ရန်ကုန်က ရောက်လာတဲ့သတင်းတွေ၊ဓါတ်ပုံတွေကို
ကြည့်ရင်း ဒီနေ့ ကျမအဖေ့ကို အထူးသတိရနေမိတယ်။
အဖေသာ ရှိရင် ဒီနေ့ ရန်ကုန်ကသတင်းတွေကို ကြည့်ရင်း၊
နားထောင်ရင်းဘာတွေများပြောမလဲမသိဘူးနော်။
အဖေ...ကျမတို့ နိုင်ငံကို အမေရိကန်သမ္မတကြီး လာလည်တယ်။
မြန်မာပြည်ရဲ့ သမ္မတကြီးနဲ့ တွေ့ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ 
တွေ့ တယ်။ ဘွဲနှင်းသဘင်ခမ်းမထဲမှာ အမေရိကန်သမ္မတကြီးက
မိန့် ခွန်းပြောတယ်အဖေ။
နှစ်များစွာ လူတွေနဲ့ ကင်းဝေးနေတဲ့ ရန်ကုန် တက္ကသိုလ်
ကြီးလည်း ဆေးတွေသုပ်၊မီးတိုင်တွေလှပစွာနဲ့  အဓိအတိလမ်းကလည်း
ကျက်သရေရှိနေတယ်အဖေ။
အဖေ ရှိစဉ်က ဒီလို နေ့ မျိုး တနေ့ ရောက်လာမှာပါလို့ တွေးခဲ့မှာပါ။
အဖေသာ ဒီလို ဖြစ်ရပ်ကိုမြင်ရ၊ကြုံရရင် သိပ်ဝမ်းသာမှာဆိုတာကျမ အသိဆုံး
ပါ။ အဖေဖြစ်ချင်၊မြင်ချင်တာတွေ အဖေ မရှိတော့တဲ့အချိန်မှ ဖြစ်လာတယ်အဖေ။
အဖေသိပ်ချစ်တဲ့ရန်ကုန်တက္ကသိုလ်ကြီး အတွက် အဖေ ဘယ်လောက်ဂုဏ်ယူ
လိုက်မလဲနော်။
ကျမတို့ နိုင်ငံတော်ကြီး အကောင်းဘက်ကို ဦးတည်ပြီးတိုးတက်လာပါစေလို့ 
ဆန္ဒပြုပါတယ်အဖေ။
Monday, 19 November 2012
Friday, 16 November 2012
အတွင်းနဲ့ အပြင်
လူတိုင်းပျော်ရွှင်မှု့  ကို လိုချင်ကြမှာပါ။ ဒီအထဲမှာ ကျမလည်းပါတာပေါ့။
ငယ်ငယ်ကဆို လိုချင်တာမရရင် လူကြီးတွေကို ဂျီတိုက်လေ့ရှိပါတယ်။
အမေက ကျမလိုချင်တာတွေ၊သွားချင်တဲ့နေရာတွေ၊စားချင်တာတွေ တတ်
နိုင်သလောက်ဖြည့်ပေးလေ့ရှိပါတယ်။ တခါတလေ အဆင်မပြေလို့ 
ကျမအလိုကျမဖြစ်ဘူးဆိုရင် ဂျီတိုက်တော့တာပဲ။ လိုတာရတော့
ကျေနပ်ပြီးပျော်လို့ ။
အရွယ်ရောက်လာတော့လည်း ဟိုအရာလိုချင်၊ဒီအရာဖြစ်ချင်နဲ့ 
လိုအင်ဆန္ဒတွေ များနေတာပါပဲ။ ငယ်ငယ်ကလိုဂျီတိုက်၊ပူဆာလို့ မရတော့
တစ်ယောက်ထဲ စိတ်ဆင်းရဲမှုတွေ၊ ဒေါသတွေ များလာပြန်တယ်။
ဖြစ်ချင်တာတွေကို ရအောင်ယူရတာကလည်း ပင်ပန်းသားလေ။
ဖြစ်ချင်တာ၊လိုချင်တာ တွေကလည်း တစ်ခုပြီးသွားရင် နောက်တစ်ခု
ထပ်ပြီးလိုချင်နေပြန်ရော။ ကျမက လိုချင်တာတွေရရင်ပျော်မယ်လို့ 
ထင်နေတာကို။
ဒီလိုနဲ့ ကျမလိုချင်တာတွေ၊ဖြစ်ချင်တာတွေကနေ၊ တခြားသူတွေရဲ့ လက်ခံမှု၊
အထင်ကြီးမှုတွေကိုလည်းရချင်လာပြန်တယ်။ သူ့ မှာ ဒါရှိရင် ငါလည်းရှိချင်တယ်။
