Tuesday, 14 November 2023
လူသစ်
နေရာတော်တော်များများမှာ ကျမ လူသစ်တယောက်အဖြစ် ကြုံဖူးပါတယ်။ လူသစ်တယောက်အနေနဲ့ နေရာသစ်မှာ အလုပ်သစ်မှာ အရင်ရှိနေပြီးသားလူတွေကြားမှာ အရာရာကိုလေ့လာရင်း တန်ညှိယူရတဲ့ အချိန်က အရမ်းခက်ခဲပါတယ်။ ကိုယ့်ကိုကိုယ် တခါတလေ ယုံကြည်မှုပျောက်ချင်သလိုလို၊ အဆုံးအဖြတ်ပဲမှားခဲ့ သလိုလို ၊ ထွက်ပြေးချင်သလိုလိုတွေဖြစ်ရပါတယ်။ အလုပ်အသစ် မှာ နဲနဲ အလိုက်သင့်ဖြစ်လာဖို့၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ စရိုက်ဓလေ့ကိုသိလာဖို့ ၃လလောက် အချိန်ပေးရပါတယ်။ အဲ့ဒီ ၃လအတွင်း အခက်အခဲတွေ ကိုကျော်နိုင်အောင် အားတင်းထားရပါတယ်။ ၃လကျော်ရင် တော်တော် အသားကျလာပြီး ၆လဆိုရင်တော့ ကိုယ်‌့ ခြေကိုယ့်လက် လိုပ်နိုင်လာပြီး နေရာသစ်မှာ ပျော်လာပါတယ်။
ကိုယ်ကိုတိုင်လည်း လူသစ် မဟုတ်တော့ဘူးလေ။
အလုပ်မှာ လူသစ်တွေ ခဏခဏရောက်ကြတယ်။ ၃လ မပြည်ခင် ထွက်သွားကြပြန်ရော။ 
အခု ကျမ တော့ လူသစ်တွေကိုတွဲခေါ်ဖို့ ဌာန သစ်ကိုပြောင်းရမယ်။ 
ဆေးရုံတခုထဲဆိုတော့ ကျမအတွက် အထွေအထူးမပြောင်းလဲပါဘူး။
ကျမ အရင်က ကြုံခဲ့ ရတဲ့ လူသစ်အတွေ့အကြုံတွေနဲ့  လူသစ်တွေကို လက်တွဲခေါ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ 
အလုပ်သစ်မှာ လူသစ်တိုင်းပျော်ရွှင်ကြပါစေ။
Sunday, 16 July 2023
ပွဲဖျက်မိုး
 မနေ့ညက ကျမတို့မြို့လေးမှာ တနှစ်တခါကျင်းပတဲ့ မီးထွန်းပွဲရှိပါတယ်။ ပန်းခြံထံမှာ မီးပုံးလေးတွေ နေရာအနှံ့ချိတ်ဆွဲထားသလို။ ပန်းခြံထဲမှာဖြတ်စီးနေတဲ့ ချောင်းလေးထဲက ကျောက်တုန်းတွေပေါ်မှာလည်း မီးအိမ်လေးတွေထွန်း။ တချို့နေရာမှာ ဝါးကျည်တောက် ပေါ်မှာဆီမီးခွက်လေးတွေထွန်းကြတယ်။ ကလေးလူငယ်တွေအတွက် ချားရဟတ်တွေလည်းရှိသလို ၊ စားစရာရောင်းတဲ့ ဈေးဆိုင်တွေလည်းရှိပါတယ်။ စင်တင်ဂီတဖေါ်ဖြေပွဲလည်းပါတော့ ကလေးလူငယ်လူကြီးအားလုံး အကြိုက်တွေ့တဲ့ ပွဲပေါ့။
မနေ့ညနေက ကျမအလုပ်မှာ တာဝန်ကျပါတယ်။ အလုပ်ပြီးရင် ကိုသောမတ်ကလာကြိုပြီး မီးထွန်းပွဲသွားကြမယ်ပေါ့။ လူနာတွေကလည်း ပွဲသွားဖို့ ဆေးတွေစောစောလာယူကြတယ်။ မီးထွန်းပွဲသွားမလား ဆိုတဲ့ မေးခွန်းတွေ ခဏခဏကြားရတယ်။ 
ည ၈နာရီ ၂၀ မိနစ် ကျမ အလုပ်ဆင်း‌လို့ အပြင်လည်းရောက်ရော မိုးစရွာပါလေရော။ ကျမနဲ့ ကိုသောမတ်စ်လည်း ပွဲမသွားတော့ပဲ အိမ်တန်းပြန်ခဲ့ ရတယ်။ ပန်းခြံကိုဖြတ်ပြန်တော့ မီးပုံးတချို့ကို ကားပေါ်ကလှမ်းမြင်လိုက်ပါတယ်။ သီချင်းသံတွေကြား‌လိုက်တယ်။ လူ‌တော်တော်စည်နေပြီ။ ကားရပ်စရာမရှိတော့လို့ အဝေးကြီးအထိ ကားတွေးသွားရပ်ထားတာတွေ့ရတယ်။
ကျမတို့ အိမ်ပြန်ရောက်တော့ မိုးကတဖြေးဖြေးသည်းလားတယ်။ လျှပ်စီးတွေလက်၊ မိုတွေချိန်းနဲ့ နောက်ဆုံးတော့ ကျမတို့ မီးထွန်းပွဲလေး ဖျက်လိုက်ရတယ်။
Friday, 14 July 2023
လူကြုံပစ္စည်း နဲ့ ခရီးသွားခြင်း
 သက်ကြီးလာတာနဲ့ အတူ ခရီးသွားရင် လွတ်လွတ်လပ်လပ်သွားချင်လာတယ်။ ဝန်စည်ဆလယ်၊ အထုတ်အပိုးတွေ ကို တတ်နိုင်သမျှ လျော့ချလာခဲ့တယ်။ ခြေနဲ့ လက်မှာ ဒဏ်ဖြစ်ထားတော့ သယ်ရဆွဲရတာ အဆင်မ‌ ပြေဘူး။ 
မြန်မာပြည်ပြန်ရင်ပိုဆိုးပါတယ်။ သွားရတဲ့ ခရီးက ဝေး။ လေဆိပ်ရောက်ဖို့ ရထားက ၂ဆင့်၊၃ဆင့်လောက်ပြောင်းရသေးတာ။ ရထားအတက်အဆင်း အထုတ်တွေ မ ချရ၊ ဆွဲချရနဲ့။ ဘူတာက‌ နေလေဆိပ်ကောင်တာရာက်ဖို့ အထုတ်တဖက်နဲ့ သွားရတာ မသက်သာလှပါဘူး။
တယောက်ထဲခရီးသွားတော့ပိုဆိုးပါတယ်။ ကူသယ် ေပးမဲ့ သူ မရှိပါ။ ဘေးကလူ သယ်ခိုင်းဖို့ကလည်း သူတို့မှာလည်း သူ့အထုတ်နဲ့သူ။ ရန်ကုန်က တချို့ကမေးသေးရဲ့ ဂျာမနီမှာ ကူလီ မရှိဘူးလားတဲ့။ 
‌အခုနောက်ပိုင်း ခရီးသွားရင် ကျမ ပစ္စည်းပဲ ကျမ သယ်ပါ တော့တယ်။ အားနာပါးနာနဲ့ လူကြုံပစ္စည်းမသယ်ပေး‌ေတာ့ပါဘူး။
အရင်က ငြင်းရမှာ အားနာခဲ့ ဘူးတယ်။ ဒါလေးထည့် ‌‌ ပေးချင်လို့ပါဆိုပြီး ရောက်လာတာ့ ဒါလေးတင်မက အပိုတွေကပါလာပြန်ရော။ ကိုယ်က အားနာလို့ သယ်သွားပေး။ ရန်ကုန်ရာက် တော့ လူကြုံပေးတဲ့ ပစ္စည်းတွေ လိုက်ပို့ရပြန်။ အိမ်မှာလာယူမယ် ဆိုပြန်တာ့ လူခွဲမရှိတဲ့ ကျမ ဘယ်မှမသွားနိုင်ပဲထိုင် စောင့်။ ကားပိတ်လို့ ၊ ဘာဖြစ်လို့ဆိုပြီး ချိန်းထားတဲ့ အချိန်ကျော်မှ ရောက်လာ တော့ ကျမအစီအစဉ်တွေ ဖျက်လိုက်ရပြန်ရော။ လူကြုံပစ္စည်း လာယူရင်းနဲ့ ဂျာမနီကို လူကြုံပြန်ထည့် ပေးကြပြန် ရော။ တဖက်လူ သယ်နိုင် မသယ်နိုင်မသိ မမေး တော့ပဲ ပေါ့ပေါ့လေးပါဆိုပြီး ထားခဲ့။ 
တကယ်ပြန်တော့ ကျမ လိုချင်လို့ဝယ်ထားတဲ့ပစ္စည်းတချို့ ချန်ထားခဲ့ပြီး လူကြုံပစ္စည်းတော့ ရအောင်သယ်လာပေးခဲ့တာ အ‌ခေါက်တိုင်းပါ။
နောက်ပိုင်း တော့ မသယ်နိုင်ကြောင်းပွင့်ပ္င့်လင်းလင်း ေပြာ ပြီးငြင်းပါတယ်။ ကျမအတွက်လည်းလက် ‌‌ေဆာင်မလိုသလို ထမင်းဖိတ် ကျွေး စရာ မလို သလို၊ လူကြုံလည်း မသယ်နိုင်တော့ပါဘူး။ 
ကျမကိုလူကြုံထည့်ပေးသူ ‌တွေ မြန်မာပြည်ပြန်ရင် သိတောင်မသိလိုက်ရဘူး။ တချို့ကျတော့ အမက ခဏခဏပြန် နေ ‌တော့ မှာစရာ ရှိမှာ မဟုတ်ဘူးမလားတဲ့။ကျမလည်းတခါမှ မမှာခဲ့ပါဘူး။
ခရီးကဝေး ပို့ရတာ မလွယ် တော့ လူကြုံနဲ့ ထည့်ပေးချင်တာနားလည်ပါတယ်။ ကျမလည်း ကိုယ့် အတိုင်းအတာနဲ့ပဲ သယ်နိုင်ပါတယ်။ အသွားအပြန်လူကြုံ ပစ္စည်းသယ်ဖို့ ခရီးထွက်ခြင်းမဟုတ်ပါ။ ကီလိုဘယ်လောက်ပဲရရ၊ ကျမသယ်နိုင်သ လောက် ပေါ့ပေါ့ပါးပါးနဲ့ ပဲ ခရီးသွားချင်ပါတယ်။ 
Shinlay
Thursday, 19 July 2018
အပြောင်းအလဲ
ကျမ ဂျာမနီရောက်နေတာအနှစ် ၂၀ခန့် ရှိပါပြီ။ ဘာလိုလိုနဲ့  ဂျာမနီက ကျမအတွက် ဒုတိယ အိမ်ဆိုလည်း မမှာပါဘူး။ ဒါပေမဲ့ ကျမ အတွက် အပြောင်းအလည်း လိုအပ်လာပြီ။ အဝေးကနေ လွမ်းနေရတဲ့ မြန်မာပြည် ကို ပြန်နေကြည့်ချင်တယ်။ မြန်မာဓလေ့ကိုပြန်ခံစားကြည့်ချင်တယ်။ ကျမမေမေ ဆုံးသွားလို့ တလ မပြည့်ခင် ကျမမြန်မာပြည်ပြန်နေဖို့  အခွင့်အရေးတခုရခဲ့တယ်။ ကျမ ပြန်နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျမ ပျော်သလောက်၊ကျမ နေနိုင်သလောက်တော့ မြန်မာပြည်မှာ ပြန်နေကြည့်ချင်ပါတယ်။
