Wednesday, 30 September 2009

ဂျာမန် ကျန်းမာရေး စနစ် အကြောင်း

ဂျာမနီနိုင်ငံရဲ့  ကျန်းမာရေးလောကရဲ့ အကြောင်းလေးပါ။ ဒီလောကထဲမှာကျင်လည်
နေတဲ့ ကျမရဲ့  အတွေ့ အကြုံလေးတွေကို နားလည်မိသလို ရေးပြခြင်းပါ။

ဒီမှာလူတိုင်းကျန်းမာရေး အာမခံ ထားဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အာမခံမှာလည်း
အစိုးရ ထောက်ပံ့ထားတဲ့ ကျန်းမာရေးအာမခံ ကုမ္ပဏီတွေနဲ့ ၊ ပုဂ္ဂလိက ကျန်းမာရေး
အာမခံ ကုမ္ပဏီတွေ ဆိုပြီးနှစ်မျိုးရှိပါတယ်။ လစာ တစ်လ Brutto (၃၆၇၅ ယူရို)
အထိ ၀င်တဲ့ အလုပ် သမားတွေကတော့ အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ
မှာ ထားကြရပါတယ်။ (about 85% of population).
အလုပ်မရှိတဲ့ မှီခိုသူ အိမ်ထောင်ဖက် နဲ့ ကလေး ( ၂၅ နှစ်အထိ လုပ်မရှိ သေးတဲ့ကလေး)
တွေလည်း မိသားစု ကျန်းမာရေး အာမခံ အလိုလို ရပါတယ်။ သူတို့ တွေအတွက် သီးခြား
ထပ်ဝယ်ဖို့ မလိုပါဘူး။

တစ်လ Brutto လစာဝင်ငွေ (၃၆၇၅ ယူရို) အထက် ၀င်ငွေရှိတဲ့နိုင်ငံဝန်ထမ်းတွေ၊
ကျောင်းဆရာတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေနဲ့ 
ဒီမှာခဏလာနေတဲ့  Tourist နဲ့  နိုင်ငံခြားကျောင်းသားတွေ ကတော့ ပုဂ္ဂလိက
အာမခံ ကုမ္ပဏီတွေ မှာ ထားကြပါတယ်။

အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
အလုပ်ရဲ့ လစာထဲက (၁၄.၉%) ဖြတ်ပါတယ်။ အဲ့ဒီ (၁၄.၉%)မှာ အလုပ်သမားက
(၇.၄၅%) နဲ့  အလုပ်ရှင်က (၇.၄၅%) သွင်းရတာပါ။
ပင်စင်သမားတွေ ကိုတော့ ပင်စင်အာမခံ ကုမ္ပဏီက တ၀က်သွင်းပေးပါတယ်။
အလုပ်လက်မဲ့တွေကို အလုပ်သမားရုံးက သွင်းပေးပြီး၊ အစိုးရထောက်ပံ့လိုအပ်နေတဲ့
သူတွေကိုတော့ လူမှုဝင်ထမ်းဋ္ဌာနက သွင်းပေးပါတယ်။
အစိုးရ ထောက်ပံ့ထားတဲ့ အာမခံ ကုမ္ပဏီတွေ မှာ ကျန်းမာရေးအာမခံထားရင်
တော့အစိုးရ သတ်မှတ်ထားတဲ့ ၀န်ဆောင်မှု၊ကုသမှုတွေပဲရပါတယ်။ ဒါတွေကလည်း
ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ ကုသမှု၊၀န်ဆောင်မှုတွေပါ။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကတော့ရှင်းပါတယ်။ အသက်အရွယ်ပေါ်၊
ကျန်းမာရေးအနေအထားပေါ်မူတည်ပါတယ်။ ကလေးတွေနဲ့  မှီခိုသူတွေအတွက်
သီးခြား ထပ်ဝယ်ရပါတယ်။ ကုသမှု၊၀န်ဆောင်မှု တွေကလည်း မိမိဝယ်ထားတဲ့
အတိုင်းအတာပေါ်မှာ ကွာသွားပါတယ်။ ဥပမာ တချို့  ဒီမှာခဏနေတဲ့သူ တွေနဲ့ ၊
နိုင်ငံခြားကျောင်းသားတချို့ ဆိုရင် ဒီမှာလောလောဆယ်ဖြစ်တဲ့ ရောဂါပဲ ကုလို့ ရပါတယ်။
Prevention နဲ့ ပတ်သက်တာမျိုး လုပ်လို့ မရပါဘူး ။ ကုမ္ပဏီက သတ်မှတ်ထားတဲ့
ကုသမှု၊၀န်ဆောင်မှုတွေ ပဲ ကုလို့ ရပါတယ်။ အဲ့ ဒီတော့ မိမိကုမ္ပဏီက ဘယ်လို
ကုသမှု၊၀န်ဆောင်မှုတွေ ပေးတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။