ငါ့မှာဒါပဲရှိရင် သူတို့ ကဘာပြောကြမလဲ၊ ငါလိုက်မလုပ်နိုင်ရင်ရော စသဖြင့်
သူများနဲ့ မလိုအပ်တဲ့နှိုင်းယှဉ်မှုတွေလုပ်လာတယ်။ ကျမက သာရင်
မာနကအတက်သား၊
အင်းလေ ဒီအပြင်ပန်း အရာဝတ္ထုတွေက ကျမကိုစိတ်ချမ်းသာမှု ပေးနိုင်မယ်လို့ 
ထင်ခဲ့မိတာကို၊ တကယ်တော့ ဒါတွေရဖို့ အားထုတ်ရတဲ့ ကိုယ်၊စိတ် ပင်ပန်းမှု
တွေကို ကျမထဲ့ မတွက်ခဲ့ဘူး။ အပြင်ဘက်က ရုပ်ဝတ္ထုတွေကြောင့် တစ်ခဏ
ရခဲ့တဲ့ပျော်ရွှင်မှုကို ကျမက သာယာနေခဲ့တာပါ။
ကျမရဲ့ စိတ်အတွင်းမှာ တကယ်အေးချမ်းမှု ကို ရယူဖို့ ကိုတော့ ကျမ မေ့နေပါတယ်။

Wednesday, 31 October 2012
Happy Birthday to you...
ဒီနေ့ ကိုသောမတ်စ်မွေးနေ့ ဆိုတော့ မနေ့ ကတည်းက မီးဖိုထဲမှာ
အလုပ်ရှုတ်နေပါတယ်။
အရင်နှစ်တွေကတော့ အိမ်မှာ ကိတ်မုန်ပဲဖုတ်ပြီး အပြင်မှာနေ့ လည်စာ
ဒါမှမဟုတ် ညစာ ထွက်စားလေ့ရှိပေမဲ့၊ ဒီနှစ် သူ့ ရဲ့ မွေးနေ့  နေ့ လည်စာ
ကို ကျမချက်ပေးဖြစ်ပါတယ်။
တလောက ဟင်းချက်သင်တန်းက သင်ထားတဲ့ ဟင်လေးတွေနဲ့  စိတ်ကူး
တည့်ရာစီစဉ်လိုက်တာပါ။
Grüne Erbsensuppe , Wildhasenfilet , Kartoffelnmaultaschen mit Champion gefüllt, und Championsahnesauce.......
Kaffeschaumcreme mit Orangen als Nachtisch....

Friday, 19 October 2012
ဟင်းချက်သင်တန်း...
ရန်ကုန်က ပြန်ရောက်ကတည်းက အလုပ်တွေပိနေတာနဲ့  စာလည်းမရေးဖြစ်၊
ဟင်းကောင်းကောင်းလည်းချက်မစားဖြစ် နဲ့ ။ မနေ့ ကတော့ ကိုသောမတ်စ်
လက်ဆောင်ပေးထားတဲ့ ဟင်းချက်သင်တန်း ကဒ်လေးကြောင့် သင်တန်း
သွားတတ်ဖြစ်ပါတယ်။ http://www.ue-kuechen.de
သင်တန်းကတော့ Lust auf Wild ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။ သင်တန်းခေါင်းစဉ်
တွေအများကြီးထဲက ဒီ အစီအစဉ်ကို ရွေးလိုက်ပါတယ်။ သာမန်ကြက်၊၀က်၊
ငါး၊အမဲ စတာတွေက ချက်လေ့ရှိတာကြောင့် ကျမသိပ်ချက်လေ့မရှိတဲ့
တောယုန်၊ ဒရယ် စတာတွေနဲ့ ချက်တဲ့သင်တန်းကိုရွေးလိုက်ပါတယ်။
ကျမတို့ သင်းတန်းမှာ စုစုပေါင်းသင်တန်းသား ၁၁ ယောက်ပါပါတယ်။
ဆရာကတော့ Herr Horst Vier-Ullrich ပါ။
သင်တန်းက ညနေ ၆နာရီခွဲကနေ ည ၁၁ နာရီအထိကြာပါတယ်။