ကျမ အတွက် ဘာတွေပေးဆပ်ရမယ်။ ဘာတွေ အကျိုးရှိလာမယ်ဆိုတာ ကျမတွက်ကြည့်ပါတယ်။
နောက်ဆုံးတော့ ကျမ လုပ်ချင်တဲ့ ဆန္ဒကို ဦးစားပေးလိုက်ပါတယ်။
ကျမ ဘာတွေရင်ဆိုင် ရမယ်ဆိုတာ မသိသေးပေမဲ့ ကိုယ့်တိုင်းပြည်မှာ ဆိုတော့ ကျမ အဆင်ပြေမှာပါ။
Saturday, 3 June 2017
လူသစ်
နေရာတနေရာမှာ လူသစ်တစ်ယောက်အဖြစ် စရတာ မလွယ်ဘူး ဆိုတာသိပေမဲ့ အခု အသက်ကြီး လာတော့ ပိုခက်မှန်းသိလာတယ်။
ကျမ ဂျာမနီကို စရောက်တော့ အသက် ၃၀။ ဘ၀ ကို အစကပြန်စခဲ့ရတယ်။ ပတ်ဝန်းကျင် အသစ်၊ မိတ်ဆွေ
အသစ်၊ စကားအသစ်၊ ပညာရပ်အသစ် တွေကို သင်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျမတက်ကြွပြီး ကောင်းကောင်း ကျော်လွှားနိုင်ခဲ့တယ်။ ခက်ခဲတာသိပေမဲ့ အားအင်တွေရှိနေခဲ့တယ်။
အခု အသက် ၄၉ နှစ်နားနီးမှ အလုပ်အသစ်တစ်ခုပြောင်းတာတော်တော် ခက်ခဲပင်ပန်းတာ သိသာလာတယ်။ ဒါတောင် ကျမ ကျွှမ်းကျင်တဲ့အလုပ်၊ ကျမ ဘာလုပ်နိုင်တယ်ဆိုတာ သိပြီးသားအလုပ်ရှင်၊
ပထမ ၃ပတ်ကတော့ ကျမ တော်တော် စိတ်ညစ်ရတဲ့ အချိန်ပါ။ အလုပ်ပြောင်တာမှားပြီလားမသိဘူး လို့ 
မကြာခဏတွေးဖြစ်ခဲ့ပါတယ်။ ကလေးတွေ ကျောင်းမသွားချင်သလို ကျမလည်း အလုပ်မသွားချင်ခဲ့ဘူး။
အလုပ်က လုပ်ဖေါ် ကိုင်ဖက်တွေက အလွန်သဘောကောင်းကြပါတယ်။
 အရင်အလုပ်က လူ၅ယောက်၆ယောက်ပဲရှိပြီး ၊အလုပ်အသစ်မှာ ကျမတို့ ဌာနမှာတင် ၂၇ ယောက်၊
ဆေးရုံဝန်းကကျယ်၊လမ်းတွေပျောက်၊  အလုပ်စတဲ့နေ့ မှာ အခန်းတွေမှတ်နေရတာကို က မလွယ်ကူခဲ့ပါ။ အိမ်သာတောင် ရှာမတွေ့ ခဲ့ပါဘူး။ အဆောက်အဦးက ရှည်တော့ လမ်းတော်တော်လျှောက်ရတယ်။ အိမ်ပြန်ရောက်ရင် ခြေထောက်တော့တော်တော်နာနေပြီ။
အလုပ်က ဆရာဝန်နာမယ်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ နာမယ်တွေ မှတ်ရတာကလည်း ခေါင်းခြောက်
စေပါတယ်။
ကိုယ်ကျင့်သားရနေတဲ့စနစ်ကို မေ့ထားပြီး အလုပ်အသစ်ရဲ့ လုပ်ပုံကိုင်ပုံစနစ်ကို လေ့လာရတာကလည်း
မလွယ်ပါဘူး။ အလုပ်အဟောင်းနဲ့ အလုပ်အသစ်အကူးမှာ နားရက်မရှိပဲ ချက်ချင်းတန်းဝင်ရတော့ ပိုဆိုးးတယ်။
သုံးရတဲ့ စက်တွေက အသစ်၊ ကွန်ပျူတာစနစ်က အသစ်၊ စက်တွေကလုပ်ရင်းအဆင်မပြေတော့ ပို ခေါင်းကိုက်ရပြန်တယ်။ လူတကာကို လှမ်း အကူအညီတောင်း။
ဒီလိုနဲ့ ချာလည်ရိုက်နေတာ ၄ပတ်ရောက်တော့ အထာတော်တော်ပေါက်လာတယ်။
တဖြေးဖြေးနဲ့  ပရိုဂရမ်တွေ သိလာလေလေ၊ အလုပ်သွားရတာပျော်လာပါတယ်။အလုပ်ကပြန်လာရင်လည်း
ကျမ လုပ်ခဲ့တာတွေအတွက် ကျေနပ်ပျော်ရွှင်နေတယ်။
အခု ကျမ အလုပ်အသစ်မှာ ၂ လ ရှိသွားပြီ။ ကျမလည်း ကျမတာဝန်ယူရတဲ့ နေရာ ၂ခုမှာ အားလုံးနီးပါး
သိလာပြီ။ အလုပ်သွားရတာလည်း ပျော်လာသလို၊ အလုပ်ကပြန်လာရင်လည်း ကျေနပ်နေတတ်ပြီ။
 လုပ်ဖေါ်ကိုင်ဖက်တွေကလည်း ကျမကို သူတို့ အလုပ်ရဲ့ အဆိုးအကောင်းကို ရင်ဖွင့်လာ ကြပြီ။
ကျမလည်း လူသစ်ဆိုတဲ့ အသိ ပျောက်စပြုလာပြီ။
ဒီ၂လအတွင်းကျမကိုယ်ကျမ သတိထားလိုက်မိတာက လူသစ်တစ်ယောက်ဖြစ်ဖို့ ကျမ အသက်ကြီးသွား
ပြီဆိုတာပါပဲ။ အခုလောလောဆယ်တော့ ဘယ်နေရာသစ်ကိုမှ မပြောင်းချင်တော့ပါဘူး။
Sunday, 3 April 2016
ကျမရဲ့ စက်ဘီးအကြောင်း
မနေ့ က ကျမဈေးသွားတော့ စူပါမတ်မှာ စက်ဘီးတွေရောင်းနေတာတွေ့ တယ်။ စက်ဘီးကိုမြင်မြင်
ချင်းသဘောကျသွားပါတယ်။ အိမ်ရောက်တာနဲ့ ကိုသောမတ်စ်ကိုပြောတော့ သူက ချက်ချင်းပဲ
သွားဝယ်မယ်ဆို ပြီးဝယ်ဖြစ်သွားပါတယ်။
စက်ဘီးက အိမ်ရောက်မှ ခြေနင်းပြန်တတ်၊ လက်ကိုင်ပြန်တည့်စတာတွေ ကိုယ်ဘာသာကိုယ် ပြန်လုပ်ရပါတယ်။ ကျမတို့ ကလည်း စက်တွေဘာတွေ တတ်တာဖြုတ်တာ
ကျွမ်းကျင်တော့ တော်တော်လေးချွေးပြန်သွားပေမဲ့ ခြေနင်းတောင် မတတ်နိုင်ခဲ့ပါဘူး။
ဒါနဲ့  မြို့ ထဲကစက်ဘီးဆိုင်ကို တွန်းပြီးယူသွားကြပါတယ်။ ကျမတို့ မြို့ မှာ ရှိတဲ့ တစ်ဆိုင်ထဲသော စက်ဘီးဆိုင်ကသူတို့ ဆိုင်က ၀ယ်တာမဟုတ်လို့ မပြင်ပေး( မဆင်ပေး)ပါဘူးတဲ့.။ ဒါနဲ့ အနားက မြို့ မှာ ရှိတဲ့ အသိဆိုင် ကိုသွားမယ်ဆိုပြီး ဘူတာရုံ ရောက်တော့ ဒီနေ့  ရထားလမ်းတွေပြင်နေလို့  ရထားမထွက်ပါတဲ့။
မောပြန်ရော။ ဒါနဲ့ အိမ်ရောက်တော့ ကားနဲ့ သယ်သွားမယ်လို့ ကြည့်လိုက်တော့ ကားနဲ့ က မဆန့် ပြန်
ဘူး။ မောပြန်ပြီ။
ကျမလည်း ဇွဲမလျှော့ ပဲ ဂူဂယ်ကို ဖွင့်ကြည့် တော့ နဲနဲ သိလာပါတယ်။ ဒါနဲ့ ပဲနောက်ဆုံးတော့
အဆင်ပြေသွားပြီး အစမ်းမောင်းကြည့် တာလည်းအဆင်ပြေတာနဲ့ ကျမ ပျော်သွားတာပေါ့။
ဒီနေ့ တော့ ကျမတို့ စက်ဘီးစီးထွက်ကြပါတယ်။ မြို့ တမြို့ ရောက်တော့ ပွဲလုပ်နေတာနဲ့  ဆိုင်တွေ
ဖွင့်တာနဲ့ ကြုံရော။ အဲ့ဒီအချိန်မှာပဲ့ ကျမ စက်ဘီးလက်ကိုင်က ချော်သွားတာနဲ့ အနားရှိတဲ့
စက်ဘီးဆိုင်ကို ရောက်သွားပါတယ်။ ဒီနေ့ တော့ကျမ ကံကောင်းသွားပြန်တယ်။
အဲ့ဒီဆိုင်က အလွန်သဘောကောင်းပြီး ကျမ စက်ဘီးလေးကို အခမဲ့ပြင်ပေး၊စစ်ပေးပါတယ်။
ကျမငယ်ငယ်က စက်ဘီးစသင်တော့ ကျမသူငယ်ချင်းရဲ့ သုံးဘီးထောက်စက်ဘီးလေးနဲ့  စသင်ရတာပါ။
သူနဲ့ ကျမအစ်ကိုဝမ်းကွဲက မောင်ဗမာစက်ဘီး ကို တလှည့်စီစီးကြ၊ ကျမက အနောက်ကနေ
သုံးဘီးထောက်ကလေးနဲ့ လိုက်ပေါ့။ ဒီလိုနဲ့ ကျမစက်ဘီးစီးတတ်သွားပါတယ်။ ရန်ကုန်မှာဆိုတော့ လမ်း
ကြားထဲပဲစီးရတော့ ကျွမ်းကျွမ်းကျင်ကျင်တော့ မရှိပါဘူး။
ဂျာမနီရောက်မှ စက်ဘီးစီးထပ်ကျင့် ရင်း ဟိုနားဒီနားစီးဖြစ်ပါတယ်။ကျမ ဂျာမနီမှာ စက်ဘီး ၄စီး
အခိုးခံရတယ်။ ဒီနေ့ တော့ စက်ဘီးခတ်တဲ့သော့ကြီးကြီးဝယ်လာခဲ့ပါတယ်။
Sunday, 2 August 2015
အတွေးနယ်
စိတ်တွေငြိမ်အောင် အာရုံစိုက်ဖို့ ကြိုးစားလိုက်တိုင်း
အတွေးတွေက ဟိုက၀င်လာ၊ဒီကိုရောက်သွား၊
သတိကပ်ပြီး အသိနဲ့ မှတ်ပြန်လည်း
မကြာပါဘူး၊
အတွေးထဲ မှာ စာတွေရေးလိုက်။ပုံတွေဖေါ်လိုက်
ခရီးတွေသွားလိုက်၊ ရန်တွေဖြစ်လိုက်၊
ချစ်လိုက်၊မုန်းလိုက်၊
ဘယ်တော့များမှ အေးချမ်းပါ့မလဲ.... ... ...
