ကိုသောမတ်စ်က ရန်ကုန်ကို ကျမထက် ၂ရက်လောက်စောထွက်သွားတာကြောင့်
ဒီနှစ်ရန်ကုန်ပြန်တော့တစ်ယောက်ထဲပါ။ အဖေါ်ပါရင်ခရီးသွားရတာ စိတ်သက်သာ
ပေမဲ့ မဖြစ်တော့လည်းတစ်ယောက်ထည်းပဲပေါ့။ ဒီခရီးက နှစ်တိုင်းသွားနေကြဆိုတော့
မျက်စိမှိတ်တောင်သွားလို့ ရတယ်လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ခရီးစခဲ့ပါတယ်။
ဒီနှစ်ပြန်ခါနီးခါးတအားနာနေတာကြောင့်သယ်ရမဲ့အထုတ်ကို လျှော့။ မဖြစ်မနေသယ်ရမှာ
သာသယ်သွားတယ်ဆိုပေမဲ့ ၂၂ ကီလိုတော့ရှိသား။ လေယာဉ်က နေလည်၁၂ နာရီထွက်မှာ
ဆိုတော့ အိမ်ကနေ မနက် ၅နာရီ၂၀ ရထားနဲ့ စထွက်ခဲ့ရတယ်။ လမ်းမှာ ရထား ၂ခါပြောင်း
ရင်း အဆင်ပြေပြေနဲ့  Frankfurt လေဆိပ်ကိုရောက်သွားပါတယ်။
လေယာဉ်ပေါ်ရောက်တော့ ဘေးနားမှာ တရုတ်လူမျိုးလို့ ထင်ရတဲ့ အန်တီအရွယ် အမျိုးသမီး
တစ်ယောက်ထိုင်ပါတယ်။ ကျမလည်း မတောက်တခေါက်တရုတ်စကားနဲ့ လှမ်းနှုတ်ဆက်လိုက်
ပါတယ်။ ဒါနဲ့ ပဲ တရုတ်လို့ သိသလောက်မှတ်သလောက် ပြောပြီးမှ အန်တီက ကျမကို
တရုတ်မလို့ ထင်နေတာနဲ့  ကျမမြန်မာဖြစ်ကြောင်း၊ တရုတ်မဟုတ်ကြောင်းပြောတော့မှ
သူလည်းမြန်မာပဲဖြစ်ကြောင်း ပြောရင်း ကဲ ကျမတို့ မြန်မာလိုပဲပြောကြတာပေါ့ဆိုပြီး
တစ်လမ်းလုံး မြန်မာလိုပြောလာခဲ့တယ်။ လေယာဉ်က အမေရိကန်နိုင်ငံက လာပြီး
Frankfurt မှာခဏနား၊ စင်္ကာပူကိုဆက်ပြန်တာကို။ အန်တီက နယူးဂျာစီ ကနေ လာ
ပြီးရန်ကုန်ပြန်မှာကို.... အော် တိုက်တိုက်ဆိုင်ဆိုင်.......
စင်္ကာပူရောက်တော့ အချိန်သိပ်မရှိတာနဲ့ ရန်ကုန်ပျံမဲ့လေယာဉ်ဆီ အမြန်ပြေးရသေးတယ်။
စင်္ကာပူ-ရန်ကုန်လေယာဉ်ပေါ်ရောက်တော့ ကျမ ၀မ်းပျက်ပါတော့တယ်။ အိမ်သာဆီ
အပြေးအလွှား၃ခါ ၄ခါလောက် ပြေးလိုက်ရတယ်။ ရန်ကုန်ပြန်ခါနီးတိုင်း ဗိုက်မကောင်း
တာကျမ အကျင့်ဖြစ်နေတယ်ထင်တာပဲ။ စိတ်လှုတ်ရှားလို့ နေမှာ။
လေဆိပ်ရောက်တော့ အစစ အဆင်ပြေပါတယ်။ လာကြိုမဲ့သူ မရှိတော့ တစ်ယောက်ထဲ
မြေနီကုန်းအိမ်ကို ကားငှားသွားလိုက်တယ်။ အိမ်ရောက်တာနဲ့ အထုတ်ချပြီး အမေရှိတဲ့
လှည်းတန်းအိမ်ကိုပြေး၊ အမေ့ကို မြေနီကုန်းအိမ်ပြန်ခေါ်လာခဲ့တယ်။
အမေ့ကိုတွေ့ တော့ ကျမအရမ်းပျော်ပါတယ်။ အမေက အရင်နှစ်ကနဲ့ သိပ်မပြောင်းလဲ
သွားဘူး။ သူခမျာကျမပြန်လာလို့ ပျော်နေရော။
မြေနီကုန်းအိမ်ရောက်တာနဲ့ အမေ့အတွက် ထိုင်စရာနေရာ အရင်ဖုန်သုပ်ပေးပြီး
တစ်နှစ်လုံးပိတ်ထားခဲ့တဲ့ တိုက်ခန်းကို ကျမတယောက်ထဲ သန့် ရှင်းရေးလုပ်ရပါတော့တယ်။
နေ့ လည် ၂နာရီကျော်လောက်ကျတော့မှ အားလုံးပြီး၊ ရေမိုးချိုးပြီးတော့
ကိုသောမတ်စ် က သူတည်းနေတဲ့ ဟိုတယ်က ရောက်လာပါတယ်။
အဲ့ဒီညကတော့ ကျမရယ်အမေရယ် နှစ်ယောက်ထဲပဲ အိမ်မှာအိပ်ကြတယ်။
နောက်နေ့  ကျမ ကိုသောမတ်စ်က ကျမတို့ ဆီပြောင်းလာတယ်။
ရန်ကုန်ရောက်တာနဲ့ ပထမဆုံးမနက် မှာလုပ်နေကျ အတိုင်း မြေနီကုန်းဈေးကိုသွား၊
မီးဖိုချောင်အတွက်လိုတာတွေဝယ်။ အပြန်တော့ စာချင်လှတဲ့မုန့် ဟင်းခါးပါဝယ်ခဲ့တယ်။
မနက်ပိုင်း ဈေးဝယ်သွားရတာကျမသိပ်ကြိုက်ပါတယ်။ ဂျာမနီမှာ မတွေ့ ရတဲ့ အသီး
အရွက်တွေ၊ ငါး၊ပုဇွန်တွေ၊ ပန်းတွေ၊ သနပ်ခါးတွေနဲ့ မျက်နှာတွေ၊ ဆိုက်ကား၊လူ၊ဈေးသယ်၊