ဆရာက ချက်ရင်းနဲ့ သင်ပြပေးပါတယ်။ ကျမတို့ က စမ်းလုပ်ကြည့်ကြ၊
သိချင်တာတွေမေးကြနဲ့ ပေါ့။ ဂျာမန် ဟင်းချက်နည်းတွေရဲ့  သိသင့်သိထိုက်
တာတွေ တော်တော်လေးသိခွင့်ရခဲ့ပါတယ်။
ပထမဆုံး Wildhasenfilet im Brotmantel ပါ။ တောယုန်အသားကို ပေါင်မုန့် 
နဲ့ ပတ်ပြီးကြော်ထားတာပါ။
နောက် Kartoffelmaultaschen နဲ့  ဒရယ်သားပါ။
အချိုပွဲကတော့ Schokomousse ပါ။
ဟင်းချက်နည်းတွေကိုတော့ နောက်မှတင်ပေးပါမယ်။ မနက်ဖြန်တော့
Kartoffelmaultaschen နဲ့ Wildhasenfilet im Brotmantel (ယုန်အစား ကြက်သား
နဲ့ ) စမ်းလုပ်ကြည့်ပါအုံးမယ်။

Thursday, 20 September 2012
လှည်းတန်း။ ၂၀၁၂
ကျမက တကယ်တော့လှည်းတန်းသူစစ်စစ်ပါ။ အသက် ၃၀ အရွယ်အထိလှည်းတန်း
မှာနေလာတဲ့သူဆိုတော့ လှည်းတန်းနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ အတွေးထဲမှာ
အများကြီးပါပဲ။ ကျမကလေးအရွယ် ငယ်ငယ်က လှည်းတန်း ပုံရိပ်၊ ၁၀တန်း
ကျောင်းသူအရွယ် ကလှည်းတန်းပုံရိပ်၊ တက္ကသိုလ်ကျောင်းသူဘ၀နဲ့ အလုပ်ဝင်စ
ကလှည်းတန်းပုံရိပ်၊ အခုတွေ့ နေရတဲ့လှည်းတန်းပုံရိပ်... ... ....
ဒီတခါပြန်တော့ လှည်းတန်း စန္ဒာမြိုင်ကွန်ဒိုမှာနေတဲ့  သူငယ်ချင်းဆီ ၃ခါလောက်
ရောက်ဖြစ်ပြီး သူနဲ့ အတူ စိန်ဂေဟာ ရှေ့က မုန့် ဆိုင်မှာထိုင်ရင်း ကျမရဲ့ လှည်းတန်း
ပုံရိပ်တွေကို ပြန်တွေးနေမိခဲ့တယ်။
ကျမတို ငယ်ငယ်က လှည်းတန်းထိပ်ဆိုတာ ညနေခင်း အမေတို့ နဲ့ လမ်းလျှောက်
ထွက်တဲ့နေရာ။ တခါတလေ အဖေလာရင် သူတို့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းက
သိကျွမ်းခဲ့တဲ့မိတ်ဆွေဆိုင်တွေဆီ လမ်းကြုံဝင်ရင်း နှုတ်ဆက်လေ့ရှိတဲ့နေရာ။
ညနေစာ ထွက်စားဖြစ်ရင် အမေနဲ့ အဖေတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ
အတွေ့ အကြုံတွေ ကို နားထောင်ရာ နေရာ။ အဖေမိတ်ဆွေ အင်္ကျီချုပ်တဲ့ဆိုင် နေရာကတော့
အခု စိန်ဂေဟာ စူပါမာကက်ပေါ့။ ကျမငယ်ငယ်ကတော့ တန်းလျားအခန်းတွေနဲ့ ။
နောက်ပိုင်းတော့ တိုက်ခန်းတွေဆောက်ပြီးဆိုင်တွေဖွင်ကြတယ်။ အဲ့ဒီတုန်းက ကျမတို့ ကို
အင်္ကျီချုပ်ပေးတဲ့ ၀င်နီ အင်္ကျီချုပ်ဆိုင်။
ကျမ ၈တန်း က ၁၀ တန်းအထိတော့ အဲ့ဒီနေရာမှာ ဖွင့်တဲ့ ဆရာ ဦးလှဆောင် သင်္ချာသင်တန်း၊
