Wednesday 19 May 2010

အမေ့ဆီသို့ 

အခုတလောကြားနေ၊ဖတ်နေရတာတွေက ရန်ကုန်မှာ
တော်တော်ပူနေတယ်တဲ့။ ကျမလည်း ဒီသတင်းတွေကြားတော့
အမေတယောက် ဘယ်လိုများနေရှာမလဲလို့ တွေးနေမိပါတယ်။
အမေနဲ့ ဖုန်းပြောရတိုင်း ဒီမှာအရမ်းပူတယ်လို အမြဲငြီးရှာတယ်။
မီးကမလာ၊ရေကမလာနဲ့  သူ့ ခမျာ အပူဓါဏ်ကိုတော်တော် ခံနေရ
မှာပဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရတယ်။

အမေနေ့ က ဖုန်းကခေါ်လို့ မရ၊ အသံမြည်နေပေမဲ့ ကိုင်မဲ့သူ
မရှိတဲ့ အသံပါ။ စိတ်ထဲမှာ အမေများ နေမကောင်းဖြစ်နေလား။
စသဖြင့် အတွေးတွေ... တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျမက
သူ့ အနားမှာ မနေနိုင်။ တခါတလေ ကိုယ့်ကိုကိုယ် တစ်ကိုယ်ကောင်း
ဆန်လွန်းတယ်လို့ တွေးမိတယ်။ လူတိုင်းမှာတော့ ကိုယ့် အကြောင်းနဲ့ 
ကိုယ်၊ ကိုယ့် အခြေအနေနဲ့ ကိုယ်ပေါ့လေ။

ကျမစိတ်မကောင်းဖြစ်နေတာတွေ့ တော့ ဦးသောမတ်စ်က
ရန်ကုန်ပြန်ဖို့ ပြောတယ်။ အလုပ်ကလည်း ၂ပတ် ပိတ်ဖို့ ရှိတာနဲ့ 
အမြန်ပဲ အမေ့ဆီပြန်ဖို့  စီစဉ်ကြတယ်။ မသေချာသေးတဲ့
အလုပ်ပိတ်ရက်ကို ရက် အတော်ကြာအောင် အလုပ်ရှင်တွေနဲ့  အပြန်
အလှန် ပြောကြ၊ လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ပြန်ဖို့  (အမေနဲ့ 
တွေ့ ဖို့ ) အားပေး၊ အလုပ်ပိတ်ရက်က မသေချာသေးပေမဲ့
သဘောကောင်း၊နားလည်ပေးတတ်ကြတဲ့ အလုပ်ရှင်များက
လက်မှတ်ဝယ်ဖို့  ခွင့်ပေးလိုက်တယ်။
ဒါနဲ့ ချက်ချင်း အမေ့ဆီပြန်ဖို့ လက်မှတ်ပြေးဝယ်လိုက်တယ်။
ကံကောင်းစွာနဲ့ လက်မှတ်ရှိနေသေးလို့ ။

အိမ်ပြန်ရောက်တော့ အမေဆီဖုန်းခေါ်ကြည့်တာလည်းအဆင်ပြေ
တာနဲ့ ကျမလာမှာကို ၀မ်းသာအားရပြောလိုက်ပါတယ်။
ပထမဆုံး အမေတုန့် ပြန်တာကတော့ မလာခဲ့နဲ့ ၊ ဒီမှာအရမ်းပူနေတာတဲ့။
ကျမပြန်လာရင် အပူဒဏ်ခံနိုင်မှာမဟုတ်ဘူး
တဲ့လေ။ ကျမက အမေတောင်
ဒီအပူဒဏ်ခံနိုင်သေးတာ ကျမလည်းခံနိုင်ပါတယ်လို့  ပြောဖြစ်ခဲ့တယ်။
အဲ့ဒီတော့ မှ သူ ကျမကို တွေ့ ဖို့ ဝမ်းသာကြောင်း၊ အပူဒဏ်ကြောင့်
ထမင်းမစားနိုင်ကြောင်း၊ အပူဖုတွေထွက်လို့ အလွန်ယားကြောင်း၊
ဘာကြောင်း၊ညာကြောင်း..စတဲ့ အမှန်စကား တချို့ ထွက်လာပါတယ်။
အရင်ကဆို ကျမကသူနေကောင်းကြောင်းမေးတိုင်း နေကောင်းတယ်လို့ 
သာပြောလေ့ရှိတာ။ အဝေးရောက်နေတဲ့ ကျမ သူ့ အတွက်စိတ်ပူမှာ
စိုးရိမ်နေတာလေ။ ကျမနဲ့ ပြန်တွေ့ မှသာ သူနေမကောင်းတာ၊ ပိန်သွား
တာတွေ မြင်ရ၊သိရတော့တာ။

