကျမနဲ့ မိတ်ဆက်ပေးတယ်။ ဒါသမီးအဖေတဲ့။ စိတ်ထဲမှာစိမ်းနေပေမဲ့ ကျမမှာ
သူများကလေးတွေ (ကျမမောင်နှမ၀မ်းကွဲတွေ)လို အဖေရှိတယ်ဆိုလို့ ပျော်လာပါတယ်။
အဖေက နယ်မှာအလုပ်လုပ်နေရလို့ ကျမတို့ သားအမိဆီ(ကျမဆီ) မကြာခဏပဲလာ
လည်နိုင်တယ်လို့ ထင်ခဲ့တာ။ ကိုကြီးတို့ ၊မချိုတို့ အဖေတွေလည်းနယ်မှာပဲတာဝန်ကျနေ
ကြတာဆိုတော့ ကျမအတွက် အထူးတလည်မတွေးတော့ပါဘူး။
ကျမအသက် ၁၃ နှစ်အရွယ် သင်္ကြန်တနေ့ အဖွားတို့ အိမ်မှာ အဖေကို သူ့ ရဲ့ တခြား
မိသားစုနဲ့ အတူတွေ့ လိုက်ရတဲ့အချိန်။ ကျမတိတ်တိတ်လေး ၀မ်းနည်းပြီး၊ ညည
လူမသိအောင်ငိုနေခဲ့တဲ့ အချိန်တွေ.... ကျမဘယ်တော့မှ မမေ့ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ ကျမအနားမှာ အမေလည်းမရှိနေခဲ့ဘူး။ ကျမ တစ်ယောက်ထဲ.....။
အမေ့ဆီပြန်ရောက်တော့ အဖေ့တို့ မိသားစုကိုတွေ့ ခဲ့ကြောင်းပြောပြပြီးနဲ့ နောက်ပိုင်း
အမေ့ကို အဖေ့အကြောင်းမပြောဖြစ်တော့ပါဘူး။ အမေ့ရှေ့မှာ ကျမ စိတ်မကောင်း
ဖြစ်ရတာကို မပြောပြချင်တာပါ။ ကျမရင်ထဲက အဖေနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို
အမေ အခုထိသိမှာမဟုတ်ပါဘူး။
အဲ့ဒီအချိန်ကစပြီး အဖေကျမတို့ ဆီမလာလည်တော့ပါဘူး။ ကျမ ၁၀တန်းအောင်ပြီးတော့
မှတခါပြန်တွေ့ ရတယ်။ ကျမ ဒုတိယနှစ်ရောက်တော့ အဖေ လာလည်တယ်။ နောက်ပိုင်း
အဆင်ပြေသလိုလာတွေ့ ပါတယ်။
အဖေ့ကို ကျမ မပိုင်ဆိုင်ဘူးဆိုတာသိတဲ့နောက်ပိုင်း ပတ်ဝန်းကျင်မှာ အဖေအကြောင်း
လူတွေမေးလာမှာကြောက်လာတယ်။ သူငယ်ချင်းတွေရဲ့ အဖေတွေလို အဖေ့ ကို အနားမှာ
ရှိစေချင်တယ်။ နင့်အဖေရောလို့ လူတွေမေးလာမှာကြောက်တယ်။ မေးလာရင်လည်း
ဘာပြန်ဖြေရမှန်းမသိဘူး။ ဒီလိုနဲ့ ကျမ နှုတ်နည်းလာတယ်။ လူကြားထဲပြောရဆိုရမှာ
ကြောက်လာတယ်။
ကျမကို အမေက သူများတန်းတူ မကြောင့်မကြ ထားပေမဲ့ တခါတလေ အဖေဆိုတဲ့
