Sunday, 9 May 2010

အမေနေ့ 

ဒီနေ့ အမေနေ့ တဲ့
အမှတ်တရ စကားလှလှပြောဖို့ ၊
အမေ့ဆီ ဖုန်းခေါ်ပေမဲ့၊
ဖုန်းလိုင်း မကောင်းတာလား၊
ပျက်နေတာလား ...မသိ ခေါ်၍မရပါ။

အမေကတော့ ဒီနေ့ ကို အထူးတလည်
အမေနေ့ မှန်း သိမှာမဟုတ်လို့ 
ကျမဖုန်းကို မျှော်နေမှာတော့မဟုတ်ပါ...လို့ 
စိတ်ဖြေတွေးရင်.....
ကျမ အတွက် နေ့ ရက်တိုင်းဟာ
အမေနေ့ တွေပါ...နော် ... အမေ။

Tuesday, 4 May 2010

ကောင်းမှုမှတ်တမ်း


ပြီးခဲ့တဲ့ (၃) ပတ်ကတော့ Blog
တွေနဲ့ ကင်းကွာနေရတယ်။
Internet ကိုတော့နေ့ တိုင်း
လိုလိုကြည့်ဖြစ်ပေမဲ့ Post တွေကို
သေသေချာချာမဖတ်နိုင်ခဲ့ဘူး။
စိတ်ထဲမှာ တော့ သူငယ်ချင်းတွေ
ကိုသတိရနေပါတယ်။ ဒီနေ့ တော့ အလည်ရောက်နေတဲ့ ဦးဇင်းလည်း
အိန္ဒိယကိုပြန်တော့ ကျမလည်း ပုံမှန် လည်ပတ်နေကြ အတိုင်း ပြန်လည်ပတ်
လာနိုင်ပါပြီ။

ပြီးခဲ့တဲ့ (၃)ပတ်မှာတော့ ကျမတို့  အတွက်အမှတ်တရ၊ စိတ်ချမ်းသာစရာ
အတွေ့ အကြုံတွေ၊ မိတ်ဆွေသစ်၊မိတ်ဆွေဟောင်းတွေဆုံပြီး ကောင်းမှု
ကုသိုလ်တွေလုပ်ကြနဲ့ မမေ့နိုင်တဲ့ အရာတွေ အများကြီးရခဲ့ပါတယ်။

အမြဲတမ်း အေးအေးဆေးဆေးလုပ်ရတဲ့ ကျမအလုပ်ကလည်း
ဦးဇင်းရောက်တဲ့နေ့ ကစပြီး Project အသစ်တွေစရတော့ မနက်ဆို
၇ နာရီကတည်းကအိမ်ကထွက်ရတယ်။ နေ့ လည်တော့ ၁ နာရီခွဲ၊
၂ နာရီဆိုအိမ်ပြန်ရောက်လို့ တော်ပါသေးရဲ့ ။

အိမ်ပြန်ရောက် ထမင်းစားပြီးတာနဲ့ နောက်နေ့ အတွက် အာရုံဆွမ်းနဲ့ 
နေ့ ဆွမ်းအတွက်ပြင်ဆင်ချက်ပြုပ်ရတယ်။ ချက်ဖြစ်တာတွေကတော့
ထွေထွေထူးထူးမရှိပါဘူး။ အာရုံဆိုရင် ထမင်းနဲ့ ပဲပြုပ်ကြော်၊ ထမင်းနဲ့ 
ကြက်ဥကြော်၊ ကြာဇံကြော် ( စုဘူးရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေ
ကြော်တတ်နေပြီ)၊ အုန်းနို့ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊မုန့် ဟင်ခါး၊
ပဲပြုပ်နံပြား...စတာတွေကပ်ဖြစ်ပါတယ်။ အာရုံဆွမ်းကို မနက် ၆
နာရီမှာကပ်ပြီး ၆နာရီ၄၅ မှာ ဘုရားရှိခိုး၊တရားထိုင်ကြပါတယ်။
မနက်တိုင်း ဘုရားရှိခိုးသံ၊ တရားသံတွေ ကြားရတော့ ကြည်နူးရပါတယ်။
ဒီမှာမကြားရတာကြာပြီပဲလေ။


