Monday, 11 June 2012
ရထားပေါ်က အတွေးတစ်ခု
မနေ့ က ခရီးကအပြန် ရထားပေါ်မှာ ကြုံခဲ့တာလေးပါ။
ဂျာမနီမြောက်ဘက် မြို့  တစ်မြို့ ကနေ အသက်၈၀ကျော်ခန့် ရှိတဲ့
အမျိုးသားတယောက် လမ်းလျှောက်လက်တွန်းလှည်းကိုတွန်းရင်း။
လှည်းပေါ်မှာလည်း ခရီးဆောင်အိတ် အလတ်တစ်လုံး၊ အသေးတစ်လုံး၊
ပလတ်စတစ် လက်ဆွဲအိတ်တစ်လုံးနဲ့  တုန်တုန်ချိချိနဲ့ တက်လာပါတယ်။
တောင်ဝှေးကလည်း  လမ်းလျှောက်လက်တွန်းလှည်း မှာကပ်ချိတ်ထားသေး
တယ်။
အဖိုးအိုက သန့် သန့် ပြန့် ပြန့် ရှိပါတယ်။ ရထားပေါ်ရောက်တော့ သူ့ အိတ်တွေ
ထားစရာနေရာမတွေ့ တာကြောင့် တစ်တွဲလုံး ကြားလောက်အောင်
 အော်ပါတော့တယ်။သူ ခုံ အပေါ်ကပစ္စည်းတင်တဲ့ နေရာမှာရှိနေတဲ့
အိတ်ပိုင်ရှင်ကို အော်ပါတော့တယ်။
ရထားပေါ်ကလူတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
 ခေါင်းတခါခါနဲ့ ပေါ့။ နောက်တော့ အနားက တစ်ယောက်က အဖိုးရဲ့ 
အိတ်တွေထားဖို့ စီစဉ်ပေးလိုက်ပါတယ်။
လမ်းမှာသူ့ ဘေးမှာထိုင်တဲ့ အမျိုးသမီးက သူဘယ်သွားမှာလဲ။ဘာလဲမေးတော့
အဖိုးအိုက သူ့ အကြောင်းပြောပြပါတယ်။
သူက အခု ဂျာမနီတောင်ပိုင်း ဆွစ်နယ်စပ်က သူအရင်တုန်းကနေခဲ့ဘူးတဲ့
မြို့ က အသက်ကြီရွယ်အိုတွေနေတဲ့  အိမ်ယာကိုသွားမလို့ တဲ့။
သူ့ ပြောတာကိုကြားတဲ့သူတိုင်းသူ့ အပေါ် ဂရုဏာသက်မိသွားကြတယ်။
စောစောက မကြိုက်တဲ့ အကြည့်တွေ က သနားတဲ့အကြည့်ကိုပြောင်းသွားတယ်။
သူနေတဲ့ဂျာမနီမြောက်ပိုင်းကအိမ်က အပြီးထားခဲ့ပြီ ဇာတိမြို့ က  အသက်ကြီးရွယ်အို
ရိပ်သာမှာ ပြောင်းနေရမယ်သူ့ မျက်နှာက ၀မ်းနည်းနေသလိုပဲ။
ရထားပေါ်ကဆင်းသွာတဲ့သူအချို့ က သူ့ ကို လာနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးသွားကြတယ်။ ကျမဆင်းရမဲ့ဘူတာမရောက်ခင် မှာ
သူကျမရှေ့ ကခုံမှာ လာထိုင်တော့ စကားနဲနဲပြောဖြစ်တယ်။
ကျမလည်းဆင်းရမဲ့ဘူတာရောက်တော့ သူဆင်းရင်အဆင်ပြေအောင်