ဈေးဝယ်။ ..........စုံနေရော။ ကျမ မနက်တိုင်းဈေးသွားဖြစ်ပါတယ်။
မနက်စာ ဆိုရင် စာချင်နေတဲ့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ပဲပြုပ်၊ ပဲပြုတ်ထမင်း၊ မုန့် ဟင်းခါး၊
ခေါက်ဆွဲသုပ်၊ အီကြာကွေ့ .....ဈေးထဲမှာ တနေ့ တမျိုးမရိုးအောင်ဝယ်စားဖြစ်ခဲ့ပါတယ်။
နေ့ လည်စာကတော့ အမေအကြိုက်၊ကျမအကြိုက်မျှချက်ရတာပေါ့၊ ငါးကိုတော့တော်တော်
စားဖြစ်ပါတယ်။ ပဲပြား၊ ကန်စွန်းရွက်၊ချဉ်ပေါင်၊ ပိန်းဥ၊ ၀ဥ၊ မယ်ဇလီဖူး၊ ငပိရည်၊ငပိထောင်း၊
ဆန်ပြုပ်၊ ခေါက်ဆွဲကြော် ၊ ပုဇွန်ထုပ် ( ငယ်ငယ်က ကျမကိုပုဇွန်ထုတ်ဝယ်ကျွေးဖူးတဲ့
သူတွေကိုလည်း အမှတ်ရမိသေးတယ်။) ....................... စာရင်းထဲမှာရေးထားတဲ့စားချင်တာတွေ
အကုန်စားဖြစ်ခဲ့ပါတယ်။
ဒီနှစ်တော့ ကျမကို လာကူညီပေးတဲ့ သမီးလေးတစ်ယောက်ရပါတယ်။ သူ့ ကြောင့်
ကျမလည်း အမေ့ကို အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်ပြီး ဟိုနား၊ဒီနား သွားဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ ဓမ္မစာပေသင်ယူနေတဲ့ ဂျာမန်ဥုးဇင်း တစ်ပါးကိုလည်း ဆွမ်း ၂ကြိမ်ကပ်
ဖြစ်ပါသေးတယ်။ ဂျာမနီက အစ်မတယောက်အတွက်လည်း အလှူတွေလုပ်ပေးဖြစ်တယ်။
အပြန်အတွက်တော့ ထွေထွေထူးထူး ဘာမှ မ၀ယ်လာခဲ့ပါဘူး၊ ပုဇွန်ခြောက်၊ ပဲမှုန့် အကျက်၊
ငရုပ်သီးအလှော်မှုန့် ၊ကုလားလေးမဆလာ... စတဲ့ အသေးအမွှားလေးတွေပဲပါတယ်။
ဒါတောင်စင်္ကာပူက အဒေါ်အတွက် ရှမ်းချဉ်ယူလာပေးတာ အရည်တွေထွက်ကုန်လို့ 
စင်္ကာပူရောက်တော့ အင်္ကျီတွေပြန်လျှော်လိုက်ရသေးတယ်။
ဒီတခေါက်ရန်ကုန်မှာ တော်တော်ပျော်ပါတယ်။ တစ်လဆိုတဲ့အချိန်က ခဏလေးကုန်
သွားသလိုပဲ၊ စိတ်ထဲမှာ မကြာခင် ပြန်သွားရမယ်လို့ ထင်နေတယ်။
အခြေအနေတွေပေးလို့ ပြန်ဖြစ်မယ်ဆိုရင်တော့.... ကျမ၀မ်းသာတာထက်၊အမေကပိုဝမ်းသာ
နေမှာပါ။
ကျမရန်ကုန်နဲ့ စင်္ကပူမှာရှိနေစဉ် အဖက်ဖက်က ကူညီဆောင်ရွက်ပေးကြသူအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။
Wednesday, 19 September 2012
Saturday, 15 September 2012
သူငယ်ချင်းများ.. ၂၀၁၂
ကျမ အတွေးတွေထဲမှာ သူငယ်ချင်းတွေက အမြဲပါပါတယ်။ ငယ်သူငယ်ချင်း
တွေဖြစ်ကြတဲ့ တီတီစီ က သူငယ်ချင်းတွေ၊ တက္ကသိုလ်မှာ တွဲဖြစ်ခဲ့တဲ့
သူငယ်ချင်းတွေ၊ အခုနောက်ပိုင်းသိကျွမ်းခဲ့ရတဲ့သူငယ်ချင်းတွေ.....
ဒီနှစ်တော့ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ တီတီစီ
ကသူငယ်ချင်းတွေနဲ့ တွေ့ ကြတော့ ငယ်ငယ်က ကလေးဘ၀ အတွေ့ အကြုံ
တွေ ပြန်ပြောကြရင်း ၊ အခုဘယ်သူက ဘယ်မှာ၊ ဘယ်သူနဲ့ တွေ့ တွေ့ တယ်
စသဖြင့် သတင်းတွေမေးကြ၊ သတင်းတွေပေးကြပေါ့။ သူငယ်ချင်းတို့ ရဲ့ 
ကလေးတွေတောင် ၁၀ တန်းအောင်ကုန်ကြပြီဆိုတော့.. ကျမတို ခင်ခဲ့ကြ
တဲ့နှစ်တွေ မနဲ တော့ဘူးပေါ့လေ။ သူငယ်ချင်းအားလုံးနဲ့ မတွေ့ နိုင်ခဲ့ပေမဲ့
ကျန်တဲ့သူငယ်ချင်းများကိုလည်း သတိရ ရပါတယ်။ သူငယ်ချင်းတို့ နဲ့ တွေ့ 
နိုင်အောင် စီစဉ်ပေးတဲ့  မဉ္ဖ္ဇူ နဲ့ မီအောင် ကို အထူးကျေးဇူးတင်ပါတယ်။
IR က အတူတွဲတဲ့ သူငယ်ချင်းတစ်ယောက်က လည်း ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင်