နေ့ ဆွမ်းကိုတော့ ဦးသောမတ်က ပဲကပ်ရတာများပါတယ်။ ကျမက
အလုပ်မသွားခင် ပြင်ဆင်ပေးခဲ့ပြီး၊ သူကနွှေး ပြီး ကပ်ပါတယ်။
ပထမ တပတ်တော့ မြန်မာဟင်းတွေချက်ဖြစ်ပြီး၊နောက်တော့ ဂျာမန်ဟင်တွေ
ကပ်ကြည့်တယ်။ ဘုန်းပေးလို့ အဆင်ပြေတယ်တဲ့။ ဒါနဲ့ မြန်မာဟင်းနဲ့ ဂျာမန်ဟင်း
ပြောင်းလဲပြီးကပ်ဖြစ်ပါတယ်။
စနေ၊တနင်္ဂနွေ နေ့ တွေမှာတော့ စိတ်တိုင်းကြချက်လို၊့ ကပ်လို့ 
ရပါတယ်။ ဒါတောင် ကျမတို့ ခရီးထွက်ဖြစ်၊ မိတ်ဆွေတွေက ဦးဇင်း
ကိုပင့်ထားလို့ သွားကြနဲ့  .....ကျမတို့ လည်း ဦးဇင်းကိုလိုက်ပို့ ပေးရလို့ ဝမ်း
သာကြရပါတယ်။


သူငယ်ချင်းများ၊မိတ်ဆွေများဖြစ်တဲ့ Duisburg က မမ၊ Stuttgart
နဲ့  Karlsruhe က မောင်နှမများ၊
Freiburg က အန်တီနဲ့ ညီမ၊
Nancy ကမိတ်ဆွေ၊
Berlin က သူငယ်ချင်းများ၊
ဂျာမနီက ဂျာမန်
ဓမ္မမိတ်ဆွေများ
အားလုံးကို
အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်။






ဦးဇင်းနဲ့ ကပ်ပြီး
ဟင်းကောင်းတွေလည်း
စားရတယ်၊ တရားလည်း
နာရတယ်၊ သီလလည်းစောင့်၊
အမျှဝေကုသိုလ်
တွေပြုကြရတယ်။




München ကဘုန်းကြီးကျောင်း (http://bodhi-vihara.org)
ကိုတော့ ကျမ မလိုက်ဖြစ်ခဲ့ပါဘူး။ ကဆုန်လပြည့်နေ့ မှာလုပ်တဲ့
ပါတိမောက္ခ ပွဲကိုတော့ဦးဇင်းနဲ့ ဦးသောမတ်စ်ပဲသွားဖြစ်ခဲ့တယ်။
အဲ့ဒီကျောင်းမှာ မြန်မာဘုန်းကြီး
တစ်ပါးနဲ့ ဂျာမန်ဘုန်းကြီးတစ်ပါးရှိပါတယ်။








ဆွစ်ဇာလန် က ထိုင်းဘုန်းကြီး
ကျောင်းကိုလည်း ကျမ မလိုက်ဖြစ်ခဲ့ဘူး။
အရင်တုန်းကတော့ တခါရောက်ဖူးပါတယ်။