သူ့ အိတ်တွေ အပေါ်ကအောက်ချပေး၊ သူ့ ကိုနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးခဲ့တယ်။ သူကလည်း ကျမကို အစစ အဆင်အပြေဆုံး
ဖြစ်ပါစေလို့ ဆုတောင်းပေးပြန်တယ်။
ကျမအတွေးထဲမှာ အများကြီးဆက်တွေးနေမိတယ်။ ကျမလည်းတနေ့ နေ့ 
အသက်ကြီးလာရင် သူ့ လိုပဲ သယ်နိုင်သလောက်အထုတ်ကလေးနဲ့ 
ဘယ်နေရာမှာများသွားနေရမလဲလို့ တွေးမိတယ်။
အခုတော့ လိုချင်တာတွေဝယ်လိုက်၊ သုံးလိုက်နဲ့  နောက်တော့ ဒါတွေကို
မသေခင်ကတည်းက ထားခဲ့ရမှာ။
တလောက မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောရင်း" သြော် ကျမတို့ ဂျာမနီ
ကိုလာတုန်းက ကီလို ၂၀နဲ့ လာခဲ့တာ။ အခု အိမ်ပြောင်းမယ်လုပ်မှ တိုးပွား
လာတဲ့ပစ္စည်းတွေ ... အများကြီးပါလားတဲ့။" သူပြောတာသတိပြန်ရသွားသေးတယ်။
ငယ်ရွယ်ချိန်မှာတော့ မာန်တက်လိုက်၊ ရန်ဖြစ်လိုက်၊ ဘ၀င်မြင့်လိုက်၊ ကိုယ့်ကို
ကိုယ်အထင်ကြီးလိုက်နဲ့  တနေ့ နေ့ ကျမ အသက်ကြီးလာလို့  ဒီအဖိုးအိုလို
တစ်ယောက်ထဲ မရပ်တည်နိုင်တော့ရင်.... ... ... အတွေးတွေများနေမိတယ်။
Tuesday, 5 June 2012
ပုညကရောတိ (making or doing merits)
 ဥိးသောမတ်စ်ရေးထားတဲ့ ( Verdienste erwerben) ဒီဆောင်းပါးကို
ဂျာမန် ထေရ၀ါဒ အဖွဲ့ ရဲ့  ၀ဒ်ဆိုဒ် Theravadanetz မှာ ဖေါ်ပြထားပါတယ်။
သူရေးထားတာကတော့ ကုသိုလ်ပြုခြင်းအမျိုးမျိုး၊ ဘာကြောင့် ကုသိုလ်တွေ
ပြုကြတာလဲ၊ ကုသိုလ်ပြုခြင်းကြောင့် ဘာတွေပြန်ရလာသလဲ ဆိုတာတွေ
ရေးထားပါတယ်။ ဒါအပြင် ကုသိုလ်နဲ့ ပုည ရဲ့  အဓိပ္ပါယ်လည်းရှင်းပြထားပါတယ်။
Monday, 4 June 2012
Bad Elster မှအပြန်
ရောက်ဖြစ်ပါတယ်။ ရောက်ဖြစ်တဲ့အကြောင်းကတော့ ကံစမ်းမဲ
ပေါက်တာကြောင့်ပါ။ ကျမတို့ မြို့ က ဆေးရုံအသစ်ဖွင့်ပွဲ မှာ ကိုသောမတ်စ်
က ကံစမ်းမဲ ထဲ့ လိုက်တာ ပထမဆုပေါက်ပါတယ်။ အဲ့ဒီဆုက Bad Elster
မြို့ မှာရှိတဲ့ အပန်းဖြေ ဆေးရုံ ( Kurklinik)  မှာ နှစ်ညအိပ်ပြီး အစားသောက်