ကိုယ်မှာ ကျန်းမာရေးအာမခံရှိပြီဆိုတော့ ဆရာဝန်ရှာရတော့မှာပေါ့။ ဒီကပုံစံက
မိသားစုဆရာဝန်ကို အခြေခံထားတဲ့စနစ်ပါ။ လူတိုင်းမှာ မိသားစုဆရာဝန်ရှိကြပါတယ်။
မိမိစိတ်ကြိုက် ဆရာဝန်ကို ရွေးလို့ ရသလို၊ မကြိုက်ရင်လည်းပြောင်းလို့ ရပါတယ်။
နေမကောင်းဖြစ်ရင် မိမိရဲ့ မိသားစုဆရာဝန်ဆီကို ပထမ သွားရပါတယ်။ သူ့ ဆီမှာ
၃လ တစ်ကြိမ် ( every Quarter) 10Euro ကို မိမိရဲ့  Insurance Co. အတွက်
ပေးရပါတယ်။ ဒါကတော့ မိမိရဲ့ own contribution အနေနဲ့ ပါ။ ဆေးခန်းက
ဖြတ်ပိုင်းလေးပေးပါတယ်။ ဆေးခန်းသွားတိုင်းတော့ Insurance card ယူသွား
ရပါမယ်။ မိမိရဲ့ ဆရာဝန်က လိုအပ်ရင် သက်ဆိုင်ရာ အထူးကုတွေဆီ transfer
လုပ်ပေးပါတယ်။ အဲ့ဒီအတွက် transfer Formula ရေးပေးပါတယ်။ လူနာက ကိုယ်ကြိုက်တဲ့
အထူးကုဆရာဝန်ကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ အဲ့ဒီဆရာဝန်အတွက်
ရက်ချိန်းယူပြီး သွားတဲ့အခါ Insurance Card နဲ့  Transfer Formula လေး
ယူသွားရင် 10Euro ထပ်မပေးရတော့ပါဘူး။ Transfer Formula မပါပဲသွားရင်တော့
10Euro ထပ်ပေးရမှာပါ။ Insurance Card ကတော့ ဆေးခန်းသွားတိုင်းယူသွား
ရမှာပါ။သွားဆရာဝန်အတွက်တော့ သီးသန့်  10 Euro ထပ်ပေးရပါတယ်။
ပုဂ္ဂလိက အာမခံ ထားသူတွေ ကတော့ 10 Euro ပေးစရာမလို သလို၊ သူတို့ 
သွားချင်တဲ့ ဆရာဝန်ဆီသွားလို့ ရပါတယ်။ ပိုပြီးလွတ်လပ်တာပေါ့လေ။

နောက်ဆက်ရေးမဲ့အကြောင်းတွေ ကတော့ ဆရာဝန်တွေ အကြောင်း၊လူနာတွေ
အကြောင်းနဲ့  ကုသမှုတွေအကြောင်း စတာတွေပါ။
ဆက်ရန်.....

Monday, 28 September 2009

မိုးစက်ပွင့်နဲ့  သူငယ်ချင်းများ အတွက်

ဒီနေ့  Blog ထဲမှာမမျှော်လင့်ဘဲ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ ပြန်