ကျမတို့ နဲ့ ရန်ကုန်မှာဆုံဖြစ်ပါတယ်။ အင်တာနက်ထဲ တွေ့ ကြပေမဲ့ လူချင်း
မတွေ့ ကြတာ ၁၀နှစ်ကျော်ပြီဆိုတော့ သူ့ ကို ထိုင်ကြည့်နေမိတယ်။
ငယ်ငယ်ကလို မပြောင်းလဲတဲ့ သူငယ်ချင်းကိုတွေ့ တော့ ကျောင်းတုန်းက
နောက်ခဲ့ ၊ပြောင်ခဲ့၊ ပျော်ခဲ့တာတွေ သတိရတယ်။ တခြားတွဲဖေါ်တွဲဖက်
တွေကိုလည်း လွမ်းတယ်။ သူငယ်ချင်းအပြင် ရန်ကုန်မှာ ရှိတဲ့
သူငယ်ချင်းတချို့ နဲ့ လည်းတွေ့ ဖြစ်ပါတယ်။
နောက်နေ့ တော့ ကျမတို့ ရဲ့ မိခင်ဌာနရှိရာ ရန်ကုန်တက္ကသိုလ်ကို သွားကြ
ပါတယ်။ အဓိပတိလမ်းက ဂိတ်ကို အပြည့်ဖွင့်ထားတာတွေ့ ရတော့ လွတ်လပ်
မှုဆိုတာကို ခံစားရခဲ့ပါတယ်။ ဌာနမှာ အလုပ်လုပ်နေသေးတဲ့ သူငယ်ချင်း
တချို့ နဲ့ တောင်ငူ ဆောင်နားက စားသောက်တန်းတွေမှာ ထိုင်ရင်း ကျောင်းသူ
ဘ၀ အလွမ်းဖြေခဲ့သေးပါတယ်။ အန်တီဝင်းတို့ ၊အန်တီမြတို့ ဆိုင်တွေမရှိတော့
တစ်ခုခုလိုအပ်နေသလိုပါပဲ။
စားသောက်လေဖေါင်ပြီးတော့ ကျောင်းဝန်းထဲ လှည့်ပတ်ကြပါတယ်။
ကျောင်ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။ ပလက်ဖေါင်းတွေပြင်၊ လမ်းတွေပြင်၊
နဲ့ ပေါ့။ အဓိပတိလမ်းမှာ လျှောက်ရင်း... ငယ်ဘ၀ အတွေ့ အကြုံတွေ တစ်ယောက်
တစ်ပေါက်ပြောကြတာ ဆူညံနေရောပဲ။ စာကြည့်တိုက်အသစ်၊စာကြည့်တိုက် အဟောင်း၊
သစ်ပုပ်ပင်၊ ငွေစာရင်းဌာန၊ ၀ိဇ္ဇာခမ်းမ၊ အာစီ၊ ဂျက်ဆင်..... ....
IRက သူငယ်ချင်းဇနီးမောင်နှံက ဖိတ်လို့  တခြားသူငယ်ချင်းတချို့ နဲ့ ညစာ စားဖြစ်
သေးတယ်။ အစားတွေကစုံ၊လူတွေကစုံနဲ့ တကယ်ပျော်စရာကောင်းပါတယ်။
နောက်သူငယ်ချင်းတစ်ဖွဲ့ ကတော့ ဦးသောမတ်စ်နဲ့ ပတ်သက်ပြီးသိခဲ့ရပေမဲ့
ကျမအပေါ်မှာ တကယ်ကောင်းကြတဲ့ ညီအစ်မတွေလို ဖြစ်နေကြတဲ့ ဂျာမန်
တိုးဂိုက်သူငယ်ချင်းတွေပါ။ တနေ့ အိမ်ကိုလာပြီး မုန့် တွေယူလာ၊ စကားတွေပြော၊
အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။
ရန်ကုန်ကအပြန် စင်္ကာပူရောက်တော့ တီတီစီက သူငယ်ချင်းနဲ့ တွေ့ ပြန်တယ်။
သူငယ်ချင်းနဲ့ အတူ သူလိုက်ပို့ ပေးတဲ့ Supermarket တစ်ခုကိုသွားပြီး၊ ဟိုငေး၊
ဒီမော့နဲ့ ဈေးဝယ်ထွက်ရတာ တကယ်ပျော်စရာပါ။ ဂျာမနီမှာလည်းဈေးဝယ်ထွက်ရင်
တစ်ယောက်ထဲ၊ ရန်ကုန်မှာလည်း ဈေးဝယ်မထွက်ဖြစ်ဆိုတော့ သက်တူရွယ်တူ
သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ်ထွက်ရတဲ့ အရသာကို မရရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အဲ့ဒီအတွေ့ အကြုံကို ပြန်စဉ်းစားမိတိုင်း ပျော်နေတုန်းပဲသူငယ်ချင်းရေ။
စင်္ကာပူမှာပဲ ဘလော့ထဲက သိနေတဲ့ သူငယ်ချင်းညီမတစ်ယောက်နဲ့ တွေ့ ဖြစ်သေးပါတယ်။
စိတ်ထဲမှာညီမတစ်ယောက်တွေ့ ရသလို ၀မ်းသာမိပါတယ်။ ကျမကို အချိန်ပေးပြီး
တွေ့ ခွင့်ပေးကြလို့ လည်းကျေးဇူးပါနော်။
အခုအိမ်ပြန်ရောက်လာတော့ သူငယ်ချင်းတို့ နဲ့ ပျော်ခဲ့တာတွေကိုပြန်တွေးရင်း
သတိရနေပါတယ်။ နောက်နှစ်တွေမှာ လည်း သူငယ်ချင်းတို့ နဲ့ အတူ တနေရာရာမှာ
ပြန်ဆုံကြသေးတာပေါ့လို့ ဆုတောင်းရင်း သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်
ကြပါစေ.......