အပါအ၀င်အနားယူခွင့် နှစ်ယောက်အတွက် ရတာနဲ့ ကျမတို့ သွားဖြစ်ကြတာပါ။
ကျမတို့ နေတဲ့နေရာကဆိုရင် ကီလိုမီတာ ၆၀၀ ကျော်မောင်းရပါတယ်။
အသွားလမ်းမှာ ကျမရဲ့ မြန်မာသူငယ်ချင်းအိမ်ဝင်လည်ရင်းနေ့ လည်စာ
စားဖြစ်ပါတယ်။ သူငယ်ချင်းနဲ့ တွေ့ ရတော့ စကားတွေပြောကောင်းတာနဲ့ 
အချိန်က ခဏလေးကုန်သွားသလိုပဲ။ ကျမတို့ လည်း ခရီးဆက်စရာရှိတာနဲ့ 
သူငယ်ချင်းကိုနှုတ်ဆက်ပြီးထွက်ခဲ့ရတယ်။ တွေ့ ရတာမ၀ဘူးသူငယ်ချင်း။
ကျမတို့ တည်းရမယ့် အပန်းဖြေဆေးရုံကိုရောက်တော့ ညနေစောင်းနေပြီ။
ဆေးရုံက  ကျွေးတဲ့ညနေစာစားဖြစ်ပါတယ်။ ညနေစာကတော့ထုံးစံအတိုင်း
ပေါင်မုန့် နဲ့  ချိစ်၊ ဆလပ်သုပ်မျိုးစုံ... ဆေးရုံက natural medicine / integrative
medicine ဆေးရုံဆိုတော့ ကျွေးတဲ့ အစားအစာက အဆီနဲ၊ အဟာရပိုရှိစေတဲ့
အရာတွေဖြစ်ပါတယ်။ ကိုသောမတ်စ်ကတော့ အရသာမရှိဘူးလို့ ပြောပါတယ်။
ကျမအတွက်ကတော့ အရသာရှိပြီးစားလို့ ကောင်းပါတယ်။
သူတို့ ဆီက recipes တချို့ တောင်ယူလာပါသေးတယ်။
ညနေစာ စားပြီးတော့ မြို့ ကိုလျှောက်ကြည့်ဖြစ်ပါတယ်။ အရှေ့ဂျာမနီရဲ့ မြို့ ပုံစံအတိုင်း
ဟောင်းနေတဲ့အိမ်တွေ၊ လူမနေတော့တဲ့အိမ်တွေ၊ အသစ်ပြင်ဆောက်ထားတဲ့အိမ်တွေ
နဲ့ စိတ်ဝင်စားစရာကောင်းတဲ့မြို့ ကလေးပါ။ အဲ့ဒီမြို့ ရဲ့ ထူးခြားချက်ကတော့ Spa town
ဖြစ်လို့ ပါပဲ။ အဲ့ဒီမြို့ ရဲ့ underground spring water source ၃ခု ကြောင့် ၁၈၄၈ လောက်
ကတည်းက ကျော်ကြားခဲ့တာပါ။
ဒီပုံကတော့ Spa House ပါ။ ၁၈၅၃ မှာဆောက်ခဲ့တာဖြစ်ပါတယ်။
 Spring water ကို သောက်ကြည့်လို့ ရပါတယ်။
 Spa Museum
နောက်နေ့ မှာတော့ မနက်စာစားပြီးတာနဲ့  ဆေးရုံကစီစဉ်ပေးထားတဲ့ အစီအစဉ်
တွေဝင်လုပ်ရပါတယ်။  အာယုဗေဒ မျက်နှာနှိပ်ပေးတာ၊ Qi Gong 
လေ့ကျင့်ခန်းလုပ်တာ၊ ရေကူးတာတွေ ကို အစီအစဉ်အတိုင်းလုပ်ရပါတယ်။
နေ့ လည်စားစားပြီးတော့ တခြားသူတွေနဲ့  လမ်းလျှောက်ထွက်တဲ့အစီအစဉ်