အောင်ချမ်းသာလမ်းထဲမှာ ကျမကို မြန်မာစာသင်ပေးတဲ့ ဆရာ ဦးတင်မိုးရဲ့ စာသင်ခန်း၊
ကျမတို့  ၁၀တန်းနဲ့ တက္ကသိုလ် အရွယ်တွေမှာ နာမည်ကြီးတဲ့ စေတနာရှင် လက်ဖက်ရည်ဆိုင်။
ကျမတို့ နဲ့ ရွယ်တူ ကောင်လေးတွေထိုင်လေ့ရှိတော့ ငယ်ငယ်က ဖြစ်သွားရတာတောင် ရှိုးတိုးရှန်းတန်းဖြစ်ခဲ့တဲ့ ဆိုင်ပေါ့။
မိုးစားယောက်ဆိုင်မှာ ဆီချက်၊ကြေးအိုးတွေကို မောင်နှမတွေ အခါသင်တိုင်းသွားစား
လေ့ရှိတာလည်း အမှတ်ရမိတယ်။ အဲ့ဒီတုန်းက ကြေးအိုးတစ်ပွဲမှ ၅ ကျပ်ရယ်။
မိုး ရဲ့ ဘေးက အအေးဆိုင်ကတော့ အမေမိတ်ဆွေဆိုင်။ စားရင်းသောက်ရင်းမိတ်ဆွေဖြစ်
နေတာပေါ့။
ဓါတ်ပုံရိုက်မယ်ဆိုရင်တော့ ရွှေဝါဖူးနဲ့ လှ ဓါတ်ပုံတိုက် ကိုသွားရတာ။
စာအုပ်ဝယ်မယ်ဆိုရင် အလိမ္မာစာပေ ကို မသိလိုမဖြစ်ဘူးလေ။ အဖေလာရင် ဆံပင်ညှပ်လေ့
ရှိတဲ့ ၀င်းဆံသ နဲ့  ကျမဆံပင်ညှပ်လေ့ရှိတဲ့ ဇင်မင်း၊
အရုပ်တွေကို ဖြတ်သွားတိုင်းငေးရတဲ့ ရတနာထွန်း၊ သွားနာရင်ပြေးရတဲ့ တက္ကသိုလ်
သွားဆိုင်၊ နေမကောင်းရင်ပြေးရတဲ့ ဒေါက်တာယဉ်ထွန်းဆေးတိုက်၊ ဒေါ်သန်သန်း
ဆေးတိုက်၊ ဆုတခွန်းဆိုင်၊ ...... ..... ....
တက္ကသိုလ် အငွေ့ အသက်လွှမ်းနေတဲ့လှည်းတန်း၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား
တွေ လျှောက်နေကြလှည်းတန်း၊ ကျမ အတွေးထဲမှာ သိပ်လှခဲ့တဲ့လှည်းတန်းပါ။
စိန်ဂေဟာရှေ့မှာထိုင်ရင်းအဲ့ဒီဆိုင်တွေကို သတိရနေမိတယ်။ အခုတော့ လှည်းတန်းရဲ့ 
ညနေစောင်းမှာ တွေ့ နေရတာက ငါးကင်ဆိုင်တွေ၊ ရှမ်းခေါက်ဆွဲဆိုင်တွေ၊ အင်္ကျီဆိုင်
တွေ၊ မိုးပျံတံတားဆောက်မှာမို့ လို့  ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လမ်းတွေပိတ်လို့ 
ကားတွေကျပ်နေတာတွေ၊ မပြီးသေးတဲ့ တိုက်ကြီးတွေ ကိုငေးရင်း ငယ်ငယ်ကလို အေးချမ်းတဲ့လှည်းတန်းပုံရိပ်ကိုပြန်ပြီး တမ်းတမိပါတယ်။

Wednesday, 19 September 2012
ကျမ၊ရန်ကုန်၊၂၀၁၂
ကိုသောမတ်စ်က ရန်ကုန်ကို ကျမထက် ၂ရက်လောက်စောထွက်သွားတာကြောင့်
ဒီနှစ်ရန်ကုန်ပြန်တော့တစ်ယောက်ထဲပါ။ အဖေါ်ပါရင်ခရီးသွားရတာ စိတ်သက်သာ
ပေမဲ့ မဖြစ်တော့လည်းတစ်ယောက်ထည်းပဲပေါ့။ ဒီခရီးက နှစ်တိုင်းသွားနေကြဆိုတော့
မျက်စိမှိတ်တောင်သွားလို့ ရတယ်လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ခရီးစခဲ့ပါတယ်။
