ပြေးရင်းလွှားရင်း၊ ပျော်လိုက်ငိုလိုက်
ရန်ဖြစ်လိုက်၊စိတ်ဆိုးလိုက်နဲ့ 
အချိန်တွေက တဖြေးဖြေးကုန်သွားသလို၊
ချစ်တဲ့သူ၊ခင်တဲ့သူ ဆွေမျိုး မိတ်ဆွေ တချို့ လည်း
လောကကြီးထဲကထွက်သွားကြပြီ။
ကိုယ့်အလှည့် ကိုစောင့်ရင်း၊
လောဘ၊ဒေါသ၊မောဟ နည်းအောင်ကြိုးစားရင်း၊
လောက ကြီးမှာ နေခွင့်ရနေစဉ် ကောင်းမှု့ များ
လုပ်ခွင့်ရအောင်ကြိုးစားရင်း၊
ခွင့်လွှတ်ရင်း၊အနစ်နာခံရင်း၊
သည်းခံရင်းနဲ့ ... ...
စိတ်ကိုစုစည်း၊ သတိချပ်နေပေမဲ့
အတွေးတွေကဟိုပြေး၊ဒီရောက်၊
လောဘ၊ဒေါသက ဟိုကလာ၊ဒီကလာနဲ့ 
ကမောက်ကမမို့ ၊ မောမိပါတယ်။
Sunday, 24 November 2013
Monday, 11 November 2013
ဦးနှောက်ဖေါက်စားခြင်း
သူများတိုင်းပြည်မှာ မိမိဘ၀ တိုးတက်ဖို့ ရုန်းကန်ကြိုးစားရတာ မလွယ်ပါဘူး။
ဘာသာစကား၊ယဉ်ကျေးမှု၊အတွေ့ အကြုံ ကွဲပြားမှုတွေကို ရင်ဆိုင်ညှိနှိုင်းရင်း
မိမိ ရဲ့ လုပ်နိုင်စွမ်းကို ပြရတာ မလွယ်ပါဘူး။
ကိုယ်လုပ်နိုင်တာကို ပြနိုင်ပြန်တော့လည်း ကိုယ့်ကို အသုံးချ တာ တခါတလေ
အောင့်သက်သက်နဲ့ ခံရသေးတယ်။
ဂျာမနီမှာ နိုင်ငံခြားက ရလာတဲ့ အောင်လက်မှတ်တွေကို သိပ်ပြီးအသိအမှတ်
မပြုချင်ကြပါဘူး။ နိုင်ငံခြားက ပညာတတ်တွေကိုလည်း သိပ်အထင်မကြီးကြသလို၊
အလုပ်ခန့် ဖို့ လည်းမစဉ်းစားချင်ကြပါဘူး။
အစပိုင်းတော့ ကျမ ဂျာမန် ပညာရေး ကို အထင်ကြီးပါတယ်။ ကိုယ်နိုင်ငံထက်စာရင်
သူတို့ ကတော့ အများကြီးသာပါတယ်လေ။ ဒါပေမဲ့ လူတွေကတော့ မထူးပါဘူး။
Ph.D. စာတမ်းကို ခိုးကူးလို့ အလုပ်ပြုတ်သွားတဲ့ အစိုးရ၀န်ကြီးရှိသလို၊ Professor ဘွဲ့ 
ပြန်အပ်လိုက်ရတဲ့ ဆရာဝန်ကြီးတွေလည်းရှိနေတာ ကြုံနေ၊ကြားနေရလာတော့
သူတို့ လည်းထူးမခြားနားပါပဲလားလို့ သိလာခဲ့ပါတယ်။
တခုတလော ကျမ ရဲ့  Professor က သူ့ အတွက် လိုအပ်နေတဲ့ Certificate တစ်ခု
ဖြေဖို့ ရှိနေပါတယ်။ ဒီ Certificate ရမှ သူ့ ရဲ့  ပရောဂျက်က စနိုင်မှာ ပါ။
ဒီနေ့ တော့ ကျမက သူ့ ကိုယ်စား on-line ကနေ ဖြေပေးလိုက်ရပါတယ်။
Certificate ထွက်လာတော့ Professor နာမည်နဲ့ ပေါ့လေ။

Friday, 1 November 2013
လက်ချောင်းများ
လက်ချောင်းတွေရဲ့  အသုံးဝင်မှု ကို လက်ချောင်းတွေ ရုတ်တရက် နာလာတဲ့ အချိန်မှာ
ပိုပြီး တန်ဖိုးသိလာရပါတယ်။
လက်ချောင်းတွေနဲ့  ကိုင်ရ၊ ဖွင့်ရ၊ပိတ်ရ၊ လှည့်ရ၊ တွန်းရ၊လှီးရ၊ မွှေရ၊ နယ်ရ.....