Monday, 22 June 2015
အတွေးခရီး
ခရီသွားရတာ ကျမပျော်ပါတယ်။ ခရီးမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ရတာကလည်း ပျော်စရာကောင်းပါတယ်။
ခရီးသွားရက်နီးလာလေလေ ကျမစိတ်လှုပ်ရှားလေလေပေါ့။
အထူးသဖြင့် မြန်မာပြည်ကို ပြန်ရတော့မယ်ဆိုရင်ပိုစိုးပါတယ်။
ကျမတို့ နေတဲ့ နေရာကနေ လေဆိပ်ရှိတဲ့ ဖရန့် ဖွတ် ကို သွား ဖို့ 
အမြန် ရထားစီးရတာက ၂ နာရီကြာ တော့ မနက်အစောကြီး
ကတည်းကအိပ်ရာကထ၊ Freiburg ကို သွားဖို့ ရထားအမီ သွားရပါတယ်။ 
Freiburg ကမှ အမြန်ရထားစီးရမှာ ကို။ ရထားပေါ်ရောက်တာနဲ့  ကျမ 
အတွေးထဲမှာ ပြောမတတ်တဲ့ ခံစားမှုမျိုး အမြဲခံစားရပါတယ်။ ဂျာမနီကိုလွမ်း
သလို လို ၊ မြန်မာပြည် သွားဖို့ ပျှော်သလိုလို၊ လေယာဉ်စီးရမှာ မို့  
စိတ်လှုပ်ရှားသလိုလို… ခံစားမှုမျိုးစုံနဲ့ပေါ့။
လေဆိပ်ရောက်ရင် ကျမရဲ့ အာရုံမှာ ခရီးတလျှောက် အဆင်ပြေဖို့ အတွေးပဲ
ရှိပါတော့တယ်။ လေဆိပ်တွေကို ကျမ ကြိုက်ပါတယ်။ လူမျိုးစုံ၊ အရောင်မျိုးစုံ၊
အားလုံးက တက်ကြွနေကြတယ်။ ဂျာမနီမှာ အင်္ဂလိပ်စကားပြောလိုအရဆုံး
နေရာတစ်ခုလို့ ကျမထင်ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကျမဘေးမှာ
ဘယ်သူထိုင်မလဲ။ သဘောကောင်းပါရဲ့လား၊ စသဖြင့် အတွေးတွေနဲ့ ပေါ့။
လေယာဉ်ပေါ် ကျွေးတာစားပြီးတာနဲ့ ကြိုးစား ပြီးအိပ်ရတယ်။ ဒါမှ ရန်ကုန်ရောက်ရင်
လန်းဆန်းနေအောင်။ အမျိုးတွေနဲ့  စကားတွေအများကြီးပြောနိုင်အောင်၊ 
ကျမရဲ ပိတ်ထားတဲ့ အိမ်ခန်းလေးကိုရှင်းရအောင် အားတွေပြည့်နေဖို့ လိုတယ်လေ။
ဒီလိုနဲ့ လေယာဉ်ဘန်ကောက်ကိုဆိုက်တော့ အာရှရဲ့  အငွေ့ အသက်ကို ရပါတယ်။
ပူနွေးတဲ့လေ၊ အေးနေတဲ့ လေအေးစက်အခန်း၊ ပရုပ်နံ့ သင်းနေတဲ့ လေဆိပ်ရဲ့ အနံ့ ။
ဒါတွေကို တွေ့ ထိမိတာနဲ့ ကျမ အာရှကိုပြန်ရောက်ပြီဆိုတာ သိလိုက်ပါတယ်။
ဘန်ကောက်လေဆိပ် က ဆိုင်တွေက ၀ယ်ချင်စရာ တွေကြီးပါပဲ။ များသောအားဖြင့်
ဘန်ကောက် လေဆိပ်မှာ အချိန်မရှိပါဘူး။ ရန်ကုန်သွားမဲ့ လေယာဉ် ရှိရာ ဂိတ်ကို
ပြေးရပါတယ်။ Departure Gate ကို ရောက်တယ်ဆိုရင်ပဲ မြန်မာအသံတွေ ကြားရပါ
ပြီ။ မြန်မာလူမျိုးတွေကို တွေ့ ရပါပြီ။ ကျမ အမိမြေနဲ့ နီးလာပြီဆိုတဲ့ အသိကြောင့်
ကျမပျော်နေတယ်။
ရန်ကုန်သွားတဲ့လေယာဉ်က ခဏပဲစီးရတယ်။ လာကျွေးတာစားလိုက်၊ လာပေးတဲ့ပုံစံ
 ဖြည့်ရနဲ့ အချိန်က ခဏလေးကုန်သွားပါတယ်။ လေယာဉ် ရန်ကုန်ကို
ရောက်တော့မယ်ဆိုရင် ကျမ လေယာဉ်ပေါ်ကမြင်နေရတဲ့မြင်ကွင်းကိုကြည့်ရင်း
ကျမ ဒီတခေါက် ဘေးမသီရန်မခ ပြန်လာနိုင်ပြီး အမေ့ကိုပြန်တွေ့ ခွင့်ရပြီဆိုတဲ့
အတွေးနဲ့ မျက်ရည် အမြဲကျရပါတယ်။
လေယာဉ်ဆိုက်တာနဲ့  အမြန်ဆုံး လေယာဉ်ပေါ်ကပြေးဆင်းချင်ပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ အချိန်တွေကို အလကားကုန်သွားမှာ ကျမစိုးရိမ်ပါတယ်။
လေဆိပ်ကနေ အိမ်အသွားလမ်းတလျှောက် သွားနေတဲ့ကားတွေ၊ 
လမ်းလျှောက်နေတဲ့သူတွေ၊ အဆောက်အဦးတွေကိုကြည့်ရင်း ကျမ
ရန်ကုန်ကို ရောက်ပြီး၊ လာတော့လည်း ခဏလေးပါလားလို့ တွေးရင်း
ရန်ကုန်ရဲ့ ပြောင်းလဲမှုတွေ ကို ရှာနေမိပါတယ်။
ဒီနှစ် မြန်မာပြည်ပြန်ရတဲ့ ရက်က တစ်လလောက်နောက်ကျတော့ ကျမ
အတွေးထဲက ခရီးစဉ်လေးနဲ့ အလွမ်းပြေ ခရီးနှင်လိုက်ပါတယ်။
မကြာခင်တော့ ကျမ အတွေးထဲက ခရီးစဉ်လေး အကောင်အထည်ပေါ်လာမှာပါ။
Tuesday, 16 June 2015
သူစိမ်းတွေ များနေပြီလား
ဂျာမနီနိုင်ငံမှာ ဒုက္ခသည်အဖြစ်လာရောက်ခိုလှုံဖို့  လျှောက်လွှာတင်လာသူက ၂၀၁၄ 
စာ၇င်းအ၇ ၂ သိန်းကျော်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ လျှောက်လွှာတင်သူပေါင်း 
၎သိန်းကျော်အထိ တက်လာမယ်လို့ ခန့် မှန်းထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်လာကြသူ တွေအတွက် အစိုးရရဲ့ ထောက်ပံ့
ပေးမှုက မနည်းပါဘူး။ အဲ့ဒီသူတွေ က တနေ့ မိမိခြေထောက်ပေါ်ရပ်တည်လာ နိုင်တဲ့ 
အချိန်မှာမိမိ ကို ထောက်ပံ့ ပေးခဲ့တဲ့ အစိုးရနဲ့ တိုင်ပြည် အပေါ် ပြန်တာဝန်ကျေကြ
ပါသလား။
အလုပ် လုပ်နေပေမဲ့ တရားဝင်မလုပ်ပဲ ခိုးလုပ်ပြီး အစိုးရထောက်ပံ့တာ မှီစားနေသူတွေ၊ အလုပ်ချိန် လျှော့ပြပြီး ၀င်ငွေနည်းနေလို့  အစိုးရအထောက်အပံ့ ဆက်တောင်းနေသူတွေ စသဖြင့် တစ်သီးစား၊ နှစ်သီးစား လုပ်စားနေသူတွေ တွေ့ ရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ 
မိမိ နိုင်ငံက နေ ခိုလှုံခွင့်ယူပြီး ရောက်လာ သူ တွေ ကြားထဲ ဒီလိုသတင်းတွေ ကြားတိုင်း ကျမ မိမိ လူမျိုးတွေ အတွက် ရှက်မိပါတယ်။ ဒါကြောင့်လည်း ဂျာမန်တွေ က ဒုက္ခသည်တွေအပေါ် (နိုင်ငံခြားသားတွေအပေါ်) အမြင်မကြည်ကြတာ မဆန်းပါဘူး။ လူတွေကလည်း မိမိ အတွက်ဆို ရသလောက် ယူမယ်ဆိုပြီး ဒီကိုပြေးလာကြတာပဲလေ။ ရတဲ့ အခွင့်အရေးကို ရသလိုယူကြတော့တာပဲ။ 
အခုတလော ဒုက္ခသည်တွေ အီတလီကို အလုံးအရင်းနဲ့ ရောက်လာပြီး အီးယူနိုင်ငံတွေ ကို ဆက်လာဖို့  ကြိုးစားနေကြတာ ကြားနေရပြန်တယ်။ ဆီးရီးယား ကသူတွေကလည်း လာချင်ကြသလို အရှေ့ဥရောပဘက် ကလည်း ၀င်လာချင်ကြတယ်။
ဂျာမန် အစိုးရ ပေါ်လစီအရ လက်ခံမယ်ပြောနေပေမဲ့ ပြည်သူတွေကြားမှာ မကျေနပ်မှုတွေ များလာနေပါတယ်။ တိုင်းပြည်ရဲ့  ထောက်ပံ့နိုင်မှု ဘယ်လောက်အထိရှိနိုင်မလဲ။ တနေ့ ကြ ဒီလူတွေက တိုင်းပြည်ကို တကယ် ပြန်ကြည့်ကြမှာလား။
မိမိ ၀င်ငွေခွန်တွေနဲ့ လိုအပ်နေတဲ့ နေရာတွေမှာ ပြန်ဖြည့်ပေးကြမှာလား။