ညနေတိုင်း တရားနာရတာလည်းကြည်နူးစရာကောင်းပါတယ်။ သိချင်တာတွေ
မေး၊ ဆွေးနွေးကြနဲ့  အချိန်ကုန်မှန်းတောင်မသိရဘူး။ ဒီနေ့ မနက်တော့
အာရုံဆွမ်းစားပြီးတာနဲ့  သီလယူ၊ ပရိတ်တရားနာ၊ ရေစက်ချ၊အမျှဝေကြပါတယ်။
တရားဓမ္မနဲ့ ဝေနေတဲ့ နေရာ၊ သံဃာနဲ့ ဝေနေတဲ့နေရာမှာ အခုလို ကုသိုလ်ပြုခွင့်
ရလို့ တွေးမိတိုင်းပီတိဖြစ်ရမှာပါ။
ဒီလိုအခွင့်အရေးမျိုးရအောင် စီစဉ်ပေးတဲ့ ဦးသောမတ်စ် ကိုလည်း
ကျေးဇူးတင်ပါတယ်။ အဝေးကနေလာရောက်တဲ့ ဦးဇင်းကိုလည်း
ကျေးဇူးတင်ပါတယ်။အစစ အရာရာ အဆင်ပြေအောင် အကူအညီ
ပေးကြတယ် မိတ်ဆွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

ကျမရရှိခဲ့သော ကုသိုလ်များကိုလည်း အမျှပေးဝေ ပါတယ်။

Wednesday, 28 April 2010

Nancy မြို့ သို့ 


၂၄.၀၄.၁၀ မှာတော့ ကျမတို့  ပြင်သစ်နိုင်ငံ
Nancy မြို့ ကိုသွားလည်ဖြစ်ကြပါတယ်။
ကျမတို့ မြို့ ကနေဆိုရင် (၂)နာရီကျော်ကျော်
လောက်မောင်းရပါတယ်။









မြို့ ထဲရောက်တော့ သွားရမဲ့နေရာရှာမရတာနဲ့ 
ဟိုမေးဒီမေးနဲ့ ...ကျမရဲ့ ပြင်သစ်စကားကလည်း
ခပ်ပျက်ပျက်ဆိုတော့တော်တော်မေးရတယ်။

ဒါပေမဲ့ သဘောကောင်းကြတဲ့ပင်သစ်လူမျိုးတွေ
ကစိတ်ရှည်လက်ရှည်ရှင်းပြကြတယ်။ နောက်ဆုံးတော့
အမျိုးသားတဦးက သူ့ ကားနောက်ကလိုက်ခဲ့ဖို့ ပြောတာနဲ့  အဆင်ပြေစွာနဲ့ သွားချင်တဲ့
နေရာကိုရောက်သွားတယ်။ အဲ့ဒီလူခမျာ တကူးတက
လိုက်ပို့ ပေးရရှာတာ။ ကျမတို့  အားလုံးသူ့ ကို ကျေးဇူးတင်ကြတယ်။

သူငယ်ချင်းအိမ်ရောက်တော့ ဟင်းပွဲက အဆင်သင့်၊
ယုန်သားဟင်း၊ ကြက်ဥနဲ့  ခရင်နဲ့ ချက်ထားတာ၊
သခွားသီးသုပ်၊မုန်ညင်းရွက်ကြော်တယ်။ သူငယ်ချင်းက
ချဉ်ရည်ဟင်းစားချင်တယ်ဆိုလို့ ကျမကသီးစုံ
ကုလားဟင်းချက်သွားတယ်။

ဦးဇင်းကိုဆွမ်းကပ်၊ ကျမတို့ စားသောက်ပြီးတော့
သီလယူ၊ တရားနာ၊ ရေစက်ချ အမျှဝေ ကြတယ်။
ပြီတော့မြို့ ထဲကိုလျှောက်လည်ကြပါတယ်။







အဲ့ဒီနေ့ ကနေကလည်းသာတော့
အလွန်သာယာပါတယ်။
ပထမတော့ Parc de la Pépinière
ပန်းခြံထဲလျှောက်ကြတယ်။
နောက်တော့ place Stanislas,
Contre jour sur la place Stan,
Arc de Triomphe, Cathedrale de Nancy
စတဲ့နေရာတွေ လျှောက်ကြည့်ကြတယ်။ ကြုံတောင့်ကြုံခဲ ကောင်ကင်ပြာပြာ
အောက်မှာ သိပ်လှတဲ့ Nancy မြို့လေးကို အခုထိ မျက်စိထဲမြင်နေတုန်းပါပဲ။














































မြို့ ထဲကပုံတချို့ ပါ။ စက်ဘီးငှားစီးမလား။....