သူ တို့ ရဲ့ တာဝန်တွေက မနည်းပါလား။
ကျမ တစ်ခုခုကို ကိုင်တယ်ဆိုရင်ပဲ နာလာတာကြောင့် လက်ချောင်းတွေကို
သတိပြုလာမိပါတယ်။
တစ်ခုခု လုပ်ခါနီးတိုင်းလက်ချောင်းတွေ ကိုညှာပြီး ဘယ်လို သက်သာအောင်
အလုပ်လုပ်ရမလဲလို့ နည်းလမ်းတွေရှာရတယ်။
နေ့ စဉ် လှု ပ်ရှားမှုတွေမှာ အဟန့် အတားတွေဖြစ်လာတယ်။
အခုတော့ ကျမလက်ချောင်းလေးတွေ တော်တော်လေးသက်သာလာပါပြီ၊
စားချင်တာ၊ရေးချင်တာ၊လုပ်ချင်တာတွေ တဖြေးဖြေး ပြန်စလုပ်လို့ ရလာပြီ။
ဒါပေမဲ့လည်း လက်ချောင်းလေးတွေကို အလွန်အကျွံ မခိုင်း မိအောင်သတိထား
နေရပါတယ်။
ကျမအမေ ပြောသလို့  သမီးရေ ကိုယ့်အသက်လည်းကိုယ်မေ့ မနေနဲ့ အုံး တဲ့။
ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲ ဖေါက်ပြန်မှုတွေ တဖြေးဖြေး သိသာလာပြီ။

Tuesday, 1 October 2013
ငယ်ငယ်ကသူငယ်ချင်း
တနင်္ဂနွေမနက်ဖက် ဖုန်းမြည်သံကြောင့် ဘယ်သူပါလိမ့်လို့  ဟလို
ထူးလိုက်တော့ အနှစ် ၂၀ကျော်လောက်မတွေ့ ဖြစ်ခဲ့တဲ့ သူငယ်ချင်းဖြစ်နေတယ်။
သူကျမတို့ နေတဲ့နေရာရောက်နေတယ်ဆိုတာနဲ့ အပြေးအလွားသွားတွေ့ ဖို့ 
စီစဉ်လိုက်ပါတယ်။ ရထားပေါ်မှာ သူငယ်ချင်းအကြောင်းတွေးမိတယ်။
ငယ်ငယ်ကတော့ ကျမတို့ တွေ အပူအပင်မရှိ၊တာဝန်တွေမရှိနဲ့  ပျော်ရွင်စွာ
ဖြတ်သန်းခဲ့တဲ့ နေ့ ရက်တွေ့ အမှတ်ရမိပါတယ်။
ကျတို့ ဘ၀တွေရဲ့ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲမှာတော့ သူငယ်ချင်းက ခေါင်းဆောင်
တစ်ယောက်ပေါ့။ သူငယ်ချင်းနဲ့ သာမတွေ့ ဖြစ်ပေမဲ့ သူ့ သတင်းတွေ ကြားနေ၊နားထောင်
နေခဲ့ပါတယ်။ ကျမ မလုပ်နိုင်တဲ့ ၊မပေးဆပ်နိုင်တဲ့ အရာတစ်ခုကို သူငယ်ချင်းက
လုပ်ဆောင်နေတာမြင်ရကြားရတော့ ဂုဏ်ယူအားပေးနေခဲ့ပါတယ်။
ကျမတို့ ခေတ်၊ကျမတို့ ဘ၀မှာ ကြုံခဲ့ရတဲ့ ခါးသီးမှုတွေ လူတိုင်းမှာရှိကြပေမဲ့
သူငယ်ချင်းလောက်တော့ ပြင်းထန်ကြမ်းတမ်းမယ် မထင်ပါဘူး။
မိမိယုံကြည်မှုအတွက်ရဲ ၀ံ့စွာ ရင်ဆိုင်ရဲတဲ့သူငယ်ချင်းရဲ့  အနုပညာ နှလုံးသားကို
သူငယ်ချင်းရေးထားတဲ့ကဗျာတွေ ဖတ်ရင်း သူငယ်ချင်းရဲ့ ဘ၀ကို ပိုပြီးနားလည်၊လေးစား
မိပါတယ်။
ကျမတို့ အားလုံးအတွက် မျှော်လင့်ချက်ကိုယူဆောင်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ တကွ
သူငယ်ချင်းနဲ့ ဘ၀တူ မိတ်ဆွေတွေအားလုံးကို လေးစားရပါတယ်။
ကျေးဇူးတင်ပါတယ်သူငယ်ချင်း။
အောင်မြင်မှုတွေနဲ့ ဆက်လက်ချီတက်နိုင်ပါစေလို့  ဆန္ဒပြုရင်း... ... ...