ဆုံရတယ်။ ဒါနဲ့ ပဲ ဒီPost လေးရေးဖြစ်တာပါ။ သူ့ ကိုပြန်တွေ့ တော့ ငယ်ငယ်

က အကြောင်းလေးတွေ Thomas ကို ပြော ပြ ဖြစ်တယ်။ တချို့ တွေတော့

သူနားထောင်ပြီးသာပါ။ ဒါပေမဲ့ ကျမမှာလည်း ပြောစရာကသူပဲရှိတာကို။

နားထောင်ပေးတာပဲ ကျေးဇူးတင်ရတာ။


ကျမ ၁၉၉၃_၁၉၉၉ အတွင်းမှာ ကြုံခဲ့၊ တွေ ခဲ့ရတာလေးတွေပါ။ ဘ၀မှာ

တက္ကသိုလ်ကျောင်းသူဘ၀က ပျော်စရာကောင်းတယ်ဆိုပေမဲ့၊ ကျောင်းသူ

တစ်ပိုင်း၊ဆရာမပေါက်စတစ်ပိုင်း၊ဟိုမရောက်ဒီမရောက် အချိန်ကတော့

ကျမအတွက် အပျော်ဆုံးအချိန်တွေပါ။


ကျမတို့  ဌာနမှာကမိန်းကလေးဦးရေကအလွန်များတာလေ။ ဌာနမှာပြန်လုပ်ကြ

တော့ ယောကျာ်းလေးဆရာက အလွန်နဲပြန်ရော။ ဒီတော့ ဌာနကို အလှဆင်နေတာက

ကျမတို့  အုပ်စုပေါ့။ အရင်က အတန်းချင်း မတူကြပေမဲ့ လူနည်းကြတော့ တစ်ယောက်

ကိုတစ်ယောက် သိနေကြတာ။ အဲ အလုပ်လည်းဝင်ကြရော တကယ့် ညီအစ်မ

တွေ၊ မောင်နှမတွေလိုပဲ။ ပြောမနာ၊ဆိုမနာ နဲ့  ရင်ဖွင့်စရာ ဆိုလည်း ယုံကြည်

စွာပြောလို့ တိုင်ပင်လို့ ရတယ်။



အလုပ်ဝင်စက အတန်းတွေမစသေးတော့။ အားတဲ့အချိန်တွေ အများကြီးရခဲ့တယ်။

မချောတို့ ၊မကေတို့ ဆီက အင်္ကျီချုပ်တာတို့ ၊ပန်းထိုးတာတို့ သင်ခဲ့ရတာမှတ်မိသေးတယ်။

နောက်ပိုင်း အင်္ကျီတွေဆို ကိုယ့်ဖာသာကိုယ်ချုပ်ဝတ် ဖြစ်တော့တဲ့ အထိပဲ။

ထမင်းစုပြီးစားကြတော့ စန္ဒီချက်တဲ့ ရခိုင်ဟင်း၊မကေဆီကခရမ်းသီနှပ် ဆို

ကျမကသိပ်ကြိုက်တာ။ကျမ လုပ်တဲ့ ပန်းကန်လုံးဟင်းချိုဆိုတာကိုတော့

မချောက အခုထိတွေတိုင်းပြောတုန်း။ ကျမကအလွန် ပေါက်ပေါက်ရှာရှာ

လုပ်တာ။ သူငယ်ချင်း တစ်ယောက်ကတော့ ကျမလုပ်တဲ့ ၀က်သားကောက်ညှင်းထုပ်

နည်းနဲ့ အလုပ်ဖြစ်နေတုန်းတဲ့။


တစ်ခါတော့ ကျမတို့ အုပ်စုကို စစ်သမိုင်းပြတိုက်ကို လွှတ်ပြီး လေ့လာခိုင်းတာ

ဟိုကြည့်ဒီကြည့်လုပ်ပြီး ဗိုလ်ချုပ်ဈေးရောက်သွားတာမှတ်မိသေးတယ်။

နောက်နေ့  ပါမောက္ခ သိတော့ ထပ်သွားခိုင်းပြီ ဌာနဆိုင်ရာအလိုက် စာတမ်း

ရေးခိုင်းပါရော။


ဌာနတွင်းမွမ်းမံသင်တန်းဆိုလည်း သင်တန်းပြီးရင် သံလျှင်ကို သွားလည်ရမှ

ဆိုလို့ ဆရာကြီး က စီစဉ်ပေးရတာ။ အဲ့ဒီတုန်းက ကျမနဲ့  မိုးစက်ပွင့် ပူးတွဲ

ဆုရဘူးတယ်။ ပျော်စရာကောင်းလိုက်တာ။ ပြန်တွေးရင်း သတိရမိတယ်။

မျိုးပက ကားမောင်းတော်သလို၊ မိုးစက်ပွင့်က စက်ဘီးစီးတာတော်တယ်။

ဝင်းပ ကိုမေးကြည့်ရမှာ။ နောက်မှာထိုင်စီးရင်း..........

ကျမတို့ က ဘောလုံးပွဲဆို ရှေ့ ဆုံးကလေ။ ကျမတို့ ဌာနက ကန်တိုင်းရှုံးတယ်။

၅ဂိုး ၊ ဂိုးမရှိတို့ ၊ ၇ ဂိုး ၊ ဂိုးမရှိတို့ ။ ဒါပေမဲ့ ကျမတို့ က အသံဝင်အောင်ကိုအားပေးတာ။