ပါပါတယ်။  
ကျမအတွက်က ဒီလို အပန်းဖြေဆေးရုံမှာ နေဖူးတာ ပထမဆုံးပါ။ ကျမတို့ 
မြို့ မှာလည်း ဒီလို ဆေးရုံတွေရှိပေမဲ့  အလုပ်သာလုပ်ဖူးတယ် တခါမှ မနေဘူး
ပါဘူး။ သာမန်ဟိုတယ်မှာ တည်းတာနဲ့ စာရင်တော့ ကျမအတွက်ပိုသဘောကျ
ပါတယ်။ လူတွေဟာ တယောက်နဲ့ တယောက်ရင်းနှီးကြသလို၊ ဖေါ်ရွေကြပါတယ်။
တဖက်က အနားယူရသလို၊ တဖက်ကလည်း ကျန်းမာရေးအတွက် အထောက်
အကူဖြစ်စေတော့ သဘောကျမိပါတယ်။
ဂျာမနီမှာ ဆရာဝန်ထောက်ခံချက်နဲ့  ဒီလိုဆေးရုံတွေမှာ အနားယူခွင်ရှိပါတယ်။
ကုန်ကျစရိတ်ကိုတော့ ကျန်းမာရေးအာမခံကုမ္ပဏီက ပေးပါတယ်။
လူနာအနေနဲ့ ကတော့ တနေ့ ကို ၁၃ ယူရိုပေးရတယ်လို့ ပြောပါတယ်။ တချို့ ကလည်း 
တနေ့ ၁၀ယူရိုပေးရပါတယ်။ အသေးစိတ်ကိုတော့ နောက်ကြုံတဲ့အခါရေးပါအုံးမယ်။
ဆရာဝန်ထောက်ခံချက်မပါပဲ မိမိဘာသာ အနားယူချင်တယ်ဆိုရင်တော့ ဆေးရုံက
ပေးတဲ့ အစီအစဉ်အတုင်းကိုယ့်ပိုက်ဆံနဲ့ ကိုယ် နေလို့ ရပါတယ်။ အဲ့ဒီဆေးရုံကတော့
တရက်ကို 60,65€ (ယူရို) တောင်းပါတယ်။ 
စိတ်ဝင်စားစရာတွေ အများကြီးရခဲ့တဲ့ ခရီးတစ်ခုပါပဲ။ ဒီလို ကံစမ်းမဲမျိုး  နောက်တခါ
ပေါက်ခဲ့ရင်သွားချင်ပါသေးတယ်။
Wednesday, 30 May 2012
ချဉ်ပေါင်....
 အဖွားက သီးပင်စားပင်တွေစိုက်တာဝါသနာပါတော့ ချဉ်ပေါင်ကို မြေကုန်းလေးတွေ
လုပ်ပြီးစိုက်လေ့ရှိတယ်။ အိမ်မှာ ချဉ်ပေါင်ဟင်းချက်ရင် ခြံထဲဆင်းခူးရုံပဲ။ အနီ၊ အဖြူ နှစ်
မျိုးစလုံးစိုက်ထားတယ်။ ခြံထဲကခူးလာတဲ့ချဉ်ပေါင်ရွက်ရယ်၊ ငရုပ်သီးစိမ်းရယ် ဆိုရင်
ဟင်းတစ်ခွက်ရဖို့  အဆင်ပြေသွားပြီ။
ချဉ်ပေါင်ရွက်ကို မျှစ်နဲ့ ပုဇွန်ခြောက်နဲ့ ( ပုဇွန်ပေါ်ချိန်ဆို ပုဇွန်လေးတွေနဲ့ )ကြော်ထား
ရင် ဘာအသားဟင်းမှ မလိုပဲ ထမင်းနဲ့ နယ်ဖတ်စားလိုက်ရတာ ပြန်တွေးမိတိုင်း
သွားရည်ကျမိတယ်။
ချဉ်ပေါင်ဟင်းကို ငါး၊၀က်သားတို့ နဲ့  ခပ်ပြစ်ပြစ်ချက်၊ ငရုတ်သီးဆားထောင်းနဲ့ 