ကျမပြန်လာမှာ(၂)ပတ်ပေမဲ့ သူ့ အတွက်တော့ တအားပါ။ ကျမ တို့ 
မကြာခင်မှာ ပြန်လာအုံးမယ်ဆိုတာ သူသိနေတော့ ပိုအားရှိနေမှာပါ။
ကျမကို မျှော်နေတဲ့ အမေ၊ သူ ပျော်နေမှာပါ။ အမေ ကျန်းမာပါစေ။

ရန်ကုန်မှာ ကြုံတွေ့ ရမယ့် မီးကိစ္စ၊ရေကိစ္စ၊ ဓါတ်လှေကားကိစ္စ၊ ဘာကိစ္စ
ညာကိစ္စတွကိုတော့ လောလောဆယ် ခဏမေ့ထားလိုက်ပါတယ်။
ရွေးစရာမှ မရှိတာ၊ ကိုယ်တယောက်ထဲဖြစ်တာမှမဟုတ်တာပဲ။
ရင်ဆိုင်ရုံပါပဲ။ ၂ရက် ၃ရက်လောက်ကြာရင် နေသားကျသွားမှာပါ။

ဒီကြားထဲ ဥရောပမှာIceland က မီးတောင် Eyjafjallajökull
ကြောင့်လေဆိပ်တွေ ဖွင့်လိုက်၊ပိတ်လိုက် ဆိုတော့ ကျမပြန်မဲ့ နေ့ မှာ
အဆင်ပြေပါစေလို့ လည်း ဆုတောင်းရသေးတယ်။ ဘန်ကောက်မျာက
လည်းအခြေအနေက သိပ်မကောင်း။ ခရီးမသွားခင် အိမ် နဲ့ အလုပ်က
တာဝန်တွေကိုလည်း ပြီးအောင်လုပ်ရသေးတယ်။ ကြိုတင်ပြင်ဆင်ထား
တာမရှိတော့ အားလုံးက ကတိုက်ကရိုက်ပါပဲ။

အမေကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ နိုင်ပါစေလို့ လည်း ဆုတောင်းနေရတယ်။

ကျမ အမေနဲ့  မမျှော်လင့်ပဲ ပြန်တွေ့ ခွင့်ရအောင် စီစဉ်၊ ဆောင်ရွက်ပေး
ကြတဲ့ သူများအားလုံး (အထူးသဖြင့် Thomas ) ကို အထူးကျေးဇူးတင်ပါတယ်။