ကျမတို့ ရှေ့မှာမားမားရပ်ပေးမဲ့ သူကို လိုချင်မိတယ်။ ကျမအားငယ်နေချိန်မှာ အဖေရော
ငါ့ကို သတိမှရရဲ့ လားလို့  စဉ်းစားမိတယ်။ ကျမဘေးမှာအဖေရှိခဲ့ရင်ဆိုတဲ့ အတွေး
မကြာခဏတွေးမိတယ်။
ကျမ ၁၀တန်းအောင်တော့ ဆရာတစ်ယောက်က ကျမ အဖေအကြောင်းမေးလို့ 
သူ့ ကို အမှန်အတိုင်းပထမဆုံးပြောပြဖြစ်တယ်။ သူက ဒါဟာ လူကြီးတွေဖြစ်ကြတဲ့
ကိစ္စ၊ ကျမနဲ့ မဆိုင်ကြောင်း။ ကျမအဖေဟာ၊ ကျမအဖေသာဖြစ်ကြောင်း၊ ပတ်ဝန်း
ကျင်ကိုရင်ဆိုင်ရဲလာအောင်၊သတ္တိရှိလာအောင် အားပေးခဲ့ပါတယ်။ သူ့ ရဲ့ ကျေးဇူး
ကြောင့်ကျမ လူတောထဲပြန်ဝင်ရဲလာတယ်။ အဖေအကြောင်းကိုလည်း သူများတွေ
ကို ပြောပြရဲလာတယ်။
အရွယ်ရောက်လာတာနဲ့ အမျှ တခါတလေ အဖေရဲ့ ဂုဏ်၊ အဖေ့ရဲ့  အရိပ်ဟာ ကျမ
အတွက်လိုအပ်လာပြန်တယ်။ အဲ့ဒီအချိန်တွေမှာ ကျမ၀မ်းနည်းစွာနဲ့ အဖေ့ကို တမ်းတခဲ့
မိဖူးပါတယ်။ အဖေဟာ ကျမအတွက် ရုံးသုံးနာမည်တစ်ခုလို စာရွက်ပေါ်မှာသာရှိခဲ့
တာပါ။
အကောင်းဘက်ကတွေးရင်တော့ ကျမ ကိုယ့်ကိုကိုယ်အားကိုးတတ်လာတယ်။
အိမ်မှာ ယောင်္ကျားလေးအလုပ်ရော၊မိန်းကလေးအလုပ်ရော ကျမတတ်နိုင်သလို
ကြိုးစားလုပ်တတ်လာတယ်။ ငါလုပ်မှဖြစ်မယ်ဆိုတဲ့ အသိရှိလာတယ်။ ဆုံးဖြတ်ရဲ
လာတယ်။
ကျမဂျာမနီကိုရောက်လာတော့ ကျမလိုဘ၀တူကလေးတွေကို အများကြီးတွေ့ ရတယ်။
ဒီမှာက မြန်မာပြည်လိုမဟုတ်ဘူး။ အဖေနဲ့ အမေ အကြောင်းမတိုက်ဆိုင်လို့ ကွဲကြပေ
မဲ့ သားသမီးဟာ မိဘနှစ်ဦးစလုံးနဲ့ တွေ့ ခွင့်၊ဆက်သွယ်ခွင့်ရတယ်။ ကလေးတွေဟာ
အမေနဲ့ နေပေမဲ့ တပတ်တခါအဖေနဲ့ တွေ့ ခွင့်ရှိပါတယ်။ အားလပ်ရက်တွေမှာ အဖေနဲ့ 
ခရီးအတူတူသွားကြလေ့ရှိပါတယ်။ အဖေမှာ သားသမီးကိုထောက်ပံ့ရမဲ့တာဝန်ရှိတယ်။
ဥပဒေ အရကို သတ်မှတ်ထားပါတယ်။ ဒီမှာ အဖေတယောက်ဟာ ကိုယ့်သားသမီး
အပေါ်တာဝန်ကျေပါတယ်။ လူကြီးချင်းပြသနာမှာ ကလေးကိုမထိခိုက်စေပါဘူး။
ကျမတို့ ဆီမှာကတော့ အဖေနဲ့ လက်ရှိနေတဲ့မိသားစုက ကျမလို အတူမနေရတဲ့ ကလေး