မီးမီးကို သတိရမိတယ်။ ကမ္ဘာ့ဖလားပွဲဆို တီဗွီမှာပြတာ မလွတ်တမ်းကြည့်ကြတာ။

နောက်နေ့ ဌာနရောက်တာနဲ့ ဆူညံနေအောင် ဝေဖန်ကြတာလေ။ ဆရာအေး၊

ဆရာစိုး၊ ဆရာမိုးတို့ နဲ့ ပေါ့။ မိုးစက်က အင်္ဂလန် အသင်း....မှတ်မိသေးတယ်။

ဌာနမှာအရှိန်မသေလို့  တောင်ငူကန်တီးက အန်တီမြဆိုင်မှာ ငြင်းခုံကြသေးတာ။

မိတ်ဆုံစားပွဲလုပ်မယ်ဆိုရင် လက်မှတ်ရောင်းကြ၊ ပိုက်ဆံကောက်ကြ။

နိုင်ရမယ့်သူတွေဆီကဆို အတင်း ပိုက်ဆံထဲ့ခိုင်ကြတာ။ ကျမနဲ့ စန္ဒီ တစ်ခါ

က ပိုက်ဆံ မလောက်တော့လို့ တော်တော်ခေါင်းကိုက်ခဲ့ဘူးတာမှတ်မိသေးတယ်။

နောက်တော့လည်းအဆင်ပြေသွားပါတယ်။ ပွဲတိုင်းမှာ ကျမတို့ ကိုလာကူရတဲ့

ကိုလင်းအောင်၊ ကိုဖေအောင်၊ ကိုပြည့်စုံတို့ ....သတိရတယ်။


တစ်ခါက ဆရာကန်တော့ပွဲတစ်ခုမှာ ကျောင်းသားတွေက မြနန္ဒါ နဲ့ မိန်းမလို

ဝတ်ကချင်တယ်ဆိုလို့  ကျမရွှေဘိုဆောင်မှာ အကသင်ပေးရသေးတယ်။

ထမီတွေ၊အင်္ကျီတွေ လိုက်ငှားရတာလေ။ မှတ်မိသေးလား။


တနေ့ မိုးစက် ဖိနပ်ပြတ်တော့ ကျမက အကြံပေးခဲ့တာ သူမှတ်မိနေအုံးမှာပါ။

လူတွေ ရှင့်ခြေတောက်ကိုမကြည့်ခင် သူတို့ မျက်နှာကို ပြုံးပြီး ဦးအောင်ကြည့်

လိုက်။ သူတို့ ရှင့်မြေတောက်ကို အာရုံမရောက်တော့ဘူးလို့ ။ သူ့ ကိုတော့

သပွတ်သီးအကြောင်းမှတ်မိသေးလားလို့ မေးရအုံးမှာ။ ကျမက သပွတ်သီးတွေ

ဝယ်ပြီး လူတယောက်ကိုလက်ဆောင်ပေးဘူးလို့ ။


ဌာနက ပြပွဲတွေ၊ ဈေးရောင်းပွဲတွေ၊ ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေမှာ

ကျမတို့ အဖွဲ့ က အမြဲတမ်း တက်တက်ကြွကြွ။ လှလှပပ ပဲ။ တခါတခါလည်း

စာတမ်းဖတ်ပွဲအတွက်ပြင်ဆင်ရင်း ငိုခဲ့ရတာ။ တယောက်နဲ့ တယောက်

အားပေးကြတာ မမေ့နိုင်စရာတွေပါ။ စာကြည့်တိုက်တွေသွားကြ၊ သင်တန်းတွေ

တက်ကြ၊ အတန်းဝင်ဖို့ စာတွေပြင်ကြ ၊ငြင်းကြခုန်ကြနဲ့  အချိန်တွေက

တဖြေးဖြေးကုန်သွားတာ။ ဌာနကနေ တယောက်ပြီးတယောက် အကြောင်း

အမျိုးမျိုးနဲ့  ခွဲထွက်ခဲ့ကြတာ။ အခုတော့ ကျမတို့ အုပ်စုလေးလည်း တကွဲဆီပေါ့။

အဝေးကနေပဲ လွမ်းနေကြရတာ။

ဘယ်တော့မှ အားလုံးပြန်ဆုံဖြစ်မယ်ဆိုတာ မပြောနိုင်တော့ဘူး။ တယောက်ယောက်

နဲ့ ပြန်ဆုံဖို့ ဆိုတာတောင် မလွယ်တော့ဘူးလေ။

အခုတော့ email တို့ ၊ facebook တို့ ၊ Blog တို့ ကျေးဇူးကြောင့် အဆက်အသွယ်

လေးတွေရနေတာပဲ ၀မ်းသာနေရတာ။

ကျမ သူငယ်ချင်းများဖတ်မိရင်လည်း အလွမ်းတွေမျှဝေကြတာပေါ့နော်။

အားလုံး ကို သတိရလျှက်ပါ။

Sunday, 27 September 2009

ကျေးဇူးနော်....ပေါက်

ပေါက်ရေ..ယို ရှမ်း စမ်းလုပ်ကြည့်တယ်။
ပုံကတော့ ပေါက်လိုမလှဘူး။ အချောင်းရော၊ မချောင်းမပြားရော
၀၀ရော၊ပိန်ပိန်ရော အစုံပဲ။
ယက်တောင်ပုံတော့မရဘူး။ နောက်တခါ တော့ ရမလားပဲ။
တော်တော်တော့ စိတ်ရှည်ရသားနော်။
ကျမလုပ်ထားတာကအဆင်းမလှပေမဲ့ အရသာကတော့ရှိပါတယ်။
မွမွလေး။ စားလို့ ကောင်းတယ်။ Thomas လည်းကြိုက်တယ်။
ပေါက်လက်ရာကို အရင် စားကြည့်ရရင် ပိုကောင်းမှာ။
မုန့် လုပ်နည်းအသစ်အတွက် ကျေးဇူးတင်ပါတယ်။

လိုတာရှိရင် ပြင်ပေးအုံးနော်..
ပေါက်လုပ်သလိုဝါ၀ါလေးလည်း
မရဘူး။

Thursday, 17 September 2009

ကွေ့ သရိုဖတ်စမ်းလုပ်ကြည့်ခြင်း...