ဒီနှစ်ပြန်ခါနီးခါးတအားနာနေတာကြောင့်သယ်ရမဲ့အထုတ်ကို လျှော့။ မဖြစ်မနေသယ်ရမှာ
သာသယ်သွားတယ်ဆိုပေမဲ့ ၂၂ ကီလိုတော့ရှိသား။ လေယာဉ်က နေလည်၁၂ နာရီထွက်မှာ
ဆိုတော့ အိမ်ကနေ မနက် ၅နာရီ၂၀ ရထားနဲ့ စထွက်ခဲ့ရတယ်။ လမ်းမှာ ရထား ၂ခါပြောင်း
ရင်း အဆင်ပြေပြေနဲ့  Frankfurt လေဆိပ်ကိုရောက်သွားပါတယ်။
လေယာဉ်ပေါ်ရောက်တော့ ဘေးနားမှာ တရုတ်လူမျိုးလို့ ထင်ရတဲ့ အန်တီအရွယ် အမျိုးသမီး
တစ်ယောက်ထိုင်ပါတယ်။ ကျမလည်း မတောက်တခေါက်တရုတ်စကားနဲ့ လှမ်းနှုတ်ဆက်လိုက်
ပါတယ်။ ဒါနဲ့ ပဲ တရုတ်လို့ သိသလောက်မှတ်သလောက် ပြောပြီးမှ အန်တီက ကျမကို
တရုတ်မလို့ ထင်နေတာနဲ့  ကျမမြန်မာဖြစ်ကြောင်း၊ တရုတ်မဟုတ်ကြောင်းပြောတော့မှ
သူလည်းမြန်မာပဲဖြစ်ကြောင်း ပြောရင်း ကဲ ကျမတို့ မြန်မာလိုပဲပြောကြတာပေါ့ဆိုပြီး
တစ်လမ်းလုံး မြန်မာလိုပြောလာခဲ့တယ်။ လေယာဉ်က အမေရိကန်နိုင်ငံက လာပြီး
Frankfurt မှာခဏနား၊ စင်္ကာပူကိုဆက်ပြန်တာကို။ အန်တီက နယူးဂျာစီ ကနေ လာ
ပြီးရန်ကုန်ပြန်မှာကို.... အော် တိုက်တိုက်ဆိုင်ဆိုင်.......
စင်္ကာပူရောက်တော့ အချိန်သိပ်မရှိတာနဲ့ ရန်ကုန်ပျံမဲ့လေယာဉ်ဆီ အမြန်ပြေးရသေးတယ်။
စင်္ကာပူ-ရန်ကုန်လေယာဉ်ပေါ်ရောက်တော့ ကျမ ၀မ်းပျက်ပါတော့တယ်။ အိမ်သာဆီ
အပြေးအလွှား၃ခါ ၄ခါလောက် ပြေးလိုက်ရတယ်။ ရန်ကုန်ပြန်ခါနီးတိုင်း ဗိုက်မကောင်း
တာကျမ အကျင့်ဖြစ်နေတယ်ထင်တာပဲ။ စိတ်လှုတ်ရှားလို့ နေမှာ။
လေဆိပ်ရောက်တော့ အစစ အဆင်ပြေပါတယ်။ လာကြိုမဲ့သူ မရှိတော့ တစ်ယောက်ထဲ
မြေနီကုန်းအိမ်ကို ကားငှားသွားလိုက်တယ်။ အိမ်ရောက်တာနဲ့ အထုတ်ချပြီး အမေရှိတဲ့
လှည်းတန်းအိမ်ကိုပြေး၊ အမေ့ကို မြေနီကုန်းအိမ်ပြန်ခေါ်လာခဲ့တယ်။
အမေ့ကိုတွေ့ တော့ ကျမအရမ်းပျော်ပါတယ်။ အမေက အရင်နှစ်ကနဲ့ သိပ်မပြောင်းလဲ
သွားဘူး။ သူခမျာကျမပြန်လာလို့ ပျော်နေရော။
မြေနီကုန်းအိမ်ရောက်တာနဲ့ အမေ့အတွက် ထိုင်စရာနေရာ အရင်ဖုန်သုပ်ပေးပြီး
တစ်နှစ်လုံးပိတ်ထားခဲ့တဲ့ တိုက်ခန်းကို ကျမတယောက်ထဲ သန့် ရှင်းရေးလုပ်ရပါတော့တယ်။
နေ့ လည် ၂နာရီကျော်လောက်ကျတော့မှ အားလုံးပြီး၊ ရေမိုးချိုးပြီးတော့
ကိုသောမတ်စ် က သူတည်းနေတဲ့ ဟိုတယ်က ရောက်လာပါတယ်။