Sunday 16 May 2010

ဂျာမနီမှ အာမခံများ

ဂျာမန်တွေက တော်တော် အာမခံထားကြတယ်လို့ ထင်ပါတယ်။
နေရာတိုင်း၊ ကိစ္စတိုင်းနီးနီးမှာ အာမခံတွေထားလေ့ရှိတာတွေ့ ရပါတယ်။
ကျမ ကတော့ အာမခံလုပ်ငန်းတွေနဲ့ ကြီးပြင်းလာတဲ့သူမဟုတ်တော့
အစပိုင်းက တော်တော်နားမလည်နိုင်ခဲ့ပါဘူး။
ဂျာမန်တွေဟာ သေချာတယ်၊ စေ့စပ်တယ်၊ စနစ်ကျတယ်လို့ ပြောကြလေ့
ရှိပါတယ်။ အဲ့ဒီစနစ်ကျ၊သေချာမှုတွေအတွက် လိုက်လုပ်ရင်းနဲ့ 
အစိုးရိမ်လွန်တာများ ဖြစ်လာမလားလို့ တောင်တွေးမိတယ်။

ဒီမှာ ဘာပဲလုပ်လုပ် အာမခံထားလေ့ရှိတယ်။ မရှိမဖြစ် ထားရမှာတွေ
ရှိသလို ၊ တခုခုများဖြစ်ခဲ့ရင် သေချာအောင်ဆိုတဲ့ စိုးရိမ်မှုနဲ့  ( für Sicherheit )
ထားကြတဲ့ အာမခံတွေလည်း အများကြီးတွေ့ ရတယ်။

တဖက်က ကြည်ပြန်ရင်လည်း ပြသနာ တခုခုဖြစ်ခဲ့ရင် ပေးရမဲ့
ကုန်ကျစားရိတ် ကလည်း ကြီးတာကို။

ဒီက အာမခံတွေကတော့ Personenversicherung ဆိုတဲ့
အသက်အာမခံ ( လူတိုင်းတော့မထားကြပါဘူး)
ပင်စင်အာမခံ ( လူတိုင်းထားကြပါတယ်)
ကျန်းမာရေးအာမခံ ( လူတိုင်းထားကြပါတယ်)
ကျန်းမာရေး အာမခံထားရင်တောင် တချို့ က တခုထက်မက အပို ထပ်ပြီး
အာမခံတွေရှိကြတယ်။ ဥပမာ။ ဆေးရုံတက်ရင် တစ်ယောက်ခန်းပေးဖို့ ၊
Chef Arzt Besuch (ဆရာဝန်ကြီးကိုယ်တိုင် ကြည့်ပေးဖို့ )၊ နိုင်ငံခြားမှာ
ရောက်နေစဉ် ဖျားနာခဲ့ရင် ကုသဖို့ ၊ သွားအတွက် အပို အာမခံများ စတာတွေ
ထားလေ့ရှိပါတယ်။

တခုခုပျက်ဆီးသွားရင် ဆိုပြီးထားလေ့ရှိတဲ့ Kompositversicherung
တွေမှာတော့ မီးဘေး၊လေဘေး၊ ရေကြီးလို့ ၊ငလျှင်လှုပ်လို့ ပျက်စီးမှုတွေ
စတဲ့ ရာသီဥတုဘေးတွေအတွက် အာမခံများ ( လူတိုင်းနီးပါးထားကြပါတယ်)။
မီးလောင်မှုဆိုတာတောင် သာမန်လောင်တာလား၊ ပေါက်ကွဲမှုကြောင့်
လား၊ မိုးကြိုးပစ်လို့ လား စသဖြင့်ထပ်ခွဲထားပါသေးတယ်။
ရေနဲ့ ပတ်သက်လို့ ၊လေနဲ့ ပတ်သက်လို့ ၊ ဖေါက်ထွင်းမှုနဲ့ ပတ်သက်လို့ 
စတာတွေမှာလည်း အသေးစိတ်ထပ်ခွဲပြီး အာမခံ တွေထားလေ့ရှိကြပါတယ်။