Friday, 14 September 2012
Thomas in Yangon 2012
ကိုသောမတ်စ်ကတော့ ရန်ကုန်ပြန်ရမယ်ဆိုရင် ကျမထက်တောင်ပျှော်နေမလားပဲ။
ဒီနှစ်သူက TG နဲ့ သွားပြီး၊ ကျမက S'pore Airline နဲ့ သွားပါတယ်။ ကျမထက် ရန်ကုန်ကို
တစ်ရက်စောရောက်နေတာနဲ့  Pack Royal မှာ ၂ည တည်း ပြီးမှ ကျမတို့ နေတဲ့ မြေနီကုန်း
ကိုရောက်ပါတယ်။ သူက မနက်စာဆိုရင် မြန်မာကော်ဖီနဲ့ အီကြာကွေ့ ၊ ပဲပြုပ်နဲ့ ထမင်းကြော်
ကိုအိမ်နားက ဒေါ်ဝါ ဆိုင်မှာ နေ့ တိုင်းစားပါတယ်။
အိမ်မှာကော်ဖီဖျှော်ပေးရင်လည်း မြန်မာကော်ဖီမှုန့် နဲ့ ဖျှော်မှ သောက်ချင်တာ။ နို့ ဆီများများ
ချိုချိုအီအီကိုကြိုက်သူပါ။ သူ့  အကြိုက်ကော်ဖီမှုန့် ကတော့ လှည်းတန်းက ဆုကော်ဖီပါပဲ။ ရန်ကုန်ကပြန်လာတိုင် ဆုကော်ဖီကိုတစ်နှစ်စာသယ်လာပြီးသောက်လေ့ရှိသူပါ။ မနက် ကော်ဖီဆိုင်မှာစားပြီးတာနဲ့  ရွှေတိဂုံဘုရားသွား၊ ရိပ်သာသွားတဲ့အခါသွားနဲ့ 
အိမ်ကို မနက် ၉ နာရီလောက်ပြန်လာလေ့ရှိပါတယ်။
ပြန်ရောက်တာနဲ့ အင်တာနက်ဆိုင်ပြေးရတာကလည်းသူ့ ရဲ့ နေ့ စဉ်အလုပ်ပါပဲ။ ကျမက
ရန်ကုန်မှာရှိနေချိန် အင်တာနက်ဆိုင်မရောက်ဖြစ်ပေမဲ့ သူကတော့အချိန်မှန်ပါပဲ။
နေ့ လည်စာကိုတော့ကျမချက်တာသူမကြိုက်ရင် ဒန်ပေါက်ဆိုင်ပြေး၊ဒန်ပေါက်ထုပ်လေး
ဝယ်ပြီးစားရှာသား၊ ကျမလည်းသူ့ အတွက်အထူးတလည်ချက်မပေးဖြစ်ခဲ့ဘူး။
ကျမအပြင်သွားရင်သူ့ ကို အမေနဲ့ ထားခဲ့ရလို့ တော်သေးတယ်။ ကျမလည်း သူငယ်ချင်း
တချို့ နဲ့ တွေ့ ဖြစ်တယ်။ အမေ့ကို ကိုသောမတ်စ်က တော်တော်လေးဂရုစိုက်ပါတယ်။
အမေကလည်းသူ ကိုချစ်ရှာသား။
နေ့ လည်မိုးမရွာရင်အမေ့ ကို လက်ဖက်ရည်ဆိုင်ခေါ်သွား၊ အိမ်နားက ဒဂုံစင်တာခေါ်သွား
နဲ့ ။ တခါ သူ က အမေကိုတွဲပြီး အပြင်သွားတုန်း လမ်းမှာ လူတစ်ယောက်က
What a wonderful couple! လို့ ပြောသွားသတဲ့။ :)
ကိုသောမတ်စ်က ရန်ကုန်မှာ တွေ့ တဲ့သူတိုင်းကို သူအသက်လယ်လောက်လဲလို့  မှန်းခိုင်းလေ့
ရှိပါတယ်။ ဂျာမနီမှာ လူတွေက သူ့ အသက်ထက်ငယ်ပြီးမှန်းကြတော့ ရန်ကုန်ကလူတွေလည်း
သူ့ ကိုနုတယ်လို့ မှန်းမယ်ထင်တာနဲ့ တူပါရဲ့ ။ မြန်မာတွေက သူ့ ကို အမှန်နီးပါမှန်းလိုက်တော့
ကိုသောမတ်စ်ခမျာ မအီမသာဖြစ်သွားရပါတယ်။ :)
( လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ နေရာမရှိလို့  မြန်မာအမျိုးသား
နှစ်ယောက်ထိုင်နေတဲ့ ၀ိုင်း မှာဝင်ထိုင်ဖြစ်ပါတယ်။ ကိုသောမတ်စ်က ထုံးစံအတိုင်း သူ့ အသက်ကို
မှန်းခိုင်းလေရဲ့  ထိုသူ နှစ်ယောက်က ညှာညှာတာတာနဲ့  ၇၀ လို့ မှန်းလိုက်လေရဲ့ ။
ကိုသောမတ်စ်လည်းအောင့်သက်သက်နဲ့ သူ့ အသက်အမှန်ကိုပြောပြတော့ မြန်မာ အမျိုးသားနှစ်ယောက်ခမျာ
အားတွေနာပြီး ကျမတို စားထားတာတွေကိုရှင်းသွားပါတယ်။)
ကိုသောမတ်စ်က ရန်ကုန်ရောက်တာနဲ့ ပုဆိုးဝတ်တော့တာပါပဲ။ ပြန်မဲ့နေ့ မှသာ ဘောင်းဘီဝတ်
တော့တယ်။ ဒီတခေါက် သူများတွေပုဆိုးဝတ်တာကိုကြည့်ပြီး သူရဲ့ ပုဆိုးခါးပုံစက သူများနဲ့ 
မတူဘူးတဲ့။ တချို့ က ခါးပုံစ ကို သပ်သပ်ရပ်ရပ်ပြန် ထည့်ထားတာကိုသတိထားမိပြီး သူကလိုက်ဝတ်
ကြည့်ပါတယ်။ အဆင်ပြေသွားသားပဲ။ တနေ့ လမ်းလျှောက်နေတုန်း ဘေးနားက အမျိုးသား
တစ်ယောက် မွန်ပုဆိုးဝတ်ထားတာတွေ့ လို့ သူအလွန်ကြိုက်ကြောင်း၊ သူ ၀တ်ချင်ကြောင်း
ပူဆာတာနဲ့ ကျမလည်း နောက်နေ့ ချက်ချင်းဝယ်ပေးလိုက်ပါတယ်။ သူ့ ခမျာလည်း
ဝတ်ချင်လွန်းလို့ ရှိတဲ့ လိမ္မော်ရောင် တီရှပ်နဲ့ ဝတ်လိုက်တော့ ..... ..... :)
နောက်နေ့ မှ တခြားအင်္ကျီနဲ့ ပိုအဆင်ပြေလိုက်ဖက်သွားတော့တယ်။
ရန်ကုန်မှာရှိနေတဲ့ရက်မှာပဲ သူနဲ့ Facebook မှာသိတဲ့ သူငယ်ချင်းတွေကို ဂျာမန်စကားပြောလေ့ကျင့်
ပေးသေးတယ်။ ကျမလည်း သူ နဲ့ ပတ်သက်ပြီးမိတ်ဆွေတွေပိုရလာလို့ ဝမ်းသာရပါတယ်။
တနေ့ တော့မိတ်ဆွေတစ်ယောက်အိမ်မှာ ကျမတို့ မေ့ကျန်ခဲ့တဲ့ထီး၂လက် ပြန်သွားယူခိုင်းလိုက်
တာ ပြန်လာတော့ သူယူသွားတဲ့ထီးပါ အဲ့ဒီအိမ်မှာ ထပ်မေ့ကျန်ခဲ့သေးလို့ အသစ်တစ်ချောင်း
ထပ်ဝယ်ရတယ်။ ဒါနဲ့ အိမ်မှာအခုထီး၎လက်ဖြစ်သွားရော။
ဒီတခါတော့သူရန်ကုန်မှာနေရတာပိုပျော်တယ်လို့ ပြောပါတယ်။