ကို အရာမသွင်းချင်ကြပါဘူး။ အဖေ့မှာ ကျမလိုနောက်ကလေးတယောက်ရှိမှန်း လူအသိ
မခံချင်ကြပါဘူး။ နည်းမျိုးစုံနဲ့ ကျမကိုနှောက်ယှက်သလို၊ ကျမနဲ့ အဖေ ပြန်ဆက်သွယ်မှာ
မလိုလားကြပါဘူး။ ပတ်ဝန်းကျင်ကလည်း သူ့ အဖေက နောက်မိသားစုရှိသတဲ့ဆိုတဲ့
ဝေဖန် သလိုအပြောမျိုး ပြောကြသေးတယ်။
အဖေတိုင်းအဖေ့တာဝန်ကိုကျေနိုင်ကြရင်၊ မိဘတိုင်းမိဘတာဝန်ကိုကျေနိုင်ကြရင် ၊
လူတိုင်းကိုယ့်တာဝန်ကိုယ်ကျေကြရင်....ပျော်စရာကောင်းမှာပါ။
Saturday 16 June 2012
မုန့် ဟင်းခါး
ကျမတို့ မြန်မာအစားအစာဖြစ်တဲ့မုန့် ဟင်းခါးကို ငယ်ငယ်ကတည်းက
ကြိုက်တာပါ။ အဖွားတို့ ရဲ့ ဖျာပုံ၊ကျိုက်လတ် ဘက်ကိုသွားလည်ရင်မုန့် ဟင်းခါး
ကောင်းကောင်းအမြဲစားရတယ်။ မုန့် ဟင်းခါးနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ
အများကြီးပါပဲ။ ကျမငယ်ငယ်က အိမ်မှာ မနက်စာစားလေ့ရှိတာက အိမ်နားက
ဒေါ်အေးရှင်ရဲ့ မုန့် ဟင်းခါး။ ဒါဟာကျမရဲ့ မုန့် ဟင်းခါးနဲ့ ပတ်သက်တဲ့ပထမဆုံး
 အမှတ်ရတာတစ်ခုပါ။ နောက်ပိုင်း ဒေါ်နွဲ့ မုန့် ဟင်းခါး၊ ဒေါ်ငွေကြိုင်မုန့် ဟင်းခါး
စသဖြင့်အိမ်နားက ဆိုင်တွေမှာစားလေ့ရှိပါတယ်။ ကျောင်းမသွားခင် မုန့် ဟင်းခါးစား၊
ကော်ဖီသောက်....(တခါတလေလည်း ကောက်ညှင်းပေါင်း၊ ခေါက်ဆွဲသုပ်စားလေ့ရှိပါတယ်။)
ကျမတို့ ခြံထဲမှာ မကြာခဏ ဘုန်းကြီးဆွမ်းကပ်လေ့ရှိပါတယ်။ အိမ်နီးနားချင်းတွေနဲ့ 
မုန့် ဟင်းခါးချက်လေ့ရှိပါတယ်။ အလှူအတွက်မုန့် ဟင်းခါးကိုတော့ ကျမအမေက
ပင်တိုင်ချက်ပါတယ်။ အမေ့ရဲ့ မုန့် ဟင်းခါးက အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကြားမှာ
နာမည်ရပါတယ်။
ပေးပါဆိုရင်လည်း အမေက သွားချက်ပေးလေ့ရှိတယ်။ 
အမေ့မှာ မုန့် ဟင်းခါးကောင်းကောင်းချက်တဲ့ နည်းရှိတယ်။ အဲ့ဒီအချိုးအစားအတိုင်း
အမေချက်လေ့ရှိပါတယ်။ အမေက သူမုန့် ဟင်းခါးချက်မယ်ဆိုရင် သူဝယ်နေကျ