ကိုယ့်ကြောင့်တယောက်ယောက် ထိခိုက်မှုရှိခဲ့ရင် လျှော်ပေးဖို့ 
ထားကြတဲ့ အာမခံများ (Haftpflichtversicherung)၊
အဲ့ဒီမှာလည်း ကိုယ့်ကြောင့်၊ ကိုယ့်ကားကြောင့်၊ ကိုယ့် မွေးထားတဲ့
တိရိစ္ဆာန်ကြောင့်၊ ကိုယ့်ကြောင့် အလုပ်ထဲမှာ တခုခုဖြစ်ခဲ့ရင်၊
စတဲ့ အာမခံမျာ။ (လူတိုင်းထားကြပါတယ်။)

မတော်တဆဖြစ်မှုအတွက်အာမခံများ၊( လူတိုင်းထားကြပါတယ်)
အလုပ်မှာဆို အလုပ်ရှင်က (၁၀၀%) ထားပေးရပါတယ်။
မူကြို ကလေးတွေ၊ကျောင်းသားတွေလည်း ကျောင်းမှာထားရပါတယ်။
တနေရာရာမှာ ဘာပဲလုပ်လုပ် အဲ့ဒီအာမခံကိုထားကြပါတယ်။

ခရီးတခုထွက်မယ်ဆိုရင်လည်း ထားလိုက်ကြတဲ့အာမခံတွေ
မနဲပါဘူး။ လက်မှတ်ဝယ်ပြီးမှ မသွားဖြစ်ရင်၊ ခရီးသွားရင်း နေမကောင်း
ဖြစ်ခဲ့ရင်၊ ခရီးသွားရင်း မတော်တဆ ထိခိုက်မှုရှိခဲ့ရင်၊
ခရီးဆောင်အိတ်များပျောက်ခဲ့ရင်၊ ခရီးစဉ်မှာ ကိုယ့်ကြောင့် တယောက်ယောက်
ထိခိုက်ခဲ့ရင်...စသဖြင့် အာမခံအမျိုးမျိုးရှိပြန်တယ်။

အလုပ်လုပ်နေရာက အကြောင်းတခုကြောင့် မိမိ
အသက်မွေးမှုလုပ်ငန်းကို ဆက်မလုပ်နိုင်ရင်လည်း အာမခံထားကြပြန်တယ်။

အသက်ကြီးရင် ၊ ဒါမှမဟုတ် အကြောင်းတခုကြောင့် လိုအပ်ရင်
ပြုစုစောင့်ရှောက်ပေးဖို့ လည်း အာမခံထားကြပါတယ်။
(လူတိုင်းထားကြပါတယ်)

အလုပ်လက်မဲ့ အာမခံလည်း အလုပ်လုပ်တဲ့သူတိုင်းထားကြပါတယ်။

ဥပဒေနဲ့ ပတ်သက်လို့  မိမိ အခွင့်အရေးအတွက် အာမခံလည်းထားကြတယ်။
အဲ့ဒီမှာလည်း အမျိုးမျိုးခွဲထားပြန်တယ်။ အလုပ်ခွင်နဲ့ ပတ်သက်တဲ့
ကိစ္စတွေအတွက်၊ နေအိမ်ကိစ္စတွေအတွက်... စသဖြင့် အမျိုးပေါင်းများစွာ
ရှိပါတယ်။ သာမန် Rechtsschutzversicherung ကိုတော့ လူတော်တော်
များများထားလေ့ရှိပါတယ်။ ကိုယ့်ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေအတွက်
ရှေ့နေနဲ့ တိုင်ပင်လို့ ရတာပေါ့လေ။

ဒါတွေကတော့ ဒီမှာ ကျမသိသလောက် ဂျာမနီမှာရှိတဲ့
အာမခံတွေအကြောင်းရေးထားတာပါ။ လိုတာတွေလည်းရှိပါလိမ့်မယ်။
အာမခံမရှိရင် စိုးရိမ်မှုရှိတတ်ကြတယ် သူတို့ အကြောင်းလေးကို
သိသလောက်ပြောပြတာပါ။