သူက ကျမထက်၎ရက်စောပြီးရန်ကုန်ကပြန်ပါတယ်။သူ့ အတွက် ကော်ဖီမှုန့် ၊
ငပိကြော်၊ သရက်သီးသနပ်တွေအများကြီးသယ်သွားလေရဲ့ ။

Thursday, 13 September 2012
အိမ်အပြန်
ရှေ့လတုန်းက အမေ့ဆီပြန်ဖြစ်ပါတယ်။ နှစ်တိုင်းပြန်နေကြပေမဲ့ ဒီနှစ်ကတော့ ဘာတွေပြောင်းလဲ
နေမလဲဆိုပြီး သိချင်နေတာ။ ရန်ကုန်က အရင်နဲ့ နဲနဲပြောင်းလဲလာတယ်။ မီးတွေမှန်၊ကားအသစ်
တွေအများကြီး၊ ကားလမ်းတွေပိတ်တယ်။ တနေရာရောက်ဖို အချိန်အရင်ထက်ပိုယူရတယ်။
လူတိုင်းနီးပါးမှာ ဟန်းဖုန်းတွေနဲ့ ၊ လူငယ်တွေကတက်တက်ကြွကြွနဲ့ လှုပ်ရှားနေကြတယ်။
ဒီနှစ်ရန်ကုန်မှာနေရတာ ပျော်ပါတယ်။
အမေ... အရင်နှစ်ကလိုပဲ။ သိပ်များပိန်သွားမလားလို့ ထင်နေခဲ့ပေမဲ့ အမေက အရင်လိုပဲ။
မှတ်ဥာဏ်တွေ ပိုမေ့လာတယ်။ ကျမတို့ ရောက်တော့ အမေ သိပ်ပျော်နေတာ။ ကျမကို အမြဲတမ်း
သူ့ အနားမှာပဲရှိနေစေချင်တာ။ သူ့ ကို ထားခဲ့ပြီး အပြင်သွားရင် ကျမလည်းစိတ်မဖြောင့်ဘူး။
အမေမျှော်နေမှာပဲဆိုပြီး အိမ်ဘဲအမြန်ပြန်ဖြစ်တယ်။
အမေက သူ့ အသက်ကို တခါတလေမေ့နေတတ်တယ်။ ငါ့အသက် ၆၀ကျော် ရ၀လောက်တော့ရှိရော
ပေါ့လို့ ပြောပြီး သူ့ ရဲ့ မြန်မာမွေးနေ့ ကို ပြောပြီးတွက်ခိုင်းတတ်တယ်။ ကျမက ဘောပင်နဲ့ စာရွက်
ပေးပြီးတွက်ကြည့်ချုင်တော့ မှန်အောင်နှုတ်နိုင်တယ်။ အမေက သူ့ အသက် ၈၀ မှန်းသိတော့
အရမ်းပျော်သွားတယ်။ ငါအခုအသက်(၈၀)မှာ တယောက်ထဲ သွားနိုင်လာနိုင်၊ စားနိုင်သောက် နိုင်သေး တယ်တဲ့။ မသေခင် ဘုရားတရားအခုထက်ပိုလုပ်ရမယ်ဆိုတယ်။ အဲ့ဒီနေ့ က အမေ့မျက်နှာက
ပြုံးပြီးခြေလှမ်းတွေတောင်ပိုသွက်နေသလိုပဲ။
အမေစားချင်တာတွေချက်ကျွေးရင်း ဒီမှာမစားရတဲ့ ဟင်းတွေ စားဖြစ်တယ်။ ကျမချက်ကျွေးတဲ့ဟင်းတွေစားရင်း တခါတလေထမင်းစားမကောင်းရင် သမီးကို သတိရတယ်လို့  ပြောတော့ ကျမစိတ်မကောင်းဖြစ်ရတယ်။ အမေနဲ့ စကားတွေအများကြီးပြောဖြစ်တယ်။ ငယ်ငယ်ကအကြောင်းတွေ၊ ဆွေမျိုးတွေ အကြောင်းတွေ၊ ကျမသူငယ်ချင်းတွေ
အကြောင်းတွေ၊ ဂျာမနီက အကြောင်းတွေ......စုံလိုပဲ။
အမေနဲ့ အတူတူ ဟိုနားဒီနားသွားဖြစ်တယ်။ ရွှေတိဂုံဘုရား၊ တရားရိပ်သာ၊ဘုန်းကြီးကျောင်းတွေကအစ၊ အိမ်နားက ဈေးဆိုင်တွေ အထိပေါ့၊ ကိုသောမတ်စ်က နေသာတဲ့နေ့ လည်တွေမှာ အမေနဲ့  လက်ဖက်ရည်ဆိုင်သွားထိုင်ကြတယ်။ အမေပျော်နေရှာတာ။
အခုကျမတို့ ပြန်လာတော့ အမေလည်းလွမ်းကျန်နေရစ်တယ်။ နောက်တစ်ခေါက်မပြန်ခင်အထိ
တော့ ကျမလည်း အမေ့ကိုလွမ်းနေမှာပါ။

Sunday, 1 July 2012
မိုးရွာရင်
ဒီနှစ်ဂျာမနီနွေက အရင်နှစ်တွေနဲ့ မတူပဲ မိုးများလွန်းတယ်လို့ ပြောရမလိုပါပဲ။
မိုးရွာရင်လည်းတော်တော်သဲပါတယ်။ စိတ်ထဲမှာ ရန်ကုန် ရောက်နေသလို
တခါတလေ ခံစားမိတယ်။မိုးရွာတဲ့အခါ ဟထားတဲ့ ပြူတင်းပေါက်က နေ
ကြားနေရတဲ့ မိုးသံတွေကြောင့်ငယ်ငယ်က အမေအိမ်ကို သတိရမိတယ်။
ခေါင်မိုးပေါ်ကို ကျလာတဲ့မိုးစက်သံတွေ၊ မိုးရွာပြီဆိုတာနဲ့  တဂွမ်ဂွမ်အော် နေတဲ့
ဖားသံတွေ၊ ဒီအသံတွေကိုနားထောင်ရင်း မိုးအေးအေးမှာ ကွေးလို့ ကောင်းတဲ့
ရက်တွေ... ... ... သတိရမိတယ်။
ကျမတို့ လှည်းတန်းအိမ်မှာ မိုးများများရွာတာနဲ့  ခြံထဲကိုရေတွေဝင်လေ့ရှိတယ်။
တခါတလေများဒူးခေါင်းလောက်အထိရေတက်လာတတ်တယ်။ မိုးတိတ်သွားရင်တော့
သိပ်မကြာခင်မှာပဲ ရေပြန်ကျတတ်တယ်။ ခြံထဲမှာ ကျွတ်၊ခရု၊ငါး၊မျှော့.. တခါတလေ
မြွေတောင်ရှိတတ်သေးတယ်။ ကျွတ်နဲ့ မြွေကိုတော့ကျမ အလွန်ကြောက်ပါတယ်။
မိုးရွာထဲမှာကျောင်းသွားခဲ့ရတာတွေ၊ လမ်းလျှောက်ရင် ဗွက်တွေ စင်လို့ စိတ်ညစ်
ရတာတွေ၊ မိုးအေးတဲ့နေ့ တွေ ကျောင်းမသွားချင်တာလည်း. .. .. အမှတ်ရမိသေးတယ်။
ကျမ ရန်ကုန်ကိုပြန်တဲ့အချိန်တွေကလည်း မိုးတွင်းပဲဖြစ်တော့ မိုးတွေရွာတဲ့ အခုလို
အချိန်မှာ ကျမ ရန်ကုန်ကိုပြန်ချင်တယ်။ မကြာခင် အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိကြောင့် စိတ်ထဲမှာ ပျော်နေသလို၊ အတွေးတွေ၊အိပ်မက်တွေထဲမှာလည်း မြန်မာပြည်က
အမေနဲ့ သူငယ်ချင်းတွေ၊မိတ်ဆွေတွေ၊ ဆွေမျိုးတွေအကြောင်းတွေးဖြစ်တယ်။

Sunday, 17 June 2012
ကျမအတွက် အဖေဆိုတာ...