အဲ့ဒီညကတော့ ကျမရယ်အမေရယ် နှစ်ယောက်ထဲပဲ အိမ်မှာအိပ်ကြတယ်။
နောက်နေ့  ကျမ ကိုသောမတ်စ်က ကျမတို့ ဆီပြောင်းလာတယ်။
ရန်ကုန်ရောက်တာနဲ့ ပထမဆုံးမနက် မှာလုပ်နေကျ အတိုင်း မြေနီကုန်းဈေးကိုသွား၊
မီးဖိုချောင်အတွက်လိုတာတွေဝယ်။ အပြန်တော့ စာချင်လှတဲ့မုန့် ဟင်းခါးပါဝယ်ခဲ့တယ်။
မနက်ပိုင်း ဈေးဝယ်သွားရတာကျမသိပ်ကြိုက်ပါတယ်။ ဂျာမနီမှာ မတွေ့ ရတဲ့ အသီး
အရွက်တွေ၊ ငါး၊ပုဇွန်တွေ၊ ပန်းတွေ၊ သနပ်ခါးတွေနဲ့ မျက်နှာတွေ၊ ဆိုက်ကား၊လူ၊ဈေးသယ်၊
ဈေးဝယ်။ ..........စုံနေရော။ ကျမ မနက်တိုင်းဈေးသွားဖြစ်ပါတယ်။
မနက်စာ ဆိုရင် စာချင်နေတဲ့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ပဲပြုပ်၊ ပဲပြုတ်ထမင်း၊ မုန့် ဟင်းခါး၊
ခေါက်ဆွဲသုပ်၊ အီကြာကွေ့ .....ဈေးထဲမှာ တနေ့ တမျိုးမရိုးအောင်ဝယ်စားဖြစ်ခဲ့ပါတယ်။
နေ့ လည်စာကတော့ အမေအကြိုက်၊ကျမအကြိုက်မျှချက်ရတာပေါ့၊ ငါးကိုတော့တော်တော်
စားဖြစ်ပါတယ်။ ပဲပြား၊ ကန်စွန်းရွက်၊ချဉ်ပေါင်၊ ပိန်းဥ၊ ၀ဥ၊ မယ်ဇလီဖူး၊ ငပိရည်၊ငပိထောင်း၊
ဆန်ပြုပ်၊ ခေါက်ဆွဲကြော် ၊ ပုဇွန်ထုပ် ( ငယ်ငယ်က ကျမကိုပုဇွန်ထုတ်ဝယ်ကျွေးဖူးတဲ့
သူတွေကိုလည်း အမှတ်ရမိသေးတယ်။) ....................... စာရင်းထဲမှာရေးထားတဲ့စားချင်တာတွေ
အကုန်စားဖြစ်ခဲ့ပါတယ်။
ဒီနှစ်တော့ ကျမကို လာကူညီပေးတဲ့ သမီးလေးတစ်ယောက်ရပါတယ်။ သူ့ ကြောင့်
ကျမလည်း အမေ့ကို အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်ပြီး ဟိုနား၊ဒီနား သွားဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာ ဓမ္မစာပေသင်ယူနေတဲ့ ဂျာမန်ဥုးဇင်း တစ်ပါးကိုလည်း ဆွမ်း ၂ကြိမ်ကပ်
ဖြစ်ပါသေးတယ်။ ဂျာမနီက အစ်မတယောက်အတွက်လည်း အလှူတွေလုပ်ပေးဖြစ်တယ်။
အပြန်အတွက်တော့ ထွေထွေထူးထူး ဘာမှ မ၀ယ်လာခဲ့ပါဘူး၊ ပုဇွန်ခြောက်၊ ပဲမှုန့် အကျက်၊
ငရုပ်သီးအလှော်မှုန့် ၊ကုလားလေးမဆလာ... စတဲ့ အသေးအမွှားလေးတွေပဲပါတယ်။
ဒါတောင်စင်္ကာပူက အဒေါ်အတွက် ရှမ်းချဉ်ယူလာပေးတာ အရည်တွေထွက်ကုန်လို့ 
စင်္ကာပူရောက်တော့ အင်္ကျီတွေပြန်လျှော်လိုက်ရသေးတယ်။
ဒီတခေါက်ရန်ကုန်မှာ တော်တော်ပျော်ပါတယ်။ တစ်လဆိုတဲ့အချိန်က ခဏလေးကုန်
သွားသလိုပဲ၊ စိတ်ထဲမှာ မကြာခင် ပြန်သွားရမယ်လို့ ထင်နေတယ်။