ငန်ပြာရည်ဆိုင်က စပါယ်ရှယ်ငန်ပြာရည်ကိုသုံးလေ့ရှိပါတယ်။ အဲ့ဒီငန်ပြာရည်
မဟုတ်ရင်သူ့ ဟင်းကို စိတ်တိုင်းမကျပါဘူးလို့ အမြဲပြောလေ့ရှိပါတယ်။
အမေက မုန့် ဟင်းခါးမှာ ငန်ပြာရည်က အဓိကပဲတဲ့။ ငါးကို ငန်ပြာရည်၊ဆနွင်း၊ဂျင်း၊
စပါးလင်တို့ နဲ့ ပြုတ်တဲ့အခါ ဟင်းနံ့ ကောင်းကောင်းထွက်လာရင် မုန့် ဟင်းခါး
ဟင်းရည်ကောင်းပြီသာမှတ်လို့ ပြောလေ့ရှိပါတယ်။
ခြံထဲမှာက လူအားကတောင့်တော့ အလှူအတွက်ချက်ပြုတ်ကြရင် တစ်ယောက်၊
တစ်လက်နဲ့ ပျော်စရာကောင်းပါတယ်။ ကြက်သွန်နွှာတဲ့သူကနွှာ၊ ပဲရွေးတဲ့သူကရွေး၊
ငါးနွှင်တဲ့သူကနွှင်၊ပဲထောင်းတဲ့သူကထောင်းနဲ့ ပေါ့။
ငှက်ပျောအူကိုတော့ ခြံထဲမှာရှိတဲ့ ငှက်ပျောပင်တစ်ပင်ကိုလှဲပြီး နုနုလေးတွေကိုသုံးလေ့
ရှိတယ်။ ငှက်ပျောခေါင်းကိုတော့ ကျမအကြိုက်ဆုံးပါ။
အမေက မုန့် ဟင်းခါးစားရင် အရည်နဲနဲပဲထည့်စားလေ့ရှိပြီး၊ မန္တလေးပဲကြော်နဲ့ စားတတ်
ပါတယ်။ ကျမကတော့ အကြော်မထည့်ပဲ အလွတ်စားရတာပိုကြိုက်ပါတယ်။
လှည်းတန်းမှာဆိုနာမည်ကြီးတဲ့  မုန့် ဟင်းခါးဆိုင် တွေရှိပါတယ်။ ဆိုင်တွေကလည်း
သူ့ လက်ရာနဲ့ သူ အရာသာနဲနဲတော့ကွဲပါတယ်။ ကျမမှာတော့ သီးသန့် စားလေ့
ရှိတဲ့ဆိုင်ရယ်လို့ မရှိပဲ စားကောင်းမယ်ထင်ရင်ဝင်စားလေ့ရှိတာပါပဲ။
ရန်ကုန်ကို ပြန်ရောက်တဲ့ အခါ ပထမဆုံးမနက်စာက မုန့် ဟင်းခါးပါပဲ။ အနီးအနား
ကဆိုင်မှာပဲစားဖြစ်ပါတယ်။ အရသာကတော့ ထွေထွေထူးထူးမကောင်းလှပေမဲ့
ကျမစိတ်ထဲမှာ ငါမြန်မာပြည်ပြန်ရောက်ပြီဆိုတာ မုန့် ဟင်းခါးစားလိုက်မှပြည့်
စုံသွားသလိုပါပဲ။ နောက်နေ့ တွေ အချိန်ရမှ ကောင်းတဲ့ဆိုင်တွေမှာ ကြုံရင်ဝင်
စားဖြစ်ပါတယ်။
ဂျာမနီကိုရောက်တော့ မုန့် ဟင်းခါးကို အမေချက်တဲ့လက်ရာမမီပေမဲ့ 
ကိုယ်တိုင်ပဲချက်ဖြစ်ပါတယ်။ မုန့် ဟင်းခါးချက်တိုင်း ငယ်ငယ်က ခြံထဲမှာ
အမျိုးတွေနဲ့ ဝိုင်းဖွဲ့ ပြီး အလှူမုန့် ဟင်းခါးချက်တာကို အမြဲသတိရမိပါတယ်။