ချက်တဲ့နေ့ ဆို ထမင်းမြိန်တဲ့နေ့ တစ်နေ့ ပါပဲ။ ချဉ်ပေါင်ဟင်းနဲ့ ပုဇွန်ဆီပြန်
ဆိုရင်တော့ ကျမအကြိုက်ဟင်းတွေပါ။
အုန်းထမင်းချက်တဲ့နေ့ ၊ထောပတ်ထမင်းချက်တဲ့နေ့ ၊ ဒန်ပေါက်ဝယ်စားတဲ့နေ့ 
တွေဆိုရင် ခရမ်းချဉ်သီးလေးစိတ်ထဲ့ ပြီးပုဇွန်ခြောက်နဲ့ ချက်ထားတဲ့
ချဉ်ပေါင်ဟင်းချို က အအီပြေ မပါ မဖြစ်ပါပဲ။
ချဉ်ပေါင်ဟင်းကိုနယ်ဖတ်စားပြီးတိုင်းလက်မှာ အနံ့ စွဲနေတတ်လို့ လက်စင်အောင်
ဆေးဖို့ လူကြီးတွေ ခဏခဏသတိပေး တာကိုလည်းအမှတ်ရသေးတယ်။
ကျမကြိုက်တဲ့ချဉ်ပေါင်ရွက်ကို ဒီရောက်လာတဲ့အချိန်မှာ မစားဖြစ်တော့ပါဘူး။
ဂျာမနီရောက်ပြီး ပထမဆုံးရန်ကုန်ပြန်တော့ အမေကို ချဉ်ပေါင်ဟင်းချက်ထား
ပေးဖို့ ဖုန်းကြိုဆက်ထားဖူးတယ်။
ရန်ကုန်ကပြန်လာရင် ချဉ်ပေါင်ကြော် တစ်ခါထဲ့ယူလာဖူးသေးတယ်။ ကြာကြာထား
ပြီး မစားချင်တာနဲ့ ပဲ  နောက်မယူလာဖြစ်တော့ဘူး။ တစ်ခါ အရွက်တွေ အခြောက်လှန်း
ပြီးယူခဲ့သေးတယ်။ ကျမပြန်တဲ့အချိန်က မိုးတွင်းဆိုတော့ အကောင်းကောင်း မခြောက်
တာနဲ့  မှိုတက်လာတယ်။
အဲ့ဒီနောက်ပိုင်းတော့ ချဉ်ပေါင်ရွက်ကို ကြိုးစားပန်းစားမသယ်လာဖြစ်တော့ပါဘူး။
ရန်ကုန်ရောက်ရင် တစ်ဝစားလာခဲ့တယ်။ ဒီမှာ စားချင်စိတ်ရှိလာရင် Sauerampfer
ကိုပဲ အလွမ်းပြေချက်စားဖြစ်ပါတယ်။
ချဉ်ပေါင်ကိုမစားတာ ကြာတော့လည်း သိပ်မလွမ်းတော့သလိုပါပဲ။
တစ်လောက တော့ အိမ်မက်ရဲ့  ဘလော့မှာ ဗမာစတိုးအကြောင်းရေးထားတာတွေ့ 
တာနဲ့  ဖရန်းဖွတ်ရောက်တုန်းဗမာစတိုးကို ၀င်ခဲ့ရင်း ချဉ်ပေါင်ရွက်ခြောက် ရယ်
ငှက်ပျောအူခြောက်ရယ်ဝယ်လာခဲ့တယ်။ ချဉ်ပေါင်ရွက်ခြောက် ကတော့
 တော်တော်လေး အဆင်ပြေပါတယ်။
ဒါနဲ့ ပဲ ချဉ်ပေါင်ကြော်တစ်ခါကြော်စားဖြစ်တယ်။ ဒီနေ့ တော့ ချဉ်ပေါင်းဟင်းကို ၀က်သား
သုံးထပ်သားရတာနဲ့ ချက်စားဖြစ်ပါတယ်။
မစားရတာကြာတဲ့ မိမိကြိုက်တဲ့ ဟင်းတစ်ခွက်ကို စားလို့ ရအောင် ကြော်ငြာသတင်း
ပေးထားတဲ့ အိမ်မက် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