ဒီနေ့ တော့မိုးအေးအေးနဲ့  အပြုတ်တခုခုပြုတ်သောက်မယ်ဆိုပြီး အလုပ်ထဲမှာ
ကတည်းက အားခဲလာတာ။ အိမ်ရောက်တော့ မလု ရေး ပေးထားတဲ့ ကွေ့ သရို
အဖတ်လုပ်နည်းလင့် လေးရယ် ၊ ကျမတွေ့ ထားတဲ့ မုန့် ဖတ်လုပ်နည်း
လေးရယ် ပေါင်းစပ်ရင်း ကွေ့ သရိုဖတ်ကိုအောင်မြင်စွာလုပ်ဖြစ်သွားပါတယ်။

















လုပ်ရတာ ပျော်စရာကောင်းတယ်။
အဖေါ် တစ်ယောက်ယောက်နဲ့ လုပ်ရရင်
ပိုပျော်စရာကောင်းမှာ။

Sunday, 13 September 2009

အိမ်ထောင်ရေးအတွေးများ

ဒီတခေါက် ရန်ကုန်ရောက်တော့ မတွေ့ ဖြစ်တာကြာတဲ့ အစ်မတစ်ယောက်နဲ့ 

တွေ့ ဖြစ်တယ်။ သူက ကျမရန်ကုန်မှာရှိကတည်းက အိမ်ထောင်ကျနေပြီး

ကလေးတွေတောင် ကြီးနေပြီ။ ကျမတို့ စကားတွေပြောကြရင်း သူကမေးခွန်းတစ်ခု

မေးတယ်။ ဘာဖြစ်လို့ ကလေးမယူတာလဲတဲ့။ ကျမလည်းဖြေနေကြအတိုင်း

ဘာရယ်လို့ မဟုတ်ပါဘူးလို့ ပြန်ဖြေလိုက်ပါတယ်။ နောက်သူက ကလေးမရှိရင်

အိမ်ထောင်မမြဲမှာစိုးရတယ်တဲ့။ အိမ်ထောင်မြဲအောင်ကလေးတစ်ယောက်တော့

ယူသင့်သတဲ့။ သူ့ ကိုဘာမှပြန်မပြောလိုက်ပေမဲ့ အဲ့ဒီအကြောင်းအတွေးထဲမှာကျန်

ခဲ့တယ်။

ကျမ အိမ်ထောင်ကျတော့ ပတ်ဝန်းကျင်အသစ်မှာ။ လေ့လာစရာတွေ၊သင်စရာတွေ

ကအများသားလေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ တည်ဆောက်နေ

ရတဲ့အချိန်။ ဒီအချိန်မျိုးမှာ ကျမကလေးမယူချင်သလို၊ ကျမ အမျိုးသားကလည်း

ကလေးမယူချင်ဘူး။ ဒီလိုနဲ့ ပဲ ကလေးနဲ့ ကျမတို့ ဝေးလာကြတာ။

အိမ်ထောင်မြဲအောင်ကလေးယူတယ်ဆိုတာတော့ ကျမသိပ်လက်မခံချင်ဘူး။

အိမ်ထောင်မြဲအောင် ကြိုးစားရမှာက ကျမတို့ နှစ်ယောက်ရဲ့ တာဝန် လို့ ပဲထင်တယ်။

ကလေးရှိပြီး ကျမတို့ အချင်းချင်းအဆင်မပြေရင်ရော။ ကလေးမျက်နှာကိုငဲ့ပြီး ကျမတို့ 

တစ်သက်လုံးစိတ်ညစ်ခံနေရမှာလား။ အခု ကလေးမရှိလည်း ကျမတို့ နှစ်ယောက်

အဆင်ပြေနေသားပဲ။ ကျမစဉ်းစားနေမိတာလေးတွေပါ။

နောက်သူဆက်ပြောတာက ယော ကျာ င်္းကို သည်းညီခံနော်တဲ့။ ငါတို့ မိန်းမတွေဟာ

အိမ်ထောင်ကျသွားတာနဲ့  ကိုယ့်ယောကျာင်္းအတွက်လုံးလုံးဖြစ်သွားတာ။ ကိုယ့်

အချိန်တွေကို သူ့ ကိုပေးလိုက်ရပြီး ကိုယ့်အိမ်ထောင်အတွက် မြှုပ်နှံလိုက်ရတာ။

သည်းညီးခံပြီး ပြုစုဖို့ ပြောရှာတယ်။ ကျမလည်း ဟုတ်ကဲ့လို့ ပြောပြီး ထုံးစံအတိုင်း

အတွေးတစ်ခုရသွားပြန်တယ်။

ကျမ တကယ်ပဲ ကျမယောကျာင်္းအတွက် အချိန်ပေးခဲ့သလား။ တကယ် သည်းညီး

ခံပြီး ပြုစုပေးခဲ့သလား လို့ ပြန်တွေးနေခဲ့တယ်။

