ကျမငယ်ငယ်က အမေကို အဖေဘယ်မှာလဲလို့ မေးခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။
အဲ့ဒီတုန်းက အမေက သမီးအဖေ သေသွားပြီလို့ ဖြေခဲ့တယ်။
ကျမ ၅နှစ်အရွယ် တီချယ် ဒေါ်ယဉ်ဝိုင်းကျောင်းမှာ အမေက အဖေ့ကိုခေါ်လာပြီး
ကျမနဲ့ မိတ်ဆက်ပေးတယ်။ ဒါသမီးအဖေတဲ့။ စိတ်ထဲမှာစိမ်းနေပေမဲ့ ကျမမှာ
သူများကလေးတွေ (ကျမမောင်နှမ၀မ်းကွဲတွေ)လို အဖေရှိတယ်ဆိုလို့ ပျော်လာပါတယ်။
အဖေက နယ်မှာအလုပ်လုပ်နေရလို့ ကျမတို့ သားအမိဆီ(ကျမဆီ) မကြာခဏပဲလာ
လည်နိုင်တယ်လို့ ထင်ခဲ့တာ။ ကိုကြီးတို့ ၊မချိုတို့ အဖေတွေလည်းနယ်မှာပဲတာဝန်ကျနေ
ကြတာဆိုတော့ ကျမအတွက် အထူးတလည်မတွေးတော့ပါဘူး။
ကျမအသက် ၁၃ နှစ်အရွယ် သင်္ကြန်တနေ့ အဖွားတို့ အိမ်မှာ အဖေကို သူ့ ရဲ့ တခြား
မိသားစုနဲ့ အတူတွေ့ လိုက်ရတဲ့အချိန်။ ကျမတိတ်တိတ်လေး ၀မ်းနည်းပြီး၊ ညည
လူမသိအောင်ငိုနေခဲ့တဲ့ အချိန်တွေ.... ကျမဘယ်တော့မှ မမေ့ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ ကျမအနားမှာ အမေလည်းမရှိနေခဲ့ဘူး။ ကျမ တစ်ယောက်ထဲ.....။
အမေ့ဆီပြန်ရောက်တော့ အဖေ့တို့ မိသားစုကိုတွေ့ ခဲ့ကြောင်းပြောပြပြီးနဲ့ နောက်ပိုင်း
အမေ့ကို အဖေ့အကြောင်းမပြောဖြစ်တော့ပါဘူး။ အမေ့ရှေ့မှာ ကျမ စိတ်မကောင်း
ဖြစ်ရတာကို မပြောပြချင်တာပါ။ ကျမရင်ထဲက အဖေနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို
အမေ အခုထိသိမှာမဟုတ်ပါဘူး။
အဲ့ဒီအချိန်ကစပြီး အဖေကျမတို့ ဆီမလာလည်တော့ပါဘူး။ ကျမ ၁၀တန်းအောင်ပြီးတော့
မှတခါပြန်တွေ့ ရတယ်။ ကျမ ဒုတိယနှစ်ရောက်တော့ အဖေ လာလည်တယ်။ နောက်ပိုင်း
အဆင်ပြေသလိုလာတွေ့ ပါတယ်။
အဖေ့ကို ကျမ မပိုင်ဆိုင်ဘူးဆိုတာသိတဲ့နောက်ပိုင်း ပတ်ဝန်းကျင်မှာ အဖေအကြောင်း
လူတွေမေးလာမှာကြောက်လာတယ်။ သူငယ်ချင်းတွေရဲ့ အဖေတွေလို အဖေ့ ကို အနားမှာ
ရှိစေချင်တယ်။ နင့်အဖေရောလို့ လူတွေမေးလာမှာကြောက်တယ်။ မေးလာရင်လည်း
ဘာပြန်ဖြေရမှန်းမသိဘူး။ ဒီလိုနဲ့ ကျမ နှုတ်နည်းလာတယ်။ လူကြားထဲပြောရဆိုရမှာ
ကြောက်လာတယ်။
ကျမကို အမေက သူများတန်းတူ မကြောင့်မကြ ထားပေမဲ့ တခါတလေ အဖေဆိုတဲ့
ကျမတို့ ရှေ့မှာမားမားရပ်ပေးမဲ့ သူကို လိုချင်မိတယ်။ ကျမအားငယ်နေချိန်မှာ အဖေရော