ကျမငယ်ငယ်က အမေကို အဖေဘယ်မှာလဲလို့ မေးခဲ့ဖူးတာ မှတ်မိနေပါသေးတယ်။
အဲ့ဒီတုန်းက အမေက သမီးအဖေ သေသွားပြီလို့ ဖြေခဲ့တယ်။
ကျမ ၅နှစ်အရွယ် တီချယ် ဒေါ်ယဉ်ဝိုင်းကျောင်းမှာ အမေက အဖေ့ကိုခေါ်လာပြီး
ကျမနဲ့ မိတ်ဆက်ပေးတယ်။ ဒါသမီးအဖေတဲ့။ စိတ်ထဲမှာစိမ်းနေပေမဲ့ ကျမမှာ
သူများကလေးတွေ (ကျမမောင်နှမ၀မ်းကွဲတွေ)လို အဖေရှိတယ်ဆိုလို့ ပျော်လာပါတယ်။
အဖေက နယ်မှာအလုပ်လုပ်နေရလို့ ကျမတို့ သားအမိဆီ(ကျမဆီ) မကြာခဏပဲလာ
လည်နိုင်တယ်လို့ ထင်ခဲ့တာ။ ကိုကြီးတို့ ၊မချိုတို့ အဖေတွေလည်းနယ်မှာပဲတာဝန်ကျနေ
ကြတာဆိုတော့ ကျမအတွက် အထူးတလည်မတွေးတော့ပါဘူး။
ကျမအသက် ၁၃ နှစ်အရွယ် သင်္ကြန်တနေ့ အဖွားတို့ အိမ်မှာ အဖေကို သူ့ ရဲ့ တခြား
မိသားစုနဲ့ အတူတွေ့ လိုက်ရတဲ့အချိန်။ ကျမတိတ်တိတ်လေး ၀မ်းနည်းပြီး၊ ညည
လူမသိအောင်ငိုနေခဲ့တဲ့ အချိန်တွေ.... ကျမဘယ်တော့မှ မမေ့ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ ကျမအနားမှာ အမေလည်းမရှိနေခဲ့ဘူး။ ကျမ တစ်ယောက်ထဲ.....။
အမေ့ဆီပြန်ရောက်တော့ အဖေ့တို့ မိသားစုကိုတွေ့ ခဲ့ကြောင်းပြောပြပြီးနဲ့ နောက်ပိုင်း
အမေ့ကို အဖေ့အကြောင်းမပြောဖြစ်တော့ပါဘူး။ အမေ့ရှေ့မှာ ကျမ စိတ်မကောင်း
ဖြစ်ရတာကို မပြောပြချင်တာပါ။ ကျမရင်ထဲက အဖေနဲ့ ပတ်သက်တဲ့ ခံစားမှုတွေကို
အမေ အခုထိသိမှာမဟုတ်ပါဘူး။
အဲ့ဒီအချိန်ကစပြီး အဖေကျမတို့ ဆီမလာလည်တော့ပါဘူး။ ကျမ ၁၀တန်းအောင်ပြီးတော့
မှတခါပြန်တွေ့ ရတယ်။ ကျမ ဒုတိယနှစ်ရောက်တော့ အဖေ လာလည်တယ်။ နောက်ပိုင်း
အဆင်ပြေသလိုလာတွေ့ ပါတယ်။
အဖေ့ကို ကျမ မပိုင်ဆိုင်ဘူးဆိုတာသိတဲ့နောက်ပိုင်း ပတ်ဝန်းကျင်မှာ အဖေအကြောင်း
လူတွေမေးလာမှာကြောက်လာတယ်။ သူငယ်ချင်းတွေရဲ့ အဖေတွေလို အဖေ့ ကို အနားမှာ
ရှိစေချင်တယ်။ နင့်အဖေရောလို့ လူတွေမေးလာမှာကြောက်တယ်။ မေးလာရင်လည်း
ဘာပြန်ဖြေရမှန်းမသိဘူး။ ဒီလိုနဲ့ ကျမ နှုတ်နည်းလာတယ်။ လူကြားထဲပြောရဆိုရမှာ
ကြောက်လာတယ်။
ကျမကို အမေက သူများတန်းတူ မကြောင့်မကြ ထားပေမဲ့ တခါတလေ အဖေဆိုတဲ့
ကျမတို့ ရှေ့မှာမားမားရပ်ပေးမဲ့ သူကို လိုချင်မိတယ်။ ကျမအားငယ်နေချိန်မှာ အဖေရော
ငါ့ကို သတိမှရရဲ့ လားလို့  စဉ်းစားမိတယ်။ ကျမဘေးမှာအဖေရှိခဲ့ရင်ဆိုတဲ့ အတွေး
မကြာခဏတွေးမိတယ်။
ကျမ ၁၀တန်းအောင်တော့ ဆရာတစ်ယောက်က ကျမ အဖေအကြောင်းမေးလို့ 
သူ့ ကို အမှန်အတိုင်းပထမဆုံးပြောပြဖြစ်တယ်။ သူက ဒါဟာ လူကြီးတွေဖြစ်ကြတဲ့
ကိစ္စ၊ ကျမနဲ့ မဆိုင်ကြောင်း။ ကျမအဖေဟာ၊ ကျမအဖေသာဖြစ်ကြောင်း၊ ပတ်ဝန်း
ကျင်ကိုရင်ဆိုင်ရဲလာအောင်၊သတ္တိရှိလာအောင် အားပေးခဲ့ပါတယ်။ သူ့ ရဲ့ ကျေးဇူး
ကြောင့်ကျမ လူတောထဲပြန်ဝင်ရဲလာတယ်။ အဖေအကြောင်းကိုလည်း သူများတွေ
ကို ပြောပြရဲလာတယ်။
အရွယ်ရောက်လာတာနဲ့ အမျှ တခါတလေ အဖေရဲ့ ဂုဏ်၊ အဖေ့ရဲ့  အရိပ်ဟာ ကျမ
အတွက်လိုအပ်လာပြန်တယ်။ အဲ့ဒီအချိန်တွေမှာ ကျမ၀မ်းနည်းစွာနဲ့ အဖေ့ကို တမ်းတခဲ့