ကျမအိမ်ထောင်ကျတော့ဂျာမန် မမတွေက ပြောတယ်။ ယောကျာင်္းကို အမြဲတမ်း

ပြုစုနေဖို့ မလိုဘူးတဲ့။ အိမ်တစ်အိမ်၊အိမ်ထောင်တစ်ခုရဲ့တာဝန်ဟာ နှစ်ယောက်

စလုံးမှာတာဝန်ရှိတယ်တဲ့။ တစ်ပတ်မှာ ၃ရက် ကိုယ်ကထမင်းချက်ရင်၊ သူလည်း

၃ ရက်ချက်ရမယ်။ကျန်တစ်ရက်ကို အပြင်မှာထွက်စားတဲ့။ တခြားအိမ်အလုပ်တွေ

လည်းခွဲတမ်းနဲ့ ပဲတဲ့။ အကြံပေးကြတာတွေပါ။

အိမ်မှာတော့ ဟင်းချက်တာကျမပဲ။ သူကဟင်းမချက်တတ်ဘူး။ ဧည့်သည်

လာလို့  ပန်းကန်တွေဆေးရမယ်ဆိုတာက သူ့ တာဝန်။ အမှိုတ်ပစ်တာကသူ

လုပ်ပေါ့။ အ၀တ်လျှော်တာကျမလုပ်တယ်။ အ၀တ်လှန်းတာ ၊ ရုတ်တာက

ကျမ မအားရင်သူလုပ်ပေါ့။ မီးပူကို ကျမ အများဆုံးတိုက်ပေမဲ့ တစ်လှည့်ဆီ

လည်းတိုက်ဖြစ်တာပဲ။ အိမ်သန့် ရှင်းရေကိုတော့ အပေါ်ထပ်က ကို သူတာဝန်ယူ

ရသလို၊ အောက်ထပ်ကို ကျမတာဝန်ယူတယ်။

ဈေးသွာတာကျမ အများဆုံးလုပ်ပေမဲ့ သူစားတတ်တဲ့ အစားအစာ ၀ယ်တာက

သူ လုပ်ရတဲ့အလုပ်ပါ။ ကျမ မအားတဲ့အခါ ဈေးစာရင်းရေးပေးရင် သူဝယ်ပေးတာ

ပါပဲ။

အဲ့ဒီလို ပြန်တွေးမိတော့ကျမ အိမ်ထောင်ရှင်မပီသရဲ့ လားလို့ တွေးမိတယ်။

ကျမအလုပ်လုပ်တော့အချိန်ပိုင်းပဲ။ အလုပ်မှာနေ့ တ၀က်၊ အိမ်ရှင်မအဖြစ်ကနေ့ တ၀က်။

အတွေးတွေလေ။

သူကရော ကျမကို ဘယ်လိုထင်နေမလဲ။ ကျမက ကိုလုပ်ချင်တာကိုသာလုပ်ပြီး

သူ့  အတွေးတွေကိုသိပ်မေးမကြည့်တတ်ဘူး။ သူ့ ရဲ့ထင်မြင်ချက်တော့မေးကြည့်

အုံးမှလို့ တွေးပြီး ပြန်လာခဲ့တယ်။

တနေ့ တော့ ရန်ကုန်ကစာအုပ်ဆိုင်မှာ ဒေါက်တာ စပယ်ပွင့်ဖြူ ရဲ့ 

အိမ်ထောင် သာယာဆိုပြေရေး လက်ဆွဲကျမ်း ဆိုတဲ့စာအုပ်တွေ့ လို့ 

ဝယ်ခဲ့သေးတယ်။

ဒီရောက်တော့ သူကဘူတာမှာလာကြိုတယ်။ အိမ်ရောက်တော့ကျမစားပွဲပေါ်မှာ

နှင်းဆီပန်းအိုးလေးသူထားထားပေးတယ်။ ကျမပြန်လာရင် ပင်ပန်းမှာ စိုးလို့ 

သူ့ အ၀တ်တွေလျှော်ပြီး ၊ မနေ့ ကမှမီးပူတွေတိုက်ထားသတဲ့။ အိမ်လည်း

ရှင်းထားတယ်ဆိုပဲ။ နောက်နေ့  အိမ်ဘေးက အမျိုးသမီးက ရှင့်ယောကျာ်းက

သူ့ အ၀တ်တွေလျှော်ထားတာတဲ့။ ကျမယောကျာ်းဆို လုပ်မှာမဟုတ်ဘူးတဲ့။

ကျမ Thomas ကိုသနားသွားသလို၊ ကိုယ့်ကိုကိုယ် သိပ်ဆိုးနေပြီလားလို့ တွေးမိတယ်။

ကျမကိုချစ်ရဲ့လားလို့ မေးကြည့်တော့ နှိုင်းပြလို့ မရအောင်ချစ်ပါတယ်တဲ့။

တော်ပါသေးရဲ့ ။

အိမ်ထောင်ရှင်မ ကောင်းဖြစ်မဖြစ်တော့ ............ဆက်ပြီးစဉ်းစားလိုက်အုံးမယ်။
(၀ယ်လာတဲ့စာအုပ်တော့ စဖတ်နေပြီ။ )