(၂၉.၀၉.၂၀၁၃ အမှတ်တရ)

Wednesday, 11 September 2013
တွေ့ ဖြစ်ခဲ့တဲ့ မိတ်ဆွေသစ်များ
အိမ်လွမ်းတဲ့ အတွေးတွေက ညည ဆို အိပ်မက်ထဲရောက်လာလေ့ရှိပါတယ်။ မနက်နိုးတိုင်း
အိပ်မက်တွေကို ပြန်ပြောရတာလည်း မရိုးနိုင်အောင်ပါပဲ။
တနေ့  (၂၀၀၇ ခုတုန်းက) တီဗီမှာ Blogger တယောက်နဲ့  Interview လုပ်ထားတာကြည့်
ပြီး ဘလော့ဆိုတာကိုစိတ်ဝင်စားခဲ့မိပါတယ်။ ဘလော့ဆိုတာဘာလဲ၊ဘယ်လိုလုပ်ရသလဲ ဆိုတာတွေကို
Internet မှာ ရှာရင် ဘလော့ တစ်ခုကိုစဖြစ်ခဲ့ပါတယ်။
အစပိုင်းတော့ တခြားသူတွေရေးတာဖတ်ရင် comment တွေပေးဖြစ်ရာက တဖြေးဖြေး ဘလော့
လောကထဲရောက်လာခဲ့ပါတယ်။
ဘလော့လောက ဟာ ကျမအတွက် မမျှော်လင့်ပဲ မိသားစု အသစ်တစ်ခုကိုရလိုက်သလိုပါပဲ။
အိမ်လွမ်းတဲ့ကျမ တဖြေးဖြေး အိပ်မက်တွေကျဲလာတယ်။ ကျမပြောပြချင်တာတွေ၊ ခံစားမှုတွေ ကို
ဘလော့ ဂါ သူငယ်ချင်းတွေကြားမှာ မျှဝေခွင့်ရလာခဲ့ပါတယ်။ ကျမရဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းသာ၊၀မ်းနည်း
မှုတွေကို သူငယ်ချင်းဘလော့ဂါတွေက နားလည် ဝေမျှ ခံစားပေးကြတယ်။
တချို့  ဘလော့ဂါတွေက ဓါတ်ပုံတွေတင်ကြလို့ ဖြင်ဖူးပေမဲ့၊ တချို့ ဆို အခုထိ မမြင်ဖူးပါဘူး။
ဒါပေမဲ့လည်း ခင်မင်မှု ကတော့ မိသားစုဝင်တွေလိုပါပဲ။ ကျမနဲ့ အတူ ခံစားမှုတွေကို ခံစား၊
နားလည်ပေးကြတဲ့ သူငယ်ချင်းဘလော့ဂါများကို ကျေးဇူးတင်ပါတယ်။
ကျမ ပထမဆုံးတွေ့ ဖူးတဲ့ သူကတော့ မလု ပါ။ သူရေးတဲ့ ဟင်းချက်နည်းတွေ ဖတ်ပြီး စားချင်တာတွေ
ချက်စားခွင့် ၊ ချက်စားတတ်လာလို့  ဝေးရပ်မြေမှာ အစားအသောက် ပိုအဆင်ပြေလာရတာပါ။
မလု နဲ့  ရန်ကုန်မှာ တွေ့ ဖြစ်ခဲ့တယ်။ မလုရေ... သတိရနေပါတယ်။
ဘလော့မရေးခင်က အပြင်မှာမြင်ဖူးပြီး သားပေမဲ့ လပြည့်ရိပ် ဆိုတဲ့ ဘလော့ ထဲကိုဝင်ဖတ်ရင်း ခင်မင်လာ
တော့မှ သူဟာ ကျမနဲ့ အပြင်မှာမိတ်ဆွေဖြစ်နေမှန်း သိခဲ့တဲ့ ညီမ လပြည့်ရိပ်ကိုလည်း ဂျာမနီမှာ မကြာမကြာဆုံမိပါတယ်။
တနေ့ စင်္ကာပူရောက်ဖြစ်တော့ အချိန်ရတဲ့ တစ်ရက်မှာဇွန် နဲ့ အပြေးအလွှား တွေ့ ခဲ့ရတဲ့ အချိန်တိုလေးဟာလည်းအခုအချိန်ထိ အမှတ်ရနေဆဲပါ။
ကျမရဲ့ နေရာလေးဆိုတဲ့ ဘလော့ကိုရေးတဲ့မီးမီးနဲ့  ဂျာမနီမှာခင်ခဲ့ပြီး သူ ပြောင်းသွားတဲ့ ဟော်လန်အထိ