Sunday 9 May 2010

ကျမ နဲ့ ကြက်သွန်ဖြူ


ကျမက ကြက်သွန်ဖြူအလွန်ကြိုက်ပါတယ်။
အထူးသဖြင့်ထမင်းသုပ်၊ အသုပ်စုံ၊
ငါးထမင်းချဉ်တို့ နဲ့ ဆိုရင် ကြက်သွန်ဖြူ
ပါမှ အရာသာပြည့်စုံတယ်လို့ ထင်ပါတယ်။
ဒီမှာဝယ်လို့ ရတဲ့ ကြက်သွန်ဖြူက အမွှာ ကြီး
တဲ့ အမျိုးပါ။ မြန်မာပြည်က
ဥတစ်လုံး လေးတွေလို တော့ မကောင်းပါဘူး။ စပ်လည်းစပ်၊
ပိုလည်းအနံ့ ပြင်းပါတယ်။ ဒါပေမဲ့ ကျမက တော့ ကြိုက်ပါတယ်။

အိမ်မှာ ကြက်သွန်ဖြူအမြဲရှိသလို၊ ကြက်သွန်ဖြူဆီချက်လည်း
အမြဲလိုလိုရှိပါတယ်။ ချက်တဲ့ဟင်းတိုင်းမှာ လည်း ကြက်သွန်ဖြူ
ပါမှပါ။

Thomasကတော့ တော်ရုံတန်ရုံ အနံလောက်ကို ခံနိုင်ရည်ရှိနေပါပြီ။
ဒါတောင်ကျမ ကြက်သွန်ဖြူစားထားရင် ကြက်သွန်ဖြူတွေစားထားပြန်ပြီ
လားလို့ မေးလေ့ရှိပါတယ်။ ကျမကလည်း အနံ ဒီလောက်ဆိုးမယ်မထင်တော့
ပုံမှန်ပဲ ဟုတ်တယ်ပေါ့။

တနေ့ မိတ်ဆွေတယောက်အိမ်သွားလည်တော့ ထုံးစံအတိုင်း
နှုတ်ဆက် အနမ်းတွေပေးကြရင်း သူမက နင် ကြက်သွန်ဖြူတွေ
စားလာသလားလို့ ဟန်မဆောင်နိုင်ပဲမေးရှာ( ပြောရှာ) ပါတယ်။
အဲ့ဒီတော့မှ ကျမလည်း ကြက်သွန်ဖြူအနံ့ ကို သတိထားလာမိပြီး
ရှိုးတိုးရှန်းတန်း ဖြစ်သွားတယ်။
အိမ်ရောက်လို့  Thomas ကိုပြောပြတော့... ဟုတ်တယ်။ သူလည်း
ကြက်သွန်ဖြူအနံ့ ကို တော်တော်မကြိုက်တာတဲ့။
အစပိုင်းတုန်းက ဒါဘာအနံ့ မှန်း မသိဘူးဆိုပဲ။ ကျမဆီက အမြဲတမ်း
ဒီအနံ့ သာရနေရင်....ဒုက္ခ လို့ တောင်တွေးမိဖူးသတဲ့။

အဲ့ဒီနေ့ ကစပြီး ကျမလည်း ကျမကြိုက်တဲ့ ကြက်သွန်ဖြူကို တဖြေးဖြေး
စွန့် လွှတ်ခဲ့ရတယ်။ စားချင်လွန်းရင် သောကြာနေ့ အလုပ်ကပြန်လာရင်
စားဖြစ်တယ်။ ဟင်းချိုထဲမှာ အမွှာလိုက်ထဲ့ပြုပ်ပြီးစားတယ်။ အစိမ်းလိုက်
စားဖို့ တော့ အလုပ်မရှိတဲ့ရက်တွေ၊ အပြင်သွားစရာမရှိတဲ့ရက်တွေမှာပဲ
စားဖြစ်တော့ပါတယ်။