ဂျာမနီကို ဒုက္ခသည်အဖြစ်လာကြဖို့  မိမိတို့ ဘာသာ နည်းအမျိုးးမျိုးနဲ့ လာကြတာပါ။ မိမိတို့  ရွေးထားတဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အပြစ်ပြော အမုန်းပွား၊ အမြတ်ထုတ်နေလို့  သင့်တော်မယ်မထင်ပါဘူး။ 
 ဒီလိုလူမျိုးတွေတဖြေးဖြေးများလာရင် ဂျာမနီ ရှေ့ရေး မလွယ်ပါ။
လူမှုရေးပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။
ဂျာမနီ ရောက်လာရင် ပိုက်ဆံအများကြီး ရှာလို့ မရပါဘူး။ ဂျာမန်တွေ ကိုယ်တိုင်လည်း ၀င်ငွေအများကြီးမရှိပါဘူး။ ဒါပေမဲ့ ဂျာမနီရဲ့  Social System ကကောင်းတော့ မကြောင့်မကျ
နေရပါတယ်။ နိုင်ငံခြားသားတွေထဲမှာ တကယ် ကြိုးစား လုပ်ကိုင်နေသူတွေလည်း အများကြီးပါ။
တနေ့ က ဗီယက်နမ် မိသားစုနဲ့ တွေ့ ပါတယ်။ ကလေး၂ယောက်ရှိပြီး အလုပ်ကြိုးစားကြပါတယ်။
အမျိုးသမီးဖြစ်သူက ဘာပြောလည်းဆိုတော့ ငါတို့ အစိုးရဆီကအထောက်အပံ့မယူရပဲ နေနိုင်တာကို ဂုဏ်ယူနေတယ်တဲ့။
System ကောင်းတာကို အခွင့်ကောင်းယူပြီး အမြတ် ထုတ်ကြသူတွေ များလာရင်တော့။
Tuesday, 14 April 2015
တူမလေးနဲ့ အတူ
ဂျာမနီရောက်ကတည်းက ဆွေမျိုး အရင်အချာထဲက ပထမဆုံးကျမဆီလာလည်တာက
တူမလေးသူသူပါ။ ကျမ ဂျာမနီကိုထွက်လာတော့သူက ၂နှစ်ခွဲသာသာရှိသေးတယ်။
ကျမတို့ အိမ်လာလည်တိုင်း ကြီးကြီးအိသွား၊ ဒါသမီးအိမ်လို့ ပြောလေ့ရှိတယ်။
ဘယ်ကိုသွားရမှာလဲလို့ မေးတိုင်း သွား သောမတ်စ်ဆီကိုသွားဆိုပြီး ပြောလေ့ရှိတာ
မှတ်မိသေးပါတယ်။ ကျမနဲ့ ကိုသောမတ်စ်တို့ ရန်ကုန်ကို ပထမဆုံးပြန်လာတော့
သူသူလေဆိပ်ကိုလာကြို တယ်။ ကျမက သူသူနဲ့ တွေ့ ရင် ကိုက်စားလိုက်မယ်လို့ 
ပြောဖို့ ကိုသောမတ်စ်ကိုသင်ထားတယ်။ ကိုသောမတစ်ကလည်း လေဆိပ်မှာ ကလေးကို
တွေ့ တာနဲ့  ကိုက်စားပစ်လိုက်မယ်လို့ ပြောတော့ သူသူ့ ခမျာ တလမ်းလုံးငိုရှာတယ်။
ကျမတို့ နောက်နှစ်တွေ ရန်ကုန်ပြန်တိုင် သူသူနဲ့ တွေ့ ကြတယ်။ တနေ့ ရွှေတိဂုံဘုရားသွား
ကြတော့ လပြည့်နေ့ လူတွေများနေတော့ ကိုသောမတ်စ်မှာ သူသူ့ ကို ဂုန်းပိုးပြီး
ဘုရားပတ်ရတယ်။ ပြန်တွေးလိုက်ရင် အမှတ်ရစရာတွေအများကြီးပါ။
အခုတော့ သူသူ က ၁၈ နှစ်တောင်ရှိသွားပြီ။ သူ ၁၈နှစ်မွေးနေ့ ကို ဂျာမနီမှာ လုပ်ဖြစ်တယ်။
သူသူရောက်မလာခင် အများကြီးကြိုတင်ပြင်ဆင်ထားကြတယ်။ သူလာရင် ပျင်းမနေရအောင်၊
သူ့ အတွက် လာရတာအကျိုးရှိအောင် စဉ်းစားပြီးပြင်ဆင်ထားကြတယ်။
သူရောက်လာတော့ ကျမအတွက် တကယ်အဖေါ်ရပါတယ်။ အမျိုးတွေ အကြောင်း၊ မိတ်ဆွေ
တွေ အကြောင်း၊ ဟိုအကြောင်းဒီအကြောင်း ပြောကြတာစုံနေရော။ ရီစရာတွေပြော ရီကြတာ
လည်း ခဏခဏ၊ စားကြတာကလည်း ပြောမနေနဲ့ တော့။ ဟိုဟာချက်စာ.၊ဒီဟာဝယ်စားနဲ့ ။
 ကျမလည်း ကိုယ်အလေးချိန်တိုးလာပြီ။
ကျမတို့ စနေတနင်္ဂနွေနေ့ တွေမှာ ခရီးထွက်ကြဖို့ စီစဉ်ထားတယ်။ ကြားရက်တွေက ကျမ
အလုပ်ရှိနေတော့ သူခမျာပျင်းနေရှာမှာ။ တော်ပါသေးရဲ့ ကျမကနေ့ လည်ဆိုပြန်ရောက်လို့ ။
သူသူကထင်ထားတာထက်လိမ္မာတယ်။ သတ္တိလည်းရှိတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျှော်စွာ
နေတတ်တယ်။ ဒီတပတ်တော့ သူသူ ကျမတို့ မြို့ က ဆေးရုံတစ်ရုံမှာ လေ့လာရေးဆင်းနေ
လေရဲ့ ။ သူပြန်လာရင် တနေ့ တာအတွေ့ အကြုံတွေပြောရင်း ရီကြရတယ်။
ဂျာမနီမှာ ကျမတို့ မိသားစုအပြင် တခြား ဂျာမန် တွေကြား သူ့ ကို အတွေ့ အကြုံရစေချင်တယ်။
သူတို့ တွေဘယ်လို အလုပ်လုပ်ကြတယ်၊ ဘယ်လို  စနစ်တကျလုပ်ကြတယ်၊ဘယ်လိုပင်ပန်းတယ်
စသဖြင့်ဂျာမန်တွေရဲ့ ဓလေ့စရိုက်ကို လေ့လာစေချင်တယ်။
ခဏနေ သူသူပြန်လာတော့မှာ ဆိုတော့ ကျမ ထမင်းပွဲသွားပြင်လိုက်အုံးမယ်နော်။နောက်မှ
ဆက်ရေးပါအုံးမယ်။
Monday, 17 November 2014
လူသစ်၊ နေရာအသစ်
ဒီနေ့  လူတယောက်ကို အလုပ်ကထုတ်လိုက်ရတယ်။ အလုပ်သာခန့် ပေးချင်
တာပါ။ အလုပ်က ထုတ်ရတာ တော့မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်းရေရှည်မှာ
အဆင်ပြေမဲ့အခြေအနေလည်းမရှိတာနဲ့  အစမ်းခန့် ကာလမှာပဲ ထုတ်လိုက်
ရတာ ပိုကောင်းပါတယ်။
လူသစ်တစ်ယောက် အလုပ်သစ်တစ်ခုကိုရောက်လာရင် အစပိုင်းမှာ
အခက်အခဲရှိတတ်ကြပါတယ်။ လက်ရှိ ရှိနေပြီးသား လူဟောင်းတွေနဲ့  ဆက်ဆံ
ရေးပိုင်း အဆင်ပြေအောင် ဘယ်သူက ဘယ်လိုဆိုတာ လေ့လာရပါတယ်။
အထက်က ဆရာဝန် တွေက လူနာတွေကို ဆေးကုတဲ့အခါ သူတို့  ကိုယ်ပိုင်
ပုံစံတွေရှိကြတယ်။ ဆရာဝန် ၃ ယောက်မှာ ဘယ်သူတာဝန်ကျရင်ဘယ်လို
ပြင်ဆင်စီစဉ်ပေးရမယ်ဆိုတာ သိထားရတယ်။
လူအမျိုးမျိုး ပုံစံအမျိုးမျိုးလေ။ လူဟောင်းတွေက နွေးထွေးစွာ ကြိုဆိုပေမဲ့လည်း
လူသစ်က ရောက်ထဲကိုက ငါကဘာဆိုတာစပြနေရင်လည်း လုပ်ငန်းခွင်ဆက်ဆံ
ရေးမှာ မလွယ်ပြန်ဘူး။  ငါကလူသစ်ပေမဲ့ လက်ရှိ လုပ်နေကြပုံစံကို ချက်ချင်း
 ပြောင်းလဲဖို့ ကြိုးစားရင်လည်း လူဟောင်းတွေနဲ့ အဆင်မပြေပြန်ဘူး။
အလုပ်ရဲ့ သဘောသဘာဝကို အချိန်ယူ လေ့လာ၊ပါဝင်လုပ်ကိုင်ပြီးတဲ့အခါမှ
ပြု ပြင်ပြောင်းလဲမှုအတွက် အကြံပြု ပေး ရင် ပိုနည်းလမ်းကျထိရောက်မယ်ထင်ပါတယ်။
အလုပ်သစ်ထဲကိုရောက်လာရင် လေ့လာသင်ယူချင်စိတ်ပါယူလာဖို့ လိုပါတယ်။
ဒါလေးများငါလုပ်ဖူးသားပဲ ဆိုပေမဲ့ ပရိုဂရမ်ကွဲလွဲမှုတွေ၊ နည်းပညာကွဲလွဲမှု
တွေရှိနေသေးတာကို မေ့မထားသင့်ပါဘူး။ ရသမျှအချိန်မှာ ရသလို သင်ယူ
လေ့လာနိုင်မှုကလည်း လူသစ်တယောက်ရဲ့  စွမ်းရည်ဆိုပါတော့။
မသိတာကိုမေး၊ ရှင်းပြတာကို စိတ်ဝင်တစား နဲ့ သင်ယူတယ်ဆိုရင်
အလုပ်ပေးသူအနေနဲ့  လူသစ်ကို အမှတ်ကောင်းကောင်းပေးနေမှာပါ။
မတတ်တဲ့သူကို တတ်အောင်သင်ပေး နိုင်ပေမဲ့ လုပ်ချင်စိတ်
မရှိတဲ့သူ၊ သင်ယူချင်စိတ်မရှိတဲ့သူကိုတော့ လက်တွဲခေါ်ရတာအလွန်
ခက်ပါတယ်။