လိုက်လည်ဖြစ်ကြတယ်။ သူငယ်ချင်းရေ... ဟော်လန်မှာ စက်ဘီးစီးတာ မှတ်မိသေးရဲ့ လား။
ကျားခင်စိန် ဆိုတဲ့ သူငယ်ချင်းကိုလည်း ဂျာမနီကိုသူ ကျောင်းလာတက်တုန်းက ခင်မင်ခွင့်ရခဲ့တာပါ။
မြတ်ရောင်နီ ကိုတော့ လေးစားကြည်ညိုရတဲ့ ဆရာတော် အဖြစ် ဂျာမနီ က ဆရာတော်ကျောင်းကိုရောက်
တုန်းကတခါ၊ ကျမတို့ အိမ်ကို ကြွလာတုန်းကတစ်ခါ ဖူးခွင့်ရခဲ့ပါတယ်။
သူငယ်ချင်းတို့ ရေ... တနေ့ နေ့ တော့ သူငယ်ချင်းအားလုံးနဲ့  အပြင်မှာ ဆုံချင်ပါသေးတယ်။
ဘလော့ဂါ သူငယ်ချင်းများ...ကျန်းမာပျော်ရွှင်ကြပါစေ

Wednesday, 31 July 2013
ဂျာမနီမှ အမျိုးသမီးများအကြောင်း
အခုခေတ်မှာ အမျိုးသမီးနဲ့ အမျိုးသားကြားမှာတန်းတူအခွင့်အရေးရနေပြီလို့ ဂျာမနီမှာ
ပြောနေကြပါတယ်။ အမျိုးသမီးတွေဟာ မိမိအိမ်ထောင်ရှင်ယောင်္ကျားနဲ့ ကလေးတွေ
ကိုပြုစုဖို့  ၊ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့ ဆိုတဲ့တာဝန်တွေထက် ခေတ်သစ် အမျိုးသမီးတွေမှာ
မိမိဘ၀ကို စိတ်ကြိုက်ပုံဖေါ်ခွင့်၊ရွေးချယ်ခွင့်တွေ အများကြီးရှိလာပါတယ်။
အပြင်မှာ အလုပ်လုပ်နေတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဟာ ဒီခေတ်မှာ မဆန်းတော့
ပါဘူး။
၁၉ရာစုနှစ်တုန်းက ဂျာမနီမှာလည်း သားယောင်္ကျားလေးကို သမီးမိန်းခလေးထက်ပိုပြီး
တန်ဖိုးထားကြသလို၊ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေထက် ပိုပြီးတန်ဖိုးထားကြ
ပါတယ်။အခွင့်အရေးလည်းပိုရကြပါတယ်။ အမျိုးသမီးတွေဟာ ပညာသင်ခွင့်မရခဲ့ကြပါဘူး။
၁၈၂၀လောက်မှာတော့ အထက်တန်းလွာအမျိုးသမီးငယ်များအတွက် ကျောင်းဖွင့်ပေးခဲ့
ပါတယ်။အဓိကသင်ကြားပေးတာကတော့ တနေ့ အိမ်ထောင်ကြရင် အိမ်ရှင်မကောင်း၊
မိခင်ကောင်းတယေက်ဖြစ်အောင်ရည်ရွယ်သင်ကြားပေးပါတယ်။
အတန်းကျောင်းနေနဲ့ ရေးတတ်၊ဖတ်တတ်ရုံသာသင်ခွင့်ရကြပါတယ်။
နောက်ပိုင်းတော့ အမျိုးသမီးအခွင့်အရေးကြိုးပမ်းသူတွေက အမျိုးသမီး၊အမျိုးသား
တန်းတူအခွင့်အရေးရဖို့ ဆိုတာ အမျိုးသမီးတွေ ပညာတတ်ဖို့ လိုတယ်လို့ ခံယူ
ပြီးကြိုးပမ်းကြတာနဲ့  ၁၈၉၃ မှာ အမျိုးသမီးတွေ တက္ကသိုလ်ဝင်တန်း အထိဖြေဆိုခွင့်
ရရှိခဲ့ပြီး ၊ ၁၈၉၆ မှာ အမျိုးသမီးတွေဟာ တက္ကသိုလ် အတန်းတွေမှာ
ဝင်ရောက်နားထောင်ခွင့်ရလာပါတယ်။ တက္ကသိုလ် စာမေးပွဲဖြေခွင့်တော့မရသေးပါဘူး။