သူငယ်ချင်းထပ်ပို့ ပေးတဲ့ ညအလှပုံများ။

Tuesday, 20 April 2010

၁၇.၀၄.၁၀/ ၁၈.၀၄.၁၀

၁၇.၀၄.၁၀
Ketsch မြို့ မှာ လောနိုင်ငံကဘုန်းကြီး
ကျောင်းရှိပါတယ်။ အဲ့ဒီမှာ နှစ်ဆန်းပွဲ
လုပ်တာနဲ့ ကျမတို့ သွားဖြစ်ကြပါတယ်။
အိန္ဒိယကရောက်နေတဲ့ ဦးပဉ္ဇင်းလည်း
ပါတာပေါ့။ လောလူမျိုးတွေက မြန်မာတွေလိုပဲ
ထမီတွေဝတ်ကြတယ်။ မြန်မာနိုင်ငံက ဘုရား
ပွဲတခုကိုရောက်နေသလိုပါပဲ။ သံဃာတွေကိုဆွမ်း၊လှူဖွယ်ဝတ္ထုတွေလောင်းကြတယ်။
အစားသောက်ကလည်း စုံလို့ ပဲ။ ယိုးဒယားအစားအစာနဲ့ ပစ္စည်းတွေ
လည်းရောင်းကြတယ်။ ဈေးလည်းဝယ်ခဲ့သေးတယ်။


၁၈.၀၄.၁၀
အိမ်မှာဆွမ်းကပ်ဖြစ်ပါတယ်။ သူငယ်ချင်း
တွေလည်းလာကြတယ်။ အဝေးက လာကြရတဲ့
သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
သီလယူ။ တရားနာ၊ဆွမ်းကပ်နဲ့  ပျော်စရာ
ကောင်းတဲ့နေ့ လေးတနေ့ ပါ။ သူတို့ ပြန်သွား
တော့လွမ်းကျန်ခဲ့တယ်။






၁၇.၀၄.၁၀

Ketsch က အပြန်မှာပါ။

Sunday, 11 April 2010

ကျမနဲ့  Allergy ( Kreuzallergie)



အခုလိုနွေဦးရာသီရောက်ပြီဆိုရင် ကျမရဲ့ 
Hay feverအလာဂျီ ရောဂါစတာပါပဲ။
နေသာပြီး၊ ပန်းတွေပွင့်လို့ လှနေကြပေမဲ့
ကျမအတွက်တော့ဒုက္ခပါပဲ။ မျက်လုံးတွေ
ကယား၊ မျက်ရည်တွေကျ၊ အာဂေါင်တွေယား၊
နှာရည်တွေကျလိုက်၊ နှာခေါင်းကပိတ်နေလိုက်၊ တချီးချီးနဲ့ ချေ လိုက်....
ညညဆို နှာခေါင်းပိတ်လို့  အိပ်မရဖြစ်ရတာလည်းများပြီ။ တခါတလေ
တစ်ရေနိုး ထချေပြန်ရော၊ နှာရည်ကကျ၊ အာဂေါင်ကယား နဲ့ ထိုင်နေရတဲ့
ညတွေလည်းများပြီ။
သက်သာမလားလို့  သုံးရတဲ့ မျက်စဉ်း၊ နှာခေါင်းထဲထဲ့တဲ့ဆေးတွေ၊သောက်
ဆေးတွေ....တစ်ရူးစက္ကူတွေ၊ နေ့ ညအမြဲဆောင်ထားရတယ်။