အလုပ်ချိန်က အလုပ်ချိန်ပဲလို့ ဆိုပေမဲ့ လူသစ်တယောက်အတွက် တခါတလေ
မိမိသင်ယူနိုင်ဖို့ အချိန်ပို ယူရတာတွေကို မတွက်ကပ် သင့်ပါဘူး။ အချိန်ပိုကို
၅ မိနစ် ၁၀မိနစ်ကအစမှတ်ပြီး နားရက်ယူပြစ်လိုက်တော့ ကျန်တဲ့သူတွေ
ကဘာလုပ်ကြမလဲ။ သူ့ အစားပိုလုပ်ရပြန်ရော။
မိမိရဲ့ အလုပ်က ၀န်ဆောင်မှုပေးရတဲ့အလုပ်။ မိမိဆီလာတဲ့သူကို အပြုံးနဲ့ ၊ချိုသာ တဲ့စကားလုံးတွေနဲ့  နွေးထွေးစွာကြိုဆိုရမယ့်အလုပ်။မိမိစိတ်ထင်တိုင်းပြောလို့ 
ဆိုလို့ မရပါ။ အလုပ်သဘောအရ စိတ်ပင်ပန်းမှုအောက်မှာ လုပ်နိုင်ရပါမယ်။
ဒါ့အပြင် ဒီနေရာကတော့ပင်ပန်းတယ်၊ ဟိုနေရာကတော့ သက်သာတယ်ရွေးလို့ မရပါဘူး။
လူတစ်ယောက်တကယ်အလုပ်လုပ်တယ်ဆိုရင် နေရာတိုင်းဟာ ပင်ပန်းတဲ့နေရာတွေ
ပါပဲ။ 
တကယ်တမ်း စိတ်ဝင်တစားလုပ်မယ်ဆိုရင် လူသစ်တယောက်ဟာ ၃လလောက်
ကြာရင် အလုပ်ထဲမှာ နေသားကျလာပါတယ်။ ၆လလောက်ကြာရင်တော့ ကျွမ်းကျင်
လာပါတယ်။ အလုပ်ထဲမှာ ကျွမ်းကျင်မှုရှိလာတာနဲ့ အမျှ အလုပ်လုပ်ရတာပျှော်လာပါတယ်။
လူသစ်တယောက်က ၆လကြာတဲ့အထိ ဘာမှလက်လွှတ်လို့ မရသေး၊ လူဟောင်း
တွေနဲ့ ဆက်ဆံရေးကလည်းအဆင်မပြေသေးဘူးဆိုရင်တော့ သူ နဲ့ ဒီအလုပ် မကိုက်
ညီဘူးလို့ ပဲ သတ်မှတ်လိုက်ရပါတော့တယ်။ 
Saturday, 15 November 2014
Wilhelm Straße ဆိုတဲ့လမ်းကလေး
Wilhelm Straße လို့ ခေါ်တဲ့လမ်းကလေးက ကျမအလုပ်လုပ်တဲ့  Freiburg
အဲ့ ဒီလမ်းထဲမှာ ရှိတဲ့  Goethe Institut ကိုတော့ ပွဲရှိရင်တခါတလေရောက်တာ
ပဲရှိပါတယ်။ အခုတော့ဒီလမ်းကလေးက ကျမနဲ့ ရင်းနှီးလာပါတယ်။
ကျမတို့  Freiburg မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲကစပြီး မြို့ ထဲကိုဖြတ်တဲ့
tram လမ်းတွေပြင်တာနဲ့  အောက်တိုဘာလအထိပိတ်ထားပါတယ်။
ကျမလည်း အလုပ်ကို ဘူတာကနေလမ်းလျှောက်သွားရပါတယ်။
အရင်က အလုပ်အသွားကိုပဲ လမ်းလျှောက်ပေမဲ့  အခုတော့ အသွားအပြန်လျှောက်
ရပါတော့တယ်။ ဒီတော့ အလုပ်ကို အမြန်ဆုံးသွားနိုင်မဲ့ လမ်းကို ရှာရပါတော့တယ်။
ဒါနဲ့ ပဲ ကျမ  Wilhelm Straße ကို ရောက်ခဲ့ပါတယ်။
အစပိုင်းတော့ ဒီလမ်းက အလွန်ပျင်းစရာကောင်းတဲ့လမ်းလို့ ထင်မိတယ်။မြို့ ထဲက
ဖြတ်လျှောက်နေကျဆိုတော့ ဟိုဆိုင်ငေးဒီဆိုင်ငေးနဲ့ လမ်းလျှောက်မှန်းမသိသာဘူးလေ။
Wilhelm Straße   ကတော့ အိမ်တွေများတယ်။ ကြည့်စရာ သိပ်မရှိဘူး။ ဒါပေမဲ့
တဖြေးဖြေးနဲ့ ကျမဒီလမ်းကို သတိထားမိလာတယ်။
လမ်းထိပ်မှာ နာမယ်ကြီးတဲ့  Goethe Institut ရှိတော့ နေ့ ခင်းပိုင်းကျမအိမ်ပြန်
ချိန်ဆို နိုင်ငံစုံကလာတဲ့ကျောင်းသားတွေကို အနီးအနားမှာ တွေ့ ရတယ်။ ကျမတောင်
မြန်မာကျောင်းသားများပါမလားလို့  ကျောင်းရှေ့က ကြော်ငြာဘုတ်မှာ ရှာကြည့်သေး
တယ်။
အဲ့ဒီကျောင်းဘေးမှာ Jos Fritz ဆိုတဲ့ ( http://www.josfritz.de )စိတ်ဝင်စားဘို့ ကောင်းတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်။ သူ့ ဆိုင်ဘေးမှာ ကော်ဖီဆိုင်ပါတွဲထားတယ်။
အဲ့ဒီဝန်းကျင်ကအိမ်တွေက ရှေးအိမ်တွေဆိုတော့ ကြည့်ရတာအမြင်ဆန်းနေတယ်။
ကော်ဖီဆိုင် ၂ဆိုင် ၃ဆိုင်လောက် လည်းဒီလမ်းထဲမှာရှိသေးတယ်။ အေးအေး
ဆေးဆေးနဲ့ ထိုင်လို့ ကောင်းတဲ့ဆိုင်လေးတွေပါ။ နေသာတဲ့နေ့ ဆိုရင်လမ်းပေါ်က
အုတ်ဘောင်တွေပေါ်ထိုင်ရင်း အေးအေးဆေးဆေး စကားဝိုင်းဖွဲ့ ရင် ကော်ဖီသောက်
ကြတာတွေ့ ရတယ်။ တက္ကသိုလ်ကျောင်းနဲ့ နီးတော့ ကျောင်းသားတွေကိုလာသောက်
ကြလေ့ရှိတယ်။
ကျန်းမာရေးအာမခံ ကုပ္ပဏီတစ်ခုရဲ့ ရုံးခန်းကြီး တစ်ခုလည်း ဒီလမ်းထဲမှာ ရှိသလို
Santo Mercedes  ကားအရောင်းခန်းကလည်း ဒီလမ်းထဲမှာရှိတယ်။
ကျမ တခါတလေ၀ယ်လေ့ရှိတဲ့ ပေါင်မုန့် ဆိုင်လေးလည်း ရှိသေးတယ်။
လမ်းထဲကအိမ်အများစုမှာတော့ ဆေးခန်းတွေ၊ရုံးခန်းတွေ ဖွင့်ကြတာများတယ်။
ဒီတလမ်းထဲမှာကို အထူးကုဆေးခန်း တော်တော်များသား။
လာမိတယ်။ ကျမလိုပဲ ဒီလမ်းကို နေ့ တိုင်းဖြစ်လျှောက်နေကြတဲ့သူတွေရှိသား။
တွေ့ နေကြသူတွေ မတွေ့ ရင်တောင် ဒီနေ့ နေမှကောင်းရဲ့ လား လို့ တွေးမိလာတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ မြို့ ထဲကလမ်းတွေပြန်ဖွင့်ပေမဲ့ ကျမကတော့
Wilhelm Straße  ဆိုတဲ့ လမ်းလေးကို ဆက်လျှောက်နေတုန်းပါ။ လမ်းလျှောက်
တာကျန်းမာရေးနဲ့ လည်းညီတယ်လေ။ လမ်းလေးကိုကျမ သံယောဇဉ်ဖြစ်မိတာလည်း
ပါတာပေါ့။
Saturday, 28 June 2014
ဆက်သွယ်မှုကွန်ယက် ခေတ်
ကျမတို့ ငယ်ငယ်တုန်းကတော့ တယ်လီဖုန်းဆိုတာ ရှားပါးပစ္စည်းပါ။
အိမ်တိုင်းမှာလည်းမရှိသလို လူတိုင်းလည်းမသုံးကြပါ။ အကြောင်းရှိမှ
သာ နီးစပ်ရာနေရာကနေ ဖုန်းဆက်သတင်းပေးကြ၊သတင်းမေးကြတာပါ။
ဒီလိုနဲ့ တဖြေးဖြေး တယ်လီဖုန်းလောက တိုးတက်လာလိုက်တာ လူတိုင်း၊
ကလေးတိုင်းမှာ Handy ကိုယ်ဆီနဲ့ ။ တယ်လီဖုန်းနဲ့ ပြောဆိုတာတွေအပြင်
အင်တာနက်လိုင်းတွေပါ ခေတ်မီလာတော့ ဆက်သွယ်ရေးနည်းတွေများ
လာပြန်တယ်။
ဒီလိုတိုးတက်မှုရဲ့ ကောင်းကျိုးတွေရှိသလို တဘက်မှာလည်း ဆိုးကျိုးတွေ
ရှိလာပြန်ပါတယ်။သူငယ်ချင်းတွေတွေ့ ကြရင်စကားတွေဖေါင်ဖွဲ့ ပြောကြမယ်ဆို
ဟိုလူက ဖေ့ဘွတ်ဖွင့်၊ ဒီလူက အီးမေးစစ်၊... သူတို့ ရှေ့မှာ တကယ်ရှိနေတဲ့ 
လူကိုတော့ ရှိမှန်းတောင်သိရဲ့ လားမသိတော့ပါ။ ပြောနေတဲ့ စကားဝိုင်းက
အင်း...အဲ... နဲ့ သာဆက်သွယ်နေပေမဲ့ တကယ်တော့ ဘာမှ သေချာနားလည်
ပုံမပေါ်ပါ။ စိတ်ဝင်စားမှုက ဆက်သွယ်ရေးကွန်ယက်ထဲရောက်နေတော့
သြော် ဒုက္ခ အဲ့ဒီလိုဆိုလည်းဘာလို့  တွေ့ နေကြတော့မှာလဲ။
နောက်တစ်ခုဆိုးတာက အလုပ်ထဲမှာ။ တယောက်သော လုပ်ဖေါ်ကိုင်ဘက်က