၁၉၀၀ ခုမှာ ဂျာမနီနိုင်ငံမှာ ပထမဆုံးအမျိုးသမီး တက္ကသိုလ်တက်ခွင့်ကို Baden ပြည်
နယ်မှာစတင်ခဲ့ပါတယ်။ ၁၉၀၉ ခုမှာတော့ဂျာမနီတနိုင်ငံလုံးက တက္ကသိုလ်တွေမှာ
အမျိုးသမီးတွေ ပညာသင်ခွင့်ရခဲ့ပါတယ်။
၁၉၁၈ Weimarer Republik လက်ထက်မှာတော့ ဂျာမနီက အမျိုးသမီးတွေအတွက်
ပြောင်းလဲမှုတွေ အများကြီးရခဲ့ပါတယ်။ အသက် ၂၀ အထက် အမျိုးသမီးတွေ မဲပေးခွင့်
ရလာတယ်။ ဂျာမနီ သမိုင်းမှာ ပထမဆုံး အမျိုးသမီး နဲ့ အမျိုးသား နိုင်ငံရေးအခွင့်အရေး
တန်းတူရခဲ့တာပါ။
ဒီအခွင့်အရေးတွေဟာ Nationalsozialismus ( ဟစ်တလာလက်ထက်) အောက်မှာ
ပျောက်ကွယ်ခဲ့ရပြန်ပါတယ်။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ မိခင်ကောင်းတယောက်
ဖြစ်ဖို့ ၊ ကလေးများများမွေးပေးဖို့ ဆို တဲ့ နေရာကိုရောက်သွားပါတယ်။ အဲ့ဒီခေတ်က
ကိုယ်ဝန်ဖျက်ချရင်တောင် သေဒဏ်ပေးခံရတဲ့ခေတ်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်တက်
ခွင့်ကိုလည်း အလွန်တင်းကြပ်ထားပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ အမျိုးသမီးတွေဟာ ကြမ်းတမ်း ခက်ခဲလှတဲ့ ပြန်လည်ထူထောင်
ရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ဖို့ ယုံကြည်လာကြပါတယ်။
ကလေးတွေနဲ့ မိးဖိုချောင်အလုပ်တွေကနေရုန်းထွက်ဖို့  နည်းလမ်းတွေရှာကြတယ်။
အမျိုးသမီးအဖွဲ့ အစည်းတွေဖွဲ့ ပြီး အချင်းချင်း ကူညီကြတယ်။နိုင်ငံရေးမှာစိတ်ဝင်စား
လာကြတယ်။ အမျိုးသမီးအခွင့်အရေးကိုပြောလာကြ လုပ်ဆောင်လာကြတယ်။
ဒီလိုနဲ့  ၁၉၄၉ အခြေခံဥပဒေမှာ အမျိုးသမီး၊အမျိုးသား တန်းတူ အခွင့်အရေး ရှိရမယ်
လို့ ပြဌာန်းထားပါတယ်။
၁၉၅၀ နှစ်ပိုင်းတွေမှာတော့ ကလေးများများရှိတဲ့မိသားစုဟာ လူ့ အဖွဲ့ အစည်းမှာ
စံပြမိသားစုနေရာရလာပါတယ်။ ဒီတော့ အမျိုးသမီးတွေဟာလည်း အိမ်ရှင်မကောင်း၊
မိခင်ကောင်းနေရာကို ပြန်ရောက်သွားပြန်ပါတယ်။ ကလေးတွေ အရွယ်ရောက်လာ
မှသာ အလုပ်ခွင်ပြန်ဝင်ဖို့ စဉ်းစားကြပါတယ်။
အရှေ့ဂျာမနီဘက်မှာတော့ အိမ်ရှင်မတွေဟာ အလုပ်လုပ်ကြပြီး
ကလေးတွေကို တော့ အစိုးရကလေးထိန်းဌာနတွေက ပြုစုပေးပါတယ်။
၁၉၆၈ နှစ်ပိုင်းတွေရောက်တော့ ဂျာမနီအပါအ၀င် တခြားနိုင်ငံတွေမှာ အမျိုးသမီး