တခါကလည်း ရန်ကုန်ကလာလည်တဲ့ မိတ်ဆွေ တယောက်က သူ တည်းတဲ့
အိမ်မှာ ကြက်သွန်ဖြူမစားရလို့ ၊ ကျမအိမ်ရောက်တာနဲ့ လက်ဖက်သုပ်နဲ့ 
အပြတ်စားထဲ့လိုက်တာ။ နောက်နေ့ သူ့ အိမ်ကလာခေါ်တော့ ကျမတို့ ဆီ
ကကြက်သွန်ဖြူနံ့ တွေ ဟောင်ဟောင်ထနေတာနဲ့ သူ့ အိမ်ရှင်တွေ
စိတ်ပျက်သွားဖူးတယ်။

ပြီးခဲ့တဲ့  တပတ်က လူတယောက် ကျမတို့ ဆီမှာ လာကူလုပ်ပေးနေတဲ့ နေ့ 
ပေါ့။ အလုပ်မှာ ဆရာဝန်က တံခါးမကြီးကို ဖွင့်ထားတယ်။
ကျမက သူ ပိတ်ဖို့ မေ့သွားလို့ ထင်ပြီးပြန်ပိတ်။ သူကပြန်ဖွင့်နဲ့ ။
နောက်တော့ကျမဆီလာပြီး အဲ့ဒီလူက ကြက်သွန်ဖြူတွေစားလာတယ်တဲ့၊
အနံ့ တွေနံနေလို့ သူက တံခါးကိုဖွင့်ထားတာတဲ့။

သြော်...တော်ပါသေးရဲ့ ကျမကြက်သွန်ဖြူမစားတော့တာ ကြာပြီမို့ လို့ ။
တော်ကြာ ကိုယ့်ဆီကများလားလို့  ...စိတ်မလုံဖြစ်နေမိအုံးမှာ။
ဒါကြောင့် ဂျာမနီမှာပြောလေ့ရှိတာက Knoblauch macht einsam တဲ့။
ကြက်သွန်ဖြူက အထီကျန်စေတယ်တဲ့။
သူတို့ တွေလည်း ကြက်သွန်ဖြူပါတဲ့ အစားအစာတွေ စားကြတာပါပဲ။
သူတို့ လည်းကျမလိုပဲ ကြုံဖူးကြမှာပါပဲလေ။

ကြက်သွန်ဖြူစားပြီးရင် နွားနို့ သောက်ရတယ်။ ပန်းသီးစားရတယ်။
သွားတိုက်။ ပီကေ၀ါး၊ ဆန်ဝါး၊ ထန်းလျှက်စား.... စုံနေအောင်
ကြိုးစားဖူးပေမဲ့ ကျမစားတာပဲ များနေလို့ လား၊ ကြက်သွန်ဖြူကပဲ
အနံ့ ပြင်းနေလားမသိ။ အခုတော့ ကြက်သွန်ဖြူနဲ့  ခပ်ဝေးဝေးနေ
နေရတာကြာနေပြီ။

အမေနေ့ 

ဒီနေ့ အမေနေ့ တဲ့
အမှတ်တရ စကားလှလှပြောဖို့ ၊
အမေ့ဆီ ဖုန်းခေါ်ပေမဲ့၊
ဖုန်းလိုင်း မကောင်းတာလား၊
ပျက်နေတာလား ...မသိ ခေါ်၍မရပါ။

အမေကတော့ ဒီနေ့ ကို အထူးတလည်
အမေနေ့ မှန်း သိမှာမဟုတ်လို့ 
ကျမဖုန်းကို မျှော်နေမှာတော့မဟုတ်ပါ...လို့ 
စိတ်ဖြေတွေးရင်.....
ကျမ အတွက် နေ့ ရက်တိုင်းဟာ
အမေနေ့ တွေပါ...နော် ... အမေ။