မိဖူးပါတယ်။ အဖေဟာ ကျမအတွက် ရုံးသုံးနာမည်တစ်ခုလို စာရွက်ပေါ်မှာသာရှိခဲ့
တာပါ။
အကောင်းဘက်ကတွေးရင်တော့ ကျမ ကိုယ့်ကိုကိုယ်အားကိုးတတ်လာတယ်။
အိမ်မှာ ယောင်္ကျားလေးအလုပ်ရော၊မိန်းကလေးအလုပ်ရော ကျမတတ်နိုင်သလို
ကြိုးစားလုပ်တတ်လာတယ်။ ငါလုပ်မှဖြစ်မယ်ဆိုတဲ့ အသိရှိလာတယ်။ ဆုံးဖြတ်ရဲ
လာတယ်။
ကျမဂျာမနီကိုရောက်လာတော့ ကျမလိုဘ၀တူကလေးတွေကို အများကြီးတွေ့ ရတယ်။
ဒီမှာက မြန်မာပြည်လိုမဟုတ်ဘူး။ အဖေနဲ့ အမေ အကြောင်းမတိုက်ဆိုင်လို့ ကွဲကြပေ
မဲ့ သားသမီးဟာ မိဘနှစ်ဦးစလုံးနဲ့ တွေ့ ခွင့်၊ဆက်သွယ်ခွင့်ရတယ်။ ကလေးတွေဟာ
အမေနဲ့ နေပေမဲ့ တပတ်တခါအဖေနဲ့ တွေ့ ခွင့်ရှိပါတယ်။ အားလပ်ရက်တွေမှာ အဖေနဲ့ 
ခရီးအတူတူသွားကြလေ့ရှိပါတယ်။ အဖေမှာ သားသမီးကိုထောက်ပံ့ရမဲ့တာဝန်ရှိတယ်။
ဥပဒေ အရကို သတ်မှတ်ထားပါတယ်။ ဒီမှာ အဖေတယောက်ဟာ ကိုယ့်သားသမီး
အပေါ်တာဝန်ကျေပါတယ်။ လူကြီးချင်းပြသနာမှာ ကလေးကိုမထိခိုက်စေပါဘူး။
ကျမတို့ ဆီမှာကတော့ အဖေနဲ့ လက်ရှိနေတဲ့မိသားစုက ကျမလို အတူမနေရတဲ့ ကလေး
ကို အရာမသွင်းချင်ကြပါဘူး။ အဖေ့မှာ ကျမလိုနောက်ကလေးတယောက်ရှိမှန်း လူအသိ
မခံချင်ကြပါဘူး။ နည်းမျိုးစုံနဲ့ ကျမကိုနှောက်ယှက်သလို၊ ကျမနဲ့ အဖေ ပြန်ဆက်သွယ်မှာ
မလိုလားကြပါဘူး။ ပတ်ဝန်းကျင်ကလည်း သူ့ အဖေက နောက်မိသားစုရှိသတဲ့ဆိုတဲ့
ဝေဖန် သလိုအပြောမျိုး ပြောကြသေးတယ်။
အဖေတိုင်းအဖေ့တာဝန်ကိုကျေနိုင်ကြရင်၊ မိဘတိုင်းမိဘတာဝန်ကိုကျေနိုင်ကြရင် ၊
လူတိုင်းကိုယ့်တာဝန်ကိုယ်ကျေကြရင်....ပျော်စရာကောင်းမှာပါ။

Saturday, 16 June 2012
မုန့် ဟင်းခါး
ကျမတို့ မြန်မာအစားအစာဖြစ်တဲ့မုန့် ဟင်းခါးကို ငယ်ငယ်ကတည်းက
ကြိုက်တာပါ။ အဖွားတို့ ရဲ့ ဖျာပုံ၊ကျိုက်လတ် ဘက်ကိုသွားလည်ရင်မုန့် ဟင်းခါး
ကောင်းကောင်းအမြဲစားရတယ်။ မုန့် ဟင်းခါးနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ
အများကြီးပါပဲ။ ကျမငယ်ငယ်က အိမ်မှာ မနက်စာစားလေ့ရှိတာက အိမ်နားက
ဒေါ်အေးရှင်ရဲ့ မုန့် ဟင်းခါး။ ဒါဟာကျမရဲ့ မုန့် ဟင်းခါးနဲ့ ပတ်သက်တဲ့ပထမဆုံး
အမှတ်ရတာတစ်ခုပါ။ နောက်ပိုင်း ဒေါ်နွဲ့ မုန့် ဟင်းခါး၊ ဒေါ်ငွေကြိုင်မုန့် ဟင်းခါး
စသဖြင့်အိမ်နားက ဆိုင်တွေမှာစားလေ့ရှိပါတယ်။ ကျောင်းမသွားခင် မုန့် ဟင်းခါးစား၊
ကော်ဖီသောက်....(တခါတလေလည်း ကောက်ညှင်းပေါင်း၊ ခေါက်ဆွဲသုပ်စားလေ့ရှိပါတယ်။)
ကျမတို့ ခြံထဲမှာ မကြာခဏ ဘုန်းကြီးဆွမ်းကပ်လေ့ရှိပါတယ်။ အိမ်နီးနားချင်းတွေနဲ့ 
ရင်းနှီးတဲ့မိတ်ဆွေ၊သူငယ်ချင်းတချို့ ကိုလည်းဖိတ်လေ့ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာ
မုန့် ဟင်းခါးချက်လေ့ရှိပါတယ်။ အလှူအတွက်မုန့် ဟင်းခါးကိုတော့ ကျမအမေက
ပင်တိုင်ချက်ပါတယ်။ အမေ့ရဲ့ မုန့် ဟင်းခါးက အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေကြားမှာ
နာမည်ရပါတယ်။