လမ်းတွေ၊တိုက်တွေ နဲ့ ကျမ

အိမ်မှာတစ်ယောက်ထဲဖြစ်နေတာနဲ့ အိမ်နားကပန်းခြံလေးဆီကို လမ်းလျှောက်

ထွက်ခဲ့တယ်။ ရန်ကုန်မှာ တုန်းက ဒီပန်းခြံလေးကို ကျမ မကြာမကြာသတိရမိတယ်။

အမေနဲ့ ညနေသောင်းလမ်းလျှောက်ထွက်ချင်ရင် အနီးအနားမှာ အေးအေးဆေးဆေး

လမ်းလျှောက်ဖို့ ၊ ထိုင်ဖို့ နေရာ မတွေ့ ခဲ့ဘူး။

ကျမရယ် အမေရယ် မြေနီကုန်းက လမ်းကြားလေးတွေမှာပဲ လမ်းလျှောက်ဖြစ်တယ်။

အမေက ခြေထောက်သိပ်မသန်တော့ လမ်းပေါ်ကဂျိုင့်ခွက်တွေကို ကျော်ရလွှားရ၊

ဟိုဘက်ဒီဘက်ကနေလာတဲ့ကားတွေကိုရှောင်ရ၊ အချက်မပြပဲ ဟိုကွေ့ ဒီကွေ့ မဲ့ကားတွေကို

ကြည့်ရ၊ ကားပေါ်ကလူတွေကလည်း လမ်းလျှောက်တဲ့လူတွေကိုဦးစားမပေးကြဘူး။

လမ်းပေါ်မှာသူများထွေးသွားတဲ့ တံတွေးတွေ ကျော်ရလွှားရ၊ ဒီကြားထဲလမ်းထဲမှာ

လျှောက်သွားနေတဲ့ခွေးတွေကိုလည်း သတိထားရသေးတယ်။

ဪ...သူ့ ခမျာ တစ်ခေါက် တစ်ခေါက် လမ်းထွက်လျှောက်ရတာ မလွယ်ရှာဘူး။

ကျမကအတင်းခေါ် လို့ သူ့ ခမျာလိုက်ရရှာတာ။ ပင်ပန်းရှာသား။

လမ်းတွေထဲမှာလည်း တိုက်အမြင့်တွေဖြစ်ကုန်ပြီ။ ကျမ နေခဲ့ဘူးတဲ့လှည်းတန်မှာဆို

ဒီနှစ်ကန်ထရိုက်တိုက်တွေများလာတယ်။ အရင်ကဖြတ်သွားနေကြ ဇေယျာသီရိလမ်း

ဆို ကိုယ်ပိုင်ခြံလေးတွေနေရာမှာ ကန်ထရိုက်တိုက်တွေ ဆောက်နေကြတယ်။

ကျမအိမ် အပေါ်ကနေကြည့်တိုက်အမြင့်တွေ တော်တော်များတာတွေ့ ရတယ်။

တချို့ ကန်ထရိုက်တိုက်တွေက မပြီးသေးပေမဲ့ ဆေးအဖြူရောင်ကို အပြင်ဘက်မှာ

သုပ်ထားတော့ ပြီးနေတဲ့တိုက်လိုလို၊ဘာလိုလိုပေါ့။

သစ်ပင်လေးတွေနဲ့ စိမ်းစိမ်းစိုစို နေရာလေးတွေ သိပ်မရှိတော့ဘူး။

ကန်ထရိုက်တိုက်တွေက ဆောက်ပြီးစတော့ လှလိုပဲ။ နဲနဲကြာတဲ့ တိုက်တွေကြတော့

မဲမဲညစ်ညစ်နဲ့ ၊ ဆေးထပ်မသုပ်ကြတော့ဘူး။ တိုက်ထဲကလှေခါးခွင်တွေမှာလည်း ကွမ်း

တံတွေးနဲ့ အမှိုက်နဲ့ ။

ကျမနေတဲ့နေရာက (၁၁)ထပ်ရှိတယ်။ အနောက်ဖက်မှာ အရေးပေါ်ထွက်ပေါက်ရှိတယ်။

ကျမအဲ့ဒီတံခါးကိုဖွင့်ကြည့်တော့ အရေးပေါ်လှေခါးလား၊ ပစ္စည်းထားတဲ့စတိုလား၊ အမှိုက်

ပုံလားထင်ရတယ်။ ကျမနဲနဲလန့် သွားတယ်။ အရေးအကြောင်းဆို ပြေးဆင်းဖို့ မဖြစ်နိုင်

တော့ဘူး။ တိုက်မှာနေတဲ့သူတွေပဲ မကြောက်တတ်တာလား၊

ကျမပဲ အစိုးရိမ်လွန်နေတာလားလို့ တွေးမိသေးတယ်။ ကျမရှိနေတုန်းတစ်ည

ငလျှင်လှုပ်သေးတယ်။ (၉)ထပ်မှာနေတဲ့ကျမတော်တော်လေးလန့် သွားတယ်။

တိုက်တွေ ခိုင်ခိုင်မာမာဆောက်ထားမှာပါလို့ ပဲ အကောင်းဘက်ကတွေးပြီး အားတင်း

ထားလိုက်ပါတယ်။

Saturday, 12 September 2009

ကျမ နဲ့ ရန်ကုန်ဈေးဆိုင်များ

ဒီနေ့ စနေနေ့ ဆိုတော့ ဈေးဝယ်ထွက်ဖြစ်တယ်။ ဂျာမနီပြန်ရောက်မှ သေသေချာချာ