ဒီနေ့ ကျမ မုန့် ဟင်းခါးချက်စားဖြစ်ပါတယ်။ အမေနဲ့ ဖုန်းဆက်ပြီး မုန့် ဟင်းခါး
ချက်မယ်လို့ ပြောဖြစ်တယ်။ အမေနဲ့ ဖုန်းပြောပြီး တစ်ယောက်ထဲမုန့် ဟင်းခါးချက်၊
အမေမုန့် ဟင်းခါးနဲ့ တွဲစားလေ့ရှိတဲ့ မန္တလေးပဲကြော် ကြော်၊ ငှက်ပျောအူခြောက်
ကို ဒီတစ်ခါတော့ တစ်ညရေစိမ်ပြီး ပေါင်းအိုးနဲ့ ပေါင်းလိုက်တော့ တော်တော်လေး
အဆင်ပြေသွားပါတယ်။
ဟင်းချက်ပြီးတာနဲ့  မုန့် ဟင်းခါးတစ်ပွဲ၊ကော်ဖီတစ်ခွက်နဲ့  အရာသာရှိတဲ့မနက်စာ
ကိုစားရင်း အမေနဲ့ အတူ ခြံထဲကမောင်နှမတွေအားလုံးကို သတိရနေမိပါတယ်။
Monday 11 June 2012
ရထားပေါ်က အတွေးတစ်ခု
မနေ့ က ခရီးကအပြန် ရထားပေါ်မှာ ကြုံခဲ့တာလေးပါ။
ဂျာမနီမြောက်ဘက် မြို့  တစ်မြို့ ကနေ အသက်၈၀ကျော်ခန့် ရှိတဲ့
အမျိုးသားတယောက် လမ်းလျှောက်လက်တွန်းလှည်းကိုတွန်းရင်း။
လှည်းပေါ်မှာလည်း ခရီးဆောင်အိတ် အလတ်တစ်လုံး၊ အသေးတစ်လုံး၊
ပလတ်စတစ် လက်ဆွဲအိတ်တစ်လုံးနဲ့  တုန်တုန်ချိချိနဲ့ တက်လာပါတယ်။
တောင်ဝှေးကလည်း  လမ်းလျှောက်လက်တွန်းလှည်း မှာကပ်ချိတ်ထားသေး
တယ်။
အဖိုးအိုက သန့် သန့် ပြန့် ပြန့် ရှိပါတယ်။ ရထားပေါ်ရောက်တော့ သူ့ အိတ်တွေ
ထားစရာနေရာမတွေ့ တာကြောင့် တစ်တွဲလုံး ကြားလောက်အောင်
 အော်ပါတော့တယ်။သူ ခုံ အပေါ်ကပစ္စည်းတင်တဲ့ နေရာမှာရှိနေတဲ့
အိတ်ပိုင်ရှင်ကို အော်ပါတော့တယ်။
ရထားပေါ်ကလူတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
 ခေါင်းတခါခါနဲ့ ပေါ့။ နောက်တော့ အနားက တစ်ယောက်က အဖိုးရဲ့ 
အိတ်တွေထားဖို့ စီစဉ်ပေးလိုက်ပါတယ်။
လမ်းမှာသူ့ ဘေးမှာထိုင်တဲ့ အမျိုးသမီးက သူဘယ်သွားမှာလဲ။ဘာလဲမေးတော့
အဖိုးအိုက သူ့ အကြောင်းပြောပြပါတယ်။
သူက အခု ဂျာမနီတောင်ပိုင်း ဆွစ်နယ်စပ်က သူအရင်တုန်းကနေခဲ့ဘူးတဲ့
မြို့ က အသက်ကြီရွယ်အိုတွေနေတဲ့  အိမ်ယာကိုသွားမလို့ တဲ့။