ဟန်းဖုန်း စွဲနေသူ။ လစ်ရင်လစ်သလို ဟန်းဖုန်းကိုထုတ်သုံးနေရာက၊ အချိန်
တိုင်းလိုလို ဖြစ်လာတယ်။ ၀င်လာတဲ့ Message ကို တုန့် ပြန်ဖို့ သာ စိတ်ဝင်စား
နေတာကြောင့် အလုပ်မှာ လွဲမှားတာတွေအများကြီးဖြစ်လာတယ်။ အလုပ်ကို
စီစဉ်နေတယ်၊ ဘယ်သူတွေဘာတွေလုပ်နေတယ်... ဆိုတာတွေနဲ့ အဆက်ပြတ်
ဟန်ဖုန်းသာ သူ့ ကမ္ဘာဆိုလည်း အလုပ်ကထွက်လိုက်ပါတော့လား။
အခုတော့ အလုပ်မှာ ဟန်းဖုန်းမသုံးရ ဆိုတဲ့ အမိန့် ထုတ်၊  စောင့်ကြည့်ပါအုံး။
ဘယ်လိုများပြောင်းလဲမလဲလို့ ။
ဟန်းဖုန်းဆက်သွယ်မှုတွေကြောင့် ကလေးတွေ ကျောင်းမှာ အာရုံစိုက်မှုအားနည်း
လာရပြန်တယ်။ ဆရာကစာသင်၊စိတ်က ၀င်လာမဲ့ Message ကိုတုန့် ပြန်ဖို့ သာ
ရောက်နေတော့၊ သူတို့ လေးတွေ စာဘယ်လို မှတ်သားသင်ယူနေကြပါလိမ့်။
ကျမတို့ ငယ်ငယ်ကတော့ ဆရာသင်တာကို အာရုံစိုက်နားထောင်နေတာတောင်မှ
အိမ်ရောက်လို့ စာပြန်ဖတ်ရင် နားမလည်တော့တာတွေ ရှိသေးတာ။
အင်းလေ ဒီခေတ်ကလေးတွေက ပိုတော်လို့ ဖြစ်မှာပါ။
အလုပ်သွား၊အလုပ်ပြန် လမ်းမှာ အချိန်ရရင်ရသလို စာဖတ်ဖြစ်၊ ဘုရားစာ
ရွတ်ဖြစ်၊ မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပေမဲ့ တခါတလေ ဖုန်းဖွင့်မိရင် အပြင်
လောကနဲ့ လွတ်သွားပြန်တယ်။  ကိုယ့်ကိုကိုယ်သတိပေးရင်း သုံးတဲ့အချိန်
တစ်ခုသတ်မှတ်ထားရတယ်။
 တန်ဖိုးရှိတဲ့မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကို မသိမသာသိမ်းပိုက်သွားတဲ့ ဆက်သွယ်မှု
နည်းသစ်တွေရဲ့ ရန်ကို ကာကွယ်တောင့်ခံနိုင်ဖို့ ကတော့ လိုအပ်နေပြီလို့ ထင်ပါတယ်။
ဒီအတိုင်းဆက်သွားနေလို့ ကတော့....  ...  ...
Tuesday, 10 June 2014
ငါဘယ်သူလဲ
တနေ့ က ကျမနဲ့ ဆွေးမျိုးတော်တဲ့သူတယောက် ကျမဆီလာလည်ပါတယ်။
ကျမက အမျိုးဆို သိပ်ခင်တတ်သလို ဘယ်လိုတော်စပ်ကြတယ်ဆိုတာလည်း
အလွန်စိတ်ဝင်စားပါတယ်။ တနေ့ ကျမမှာ သားသမီး ရလာရင်သူတို့ ကိုပြဖို့ 
မိသားစု၊ဆွေမျိုး ဇယားတစ်ခုလုပ်ဖို့  အလွန်စိတ်အားသန်ခဲ့ပါတယ်။
တနေ့ တော့ ကျမ အဒေါ် အကူအညီနဲ့  မိသားစု၊ဆွေးမျိုး ဇယားတစ်ခု
ကိုလက်လှမ်းမီရာ မေးမြန်းပြီးရေးထားဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အစုံ
တော့မရဘူးပေါ့လေ။
ဒီတော့ အမျိုးတွေနဲ့ တွေ့ တိုင်းကျမရဲ့  ဇယားကို ဖြည့်စွက်ဖို့  မေးလေ့ရှိပါတယ်။
မေးရင်းမြန်းရင်းစကားတွေပြောရင်း အမျိုးတွေ အကြောင်းပိုသိလာရရင် ကျမ
အလွန်ဝမ်းသာရပါတယ်။ ကိုသောမတ်စ်ကိုလည်း ကျမ သိတာတွေပြန်ပြောရာတာ
သူ့ ခမျာ နားငြီးရောမယ်။
ကျမကတော့ ကျမဘယ်ကလာတယ်။ ဘယ်သူတွေနဲ့ ဘယ်လိုတော်စပ်တယ်။
ဘယ်သူတွေဘယ်ရောက်နေလဲစသဖြင့် သိချင်တာတွေ သိလာရလို့ ပျော်နေ
ပေမယ်။ တချို့ ကတော့ သူတို့ ဘယ်ကလာသလဲ။ မိဘ အရင်းတွေက ဘယ်သူလဲ၊
ဘယ်လို ပုံစံလဲ၊ မောင်နှမတွေရောရှိသေးလား၊ ဘယ်လို ဓလေ့စရိုက်တွေရှိတာလဲ
စသဖြင့် အဖြေမရသေးတဲ့ မေးခွန်းတွေ အခါခါမေးနေလေ့ရှိတဲ့ မွေးစားခံ ကလေး
တွေအကြောင်းအတွေးရောက်သွားပါတယ်။
ကျမတောင် ဆွေမျိုးတွေအကြောင်း သိချင်နေသေးတာ၊ သူတို့ ခမျာ မိဘအရင်းအကြောင်း
တောင်မသိသေးတော့.... ကျမ သူတို့ ရဲ့ စိတ်ထဲက ခံစားမှု အတွေးတွေကို
နားလည်ခံစားမိလိုက်ပါတယ်။
ဂျာမနီ က တီဗီ အစီအစဉ်မှာ တခါတလေ မိဘအရင်းကို လိုက်ရှာလေ့၇ှိတဲ့
ကလေးတွေအကြောင်း ပြတာသတိရမိပါတယ်။ မြန်မာပြည်မှာရော... ... ..
မိဘအရင်းကို ရှာနေသူတွေ အတွက် မျှော်လင့်ချက်တွေရှိနိုင်ပါသလား
လို့ လည်း တွေးမိပါတယ်။
Saturday, 24 May 2014
အရှေ့ အနောက် တန်ဖိုး
လူတိုင်းမှာ မိမိတို့ ဘ၀အတွက် စံသတ်မှတ်ထားတဲ့ အရာတွေရှိပါတယ်။
ဒီစံတွေ၊တန်ဖိုးထားမှုတွေဟာ မိမိတို့ ကြီးပြင်းရာ ဒေသတွေရဲ့ ယဉ်ကျေးမှု၊
ဘာသာရေး၊ ဓလေ့ထုံးစံတွေပေါ် မူတည်ပြီး ကွဲပြားမှုတွေရှိလာတာပါ။
အဲ့ဒီ ဘ၀ရဲ့ တန်းဖိုးထားမှုတွေ ဟာ လူတိုင်းအတွက် မတူနိုင်ကြပါဘူး။
ယေပူယျအားဖြင့်တော့ အရှေ့နဲ့  အနောက် နိုင်ငံတွေရဲ့ ဘ၀စံထားမှုတန်ဖိုးတွေ
ကကွဲပြားပါတယ်။
အနောက်နိုင်ငံတွေရဲ့ တန်ဖိုးထားတဲ့စံနှုန်းတွေက ကျမတို့ လို အာရှကသူတွေ
ရဲ့ တန်ဖိုးထားမှုတွေနဲ့ တော်တော်လေးကွဲပါတယ်။ သူတို့  က ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှု၊ပိုင်ဆိုင်မှု၊ အောင်မြင်မှုတွေကို တန်ဖိုးထားတတ်ပြီး၊ ကျမတို့  ကတော့
စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု၊ ရောင်ရဲမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။
သူတို့ ကတော့ မိမိသာ အဓိကဖြစ်ပြီး၊ ကျမတို့ ကတော့ မိမိနဲ့  ပတ်သက်နေတဲ့
မိသားစု၊ဆွေးမျိုး ၊အသိုင်းအ၀ိုင်းကို အဓိကထားပါတယ်။
အနောက်နိုင်ငံကသူတွေက လူတယောက်မှာ ရှိသင့်တဲ့ အိမ်ထောင်ဖက်၊ သားသမီး၊
အိမ်၊ကား ခေတ်မီ အသုံးအဆောင်စတာတွေက သူများတန်းတူရှိရမယ်။ မရှိသေးရင်
ရှိအောင်လုပ်မယ်၊ ရလာရင်ခံစားကျေနပ်မယ်လို့  ယုံကြည်လုပ်ဆောင်ကြပါတယ်။
ကျမ မိတ်ဆွေတစ်ယောက်ကမေးဖူးပါတယ်။ ကျမနေတာက ရိုးစင်းလွန်းတယ်။
ကျမဘ၀မှာ ကျေနပ်ပျော်ရွှင်မှုရှိရဲ့ လားတဲ့။ ပြီးတော့ကျမကို ဘ၀မှာ ပျော်ပျော်နေ၊
ပျော်ပျော်ခံစားပါလို့ တိုက်တွန်းပါတယ်။ သူကတော့ အခု ကားရှိတယ်။အိမ်ရှိတယ်၊
သားရှိတယ်။အလုပ်ရှိတယ်။ အားတဲ့အချိန်မှာ ဟိုဒီလျှောက်လည်တယ်၊စားတယ်၊
သောက်တယ်။ဘ၀ကို ပျော်ပျော်နဲ့  လျှောက်နေတယ်ဆိုပဲ။
ကျမကပြန်မေးလိုက်ပါတယ်။နင့်ဘ၀မှာ တယ်ရောပျော်ရဲ့ လားလို့ ။သူ့ သားက
မလိမ္မာ၊ ကျောင်းထုတ်ခံရ၊ အလုပ်မှာ အလုပ်ရှင်နဲ့ အဆင်မပြေ၊ စတဲ့ ဒုက္ခ