အိမ်မှာနေရင်တော်သေးပေမဲ့ အလုပ်မှာဆို တော်တော် အဆင်မပြေဘူး။
သောက်ဆေးကိုတော့ မတတ်သာမှပဲသောက်ဖြစ်တယ်။ ဆေးသောက်ပြီးရင်
ခေါင်းတွေမကြည်၊စိတ်တွေစုစည်းလို့ မရ....နေရခက်ပြန်ရော။

တနေ့ ကညနေဘက် ပေါင်မုန့် နဲ့  Tahin(နှမ်းအနှစ်နဲ့ ဆီနဲ့ ) စားမိပါတယ်။
အာဂေါင်တွေရုတ်တရက်ယားလာပြီး မျက်ရည်တွေကျ၊ အဆက်မပြတ်ချေ
ပါတယ်။ အသက်ရှုတောင်ကျပ်လာတယ်။ ဒါနဲ့ ဆေးချက်ချင်းသောက်လိုက်ရတယ်။
ကျမသတိထားမိနေတာက တချို့ အစားအစာတွေနဲ့ မတည့်ဖြစ်လာတာပဲ။
အရင်က ပန်းသီးဆိုကြိုက်လို့ စားဖြစ်တယ်။ နောက်ပိုင်းပန်းသီးစားမိတာနဲ့ 
အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ လက္ခဏာတွေပြ
တာသတိထားမိတယ်။ အလုပ်မှာ Soja အမှုန့် ကိုဖျော်လိုက်တုန်းကလည်း
အဲ့ဒီလိုပဲ။

ဒီနေ့ တော့ Hay fever ကနေ Food Allergy ဖြစ်တတ်ပုံကိုဖတ်လိုက်ရတယ်။
ဥရောပမှာလူ၅ယောက်မှာ ၁ ယောက်လောက်က
Hay fever ရှိတယ်။
အများစုကတော့ Birke(
birch tree),Erle (alder)နဲ့ Haselstrauch တို့ 
နဲ့ ပါ။
Hay fever ဖြစ်ရာကနေ Food Allergy ပါဆက်ဖြစ်လာကြတဲ့ဦးရေ
ဟာ အခုနောက်ပိုင်းမှာသိသိသာသာများလာပါတယ်။
ဂျာမန်လိုတော့Kreuzallergie လို့ ခေါ်ပါတယ်။
Hay fever ဖြစ်စေတဲ့
(မိမိနဲ့ မတဲ့တဲ့) ဓါတ်တွေ နဲ့ နီးစပ်တဲ့ ဓါတု၊ဇီဝ ဓါတ်တွေကြောင့်
Food allergy ကိုဖြစ်စေပါတယ်။

Birke,Erle နဲ့ Haselstrauch နဲ့ မတဲ့တဲ့သူက Apple,Pfirsich,
Kirschen, Haselnuss, Mandeln, Walnuss တို့ နဲ့ မတဲ့တတ်သလို၊

Beifuß-, Korbblütlerpollen z. B. Chrysanthemen, Margeriten,
Gerbera, Löwenzahn နဲ့ မတဲ့သူတွေကတော့ Sellerie, Petersilie,
Kamille, Karotte, Anis, Dill, Lauch, Koriander, Fenchel, Kümmel,
Sonnenblumenkerne တို့ နဲ့ မတဲ့တတ်ပါဘူး။
စားမိတာနဲ့ အာခေါင်တွေယား၊နှာချေ၊ နှာရည်တွေကျ စတဲ့ အလာဂျီ
လက္ခဏာတွေပြပါတယ်။
ဒီနေရာမှာဆက်ကြည့်လို့ ရပါသေးတယ်။
တချို့ သူတွေဆိုရင် မိမိနဲ့ မတဲ့တဲ့ အရာကိုစားထားသူနားရောက်တာနဲ့ ၊
ဒါမှမဟုတ် အဲ့ဒီမစားအစာကိုပြင်ဆင်ပေးရုံနဲ့ 
အလာဂျီလက္ခဏာတွေပြတယ်လို့ သုတေသနတခုကဆိုပါတယ်။