သူ့ ပြောတာကိုကြားတဲ့သူတိုင်းသူ့ အပေါ် ဂရုဏာသက်မိသွားကြတယ်။
စောစောက မကြိုက်တဲ့ အကြည့်တွေ က သနားတဲ့အကြည့်ကိုပြောင်းသွားတယ်။
သူနေတဲ့ဂျာမနီမြောက်ပိုင်းကအိမ်က အပြီးထားခဲ့ပြီ ဇာတိမြို့ က  အသက်ကြီးရွယ်အို
ရိပ်သာမှာ ပြောင်းနေရမယ်သူ့ မျက်နှာက ၀မ်းနည်းနေသလိုပဲ။
ရထားပေါ်ကဆင်းသွာတဲ့သူအချို့ က သူ့ ကို လာနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးသွားကြတယ်။ ကျမဆင်းရမဲ့ဘူတာမရောက်ခင် မှာ
သူကျမရှေ့ ကခုံမှာ လာထိုင်တော့ စကားနဲနဲပြောဖြစ်တယ်။
ကျမလည်းဆင်းရမဲ့ဘူတာရောက်တော့ သူဆင်းရင်အဆင်ပြေအောင်
သူ့ အိတ်တွေ အပေါ်ကအောက်ချပေး၊ သူ့ ကိုနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးခဲ့တယ်။ သူကလည်း ကျမကို အစစ အဆင်အပြေဆုံး
ဖြစ်ပါစေလို့ ဆုတောင်းပေးပြန်တယ်။
ကျမအတွေးထဲမှာ အများကြီးဆက်တွေးနေမိတယ်။ ကျမလည်းတနေ့ နေ့ 
အသက်ကြီးလာရင် သူ့ လိုပဲ သယ်နိုင်သလောက်အထုတ်ကလေးနဲ့ 
ဘယ်နေရာမှာများသွားနေရမလဲလို့ တွေးမိတယ်။
အခုတော့ လိုချင်တာတွေဝယ်လိုက်၊ သုံးလိုက်နဲ့  နောက်တော့ ဒါတွေကို
မသေခင်ကတည်းက ထားခဲ့ရမှာ။
တလောက မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောရင်း" သြော် ကျမတို့ ဂျာမနီ
ကိုလာတုန်းက ကီလို ၂၀နဲ့ လာခဲ့တာ။ အခု အိမ်ပြောင်းမယ်လုပ်မှ တိုးပွား
လာတဲ့ပစ္စည်းတွေ ... အများကြီးပါလားတဲ့။" သူပြောတာသတိပြန်ရသွားသေးတယ်။
ငယ်ရွယ်ချိန်မှာတော့ မာန်တက်လိုက်၊ ရန်ဖြစ်လိုက်၊ ဘ၀င်မြင့်လိုက်၊ ကိုယ့်ကို
ကိုယ်အထင်ကြီးလိုက်နဲ့  တနေ့ နေ့ ကျမ အသက်ကြီးလာလို့  ဒီအဖိုးအိုလို
တစ်ယောက်ထဲ မရပ်တည်နိုင်တော့ရင်.... ... ... အတွေးတွေများနေမိတယ်။
Tuesday 5 June 2012
ပုညကရောတိ (making or doing merits)
 ဥိးသောမတ်စ်ရေးထားတဲ့ ( Verdienste erwerben) ဒီဆောင်းပါးကို
ဂျာမန် ထေရ၀ါဒ အဖွဲ့ ရဲ့  ၀ဒ်ဆိုဒ် Theravadanetz မှာ ဖေါ်ပြထားပါတယ်။