Monday, 28 May 2012
ရိုင်းမြစ်ဘေးက picnic
တလောက နေမကောင်းဖြစ်ရာက နလန်ထစ ကိုသောမတ်စ် အတွက်
စိတ်ပြေလက်ပျောက် လည်းဖြစ်၊ အခုရက်တွေမှာ နေကလည်းပူ၊ အလုပ်ပိတ်ရက်တွေကလည်းရှိနေတာနဲ့ picnic အစီအစဉ်လေးလုပ်ဖြစ်တယ်။
 ကျမတို့ နေတဲ့နေရာကနေ မိနစ်၂၀လောက်ကားနဲ့ သွားရင် ပြင်သစ်၊ဂျာမန်
အဲ့ ဒီနေရာလေးက လူလည်းသိပ်မများ၊ အေးအေးဆေးဆေးရှိလို့ မကြာခဏ
ရောက်လေ့ရှိပါတယ်။
ဒီနေ့  picnic သွားဖို့ နေရာစဉ်းစားတော့ ကျမက ဒီရိုင်းဖြစ်ဘေးကိုရွေးလိုက်ပါတယ်။
သူကတော့ Blackforest က နေရာတစ်နေရာကိုရွေးပါတယ်။ နောက်ဆုံးတော့
မြစ်ဘေးပဲသွားဖြစ်ခဲ့ပါတယ်။
ကျမတို့ ရောက်တော့ ဆိပ်ကမ်းမှာ အပျော်စီးသင်္ဘောရပ်ထားတာတွေ့ တယ်။
အင်္ဂလန်ကလာတာတဲ့။ ကျမအတွက်ကြည့်စရာတစ်ခုရသွားပေမဲ့ ရိုင်းမြစ်ထဲမှာ
သွားနေတဲ့ သင်္ဘောတွေ၊ ရေလွှာရှောစီးနေကြသူတွေကို တော့ အပျော်စီးသင်္ဘော
ကြီးက ကာနေလို့ ကောင်းကောင်း မမြင်ရတော့ဘူး။
ကျမအိမ်ကနေ ခေါက်ဆွဲကြော်ထဲ့သွားတယ်။ နှစ်ယောက်သား စားနေကျမဟုတ်တဲ့
နေရာမှာ စားရလို့ လားမသိ ပိုအရသာရှိသလိုပဲ။တခါတလေ အပြောင်းအလဲလေးပေါ့။
ရိုင်းမြစ်ဘေးလမ်းလျှောက်ဟိုငေးဒီကြည့်ပြီး အိမ်ပြန်လာခဲ့တယ်။
ဒီနေ့ ခေါက်ဆွဲကြော်က အရမ်းအရာသာရှိတယ်လို့ သူကတော့ ခဏခဏပြောနေတယ်။
 သူပျော်ရင်ကျမလည်းပျော်ပါတယ်။
Saturday, 12 May 2012
တိုးတက်မှုရဲ့ ရလဒ်
ဒီနေ့ အိမ်အောက်ထပ်က ဂျာမန်အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တယ်။
သူက ဂျာမနီမြောက်ပိုင်းကဖြစ်လို့ ကျမတို့ တောင်ပိုင်းမှာ သူ့ မိတ်ဆွေတွေ
မရှိဘူးတဲ့။ အဲ့ဒီကနေစပြီး ဂျာမနီရဲ့ လူမှု စရိုက်အကြောင်းပြောဖြစ်ကြပါတယ်။
ကျမအသက်ကြီးရင်မြန်မာပြည်ပြန်နေမှာလား။ဒီမှာပဲနေမလားလို့ မေးတာနဲ့ 
မြန်မာပြည်ပြန်နေမှာပေါ့လို့ ပြောတော့ သူလည်း သူ့ ဇာတိမြောက်ပိုင်းကိုပဲ