အသီးအရွက် တွေမှာရှိတဲ့ Allergen တွေဟာ Protein တွေဖြစ်လို့ 
ချက်လိုက်၊ကြော်လိုက်၊ အပူပေးလိုက်ရင် အလာဂျင်တွေ ဓါတ်ပျက်သွားလို့ 
စားရင် ပြသနာမရှိတော့ပါဘူး။

Hay fever အတွက် ဘယ်အရာနဲ့ အလာဂျီရှိတယ်ဆိုတာကို ဆေးခန်း
တွေမှာ Allergy Test နဲ့ စစ်လို့ ရပါတယ်။ Food Allergy( Kreuzallergie)
အတွက်ကတော့ စစ်လို့ ရပေမဲ့ဈေးကြီးပါတယ်။ သူအတွက် ကုသနည်း
လည်း ကောင်းကောင်းမရှိသေးပါဘူး။ ကျမတို့ လို
Hay fever ရှိသူတွေ
အတွက်တော့ကိုယ်ဘာနဲ့ အလာဂျီရှိတယ်ဆိုတာသိထားပြီး အစားအသောက်ကို
ဂရုစိုက်စားရုံပဲရှိပါတယ်။
Hay fever နဲ့ ပတ်သက်ပြီးတော့ ကုသနည်းတွေ တော်တော်များများ
ရှိပါတယ်။ Allergy desensitization, Eigenbluttherapie ( Autoblood),
Akupunktur, Bioresonanz စသဖြင့်အမျိုးမျိုးရှိပါတယ်။ မိမိဆရာဝန်နဲ့ 
တိုင်ပင်ပြီး ကုသကြည့်လို့ ရပါတယ်။
သူငယ်ချင်းတို့  ကျန်းမာပျှော်ရွှင်ကြပါစေ။

Friday, 9 April 2010

အားလပ်ရက် နောက်ဆုံးနေ့ 

ဒီနေ့ ကတော့ Oster ရုံးပိတ်ရက်ရဲ့ နောက်ဆုံးရက်ပါ။ တပတ်လုံးအေးအေးဆေးဆေး
လုပ်ချင်တာ၊စားချင်တာ၊သွားချင်တာတွေ အချိန်ပေးပြီးလုပ်ဖြစ်ခဲ့ပါတယ်။
နေသာတဲ့ရက်တွေ မှာ Pollen Allergie ကြောင့် နှာခေါင်းတွေ၊မျက်လုံးတွေ၊အာခေါင်
တွေယားလို့  ကသိကအောက်ဖြစ်ရတယ်။ ဒါပေမဲ့ မမြင်ရတာကြာတဲ့ နေရောင်
ကိုရတော့ ၀မ်းသာရတယ်။

ဆောင်းတတွင်းလုံး ပစ်ထားတဲ့ မှန် ပြူတင်းပေါက်တွေ၊ ၀ရန်တာတွေကို ဒီနေ့ 
တော့သန့် ရှင်းရေးလုပ်ရမယ်။ ဆောင်းတွင်းက အနွေးထည်တွေ နဲ့ နွေဦးအ၀တ်တွေ
နေရာပြောင်းရမယ်။ ရှင်းလင်းရေးနေ့ ပေါ့လေ။ အိမ်ဦးနတ်က ဘာလင်မြို့ ရောက်နေ
တုန်း ကျမတယောက်ထဲ အေးအေးဆေးဆေးပေါ့။

မနက်စောစောက Bolg တွေလည်ပတ်ရင်း စုဘူးရဲ့ ကြာဇံကြော်ကိုတွေ့ ပြီး စားချင်စိတ်
ပေါက်သွားတယ်။ ကျမ ကြာဇံကြော် ရင် ရေစိမ်ပြီးကြော်တော့ အိုးကပ်လိုက်၊ ပျော့သွား
လိုက်...မကြော်စားတာကြာပြီ။
စုဘူးရဲ့ ကြာဇံကြော်နည်းလေး
ကိုစမ်းကြည့်ချင်တာရယ်၊
စားချင်တာရယ်ကြောင့် ရှိတာတွေ နဲ့ 
ကြာဇံကြော်စားလိုက်ပါတယ်။
မနေ့ ကချက်ထားတဲ့ဝက်နံရိုးနဲ့ 
ကြံမဆိုင်ဟင်းချိုရယ်....ကောင်းမှကောင်း
စုဘူးရေ အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်နော်။