သူရေးထားတာကတော့ ကုသိုလ်ပြုခြင်းအမျိုးမျိုး၊ ဘာကြောင့် ကုသိုလ်တွေ
ပြုကြတာလဲ၊ ကုသိုလ်ပြုခြင်းကြောင့် ဘာတွေပြန်ရလာသလဲ ဆိုတာတွေ
ရေးထားပါတယ်။ ဒါအပြင် ကုသိုလ်နဲ့ ပုည ရဲ့  အဓိပ္ပါယ်လည်းရှင်းပြထားပါတယ်။
Monday 4 June 2012
Bad Elster မှအပြန်
ရောက်ဖြစ်ပါတယ်။ ရောက်ဖြစ်တဲ့အကြောင်းကတော့ ကံစမ်းမဲ
ပေါက်တာကြောင့်ပါ။ ကျမတို့ မြို့ က ဆေးရုံအသစ်ဖွင့်ပွဲ မှာ ကိုသောမတ်စ်
က ကံစမ်းမဲ ထဲ့ လိုက်တာ ပထမဆုပေါက်ပါတယ်။ အဲ့ဒီဆုက Bad Elster
မြို့ မှာရှိတဲ့ အပန်းဖြေ ဆေးရုံ ( Kurklinik)  မှာ နှစ်ညအိပ်ပြီး အစားသောက်
အပါအ၀င်အနားယူခွင့် နှစ်ယောက်အတွက် ရတာနဲ့ ကျမတို့ သွားဖြစ်ကြတာပါ။
ကျမတို့ နေတဲ့နေရာကဆိုရင် ကီလိုမီတာ ၆၀၀ ကျော်မောင်းရပါတယ်။
အသွားလမ်းမှာ ကျမရဲ့ မြန်မာသူငယ်ချင်းအိမ်ဝင်လည်ရင်းနေ့ လည်စာ
စားဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ တွေ့ ရတော့ စကားတွေပြောကောင်းတာနဲ့ 
အချိန်က ခဏလေးကုန်သွားသလိုပဲ။ ကျမတို့ လည်း ခရီးဆက်စရာရှိတာနဲ့ 
သူငယ်ချင်းကိုနှုတ်ဆက်ပြီးထွက်ခဲ့ရတယ်။ တွေ့ ရတာမ၀ဘူးသူငယ်ချင်း။
ကျမတို့ တည်းရမယ့် အပန်းဖြေဆေးရုံကိုရောက်တော့ ညနေစောင်းနေပြီ။
ဆေးရုံက  ကျွေးတဲ့ညနေစာစားဖြစ်ပါတယ်။ ညနေစာကတော့ထုံးစံအတိုင်း
ပေါင်မုန့် နဲ့  ချိစ်၊ ဆလပ်သုပ်မျိုးစုံ... ဆေးရုံက natural medicine / integrative
medicine ဆေးရုံဆိုတော့ ကျွေးတဲ့ အစားအစာက အဆီနဲ၊ အဟာရပိုရှိစေတဲ့
အရာတွေဖြစ်ပါတယ်။ ကိုသောမတ်စ်ကတော့ အရသာမရှိဘူးလို့ ပြောပါတယ်။
ကျမအတွက်ကတော့ အရသာရှိပြီးစားလို့ ကောင်းပါတယ်။
သူတို့ ဆီက recipes တချို့ တောင်ယူလာပါသေးတယ်။
ညနေစာ စားပြီးတော့ မြို့ ကိုလျှောက်ကြည့်ဖြစ်ပါတယ်။ အရှေ့ဂျာမနီရဲ့ မြို့ ပုံစံအတိုင်း
ဟောင်းနေတဲ့အိမ်တွေ၊ လူမနေတော့တဲ့အိမ်တွေ၊ အသစ်ပြင်ဆောက်ထားတဲ့အိမ်တွေ
