Tuesday, 2 February 2010

ကိုယ့်အကြိုက် (ပေါက် သိစေဖို့ )

ပေါက် ရေ ကိုယ့်အကြိုက် ကိုရေးလိုက်အုံးမယ်နော်။

ထမီဆိုတာငယ်ငယ် ကတည်းက ကျမတို့ ရင်းနှီးလာကြတာပါ။ မှတ်မိစရာတွေ
လည်းအများကြီးပေါ့။ ကျမ ၄ နှစ်သမီးအရွယ်လောက်က ထမီဝတ်၊ ဒေါက်ဖိနပ်
စီး၊ ပုသိမ်ထီးဆောင်းပြီးရှိုးအပေးကောင်းလို့  ခလုပ်တိုက်၊ နဖူးပေါက်ဖူးတယ်။
အခုထိနဖူးမှာ အမာရွတ်ရှိနေတုန်း။

ကျောင်းမှာ (၅)တန်းရောက်တော့ ထမီစ၀တ်ရတယ်။ လူကကလေးပဲရှိသေးတာ
ဆိုတော့ အဆော့ကမက်တယ်လေ။ ထမီနဲ့ ဆိုတော့ ပြေးရလွှားရတာ သိပ်မကောင်း
ပြန်ဘူး။ ဒီတော့ကျောင်းသွားရင် စကတ်လေးထည့်သွားတယ်။ မနက်ကျောင်း
မတက်ခင် နဲ့ နေ့ လည်ထမင်းစားချိန်ဆင်းရင် စကတ်လဲပြီး ကစားတာပဲ။
အဲ့ဒီတုန်းက ခေတ်စားတဲ့ကစားနည်းက သာရေကွင်းခုန်တာလေ။
စကတ်မေ့လာတဲ့နေ့ ဆို ထမီကွဲအောင် ဆော့ဘူးတယ်။

ငယ်ငယ်က ပိန်ပိန်ရှည်ရှည်ဆိုတော့ အဖွားက ထမီဝတ်စေချင်တာ။ အမေ
ကတော့ဂါဝန်လှလှလေးတွေဝယ်ပေးပါတယ်။ (၈)တန်းလောက်ကစပြီး
တော့ ထမီပဲဝတ်ဖြစ်တယ်။ ကြီးတဲ့အထိပဲ။ မှတ်မိသေးတယ်။ သင်္ကြန်ဆိုရင်
သူများတွေဘောင်းဘီဝတ်တာတွေ့ တော့ ကျမတို့ ညီအမတွေ ပိုးထကြတယ်။
ဒါနဲ့ မချိုရယ် ကျမရယ် ဘောင်းဘီ တစ်ထည်စီဝယ်ဖြစ်ကြသေးတယ်။

အလုပ်ထဲရောက်တော့ ထမီဝတ်ရတာ တော်တော်ပျော်လာတယ်။ ဆရာမ
ပေါက်စဆိုတော့ ထမီလှလှလေးတွေနဲ့ ဟုတ်နေတာပေါ့။ တရုပ်ဆင်လှလှ
လေးတွေ၊ ချိတ်လှလှလေးတွေ... လခထုတ်ရင် သူငယ်ချင်းစန္ဒီနဲ့ အတူ
လှည်းတန်းဈေးပြေးပြီး ထမီတွေငေးကြ၊ ၀ယ်ကြတာမှတ်မိသေးတယ်။
ထမီတွေကလည်းအမျိုးမျိုးပေါ်တယ်။ ပါတိတ်၊ ဘီဘဲ။ ကြောင်ခြစ်၊ ချည်ထည်။
တရုတ်ထည်၊ ရေစိုလုံချည်ဆိုတာတောင်ရှိသေးရဲ့ ၊

Thomas နဲ့ စတွေ့ ကတည်းက သူက မြန်မာချည်ထမီလှလှလေးတွေဝတ်တာ
သဘောကျတယ်။ကျမ၀တ်တဲ့ထမီတွေထဲမှာ သူ့ အကြိုက်တွေ ပြောထားတယ်။
ကျမ ဒီကို လာတော့သူ့ ကြိုက်တဲ့ထမီလေးတွေ ရွေးယူလာခဲ့တယ်။
ရောက်စကတော့ ထမီပဲဝတ်ဖြစ်တယ်။ အခုတော့ နွေရောက်ရင်ဝတ်ပါတယ်။
တရားသွားထိုင်ရင်ဝတ်ဖြစ်တယ်။ ဒီက တရားထိုင်ကြတဲ့ဘိုမတွေဆီမှာ
ထမီလှလှလေးတွေအများ ကြီးရှိတယ်။ ကျမငေးယူရတယ်။