စားသောက်ပြီးတော့ အလုပ်လုပ်စလုပ်တယ်။ မှန်တွေတိုက်ရတာ
ညောင်းနေရော။ဝရန်တာကို တလောက ကိုသောမတ်စ် တိုက်ထား
ပေးလို့ သိပ်မပင်ပန်းလိုက်ဘူး။

အိမ်ထဲမှာဟိုရှင်းဒီရှင်းနဲ့  အချိန်တောင်
တော်တော်ကြာသွားတယ်။

အိမ်သန့် ရှင်းရေးပြီးတော့
လူသန့် ရှင်းရေးဆက်လုပ်တယ်။
အရောင်မှိန်နေတဲ့ ဆံပင်ကို
အရောင်တင်၊ခေါင်းလျှော်၊ ရေချိုး........

ညနေစောင်းကြတော့ အိမ်ဦးနတ် ပြန်လာရင်စားဖို့ မုန့် ဖုတ်ဖြစ်တယ်။
Hefezopf ဆိုတာပါ။
ကျမတို့  ငယ်ငယ်က စားခဲ့ဘူးတဲ့ပေါင်မုန့် 
နဲ့ ဆင်ပါတယ်။ လုပ်ရတာလွယ်သလို၊
(ကျစ်ဆံမြီးတော့လှအောင်မကျစ်တတ်ဘူး။)










စားရတာလည်းပျော့ပျော့ပျောင်းပျောင်း ရှိလို့ မကြာခဏလုပ်စားဖြစ်ပါတယ်။
နောက်တပတ်တော့ အလုပ်လည်းသွား၊ ဧည့်သည်ကလည်းရောက်မယ်ဆိုတော့
အလုပ်နဲနဲ များပါမယ်။ Post တွေလည်း ရေးဖြစ်မယ်မထင်ပါ။

Thursday, 8 April 2010

သင်္ကြန် အမှတ်တ၇


Facebook ထဲမှာ မောင်ထက်အောင်က
သင်္ကြန်သီချင်းတွေတင်ထားတာကို
နားထောင်ပြီး လွမ်းမှာစိုးလို့ မေ့ချင်ယောင်
ဆောင်နေတဲ့ သင်္ကြန်ကို သတိရသွားတယ်။
သင်္ကြန်နဲ့ ပတ်သက်ရင် လူတိုင်းမှာပြောစရာတွေ
အများကြီးရှိကြမှာပါ။

ကျမငယ်ငယ်ကတည်းက ကတာ ခုန်တာတော်တော်ဝါသနာပါတာ။ ကျမနေတဲ့
ကျောင်းကလည်း သင်္ကြန်ဆို ယိမ်းကလေ့ရှိတော့ ကျမလည်းစင်ပေါ်ရောက်သွားတယ်။

နှစ်တိုင်းအတန်းတင်စာမေးပွဲ ပြီးတာနဲ့  သင်္ကြန်အတွက်အကတွေစတိုက်ကြတယ်။
ကျမတို သူငယ်ချင်းအုပ်စုလည်း အတူတူ အကတိုက်ရင်းပြန်ဆုံကြတယ်။
အတန်းတွေကကွဲနေတော့ ကျောင်းမှာသိပ်မတွဲဖြစ်ကြဘူး။
ကျမတို့ ကို အကသင်ပေးတာက ဆရာမ ဒေါ်ခင်ဝင်းမြင့်၊ ယဉ်ကျေးမှုဌာနက
ဦးကျော်သာထွန်း၊ တခါတလေ ဒေါ်သီတာဝင်း။
ကျမတို့ အကတိုက်ချိန်က တစ်လလောက်ရတယ်။ နေ့ တိုင်းကျောင်းကိုလာပြီး
အကတိုက်ရတယ်။ အချိုးမကျရင် ဆရာတွေက ဆူသေးတာ။ ကျမတို့ ကတော့
ပျော်ပျော်ပါပဲ။ နားချိန်ဆိုရင် ဘီအီးဒီ ကင်တီး သွားပြီး အအေးသောက်ကြတာ
လည်းပျော်စရာပါ။