နဲ့ စိတ်ဝင်စားစရာကောင်းတဲ့မြို့ ကလေးပါ။ အဲ့ဒီမြို့ ရဲ့ ထူးခြားချက်ကတော့ Spa town
ဖြစ်လို့ ပါပဲ။ အဲ့ဒီမြို့ ရဲ့ underground spring water source ၃ခု ကြောင့် ၁၈၄၈ လောက်
ကတည်းက ကျော်ကြားခဲ့တာပါ။
ဒီပုံကတော့ Spa House ပါ။ ၁၈၅၃ မှာဆောက်ခဲ့တာဖြစ်ပါတယ်။
 Spring water ကို သောက်ကြည့်လို့ ရပါတယ်။
 Spa Museum
နောက်နေ့ မှာတော့ မနက်စာစားပြီးတာနဲ့  ဆေးရုံကစီစဉ်ပေးထားတဲ့ အစီအစဉ်
တွေဝင်လုပ်ရပါတယ်။  အာယုဗေဒ မျက်နှာနှိပ်ပေးတာ၊ Qi Gong 
လေ့ကျင့်ခန်းလုပ်တာ၊ ရေကူးတာတွေ ကို အစီအစဉ်အတိုင်းလုပ်ရပါတယ်။
နေ့ လည်စားစားပြီးတော့ တခြားသူတွေနဲ့  လမ်းလျှောက်ထွက်တဲ့အစီအစဉ်
ပါပါတယ်။  
ကျမအတွက်က ဒီလို အပန်းဖြေဆေးရုံမှာ နေဖူးတာ ပထမဆုံးပါ။ ကျမတို့ 
မြို့ မှာလည်း ဒီလို ဆေးရုံတွေရှိပေမဲ့  အလုပ်သာလုပ်ဖူးတယ် တခါမှ မနေဘူး
ပါဘူး။ သာမန်ဟိုတယ်မှာ တည်းတာနဲ့ စာရင်တော့ ကျမအတွက်ပိုသဘောကျ
ပါတယ်။ လူတွေဟာ တယောက်နဲ့ တယောက်ရင်းနှီးကြသလို၊ ဖေါ်ရွေကြပါတယ်။
တဖက်က အနားယူရသလို၊ တဖက်ကလည်း ကျန်းမာရေးအတွက် အထောက်
အကူဖြစ်စေတော့ သဘောကျမိပါတယ်။
ဂျာမနီမှာ ဆရာဝန်ထောက်ခံချက်နဲ့  ဒီလိုဆေးရုံတွေမှာ အနားယူခွင်ရှိပါတယ်။
ကုန်ကျစရိတ်ကိုတော့ ကျန်းမာရေးအာမခံကုမ္ပဏီက ပေးပါတယ်။
လူနာအနေနဲ့ ကတော့ တနေ့ ကို ၁၃ ယူရိုပေးရတယ်လို့ ပြောပါတယ်။ တချို့ ကလည်း 
တနေ့ ၁၀ယူရိုပေးရပါတယ်။ အသေးစိတ်ကိုတော့ နောက်ကြုံတဲ့အခါရေးပါအုံးမယ်။
ဆရာဝန်ထောက်ခံချက်မပါပဲ မိမိဘာသာ အနားယူချင်တယ်ဆိုရင်တော့ ဆေးရုံက
ပေးတဲ့ အစီအစဉ်အတုင်းကိုယ့်ပိုက်ဆံနဲ့ ကိုယ် နေလို့ ရပါတယ်။ အဲ့ဒီဆေးရုံကတော့
တရက်ကို 60,65€ (ယူရို) တောင်းပါတယ်။ 
စိတ်ဝင်စားစရာတွေ အများကြီးရခဲ့တဲ့ ခရီးတစ်ခုပါပဲ။ ဒီလို ကံစမ်းမဲမျိုး  နောက်တခါ
ပေါက်ခဲ့ရင်သွားချင်ပါသေးတယ်။