တွေကို သူ မ ပြောတော့သလို၊ ကျမကလည်း သူ့ လိုဟိုပွဲတက်ဒီပွဲတက်မလုပ်၊
အသောက်အစားမလုပ်ပေမဲ့  ကိုယ်ပိုင်အချိန်တွေမှာ မိသားစုအတွက် အချိန်ပေး
တယ်၊ ဘ၀အတွက်အကျိုးရှိမှာတွေလုပ်ရင် ပျော်ရွှင်ကျေနပ်နေတာ။ ကျမဘ၀အတွက်
အကျိုးရှိမယ့်အရာတွေဟာသူထင်ထားသလိုမဟုတ်တာကိုတော့ မပြောပြခဲ့ပါဘူး။
တခါတလေ မတူညီတဲ့စံထားမှု တန်ဖိုး နှစ်ခုကို အကြောင်းပြုပြီး ငြင်းခုန်မနေချင်
ပါဘူး။ ကျမကိုလာငြင်းခုန်နေရင်လည်း အလွန်ကသိကအောက်ဖြစ်ရပါတယ်။
လူတိုင်းရဲ့  မတူညီနိုင်တဲ့  အတွေးအမြင် တန်ဖိုးထားမှုတွေကြား တယောက်နဲ့ 
တယောက် ငြင်းခုန်မနေပဲ၊ တယောက်တန်ဖိုး ကိုတယောက် လေးစားကြရင်
သိပ်ကောင်းမှာပါ။ မိမိတန်ဖိုးထားမှုသာ အကောင်းဆုံးထင်ပြီး ကျန်တဲ့သူလိုက်
လုပ်ရမယ်ဆိုတာကတော့ တရားသေမဖြစ်နိုင်ပါဘူး။
Wednesday, 23 April 2014
လုပ်ငန်းခွင်မှာ စိတ်ကုန်နေကြသူများ
ဂျာမနီက အလုပ်သမားတွေ တကယ်ပဲစိတ်ပါလက်ပါ အလုပ်လုပ်ကြပါသလား
ဆိုတာနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတဲ့ သတင်းတပုဒ်အကြောင်းပါ။
အလုပ်လုပ်တဲ့အခါ အလုပ်မှာ စိတ်မ၀င်စားပဲ အလုပ်တစ်ခုအနေနဲ့ သာလုပ်
နေကြသူတွေကြောင့်လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ အဆင်မပြေ၊  အလုပ်ရှင်အတွက်
ငွေသာကုန်ပြီးအကျိုး မရှိပဲ၊ လုပ်ငန်းခွင်မှာ အနှောက်အယှက်ဖြစ်ကြရပါတယ်။
ဂျာမနီမှာအလုပ်သမားတွေရဲ့ ၁၆ ရာခိုင်နှုန်း ကသာ တက်တက်ကြွကြွစိတ်ပါ
ဝင်စားစွာ အလုပ်လုပ်ကြပြီး အလုပ်အတွက် အချိန်ပေးနိုင်သူ အလုပ်ရှင် အတွက်
အားထားရသူတွေဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ၆၇ ရာခိုင်နှုန်းကတော့
လုပ်ဖို့ ပေးထားတဲ့ အတိုင်းဝတ်ကျေတမ်းကျေသာလုပ်ကြပြီး ၁၇ ရာခိုင်နှုန်း
ကတော့ အလုပ်ထဲမှာစိတ်မ၀င်သားပဲ မိမိအလုပ်ကိုစိတ်ကုန်နေသူတွေဖြစ်ပါတယ်
လို့  သုတေသနစာတမ်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။
ဒီသတင်းဖတ်ပြီး ကျမလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြသနာနဲ့ တူနေလို ပိုစိတ်ဝင်စား
နားမထောင်ချင်၊အလုပ်ရှိရင် ကွေ့ ရှောင်သွား၊ မသိချင် မမြင်ချင်ယောင်ဆောင်နေ၊
အလုပ်ကိုသာမလုပ်ချင်ပေမဲ့ အလုပ်ချိန်ကိုတော့ တော်တော်တိတိကျကျလိုက်နာတတ်
သူတွေပါ။ သူကြောင့် တခြား ကြိုးစားချင်သူတွေမှာ ဒုက္ခရောက်ရပါတယ်။ သူလို
အခြောင်ခို ဖို့  သွေးထိုး။ လိုက်မလုပ်ရင် ရန်လုပ် နဲ့ အလုပ်တွဲလုပ်ရမှာ အဆင်မပြေတော့ပါ။
 တဖြေးဖြေးနဲ့ သူဟာ အလုပ်မှာ အသုံး မ၀င်သလိုဖြစ်လာပါတယ်။
သူ့ ကိုအလုပ်က ထုတ်လိုက်ပါလားလို့ ပြောတာကလွယ်ပေမဲ့၊ အလုပ်သမား
အခွင့်အရေးတွေက ဒီနိုင်ငံမှာ အကာအကွယ်ပေးနေတာကြောင့် ပြောသလောက်
မလွယ်ပါဘူး။ 
သုတေသနစာတမ်းမှာ ဆက်လက်ဖေါ်ပြထားတာက ဒီလိုစိတ်မပါလက်မပါလုပ်နေကြတဲ့ အလုပ်သမားတွေကြောင့် ဂျာမနီ စီးပွားရေးမှာ တစ်နှစ်ကို ယူရို 98 ကနေ
118 Milliarden အထိ ထိခိုက်စေတယ်လို့ သိရပါတယ်။
Friday, 14 February 2014
အမေ့ ရဲ့ အတွေးများလား
မနက်လင်းခဲ့ပေမဲ့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ
ကင်းမဲ့နေတဲ့ နေ့ သစ်ကို အင်အားချိနဲ့ စွာနဲ့ စရအုံးမယ်။
ငယ်ငယ်ကလိုဒိုးဒိုးဒေါက်ဒေါက် အိပ်ရာကထလိုက်ချင်ပေမဲ့၊
ကိုယ့်အားကိုယ်မကိုးနိုင်တော့၊ လာကူထူပေးမဲ့အဖေါ်ကိုမျှော်ရင်း။
လာပါဟဲ့၊ကူပါဟဲ့လို့ ပြောချင်ပေမဲ့လည်း၊ တပါးသူကြည်ဖြူ  အောင်၊
နေတတ်၊ထိုင်တတ်ဖို့ ကလိုသေးတယ်မဟုတ်လား။
ထုတ်ပေးတဲ့အ၀တ်ကိုဝတ်၊ချက်ကျွေးတဲ့ဟင်းကိုစား၊
အရှက်လုံအောင်၊ အဟာရဖြစ်အောင် ၀တ်ဖို့ စားဖို့ ကအဓိကပါ။
ဇီဇာကြောင်၊ဂျီးများနေဖို့ ဆိုတဲ့အချိန်မဟုတ်တော့ဘူးလေ။
တော်ကြာ အဖွားကြီးဂျီးများတယ်ဆိုပြီး စေတနာကုန်သွားမှဖြင့်။
တနေ့ လုံး ဘာအလုပ်မှမရှိ၊အတွေးတွေက ဟိုပြေး၊ဒီလာ၊ဟိုရောက်၊ဒီရောက်၊
အသိတရားတွေက ပေါ်လိုက်၊ပျောက်သွားလိုက်၊
အရှေ့ကဖွင့်ထားတဲ့ တီဗီလည်းဘာတွေပြနေမှန်းမသိ၊
ကြားတစ်ချက်၊မကြားတစ်ချက်။
တခါတလေလည်းဘုရားစာလေးရွတ်လိုက်၊ပုတီးစိတ်လိုက်၊တရားမှတ်လိုက်
ဒါပဲကိုယ်နောက်ပါမှာမဟုတ်လား။
ထိုင်ရတာကြာလာတော့သွားလှဲအုံးမှ၊ အိပ်ချင်တာ၊မအိပ်ချင်တာထက်
လှဲရင်းအိပ်ပျော်သွားလည်း အချိန်ကုန်တာမြန်သွားတာပေါ့လေ။
အင်အားတွေချိနဲ့ လာတဲ့အရွယ်မှာ၊ကိုယ့်ကိုကိုယ်အားမရ၊စိတ်တိုင်မကျ၊
လုပ်နေကြအရာတွေမလုပ်နိုင်ပဲသူများမှီခိုနေရတဲ့ အခါ
တယောက်ထဲဆိုတော့ အားငယ်မိတယ်။
ဒါပေမဲ့လည်း မွေးလာတာလည်း တစ်ယောက်ထဲပဲ အတွေးကိုမွေးရင်း
ကျန်နေသေးတဲ့ရက်တွေအတွက် အားမွေးရအုံးမယ်။
ဒါမှ အဝေးရောက်နေတဲ့သမီးပြန်လာရင် ပျော်ရွှင်စွာပြန်တွေ့ နိုင်မှာလေ။
Saturday, 25 January 2014
Nose piercing အတွေ့ အကြုံ
ကျမ လုပ်မယ်လုပ်မယ်နဲ့  မလုပ်ပဲကြာနေတဲ့ထဲမှာ nose piercing လည်း ပါ
ပါတယ်။ ကိုသောမတ်စ်က အိန္ဒိယက အမျိုးသမီးတွေ နှာခေါင်းမှာ နားကပ်
ပန်တာ သဘောကျသလို၊ ကျမကလည်း စိတ်ဝင်စားပါတယ်။ နားပေါက်တောင်
မရှိတဲ့ကျမမှာ နှာခေါင်းမှာဖေါက်ဖို့ တော့ လွယ်လွယ်နဲ့  အကောင်အထည်
အဖေါ်ဖြစ်တာမဆန်းပါဘူးလေ။
မနှစ်က အလုပ်ကသူငယ်ချင်းနဲ့ စကားစပ်မိရင်း သူလည်းဖေါက်ချင်ကြောင်း
ပြောပြီး အတူတူ သွားဖေါက်မယ်လို့ စီစဉ်ကြပါတယ်။
(တကယ်တမ်းကျတော့ သူမဖေါက်ဖြစ်ခဲ့ပါ။)
nose piercing ကို တကယ်ဖေါက်မယ်ဆိုတော့ ဘယ်မှာ ဖေါက်ရမလဲလို့ ရှာရပါတယ်။
တချို့ က နားကပ်တွေဘာတွေရောင်တဲ့ဆိုင်မှာ သေနတ် နဲ့ ဖေါက်တယ်။