ဆရာတွေက ကကွက်တွေ တနှစ်နဲ့ တနှစ်မထပ်ရအောင် သင်ပေးပါတယ်။
ကျမတို့ ကလည်းကြိုးစားပန်းစား လေ့ကျင့်ကြတာပါ။ သီချင်းတွေကို
ဂီတလုလင်ဦးကိုကို နဲ့ ယဉ်ကျေးမှုကဆရာတွေရေးပေးကြတယ်။
တီးဝိုင်းဆရာတွေကလည်း ယဉ်ကျေးမှုကပဲ။ ဆိုပေးတာက အန်တီမစိန်အေး။

ကျမတို့ ကျောင်းက အဆည နဲ့  လူငယ်ဗဟို မဏ္ဍပ်တွေမှာ ဖျော်ဖြေရတယ်။
တွဲကရတဲ့ကျောင်းတွေက တက္ကသိုလ်ကျောင်းတွေ၊ အများအားဖြင့်တော့
အာအိုင်တီနဲ့ တွဲရတယ်။

မောင်ထက်အောင်ကပြောတယ်....
ဟုတ်တယ်.. ၁၉၈၄-၈၅ လောက်က အဆညမှာ ပျော်စရာကြီး..။
သီတာဝင်းတို့ ချစ်ချစ်ဇော်တို့  တင့်တင့်ထွန်းတို့  ယုနန္ဒာမြင့်တို့ 
တက္ကသိုလ်ကျောင်းသူတွေ.. အငြိမ့်ကနေကြတဲ့အချိန်... ဇာဂနာ
မေတ္တာ အရိုင်း ပိန်ပိန် တက်တူ စုတ်ချွန်း ချစ်စရာ ချွန်စက်
စတဲ့
လူရွှင်တော်တွေနဲ့ ပေါ့... နေ့ ဖက်ရေပက် ညဖက် ယိမ်းတွေ
အငြိမ့်တွေကြည့်ပေါ့.....

♬ ♫ .ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကပါ...♬ ♫ ♬
ဆိုပြီး အက ထွက်လာကြတာ မှတ်မိသေးတယ်...ဟီးးးး

ကျမတို့ တွေကတော့ အမေတို့ တတ်သလောက်မှတ်သလောက်ပြင်ဆင်
ပေးလိုက်တာနဲ့ လှနေကြတာ။ အမေတွေမှာလည်း မိတ်ကပ်လိမ်း၊ဆံပင်ပြင်
နဲ့ အလုပ်များ ရှာတယ်။ သင်္ကြန်တွင်းဆို သူတို့ မှာဥပုသ် မစောင့်နိုင်ရှာဘူး။
ကျမတို့ နောက် အထုပ်ကိုင်ပြီးလိုက်နေကြရတာ။ ကျမတို့ ကတော့
ပျော်နေကြတာပေါ့။

သူငယ်ချင်းတစ်ယောက်ဆီက အမှတ်တရ သင်္ကြန် ကတုန်းကပုံလေး
တင်ပေးလိုက်ပါတယ်။

သင်္ကြန်သီချင်းတွေကြားရင်ကျမနဲ့ ကဖေါ်ကဖက် သူငယ်ချင်းတွေလည်း
ကျမလိုပဲ သတိရနေကြမှာပါ။