ကျမကြိုက်တဲ့ထမီလေးတွေက ချည်ထည် ဒူးနားချိတ်လေးတွေ၊ မာဆရိုက်လေး
တွေ ကြိုက်တယ်။ သူတို့ တွေက ထသွားထလာဝတ်လို့ ကောင်းတယ်။
တရားထိုင်ရင်လည်း အဆင်ပြေတယ်။ တရုတ်ထည်လေးတွေလည်း
ကြိုက်တာပဲ။ ဒါပေမဲ့ မြန်မာထည်လောက် မယဉ်သလိုပဲ။
အရောင်တွေထဲမှာတော့ အပြာရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်၊
ပုဇွန်ဆီရောင်နုနု တွေကြိုက်တယ်။ အဲ့ဒီအရောင်လေးတွေမှာ အဖြူချိတ်၊
မီးခိုးချိတ်၊ အ၀ါနုချိတ်၊ အနက်ချိတ်လေးတွေဖောက်ထားရင်လှတယ်ထင်တာပဲ။
Thomas ကတော့ အ၀ါရောင်တဲ့၊သူဝယ်ပေးရင် အ၀ါပဲ။

ရန်ကုန်ရောက်ရင် သိင်္ဂီရွှေဝါ ကထမီတွေ သွားငေးရတယ်။ သူ့ ဆီမှာက
ပိုးချိတ်တွေဆိုတော့ အခါဝယ်ရင် တစ်ထည်ပဲဝယ်နိုင်တယ်။ ပိုးချိတ်
ကြတော့ ဒီမှာသိပ်မ၀တ်ဖြစ်ဘူး။ ပွဲရှိမှ တစ်နှစ်တစ်ခါလောက်ပဲဝတ်ဖြစ်တာ။

အခုပေါ်နေတဲ့ ဒူးနားချိတ်တွေက အရင်ကလို လှိုင်းပုံမဟုတ်တော့ပဲ။ ပန်းလေးတွေ
အရောင် အရင့်အနုလေးတွေ တွဲသုံးထားတာလည်း ကြိုက်တယ်။
ပတ်လည်ချိတ် ( အပြည့်ချိတ်)တော့မကြိုက်ဘူး။

ကျမက ကွင်းထမီတွေပဲဝတ်လေ့ရှိတယ်။ မမြဲမှာဆိုးရင် အထက်ဆင်နဲ့ 
ချုပ်ထားတဲ့ ခါးပတ်လေးနဲ့ ဝတ်လိုက်တယ်။ ခါးပတ်မှန်းမသိသာဘူးပေါ့။
ဒီတခေါက် ဆိုင်ကပြောတာနဲ့  ချိတ်တတ်တဲ့ ထမီချုပ်လာတယ်။
မကြိုက်ဘူး။ အကျင့်မရှိသေးလို့ နဲ့ တူပါတယ်။

6 comments:

ဇွန်မိုးစက် said...

အစ်မရေ ပုံမတင်တော့ဘူးလား။ သူများအကြိုက်တွေ လိုက်ဖတ်ပြီး ဓာတ်ပုံမြင်ရင် ဝင်ဝင်ငေးနေတာ။း)

Moe Cho Thinn said...

အကြိုက်တွေကတော့ တူနေပါပြီလေ..တို့လဲ ပတ်လည်ချိတ်မျိုး မကြိုက်ဘူး။ နောက်ပြီး ခုထိ ထမိန်ကို ချိတ်နဲ့ မ၀တ်တတ်သေးဘူး။ ကိုယ့်ဖာသာပဲ ၀တ်ရတာ အားရတယ်။
မရှင်လေးတို့လို ကိုယ်လုံးမျိုးကတော့ ဘာဝတ်ဝတ် လှပြီးသားပါလေ..။

Shinlay said...

ဇွန်မိုးစက် ရေ ဆောင်းတွင်းဆိုတော့ ထမီတွေ သိမ်းထားလိုက်လို့ ပါ။
မချိုသင်း...အကြိုက်တူတယ်ဆိုတာသိရလို့  ၀မ်းသာ
သွားတယ်။

PAUK said...

ပတ်လည် ချိတ်ဆိုတာ ဘာမျိုးလဲ မသိဘူး။။
ပုံလေးပါ ပြပေးရင် ကောင်းမှာပဲ..။။
ကျနော်လည်း ချည်ထည် ဒူးနားချိတ်ကို ကြိုက်တယ်။။
မာဆရိုက်တော့ မရှိ။။

စူးနွယ်လေး said...

ပေါက်...ပတ်လည်ချိတ်ဆိုတာ တထည်လုံး အပေါ်အောက် ချိတ်အပြည့်လုံချည်ကို ပြောတာ...ဟုတ်တယ်နော် မရှင်လေး :)

Shinlay said...

ဟုတ်ပါတယ် စူးနွယ်လေး။