ငါ့ကို သတိမှရရဲ့ လားလို့  စဉ်းစားမိတယ်။ ကျမဘေးမှာအဖေရှိခဲ့ရင်ဆိုတဲ့ အတွေး
မကြာခဏတွေးမိတယ်။
ကျမ ၁၀တန်းအောင်တော့ ဆရာတစ်ယောက်က ကျမ အဖေအကြောင်းမေးလို့ 
သူ့ ကို အမှန်အတိုင်းပထမဆုံးပြောပြဖြစ်တယ်။ သူက ဒါဟာ လူကြီးတွေဖြစ်ကြတဲ့
ကိစ္စ၊ ကျမနဲ့ မဆိုင်ကြောင်း။ ကျမအဖေဟာ၊ ကျမအဖေသာဖြစ်ကြောင်း၊ ပတ်ဝန်း
ကျင်ကိုရင်ဆိုင်ရဲလာအောင်၊သတ္တိရှိလာအောင် အားပေးခဲ့ပါတယ်။ သူ့ ရဲ့ ကျေးဇူး
ကြောင့်ကျမ လူတောထဲပြန်ဝင်ရဲလာတယ်။ အဖေအကြောင်းကိုလည်း သူများတွေ
ကို ပြောပြရဲလာတယ်။
အရွယ်ရောက်လာတာနဲ့ အမျှ တခါတလေ အဖေရဲ့ ဂုဏ်၊ အဖေ့ရဲ့  အရိပ်ဟာ ကျမ
အတွက်လိုအပ်လာပြန်တယ်။ အဲ့ဒီအချိန်တွေမှာ ကျမ၀မ်းနည်းစွာနဲ့ အဖေ့ကို တမ်းတခဲ့
မိဖူးပါတယ်။ အဖေဟာ ကျမအတွက် ရုံးသုံးနာမည်တစ်ခုလို စာရွက်ပေါ်မှာသာရှိခဲ့
တာပါ။
အကောင်းဘက်ကတွေးရင်တော့ ကျမ ကိုယ့်ကိုကိုယ်အားကိုးတတ်လာတယ်။
အိမ်မှာ ယောင်္ကျားလေးအလုပ်ရော၊မိန်းကလေးအလုပ်ရော ကျမတတ်နိုင်သလို
ကြိုးစားလုပ်တတ်လာတယ်။ ငါလုပ်မှဖြစ်မယ်ဆိုတဲ့ အသိရှိလာတယ်။ ဆုံးဖြတ်ရဲ
လာတယ်။
ကျမဂျာမနီကိုရောက်လာတော့ ကျမလိုဘ၀တူကလေးတွေကို အများကြီးတွေ့ ရတယ်။
ဒီမှာက မြန်မာပြည်လိုမဟုတ်ဘူး။ အဖေနဲ့ အမေ အကြောင်းမတိုက်ဆိုင်လို့ ကွဲကြပေ
မဲ့ သားသမီးဟာ မိဘနှစ်ဦးစလုံးနဲ့ တွေ့ ခွင့်၊ဆက်သွယ်ခွင့်ရတယ်။ ကလေးတွေဟာ
အမေနဲ့ နေပေမဲ့ တပတ်တခါအဖေနဲ့ တွေ့ ခွင့်ရှိပါတယ်။ အားလပ်ရက်တွေမှာ အဖေနဲ့ 
ခရီးအတူတူသွားကြလေ့ရှိပါတယ်။ အဖေမှာ သားသမီးကိုထောက်ပံ့ရမဲ့တာဝန်ရှိတယ်။
ဥပဒေ အရကို သတ်မှတ်ထားပါတယ်။ ဒီမှာ အဖေတယောက်ဟာ ကိုယ့်သားသမီး
အပေါ်တာဝန်ကျေပါတယ်။ လူကြီးချင်းပြသနာမှာ ကလေးကိုမထိခိုက်စေပါဘူး။
ကျမတို့ ဆီမှာကတော့ အဖေနဲ့ လက်ရှိနေတဲ့မိသားစုက ကျမလို အတူမနေရတဲ့ ကလေး
ကို အရာမသွင်းချင်ကြပါဘူး။ အဖေ့မှာ ကျမလိုနောက်ကလေးတယောက်ရှိမှန်း လူအသိ
မခံချင်ကြပါဘူး။ နည်းမျိုးစုံနဲ့ ကျမကိုနှောက်ယှက်သလို၊ ကျမနဲ့ အဖေ ပြန်ဆက်သွယ်မှာ
မလိုလားကြပါဘူး။ ပတ်ဝန်းကျင်ကလည်း သူ့ အဖေက နောက်မိသားစုရှိသတဲ့ဆိုတဲ့
ဝေဖန် သလိုအပြောမျိုး ပြောကြသေးတယ်။
အဖေတိုင်းအဖေ့တာဝန်ကိုကျေနိုင်ကြရင်၊ မိဘတိုင်းမိဘတာဝန်ကိုကျေနိုင်ကြရင် ၊
လူတိုင်းကိုယ့်တာဝန်ကိုယ်ကျေကြရင်....ပျော်စရာကောင်းမှာပါ။