Tuesday 4 May 2010

ကောင်းမှုမှတ်တမ်း


ပြီးခဲ့တဲ့ (၃) ပတ်ကတော့ Blog
တွေနဲ့ ကင်းကွာနေရတယ်။
Internet ကိုတော့နေ့ တိုင်း
လိုလိုကြည့်ဖြစ်ပေမဲ့ Post တွေကို
သေသေချာချာမဖတ်နိုင်ခဲ့ဘူး။
စိတ်ထဲမှာ တော့ သူငယ်ချင်းတွေ
ကိုသတိရနေပါတယ်။ ဒီနေ့ တော့ အလည်ရောက်နေတဲ့ ဦးဇင်းလည်း
အိန္ဒိယကိုပြန်တော့ ကျမလည်း ပုံမှန် လည်ပတ်နေကြ အတိုင်း ပြန်လည်ပတ်
လာနိုင်ပါပြီ။

ပြီးခဲ့တဲ့ (၃)ပတ်မှာတော့ ကျမတို့  အတွက်အမှတ်တရ၊ စိတ်ချမ်းသာစရာ
အတွေ့ အကြုံတွေ၊ မိတ်ဆွေသစ်၊မိတ်ဆွေဟောင်းတွေဆုံပြီး ကောင်းမှု
ကုသိုလ်တွေလုပ်ကြနဲ့ မမေ့နိုင်တဲ့ အရာတွေ အများကြီးရခဲ့ပါတယ်။

အမြဲတမ်း အေးအေးဆေးဆေးလုပ်ရတဲ့ ကျမအလုပ်ကလည်း
ဦးဇင်းရောက်တဲ့နေ့ ကစပြီး Project အသစ်တွေစရတော့ မနက်ဆို
၇ နာရီကတည်းကအိမ်ကထွက်ရတယ်။ နေ့ လည်တော့ ၁ နာရီခွဲ၊
၂ နာရီဆိုအိမ်ပြန်ရောက်လို့ တော်ပါသေးရဲ့ ။

အိမ်ပြန်ရောက် ထမင်းစားပြီးတာနဲ့ နောက်နေ့ အတွက် အာရုံဆွမ်းနဲ့ 
နေ့ ဆွမ်းအတွက်ပြင်ဆင်ချက်ပြုပ်ရတယ်။ ချက်ဖြစ်တာတွေကတော့
ထွေထွေထူးထူးမရှိပါဘူး။ အာရုံဆိုရင် ထမင်းနဲ့ ပဲပြုပ်ကြော်၊ ထမင်းနဲ့ 
ကြက်ဥကြော်၊ ကြာဇံကြော် ( စုဘူးရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေ
ကြော်တတ်နေပြီ)၊ အုန်းနို့ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊မုန့် ဟင်ခါး၊
ပဲပြုပ်နံပြား...စတာတွေကပ်ဖြစ်ပါတယ်။ အာရုံဆွမ်းကို မနက် ၆
နာရီမှာကပ်ပြီး ၆နာရီ၄၅ မှာ ဘုရားရှိခိုး၊တရားထိုင်ကြပါတယ်။
မနက်တိုင်း ဘုရားရှိခိုးသံ၊ တရားသံတွေ ကြားရတော့ ကြည်နူးရပါတယ်။
ဒီမှာမကြားရတာကြာပြီပဲလေ။


နေ့ ဆွမ်းကိုတော့ ဦးသောမတ်က ပဲကပ်ရတာများပါတယ်။ ကျမက
အလုပ်မသွားခင် ပြင်ဆင်ပေးခဲ့ပြီး၊ သူကနွှေး ပြီး ကပ်ပါတယ်။
ပထမ တပတ်တော့ မြန်မာဟင်းတွေချက်ဖြစ်ပြီး၊နောက်တော့ ဂျာမန်ဟင်တွေ
ကပ်ကြည့်တယ်။ ဘုန်းပေးလို့ အဆင်ပြေတယ်တဲ့။ ဒါနဲ့ မြန်မာဟင်းနဲ့ ဂျာမန်ဟင်း
ပြောင်းလဲပြီးကပ်ဖြစ်ပါတယ်။
စနေ၊တနင်္ဂနွေ နေ့ တွေမှာတော့ စိတ်တိုင်းကြချက်လို၊့ ကပ်လို့ 
ရပါတယ်။ ဒါတောင် ကျမတို့ ခရီးထွက်ဖြစ်၊ မိတ်ဆွေတွေက ဦးဇင်း
ကိုပင့်ထားလို့ သွားကြနဲ့  .....ကျမတို့ လည်း ဦးဇင်းကိုလိုက်ပို့ ပေးရလို့ ဝမ်း
သာကြရပါတယ်။