အမေချက်တဲ့မုန့် ဟင်းခါးကိုကြိုက်လို့ အိမ်နီးချင်းတချို့ ရဲ့ အလှူတွေမှာ လာချက်
ပေးပါဆိုရင်လည်း အမေက သွားချက်ပေးလေ့ရှိတယ်။
အမေ့မှာ မုန့် ဟင်းခါးကောင်းကောင်းချက်တဲ့ နည်းရှိတယ်။ အဲ့ဒီအချိုးအစားအတိုင်း
အမေချက်လေ့ရှိပါတယ်။ အမေက သူမုန့် ဟင်းခါးချက်မယ်ဆိုရင် သူဝယ်နေကျ
ငန်ပြာရည်ဆိုင်က စပါယ်ရှယ်ငန်ပြာရည်ကိုသုံးလေ့ရှိပါတယ်။ အဲ့ဒီငန်ပြာရည်
မဟုတ်ရင်သူ့ ဟင်းကို စိတ်တိုင်းမကျပါဘူးလို့ အမြဲပြောလေ့ရှိပါတယ်။
အမေက မုန့် ဟင်းခါးမှာ ငန်ပြာရည်က အဓိကပဲတဲ့။ ငါးကို ငန်ပြာရည်၊ဆနွင်း၊ဂျင်း၊
စပါးလင်တို့ နဲ့ ပြုတ်တဲ့အခါ ဟင်းနံ့ ကောင်းကောင်းထွက်လာရင် မုန့် ဟင်းခါး
ဟင်းရည်ကောင်းပြီသာမှတ်လို့ ပြောလေ့ရှိပါတယ်။
ခြံထဲမှာက လူအားကတောင့်တော့ အလှူအတွက်ချက်ပြုတ်ကြရင် တစ်ယောက်၊
တစ်လက်နဲ့ ပျော်စရာကောင်းပါတယ်။ ကြက်သွန်နွှာတဲ့သူကနွှာ၊ ပဲရွေးတဲ့သူကရွေး၊
ငါးနွှင်တဲ့သူကနွှင်၊ပဲထောင်းတဲ့သူကထောင်းနဲ့ ပေါ့။
ငှက်ပျောအူကိုတော့ ခြံထဲမှာရှိတဲ့ ငှက်ပျောပင်တစ်ပင်ကိုလှဲပြီး နုနုလေးတွေကိုသုံးလေ့
ရှိတယ်။ ငှက်ပျောခေါင်းကိုတော့ ကျမအကြိုက်ဆုံးပါ။
အမေက မုန့် ဟင်းခါးစားရင် အရည်နဲနဲပဲထည့်စားလေ့ရှိပြီး၊ မန္တလေးပဲကြော်နဲ့ စားတတ်
ပါတယ်။ ကျမကတော့ အကြော်မထည့်ပဲ အလွတ်စားရတာပိုကြိုက်ပါတယ်။
လှည်းတန်းမှာဆိုနာမည်ကြီးတဲ့  မုန့် ဟင်းခါးဆိုင် တွေရှိပါတယ်။ ဆိုင်တွေကလည်း
သူ့ လက်ရာနဲ့ သူ အရာသာနဲနဲတော့ကွဲပါတယ်။ ကျမမှာတော့ သီးသန့် စားလေ့
ရှိတဲ့ဆိုင်ရယ်လို့ မရှိပဲ စားကောင်းမယ်ထင်ရင်ဝင်စားလေ့ရှိတာပါပဲ။
ရန်ကုန်ကို ပြန်ရောက်တဲ့ အခါ ပထမဆုံးမနက်စာက မုန့် ဟင်းခါးပါပဲ။ အနီးအနား
ကဆိုင်မှာပဲစားဖြစ်ပါတယ်။ အရသာကတော့ ထွေထွေထူးထူးမကောင်းလှပေမဲ့
ကျမစိတ်ထဲမှာ ငါမြန်မာပြည်ပြန်ရောက်ပြီဆိုတာ မုန့် ဟင်းခါးစားလိုက်မှပြည့်
စုံသွားသလိုပါပဲ။ နောက်နေ့ တွေ အချိန်ရမှ ကောင်းတဲ့ဆိုင်တွေမှာ ကြုံရင်ဝင်
စားဖြစ်ပါတယ်။
ဂျာမနီကိုရောက်တော့ မုန့် ဟင်းခါးကို အမေချက်တဲ့လက်ရာမမီပေမဲ့ 
ကိုယ်တိုင်ပဲချက်ဖြစ်ပါတယ်။ မုန့် ဟင်းခါးချက်တိုင်း ငယ်ငယ်က ခြံထဲမှာ
အမျိုးတွေနဲ့ ဝိုင်းဖွဲ့ ပြီး အလှူမုန့် ဟင်းခါးချက်တာကို အမြဲသတိရမိပါတယ်။
ဒီနေ့ ကျမ မုန့် ဟင်းခါးချက်စားဖြစ်ပါတယ်။ အမေနဲ့ ဖုန်းဆက်ပြီး မုန့် ဟင်းခါး
ချက်မယ်လို့ ပြောဖြစ်တယ်။ အမေနဲ့ ဖုန်းပြောပြီး တစ်ယောက်ထဲမုန့် ဟင်းခါးချက်၊
အမေမုန့် ဟင်းခါးနဲ့ တွဲစားလေ့ရှိတဲ့ မန္တလေးပဲကြော် ကြော်၊ ငှက်ပျောအူခြောက်
ကို ဒီတစ်ခါတော့ တစ်ညရေစိမ်ပြီး ပေါင်းအိုးနဲ့ ပေါင်းလိုက်တော့ တော်တော်လေး
အဆင်ပြေသွားပါတယ်။
ဟင်းချက်ပြီးတာနဲ့  မုန့် ဟင်းခါးတစ်ပွဲ၊ကော်ဖီတစ်ခွက်နဲ့  အရာသာရှိတဲ့မနက်စာ
ကိုစားရင်း အမေနဲ့ အတူ ခြံထဲကမောင်နှမတွေအားလုံးကို သတိရနေမိပါတယ်။
Subscribe to:
Posts (Atom)