ပြန်နေချင်ကြောင်းပြောပါတယ်။  ဂျာမနီတစ်နိုင်ငံထဲမှာတောင် တောင်ပိုင်း
နဲ့ မြောက်ပိုင်း စရိုက်ဓလေ့က ကွာနေသေးတယ်။ တောင်ပိုင်းကသူတွေက
သိပ်မဖေါ်ရွေကြပါဘူး။ ဖာသိဖာသာ နေကြတာများပါတယ်။ လမ်းမှာတွေ့ 
လို့ လည်း နှုတ်ဆက်လေ့မရှိကြဘူး။ ဈေးဆိုင်တွေသွားရင်လည်း
မဖေါ်ရွေကြပါဘူး။ မြောက်ပိုင်းကသူတွေကြတော့ ဖေါ်ဖေါ်ရွေရွေရှိကြတယ်။
မှတ်တိုင်မှာ ရပ်နေရင်းလည်း မိတ်ဆွေ လို စကားစမြည်ပြောဖို့ ဝန်မလေးကြပါဘူး။
မိတ်ဆွေဖြစ်ဖို့ လွယ်တယ်ပေါ့လေ။
အဲ့ဒီအမျိုးသမီးက ပြောင်းလာတာမကြာသေးပါဘူး။ သူ့ မှာ ၇နှစ်အရွယ် သား
တစ်ယောက်ရှိတယ်။ တခြားအိမ်ခန်း တွေနဲ့ ကျမ သိပ်မရင်းနှီးပေမဲ့ သူနဲ့  ကျမ
မကြာခင်မှာပဲ ရင်းနှီးသွားပါတယ်။
သူ့ မှာလည်း အသက် ၈၀ အရွယ် အမေရှိပြီး အမေက သူ့ အရပ်မှာပဲပျှော်ကြောင်း၊
ဒီဘက်ကိုလာဖို့ ခေါ်လို့ မရကြောင်းပြောပါတယ်။ ကျမအမေနဲ့ အရွယ်တူဆိုတော့
အမေ့ကို သတိရသွားမိတယ်။ အမေလည်း သူ ရပ်ရွာမှာ ပဲနေချင်တာ။
ဒီမှာ မိတ်ဆွေရှာဖို့ ခက်ကြောင်းပြောဖြစ်ပါတယ်။ လူတိုင်းဟာ သူ့ အလုပ်နဲ့ သူ
အချိန်တွေ ပြည့်နေတာကြောင့် တခြားသူအတွက် အချိန်မပေးနိုင်ကြပါဘူး။
သူ့ ကလေးတောင် သူငယ်ချင်းအိမ်သွားလည်ဖို့  ရက်ချိန်းတောင်းရတယ်ဆိုပဲ။
ကလေးတွေမှာလဲ ကျောင်းပြီးတာနဲ့  ဂီတသင်တန်း၊အားကစားသင်တန်း၊
စတာတွေသွားရ၊ အိမ်စာလုပ်ရနဲ့  အားချိန်မရှိကြောင်း၊ အိမ်စာတွေကလည်း
အလွန်များကြောင်းပြောရင်း သူတို့ ငယ်ငယ်က ကလေးဘ၀အကြောင်းပြောပြပါတယ်။
သူတို့ ငယ်ငယ်က ကလေးတွေဟာ လမ်းပေါ်မှာ ဆော့ကြကြောင်း။ စစ်တိုက်တမ်း၊
တူတူပုန်းတမ်း၊သရေကြိုးခုန်တမ်း စတာတွေကစားကြတယ်တဲ့။ လူကြီးတွေကလည်း
ကလေးတွေကစားလို့ နားငြီးတယ်လို့ ပြသနာမလုပ်ကြောင်းပြောပြပါတယ်။
တစ်အိမ်နဲ့ တစ်အိမ်လည်း အချိန်မရွေးသွားလည်လို့ ရကြောင်းပြောပါတယ်။
အဲ့ဒီတုန်းက ကလေးအမေတွေက အိမ်ရှင်မ အလုပ်ပဲ၇ှိတော့ အချိန်ရကြောင်း၊