ဒီနေ့ မှပဲဈေးသွားဖြစ်တာ။ ဈေးဝယ်ရင်းနဲ့ ရန်ကုန် က၀ယ်နေကြဈေးလေးကိုတောင်

သတိရမိသေးတယ်။ ဒီမှာ လူတွေက လိုတာကိုလိုသလောက် ၀ယ်ကြ၊ ရောင်းတဲ့

သူကလည်း လိုသလောက်ရောင်းကြနဲ့ ၊ ရန်ကုန်မှာတော့ ဈေးဆစ်ရ၊ အနည်းဆုံး

ဘယ်လောက်ဖိုးယူရမှာလဲ...ညှိုရတာတွေများလိုက်တာ။ လိုတာကနဲ နဲ ၀ယ်လာရတာ

ကများ၊ မကုန်တော့လွှတ်ပစ်ရ သမျှောစရာကြီးး။ ငါးဝယ်တော့ အရှိလေးပဲယူလိုက်

ပါဆိုလို့  ၀ယ်လာ၊ အိမ်ရောက်တော့ ရေခဲသေတ္တာက မီးအားမပြည့်လို့  မလည်။

ဟင်းတွေကသိုး....အကြွေမရှိလို့  ဒါလေးယူသွားပါ ဆိုတာကလည်းရှိသေးတယ်။

ကျမ၀ယ်နေတုန်းမှာပဲ အမျိုးသမီးတယောက်က အလေးမပြည့်လို့ ဆိုင်ရှင်

ကို လာပြောတာနဲ့ လည်းကြုံရသေးတယ်။ ကျမကတော့ဝယ်လက်စနဲ့ ဆက်

ဝယ်ခဲ့လိုက်ပါတယ်။

ဈေးထဲမှာလည်း ဈေးဝယ်သူထက်၊ ဈေးရောင်းတဲ့သူကများနေတော့ လမ်းတောင်

ကောင်းကောင်းလျှောက်လို့ မရဘူး။ မိုးရေထဲမှာ ရောင်းနေကြပေမဲ့ ဒီမှာမတွေ့ 

နိုင်တဲ့ သနပ်ခါးလေးတွေနဲ့ အပြုံးလေးတွေ ကိုတော့ သတိရနေပါတယ်။

ဈေးဝယ်ရင် ကြုံရတဲ့ အကြွေဒုက္ခ၊ ဘယ်လောက်စုပ်ပြတ်ပါစေ၊ အခုတော့

အားလုံးပေးလို့ ရတယ်။ အရင်နှစ်တွေက ပေးလို့ မရတဲ့  ပိုက်ဆံလေးတွေ

တောင် ဒီနှစ် သုံးလို့ ရတယ်။ ပိုက်ဆံတွေထဲမှာ တစ်ထောင်တန်ပဲ ကောင်း

တာတွေရတယ်။ ဈေးကပြန်လာရင် မိုးစိုလာတဲ့ ပိုက်ဆံ အစုပ်လေးတွေကို

တယုတယ ဖြန့် ထားရသေးတယ်။

ရန်ကုန်မှာ ဒီနှစ်သတိထားမိတာက ဟင်း ရောင်းတဲ့ဆိုင်လေးတွေ ပေါလာတယ်။

သက်သတ်လွတ်ဟင်း တစ်ပွဲကို ၃၀၀ ကျပ်၊ ကြက်ဟင်းခါးသီကြော်၊ ပဲပုပ်ချက်၊

ရွှေဖရုံသီဟင်း၊ သီးစုံကုလားဟင်း... စုံသားပဲ။ ရှမ်းခေါက်ဆွဲဆိုင်တွေလည်း

များလာတယ်။ ဈေးဆိုင်တွေ များလာပေမဲ့ စားတဲ့သူ တော်တော်နဲတယ်။

ဆိုင်တော်တော်များများမှာ လူမရှိကြဘူး။

City Mart၊ဗိုလ်ချုပ်ဈေး၊ ဒဂုံစင်တာ တွေ မှာလည်းလူမစည်တော့ဘူး။

အလှအပ ပစ္စည်းတွေကတော့ အများကြီးပဲ။ ဈေးတွေကလည်းကြီးပါတယ်။

အလှအပဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေကတော့ တော်တော်များတယ်။

ဆံပင်ညှပ်ဆိုင်တွေဆိုရင် နှစ်အိမ်ခြား တစ်ဆိုင်လောက်ရှိတယ်။ များသောအားဖြင့်

တော့လူမရှိဘူး။ ဈေးတွေကလည်း ကြီးလိုက်တာ။ ဆံပင်ညှပ်၊ကောက်၊ဖြောင့်၊ပေါင်း။

ဖယောင်းသွင်း။ မျက်နှာဆိုရင်လည်း နည်းမျိုးစုံနဲ့ ...ချေးချွတ်၊ပေါင်းတင်၊အဆိပ်ထုတ်၊

မျက်တောင်ဆက်.....စုံနေရော။။။

ဒါတွေကတော့ကျမ မတွေးထဲမှာ ရှိနေတဲ့ ရန်ကုန်က ဈေးဆိုင်လေးတွေ အကြောင်းပါ။

နောက်မှပဲ ကျန်တဲ့ အကြောင်းလေးတွေ ဆက်ရေးပါအုံးမယ်။