အခွင့်အရေးလှုတ်ရှားမှုတွေ စတင်လာပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ်
မှီခိုနေရတာကိုတွန်းလှန် လာကြတယ်။ မိန်းမက ယောင်္ကျားဆီမှာ အရာရာ ခွင့်မတောင်း
ချင်ကြတော့ဘူး။ အမျိုးသမီးတွေကို အကာအကွယ်ပေးမဲ့ဥပဒေတွေ တောင်းဆိုလာကြတယ်။
အမျိုးသမီးတွေ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားလာကြတယ်။ အမျိုးသမီး
အမျိုးသားတန်းတူအခွင့်အရေးတွေတောင်းဆိုလာကြပါတယ်။
အဲ့ဒီအချိန်ကစပြီးဂျာမနီက အမျိုးသမီးထုရဲ့  အခွင့်အရေးတွေ တဖြေးဖြေးရလာခဲ့ပါတယ်။
ဒါတောင် တချို့ အလုပ်ခွင်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်လစာနည်းနေတုန်းပါ။
ကလေးမွေးလာရင်အလုပ်မှာ နှောက်နှေးမှုတွေဖြစ်မှာဆိုပြီး အကြောင်းပြကြပါတယ်။
တချို့ အလုပ်တွေမှာ ဆို အမျိုးသမီး၊အမျိုးသားအချိုးကျကျ ခန့် ဖို့ လုပ်လာကြပါတယ်။
ကလေးထိန်းကျောင်းတွေ တိုးဖွင့်ဖို့ ကြိုးစားလာကြတယ်။ ကလေးမွေးပြီးတဲ့အခါ
အမျိုးသားက ကလေးထိန်အနေနဲ့ အိမ်မှာနေပြီး ကလေးထိန်းနိုင်ခွင့်ရအောင် အခွင့်အရေးတွေ
စီစဉ်ပေးပြီး အမျိုးသမီးတွေ အလုပ်ဆက်လုပ်နိုင် အောင်စီစဉ်ပေးလာပါတယ်။
ဒါတောင် အမျိုးသမီးအများစုဟာ မိသားစုနဲ့ အလုပ်အကြား အခက်အခဲတွေ တွေနေရ
သေးပါတယ်။နောက်ပိုင်းဂျာမန်တွေကတော့ အိမ်အလုပ်တွေမှာ မိန်းမအလုပ်၊
ယောင်္ကျားအလုပ်မခွဲပဲအတူတူခွဲဝေလုပ်ကိုင်ကြတယ်။
နိုင်ငံတိုင်းမှာတော့ အမျိုးသမီး၊အမျိုးသား အခွင့်အရေးခြားနားမှုဟာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊
လူမှုရေး၊နိုင်ငံရေးတွေအပေါ်မူတည်ပြီးရှိနေကြတာပါ။ သူ့ တိုင်းပြည်မှာ ဒီလိုလုပ်လို့ 
ငါတို့ လည်းလိုက်လုပ်ရမယ်လို့  တော့ တရားသေပြောဖို့ ခက်ပါတယ်။
အမျိုးသမီးနဲ့ အမျိုးသားတွေကြားမှာ အပြန်အလှန်လေးစားမှု ကိုတည်ဆောက်ရမှာပါ။
အမျိုးသားတွေက အင်အားကြီးတယ်ဆိုပြီး အင်အားပြချင်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်တွေလျော့ရမှာပါ။ ငါ့မှာလည်းဒီအခွင့်အရေးရှိသလို သူ့ မှာလည်း အလားတူ
အခွင့်အရေးမျိုးရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ အခွင့်အရေးသာယူတတ်ပြီး
တာဝန်မဲ့သူ မဖြစ်အောင်နှစ်ဘက်စလုံးက ကြိုးစားကြရမှာပါ။ လူတိုင်းရဲ့ ပင်ကိုယ်
ဗီဇနဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်တွေဟာ ကျား၊မ အပေါ် မူမတည်ပါဘူး။ မိန်းမတွေလုပ်
လေ့ရှိတဲ့အလုပ်ပေမဲ့ ယောင်္ကျားတချို့ က အမျိုးသမီးတွေထက်ကောင်းအောင်လုပ်နိုင်သလို၊
ယောင်္ကျားတွေအလုပ်ဆိုပေမဲ့ တချို့ အမျိုးသမီးတွေက ပိုကောင်းအောင်လုပ်နိုင်ပါတယ်။
အခွင့်အရေးတန်းတူရှိနေသလို၊ ကျင့်သုံးရမယ့် တာဝန်ဝတ္တရားတွေလည်းတန်းတူရှိ
တယ်ဆိုတာသိရမှာပါ။ အစိုးရအနေနဲ့ လည်း အမျိုးသမီးတွေရဲ့ အသံကိုနားထောင်
ရမှာပါ။ ဒါမှလည်းသင့်တော်တဲ့၊လိုအပ်တဲ့ ဥပဒေတွေ၊ အစီအစဉ်တွေရေးဆွဲပြီး
အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ် ပေးနိုင်မှာပါ။
ငါကတော့အိမ်ဦးနတ်ပဲ အခွင့်အရေးပိုရတယ်ဆိုတာ မရှိသင့်သလို၊ ငါကတော့သူ့ ကိုမှီ
ခိုနေရလို့  သူအတွက်အလုပ်တွေပိုလုပ် ပေးရမယ်ဆိုတာလည်းမဖြစ်သင့်ပါဘူး။
အမျိုးသမီးနဲ့ အမျိုးသားကြား အပြန်အလှန် လေးစားမှုတွေနဲ့  အခွင့်အရေးတွေ၊တာဝန်
တွေကို မျှမျှတတ ညှိနိုင်းယူကြရင် သာယာတဲ့ လောက တစ်ခုဖြစ်လာမှာပါ။

Tuesday, 16 July 2013
မှန်တင်ခုံ
စနေ နေ့ ကျရင် သူငယ်ချင်းတစ်ယောက်အိမ် ကိုလာလည်မယ်ဆိုတာနဲ့ 
ကျမတယောက်ထဲ ထင်တိုင်းကျဲထားတဲ့အခန်းကိုရှင်းဖြစ်ပါတယ်။
အလှပြင်ပစ္စည်းတွေကိုရှင်းရင်းငယ်ငယ်က ကျမအမေရဲ့  မှန်တင်ခုံကို
သတိရသွားမိပါတယ်။
ကျမတို့ ငယ်ငယ်က မျက်နှာမှာ အဓိက လိမ်းတာက သနပ်ခါး။ မျက်နှာလိမ်းဖို့ 
သနပ်ခါးတုံးကောင်းကောင်းတစ်တုံး၊ ခြေလက်လိမ်းဖို့ တစ်တုံးနဲ့  အချိန်မရ
ရင်လိမ်းလေ့ရှိတဲ့ အပွေးပါးသွားတဲ့သနပ်ခါးတုံးတွေကို ကြိတ်ထားတဲ့သနပ်ခါးခဲ
တွေထဲ့ထားတဲ့ဝါးတောင်းလေး၊ ၀ါးဗန်းလေးအုပ်ထားတဲ့ ကျောက်ပြင်တစ်ချပ်၊ သနပ်ခါးသွေးဖို့ ရေဘူးလေးတစ်ဘူး၊
အမေက သနပ်ခါး မလိမ်းခင်အောက်ခံအနေနဲ့ တြိရတနာ ဦးသိန်းမောင်
စနိုးကိုလိမ်းလေ့ရှိပါတော့ ဦးသိန်းမောင် စနိုးဘူး တစ်ဘူး၊
သနပ်ခါးလိမ်းပြီး မျက်နှာရိုက်တဲ့ တို့ ပတ်ထဲ့ထားတဲ့ ဘူးလေးတစ်ဘူး၊ အမေက
မျက်ခုံးမွှေးဆွဲလေ့ရှိတော့ မျက်ခုံးမွှေးဆွဲတံနဲ့  သွားပွတ်တံဘရတ်ခ်ျ လေးထဲ့တားတဲ့
ပလတ်စတစ်ခြင်းလေးတစ်လုံး၊ ကရင်ပတ်လေးတစ်ဘူး၊ နှုတ်ခမ်းနီဘူး ၂ဘူးလောက်၊
မျက်နှာအတွက် အမေ့ရဲ့ မှန်တင်ခုံပေါ်မှာ အဓိကလိုတာလေးတွေပဲရှိပါတယ်။