ကလေးတွေအတွက်အချိန်ပေးနိုင်ကြောင်းပြောပါတယ်။
ကျမလည်း ကျမငယ်ငယ်က လမ်းပေါ်မှာ အိမ်နီးချင်းကလေးတွေနဲ့ ဆော့ကြတဲ့
အကြောင်း၊ အခုတော့ တူလေးတူမလေးတွေ ဒီလို အခွင့်အရေးမျိုး မရကြောင်း၊
အိမ်ထဲမှာပဲ စာကျက်လိုက်၊တီဗီကြည့်လိုက်၊ ဗီဒီယိုကြည့်လိုက်၊ ဂိမ်းဆော့လိုက်၊
 ဖုန်းပြောလိုက်နဲ့ အချိန်ကုန်သွားကြောင်း။ ကလေးပီပီ ပြေးလွှားကစားကြတာမျိုး
မတွေ့ ရတော့ကြောင်းပြောပြပါတယ်။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ ခင်မင်ရင်းနှီးမှု
တွေနည်းသွားရတာ စိတ်မကောင်းစရာပါပဲ။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေနောက်
ခေတ်နဲ့ အမီလိုက်ရင်း လူမှုရေးပိုင်းမှာ ပေးဆပ်လိုက်ရတာတွေက နေရာတိုင်းမှာရှိ
နေမှာပါပဲ။
Thursday, 3 May 2012
၁၃ နှစ် ကြာခဲ့ပြီ
လွန်ခဲ့တဲ့ ၁၃နှစ်က... .. ဘ၀သစ်တစ်ခုကို အခြေချဖို့  လမ်းသစ်တစ်ခုကိုရွေးခဲ့တယ်။
ကောင်းသောလမ်းလား၊ဆိုးသောလမ်းလားဆိုတာ ဘာမှ မသိပဲ ရင်ဆိုင်ဖို့ 
အားမွေးပြီးထွက်လာခဲ့တယ်။
ပျော်စရာ၊စိတ်လှုတ်ရှားစရာ၊ ၀မ်းသာ၊၀မ်းနည်းမှုတွေအမျိုးမျိုးတွေ့ ခဲ့တယ်။
ဘ၀သစ်မှာ အခြေကျနေပေမဲ့ ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကိုတော့
သတိရနေတုန်းပါပဲ။ 
ဒီနှစ်တွေအတွင်းမှာ ကျမ ရဲ့ ကြိုးစားမှုတွေ၊ ကြံ့ခိုင်မှုတွေကို အားဖြည့်ပေးတဲ့
သတိရမိတာက အမေပါ။
အမေရဲ့ အားပေးစကားတွေပြန်ကြားမိရင်း အင်အားတွေပြန်ရလာရပါတယ်။
ကျေးဇူးတင်ပါတယ်အမေ။
ကျမဘေးမှာ လိုအပ်တာဖြည့်စွမ်းပေတဲ့ ၊ ကျမ ဘ၀ကို အကောင်းဘက်
ကိုပြောင်းပေးခဲ့တဲ့ ကျမရဲ့ အိမ်ဦးနတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျမတယောက်ထဲ ရှိတယ်လို့ ခံစားမိပြီး မြန်မာပြည်ကိုလွမ်းနေချိန်မှာ
ဖုန်းဆက်ခွင့်ရ၊ စကားပြောခွင့်ရ၊ ဘလော့ခ် တွေထဲမှာ အတွေးတွေဖလှယ်
ခွင့်ရတဲ့ အတွက်လည်း သူငယ်ချင်းတို့ ကိုကျေးဇူးတင်ပါတယ်။