အခြေအနေတွေပေးလို့ ပြန်ဖြစ်မယ်ဆိုရင်တော့.... ကျမ၀မ်းသာတာထက်၊အမေကပိုဝမ်းသာ
နေမှာပါ။
ကျမရန်ကုန်နဲ့ စင်္ကပူမှာရှိနေစဉ် အဖက်ဖက်က ကူညီဆောင်ရွက်ပေးကြသူအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။

Saturday, 15 September 2012
သူငယ်ချင်းများ.. ၂၀၁၂
ကျမ အတွေးတွေထဲမှာ သူငယ်ချင်းတွေက အမြဲပါပါတယ်။ ငယ်သူငယ်ချင်း
တွေဖြစ်ကြတဲ့ တီတီစီ က သူငယ်ချင်းတွေ၊ တက္ကသိုလ်မှာ တွဲဖြစ်ခဲ့တဲ့
သူငယ်ချင်းတွေ၊ အခုနောက်ပိုင်းသိကျွမ်းခဲ့ရတဲ့သူငယ်ချင်းတွေ.....
ဒီနှစ်တော့ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ တီတီစီ
ကသူငယ်ချင်းတွေနဲ့ တွေ့ ကြတော့ ငယ်ငယ်က ကလေးဘ၀ အတွေ့ အကြုံ
တွေ ပြန်ပြောကြရင်း ၊ အခုဘယ်သူက ဘယ်မှာ၊ ဘယ်သူနဲ့ တွေ့ တွေ့ တယ်
စသဖြင့် သတင်းတွေမေးကြ၊ သတင်းတွေပေးကြပေါ့။ သူငယ်ချင်းတို့ ရဲ့ 
ကလေးတွေတောင် ၁၀ တန်းအောင်ကုန်ကြပြီဆိုတော့.. ကျမတို ခင်ခဲ့ကြ
တဲ့နှစ်တွေ မနဲ တော့ဘူးပေါ့လေ။ သူငယ်ချင်းအားလုံးနဲ့ မတွေ့ နိုင်ခဲ့ပေမဲ့
ကျန်တဲ့သူငယ်ချင်းများကိုလည်း သတိရ ရပါတယ်။ သူငယ်ချင်းတို့ နဲ့ တွေ့ 
နိုင်အောင် စီစဉ်ပေးတဲ့  မဉ္ဖ္ဇူ နဲ့ မီအောင် ကို အထူးကျေးဇူးတင်ပါတယ်။
IR က အတူတွဲတဲ့ သူငယ်ချင်းတစ်ယောက်က လည်း ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင်
ကျမတို့ နဲ့ ရန်ကုန်မှာဆုံဖြစ်ပါတယ်။ အင်တာနက်ထဲ တွေ့ ကြပေမဲ့ လူချင်း
မတွေ့ ကြတာ ၁၀နှစ်ကျော်ပြီဆိုတော့ သူ့ ကို ထိုင်ကြည့်နေမိတယ်။
ငယ်ငယ်ကလို မပြောင်းလဲတဲ့ သူငယ်ချင်းကိုတွေ့ တော့ ကျောင်းတုန်းက
နောက်ခဲ့ ၊ပြောင်ခဲ့၊ ပျော်ခဲ့တာတွေ သတိရတယ်။ တခြားတွဲဖေါ်တွဲဖက်
တွေကိုလည်း လွမ်းတယ်။ သူငယ်ချင်းအပြင် ရန်ကုန်မှာ ရှိတဲ့
သူငယ်ချင်းတချို့ နဲ့ လည်းတွေ့ ဖြစ်ပါတယ်။
နောက်နေ့ တော့ ကျမတို့ ရဲ့ မိခင်ဌာနရှိရာ ရန်ကုန်တက္ကသိုလ်ကို သွားကြ
ပါတယ်။ အဓိပတိလမ်းက ဂိတ်ကို အပြည့်ဖွင့်ထားတာတွေ့ ရတော့ လွတ်လပ်
မှုဆိုတာကို ခံစားရခဲ့ပါတယ်။ ဌာနမှာ အလုပ်လုပ်နေသေးတဲ့ သူငယ်ချင်း
တချို့ နဲ့ တောင်ငူ ဆောင်နားက စားသောက်တန်းတွေမှာ ထိုင်ရင်း ကျောင်းသူ
ဘ၀ အလွမ်းဖြေခဲ့သေးပါတယ်။ အန်တီဝင်းတို့ ၊အန်တီမြတို့ ဆိုင်တွေမရှိတော့