စဉ်းစားပြီး ဆိုင်ရှာပါတယ်။ သူတို့ က နေ့ တိုင်းဖေါက်နေကြဆိုတော့ အတွေ့ 
အကြုံ ပိုမယ်လို့ ထင်လို့ ပါ။ ဆိုင်ကို Internet မှာရှာပါတယ်။ piercer က အမျိုး သမီး
ယောက်ဖြစ်ပြီး အတွေ့ အကြုံ လည်းတာနဲ့  သူ့ ဆိုင်ကိုရွေးလိုက်ပါတယ်။
http://www.tattoo-art-freiburg.de/
ဆိုင်ရောက်တော့ မဖေါက်ခင် သိသင့်တာတွေ ကို စိတ်ရှည်ရှည်ရှင်းပြပါတယ်။
ဖေါက်တာက ၃ မိနစ်လောက်အတွင်း အားလုံးပြီးပါတယ်။  နာသလားဆိုတော့။
နာပါတယ်။ မျက်ရည်ကျလောက်အောင်နာပါတယ်။ ဒါပေမဲ့ ခဏလေးပါ။
နှာခေါင်းမှာ နားကပ်လေးပါလာတော့ (ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ )
နာတာကိုခံနိုင်ပါတယ်။
ပထမနေ့ မှာ တော့ နှာခေါင်းကို မထိရဲ ပါဘူး။ ထိရင်နာမယ်ဆိုတာသိနေတယ်။
ဒါပေမဲ့  နောက်နေ့ တွေမှာ တနေ့ ပြီးတနေ့  တိုးတက်လာတာတွေ့ ရတယ်။
တပတ်လောက်နေတော့ တော်တော်ပုံမှန်ဖြစ်လာပါတယ်။
တနေ့ ကို ၂ခါတော့ desinfektionsspray နဲ့ ဆေးပေးရပါတယ်။
၅ပတ်လောက်ကြာတော့ ကျမ အသစ်တစ်ခု လဲလိုက်ပါတယ်။ တကယ်တော့
ဖေါက်ပြီး ၈ပတ်လောက်ကြာမှ လဲပေးလေ့ရှိပေမဲ့ ကျမက ခရီးထွက်စရာရှိ
တာနဲ့  လဲဖြစ်တာပါ။
nose piercing မှာ အဓိက စနစ် ၂မျိုး ရှိပါတယ်။
 ကျမသုံးတာကတော့ အကောက်ကလေးပါတဲ့
စနစ်ပါ။ သူကတော့ တတ်ရတာ အစပိုင်းတော့
နဲနဲခက်ပေမဲ့  လွယ်လွယ်နဲ့ မကျွတ်ထွက်ပါဘူး။
ကျမ ပထမဆုံး လဲတုန်းကတော့ ဆိုင်မှာသွား
လဲပါတယ်။
nose piercing တတ်ထားရင်ဂရုစိုက်ရမှာ ကတော့ မျက်နှာသစ်တဲ့အခါ၊ မျက်နှာသုပ်
တဲ့အခါ၊ အင်္ကျီ ၀တ်တဲ့အခါတွေမှာပါ။ တခါတလေချိတ်မိပြီး နားကပ်ထွက်လာတတ်
ပါတယ်။
နားကပ်လေးကိုတော့ တနေ့ ကို ၂ခါလောက် လှည့်လှည့်ပေးပါတယ်။ ဒါမှ တနေရာထဲ
အသားသေမသွားအောင်ပါ။
သူ့ ကို မတတ်ပဲ ထားရင် ၄ ရက်လောက်ဆို ပြန်ပိတ်သွားပါတယ်။
 အခုအထိတော့ အဆင်ပြေနေပါတယ်။ အမေကတော့ လှလည်းမလှဘူးတဲ့။
ဒါပေမဲ့ကျမကတော့ လှတယ်လို့ ထင်နေတုန်းပါပဲ။
Wednesday, 15 January 2014
အဝေးမှ အတွေးများ
မြန်မာပြည်ကပြန်လာပြီး ဂျာမနီကိုပြန်ရောက်တယ်ဆိုတာနဲ့  အအေးဒဏ်
ရယ်၊ အမှောင်နေ့ ရယ်၊ တိတ်ဆိတ်နေတဲ့ လမ်းတွေရယ်ကဆီးကြိုနေပါတယ်။
ရန်ကုန်မှာ ကြားနေလေ့ရှိတဲ့ ကားစက်သံတွေ၊ ဟွန်းတီးသံတွေ၊ ဈေးရောင်းသံ၊
သီချင်းသံ၊အော်သံဆူသံတွေ ရုတ်တရက် မရှိတော့တာ အရင်သတိထားလိုက်
မိပါတယ်။
ကျမတယောက်ထဲရှိတဲ့အိမ်မှာ ရန်ကုန်ကအိမ်လို မိသားစုတွေရဲ့ စကားသံတွေ၊
တီဗီသံတွေ ပြန် သတိရနေသလိုပါ။ ဖုန်းတွေဆက်လေ့ရှိတဲ့ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေရဲ့  ဖုန်းခေါ်သံတွေ တိတ်နေတဲ့ ကျမရဲ့  ဖုန်းလေးလည်း အနားရနေတယ်။
မနက်စောစော အမေ့အိမ်အသွားလမ်းမှာ ၀ယ်စားလေ့ရှိတဲ့ ပဲပြုတ်နံပြား ကို
Müsli  စားရတဲ့အချိန် တိုင်းသတိရမိတယ်။ အိမ်ကနေ အလုပ်ကို ရထားနဲ့ 
သွားတိုင်း ရန်ကုန်မှာ မြို့ ပတ်ရထားစီးခဲ့ရတဲ့အရသာကိုပြန်တွေးမိပါတယ်။
တယေက်ထဲဖြစ်သလိုချက်စားတော့လည်း အဒေါ်ချက်တဲ့ဟင်းတွေ အဆင်သင့်စား
ခဲ့ရတဲ့အချိန်တွေ၊ သူငယ်ချင်းတွေချက်ကျွေး၊၀ယ်ကျွေးကြတဲ့ ထမင်းဟင်းတွေ
ကိုသတိရပါတယ်။
မနက်စောစောဘုရားရှိခိုးတိုင်း ရွှေတိဂုံဘုရားကိုလှမ်းမြင်နေရတဲ့ ကျမတို့ အိမ်
ခန်းလေးကို လွမ်းမိသလို၊ ရွှေတိဂုံ ကို သွားဖူးခဲ့တာတွေ ပြန်မြင်ရောင်မိပါတယ်။
မြို့ ထဲမှာ လူတချို့ ပိုက်ဆံတောင်းနေတာတွေ့ တော့ ရန်ကုန်လမ်းတွေပေါ်က
အဖိုးအို၊ အဖွားအိုတွေကို အမှတ်ရပြီး ၀မ်းနည်းမိတယ်။
အလုပ်ထဲမှာ လူတွေနဲ့ ပြောဆိုနေချိန်တွေကြားက မြန်မာပြည်က သူငယ်ချင်း
တွေနဲ့ ပြောဆိုရီမောခဲ့ကြတာ လွမ်းမိတယ်။
အလွမ်းတွေထဲမှာ အလွမ်းဆုံးကတော့ ကျမ အမေကိုပါပဲ ။ သူလည်းကျမကို
လွမ်းနေမှာသေချာပါတယ်။ အမေ... နောက် ၆လ ဆိုရင် ပြန်ရောက်လာမှာပါ။
အခုလည်း ကျမ ကိုယ်စား ကိုသောမတ်စ်က အမေ့ အနားမှာရှိနေ သေးတယ်
ဆိုတော့ အမေလည်း အဖေါ်ရှိနေမှာပါလို့ တွေးမိပါသေးတယ်။
အြော် အလွမ်းတွေအသားထားလို့ အခုလောလောဆယ်တော့ မနက်ဖြန်အလုပ်
သွားဖို့  ပြင်လိုက်အုံးမယ်။
နောက်မှ ဆက်လွမ်းတာပေါ့။
Friday, 6 December 2013
နောက်တစ်ပတ်ဆိုရင်... ... ...
နောက်တပတ်ဆို မြန်မာပြည်ပြန်ရမယ်။ အမေ့ကိုပြန်တွေ့ ရမှာကြောင့်
ဝမ်းသာရပါတယ်။ သူငယ်ချင်းတွေနဲ့ လည်းပြန်တွေ့ ဖြစ်၊စကားတွေပြောဖြစ်
ကြမှာမို့ လည်း ကြိုးတွေးပြီးဝမ်းသာရပါတယ်။
လေးပတ်ဆိုတဲ့ အချိန်အတွင်းမှာ အမေ့နားမှာပဲ အနေများမှာပါ။ မြန်မာနိုင်ငံ
အနှံ့  ခရီးဆန့် ချင်ပေမယ့် အမေ့ ကိုတွေ့ ခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာ
သူ့ ကို ထားပြီးမသွားရက်ခဲ့တာ။ သူငယ်ချင်းတွေ ဘလော့မှာတင်ထားတဲ့
မြန်မာပြည်ရှုခင်းတွေ ကိုပဲ ကြည့်ရင်း ဘလော့တွေထဲမှာ မြန်မာပြည်အနှံ့ 
ရောက်ခွင့်ရလို့  သူငယ်ချင်းတွေ ကိုကျေးဇူးတင်ရပါတယ်။
မှောင်လည်းမှောင်၊အေးလည်းအေးတဲ့ ဂျာမန် ဆောင်းတွင်းက တစ်လလောက်
လွတ်ခွင့်ရတာလည်း ကြို ပြီးဝမ်းသာနေပါတယ်။တစ်လလောက်မနက်စောစော
အိပ်ရာက မထရတော့မှာကိုလည်းတွေးပျော်မိပါတယ်။ တစ်ခုနဲ့ တစ်ခု အဆက်
မပြတ်လည်နေတဲ့ ပရောဂျက်တွေကနေ တစ်လလောက် လွတ်ခွင့်ရမှာကိုလည်း
တွေးရင်းကြိုပျော်နေမိပါတယ်။ ဂျာမနီရဲ့  ခရစ်စမတ်ရက်တွေ နဲ့  New Year ည
တွေကိုတော့ ကျမ သတိရနေမိမှာပါ။
အမြဲတမ်းမပြောဖြစ်တဲ့ မြန်မာစကားတွေ၊ အမြဲတမ်းမစားဖြစ်တဲ့ မြန်မာအစားအစာတွေ၊
အဝေးကနေ လွမ်းနေရတဲ့ အရာတွေ ကို မကြာခင် အချိန်မှာ ပြန်ရတော့မှာလို့ 
တွေးမိတိုင်း စိတ်လှုပ်ရှား ပြီးပျော်နေမိပါတယ်။