သူငယ်ချင်းများ၊မိတ်ဆွေများဖြစ်တဲ့ Duisburg က မမ၊ Stuttgart
နဲ့  Karlsruhe က မောင်နှမများ၊
Freiburg က အန်တီနဲ့ ညီမ၊
Nancy ကမိတ်ဆွေ၊
Berlin က သူငယ်ချင်းများ၊
ဂျာမနီက ဂျာမန်
ဓမ္မမိတ်ဆွေများ
အားလုံးကို
အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်။






ဦးဇင်းနဲ့ ကပ်ပြီး
ဟင်းကောင်းတွေလည်း
စားရတယ်၊ တရားလည်း
နာရတယ်၊ သီလလည်းစောင့်၊
အမျှဝေကုသိုလ်
တွေပြုကြရတယ်။




München ကဘုန်းကြီးကျောင်း (http://bodhi-vihara.org)
ကိုတော့ ကျမ မလိုက်ဖြစ်ခဲ့ပါဘူး။ ကဆုန်လပြည့်နေ့ မှာလုပ်တဲ့
ပါတိမောက္ခ ပွဲကိုတော့ဦးဇင်းနဲ့ ဦးသောမတ်စ်ပဲသွားဖြစ်ခဲ့တယ်။
အဲ့ဒီကျောင်းမှာ မြန်မာဘုန်းကြီး
တစ်ပါးနဲ့ ဂျာမန်ဘုန်းကြီးတစ်ပါးရှိပါတယ်။








ဆွစ်ဇာလန် က ထိုင်းဘုန်းကြီး
ကျောင်းကိုလည်း ကျမ မလိုက်ဖြစ်ခဲ့ဘူး။
အရင်တုန်းကတော့ တခါရောက်ဖူးပါတယ်။










ညနေတိုင်း တရားနာရတာလည်းကြည်နူးစရာကောင်းပါတယ်။ သိချင်တာတွေ
မေး၊ ဆွေးနွေးကြနဲ့  အချိန်ကုန်မှန်းတောင်မသိရဘူး။ ဒီနေ့ မနက်တော့
အာရုံဆွမ်းစားပြီးတာနဲ့  သီလယူ၊ ပရိတ်တရားနာ၊ ရေစက်ချ၊အမျှဝေကြပါတယ်။
တရားဓမ္မနဲ့ ဝေနေတဲ့ နေရာ၊ သံဃာနဲ့ ဝေနေတဲ့နေရာမှာ အခုလို ကုသိုလ်ပြုခွင့်
ရလို့ တွေးမိတိုင်းပီတိဖြစ်ရမှာပါ။
ဒီလိုအခွင့်အရေးမျိုးရအောင် စီစဉ်ပေးတဲ့ ဦးသောမတ်စ် ကိုလည်း
ကျေးဇူးတင်ပါတယ်။ အဝေးကနေလာရောက်တဲ့ ဦးဇင်းကိုလည်း
ကျေးဇူးတင်ပါတယ်။အစစ အရာရာ အဆင်ပြေအောင် အကူအညီ
ပေးကြတယ် မိတ်ဆွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

ကျမရရှိခဲ့သော ကုသိုလ်များကိုလည်း အမျှပေးဝေ ပါတယ်။