ဆံတုံးလှလှထုံးတတ်လေ့ရှိတဲ့အမေ ရဲ့ မှန်တင်ခုံပေါ်မှာ ဘီးကျဲတစ်ခု၊ဘီးချွန်တစ်ခု၊
ရိုးရိုးဆံညှပ်နဲ့ ခွဆံညပ်များ၊ ဆံပင်ဖြန်တဲ့ကော်ရည်ဘူးတစ်ဘူး၊ ဆံတုံးထုံးပြီးပြန်ကြည့်
လေ့ရှိတဲ့ မှန်လေးတစ်ချပ်၊
မျက်နှာသစ်တော့လည်း သာမန် ဆပ်ပြာနဲ့ ပဲသစ်ပြီးခေါင်းလျှော်တော့လည်း သလျှော်
ကင်းပွန်းခေါင်းလျှော်ရည်ပဲသုံးပါတယ်။ ခေါင်းလျှော်ပြီးလိမ်းတော့အုန်းဆီ
အမေကရေမွှေးကြိုက်တော့ ရေမွှေးပုလင်းတစ်ပုလင်း၊နှစ်ပုလင်းလောက်ရှိတယ်။
အမေအလှပြင်ဖို လိုအပ်တာ ဒီလောက်ပါပဲ။
ကျမအရွယ်ရောက်လာတော့ အမေလိမ်းလေ့ရှိတဲ့ စနိုးကို မသုံးချင်ပဲ ကျမတို့ ငယ်ငယ်
ကသုံးကြလေ့ရှိတဲ့ ပရိုမီနာက ကျမ တို့ မှန်တင်ခုံပေါ်ရောက်လာတယ်။ မျက်လုံးဆွဲဖို့ ၊
မျက်လုံးချယ်ဖို့ ၊ပါးချယ်ဖို့ တွေပါနေရာယူလာတယ်။ ဒီလောက်ပါပဲ။
အဲ့အခုတော့ ကျမမှန်တင်ခုံ က ဘာတွေနဲ့ ပြည့်နေမှန်းမသိတော့ပါ။
မျက်နှာသစ်ဖို့ က ၃ မျိုးလောက်၊ အောက်ခံလိမ်းဖို့ က နေ့ တစ်မျိုးညတစ်မျိုး၊
မိတ်ကပ်ရည်က ၃မျိုးလောက်၊ မျက်လုံးချယ်ဖို့ က အမျိုးစုံ၊ နှုတ်ခမ်းနီကလည်း ၄။၅။၆
မျိုး၊ ရေမွှေးဘူးတွေက ဘယ်နှစ်ဘူးမှန်းမသိ၊ ခေါင်းလျှော်ရည်ကလည်း လျှော်ရုံနဲ့ 
မပြီးပျော့ဆေးတွေ၊ပေါင်းဆေးတွေ၊ ဟိုဆေး၊ဒီဆေးတွေ၊.....ဘီးတွေကလည်း
အစိတ်၊အကျဲ၊ ပုံစံအမျိုးမျိုး......
ကိုယ်လိမ်းတဲ့လိုးရှင်း၊လက်လိမ်း၊ခြေလိမ်းတဲ့လိုးရှင်းတွေ.... ဘာတွေမှန်းမသိ..
အဲ့ဒါတွေကိုကြည့်ပြီး .. .... ... အမေ့မှန်တင်ခုံနဲ့ ယှဉ်ကြည့်မိတယ်။
အမေတို့ ခေတ်က ဈေးကွက်ထဲမှာပဲ ရွေးစရာနဲလို့ လား၊ အမေကပဲ စနစ်တကျ
ရှိလို့ လား။ အခုကျမခေတ်မှာရော.... ... ... ကျမကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိပါတယ်။
အခုကျမအမေ အသက် ၈၀ ကျော်နေပါပြီ၊ သူ့ အသားအရေ က လှနေတုန်းပါပဲ၊
ဆံပင်တွေကလည်းသန်တုန်းပါပဲ။
နည်းမျိုးစုံနဲ့ ထုတ်ထားတဲ့ခေတ်မီ အလှပြင်ပစ္စည်းတွေသုံးနေတဲ့ ကျမ အမေ့လို အသက်
၈၀ မပြောနဲ့  အခုတောင်ဟိုနားကတွန့် ၊ဒီနားကကွက်နဲ့ ၊ ..
အသက် ၈၀ လောက်များဆိုရင်တော့လား... ... ... ...
( Botox ရှိသားပဲ၊ ဆံပင်စိုက်လို့ ရသားပဲ လို့ တော့ရီစရာတွေးမိပါသေးတယ်။)

Subscribe to:
Posts (Atom)