တစ်ခုခုလိုအပ်နေသလိုပါပဲ။
စားသောက်လေဖေါင်ပြီးတော့ ကျောင်းဝန်းထဲ လှည့်ပတ်ကြပါတယ်။
ကျောင်ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။ ပလက်ဖေါင်းတွေပြင်၊ လမ်းတွေပြင်၊
နဲ့ ပေါ့။ အဓိပတိလမ်းမှာ လျှောက်ရင်း... ငယ်ဘ၀ အတွေ့ အကြုံတွေ တစ်ယောက်
တစ်ပေါက်ပြောကြတာ ဆူညံနေရောပဲ။ စာကြည့်တိုက်အသစ်၊စာကြည့်တိုက် အဟောင်း၊
သစ်ပုပ်ပင်၊ ငွေစာရင်းဌာန၊ ၀ိဇ္ဇာခမ်းမ၊ အာစီ၊ ဂျက်ဆင်..... ....
IRက သူငယ်ချင်းဇနီးမောင်နှံက ဖိတ်လို့  တခြားသူငယ်ချင်းတချို့ နဲ့ ညစာ စားဖြစ်
သေးတယ်။ အစားတွေကစုံ၊လူတွေကစုံနဲ့ တကယ်ပျော်စရာကောင်းပါတယ်။
နောက်သူငယ်ချင်းတစ်ဖွဲ့ ကတော့ ဦးသောမတ်စ်နဲ့ ပတ်သက်ပြီးသိခဲ့ရပေမဲ့
ကျမအပေါ်မှာ တကယ်ကောင်းကြတဲ့ ညီအစ်မတွေလို ဖြစ်နေကြတဲ့ ဂျာမန်
တိုးဂိုက်သူငယ်ချင်းတွေပါ။ တနေ့ အိမ်ကိုလာပြီး မုန့် တွေယူလာ၊ စကားတွေပြော၊
အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။
ရန်ကုန်ကအပြန် စင်္ကာပူရောက်တော့ တီတီစီက သူငယ်ချင်းနဲ့ တွေ့ ပြန်တယ်။
သူငယ်ချင်းနဲ့ အတူ သူလိုက်ပို့ ပေးတဲ့ Supermarket တစ်ခုကိုသွားပြီး၊ ဟိုငေး၊
ဒီမော့နဲ့ ဈေးဝယ်ထွက်ရတာ တကယ်ပျော်စရာပါ။ ဂျာမနီမှာလည်းဈေးဝယ်ထွက်ရင်
တစ်ယောက်ထဲ၊ ရန်ကုန်မှာလည်း ဈေးဝယ်မထွက်ဖြစ်ဆိုတော့ သက်တူရွယ်တူ
သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ်ထွက်ရတဲ့ အရသာကို မရရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အဲ့ဒီအတွေ့ အကြုံကို ပြန်စဉ်းစားမိတိုင်း ပျော်နေတုန်းပဲသူငယ်ချင်းရေ။
စင်္ကာပူမှာပဲ ဘလော့ထဲက သိနေတဲ့ သူငယ်ချင်းညီမတစ်ယောက်နဲ့ တွေ့ ဖြစ်သေးပါတယ်။
စိတ်ထဲမှာညီမတစ်ယောက်တွေ့ ရသလို ၀မ်းသာမိပါတယ်။ ကျမကို အချိန်ပေးပြီး
တွေ့ ခွင့်ပေးကြလို့ လည်းကျေးဇူးပါနော်။
အခုအိမ်ပြန်ရောက်လာတော့ သူငယ်ချင်းတို့ နဲ့ ပျော်ခဲ့တာတွေကိုပြန်တွေးရင်း
သတိရနေပါတယ်။ နောက်နှစ်တွေမှာ လည်း သူငယ်ချင်းတို့ နဲ့ အတူ တနေရာရာမှာ
ပြန်ဆုံကြသေးတာပေါ့လို့ ဆုတောင်းရင်း သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်
ကြပါစေ.......

Subscribe to:
Posts (Atom)