Thursday 23 December 2010

စကား

စကားကိုချိုချိုသာသာ၊ ယဉ်ကျေးစွာပြောတတ်စေဖို့  မိဘ၊ဆရာတွေက ကျမတို့ 
ငယ်ငယ်ကတည်းက သင်ပြပေးခဲ့ပါတယ်။ အရွယ်ရလာတာနဲ့ အမျှ ကျမတို့ 
ပတ်ဝန်းကျင်ကပြောတဲ့စကားတွေကို အတုယူပြီးပြောတတ်လာပါတယ်။
ကောင်းတဲ့စကားတွေရှိသလို၊ နားထောင်လို့ မသင့်တော်တဲ့၊ နားဝင်မချိုစေတဲ့
စကားတွေလည်း ပါတာပေါ့။ အိမ်မှာပြန်ပြောရင် လူကြီးတွေက မပြောသင့်တဲ့
စကားတွေအတွက် အကျိုးအကြောင်းနဲ့ ရှင်းပြပြီး နောက်မသုံရန်ပြောပါတယ်။

စကားအရာ အင်္ဂါလေးတန် လို့ တောင်ဆိုကြပါတယ်။
၁။ သုဘာသိတ - ကောင်းစွာပြောဆိုရခြင်း၊
၂။ ပီယဝါစာ - ချစ်ခင်နှစ်သက်ဖွယ်ပြောဆိုရခြင်း၊
၃။ သစ္စာ - ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုရခြင်း၊
၎။ ဓမ္မ - သဘာဝကျ၍ လိုက်နာကျင့်ဆောင်နိုင်ရန် ပြောဆိုရခြင်း

ကျမဂျာမန် စကားသင်တော့လည်း ကျောင်းမှာ ယဉ်ကျေးတဲ့အသုံးအနှုန်းတွေပဲ
သင်ခဲ့ရပါတယ်။ ပြောလို့ မသင့်တော်တဲ့စကားလုံးတချို့ ကို ကြားသိခဲ့
ပေမဲ့ လူရှေ့ မှာ ပြောသင့်တာမဟုတ်လို့ မပြောခဲ့ပါဘူး။

ပတ်ဝန်းကျင်မှာ စကားအရာ အင်္ဂါလေးတန်နဲ့ မညီပဲ ပြောချင်ရာပြောနေတဲ့
သူရှိခဲ့ရင် သူ့ ဆီက ယဉ်ယဉ်ကျေးကျေး မရှိတဲ့စကားပြောပုံဟန်တွေ၊
စကားလုံးတွေ မသိမသာကူးဆက်လာနိုင်ပါတယ်။ တဘက်ကလည်း
ကျမတို့ လို ဘာသာစကား မကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ 
ယဉ်ကျေးတဲ့အသုံးအနှုန်းလား၊ ရိုင်းပြတဲ့အသုံးအနှုန်းလားဆိုတာ
ခွဲခြားဖို့  ခက်ခဲစေပါတယ်။

ကျမလုပ်ဖေါ်ကိုင်ဘက်တယောက်က ဂျာမနီမှာမွေးတဲ့ အီတလီပါ။
သူက ကျမနဲ့ ၂နှစ်ပဲငယ်ပါတယ်။ သူ့ စရိုက် အပြောအဆိုနဲ့ ကျမနဲ့ 
သိပ်အဆင်မပြေပါဘူး။ သူ့ စကားတွေက နားဝင်ချို စရာမဟုတ်မှန်း
တော့သိပါတယ်။ ဒါပေမဲ့  ကြားပါများတော့ အိမ်မှာ ပြန် သုံးမိတတ်ပါတယ်။
Thomas က ဒီစကားတွေဘယ်ကတတ်လာတာလဲ လို့  မေးလေ့ရှိပြီး
မသုံးသင့်ကြောင်း၊ အဓိပ္ပါယ်က ဘယ်လို စသဖြင့် ရှင်းပြပေးပါတယ်။

ကျမပြောချင်တာကတော့ အကြားများနေတဲ့ပတ်ဝန်းကျင်က စကားတွေ
ကို အတုယူပြောကြတဲ့အခါ အဓိပ္ပါယ်သေချာနားလည်ပြီး မှ သုံးသင့်တယ်ဆိုတာပါပဲ။

ကျမတို့ ရဲ့  စကားယဉ်ကျေးချိုသာမှု ကို ကြည့်ပြီး လူတွေက ကျမတို့ ကို တန်ဖိုးဖြတ်ကြသလို၊
ကျမတို့ ကလည်း စကားယဉ်ကျေးချိုသာမှု နဲ့  ကိုယ့်ကိုကိုယ် တန်ဖိုး ထားကြရမှာပါ။

( ကိုထက်အောင်ရဲ့  ချိုသာသောစကားလေးများ..အရေးယူပြောပါခဲ့ရင် ဖတ်ပြီး ကျမရဲ့ 
အတွေ့ အကြုံ လေးရေးဖြစ်တာပါ။)

7 comments:

မိုးစက်ပွင့် said...

ပါတ်ဝန်းကျင်ကနေ မသိမသာ လွှမ်းမိုးတတ်တာကတော့ အမှန်ပါဘဲ မ ရေ... လုပ်ငန်းခွင်မှာဆိုတော့ ရှောင်လို့လည်းမရ .... သတိ သတိ သတိ နဲ့ ထိန်းပါမှ....။
စကားအင်္ဂါလေးတန်ကို မှတ်သားသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် မရှင်လေးရေ
ကိုယ်တိုင်လည်း စကားကို ချိုသာစွာ ပြောတတ်ဖို့ လိုသေးတာကို သတိထားမိပါတယ်. ယဉ်ကျေးစွာပြောတတ်ပေမဲ့ ချိုချိုသာသာလေးဖြစ်ဖို့တော့ လိုနေတယ်... ငယ်ကတည်းက စကားကို တုတ်ထိုးအိုးပေါက်ပြောလာတတ်တော့ အကျင့်က ပြင်ဖို့ခက်နေတယ်.. ဒီပိုစ့်လေးအတွက် ကျေးဇူး
ခရစ္စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...

Anonymous said...

ချိုသာယဉ်ကျေးအောင်ပြောဖို့
သတိပေးသလို ဖြစ်သွားတာ ကျေးဇူးပါ။

ပေါက်

ဇွန်မိုးစက် said...

နှုတ်ချိုသျှိုတစ်ပါးလို့လည်း ဆိုကြတယ်နော်။ စကားလေးတန်နဲ့ညီအောင်ပြောဆိုကျင့်ကြံယင်း မုသာဝါဒသီလကိုလည်း စောင့်ထိန်းပြီးသား ဖြစ်သွားတာပေါ့ အစ်မရေ။
မှတ်သားသတိပြုစရာပို့စ်လေးအတွက် ကျေးဇူးပါ။

Happy X'mas to you!

Sunny said...

Frohe Weihnachten Und Ein Gutes Neues Jahr ပါ မမရှင်းလေးရေ..

Shinlay said...

မိုးစက်၊ချော၊ပေါက်၊ဇွန် နဲ့  ဆန်းနီ...
လာလည်တာကျေးဇူးတင်ပါတယ်။

Kyaw Hnin Se Lwin said...

မရေ
ဒီပို့စ်လေးသဘောကျလိုက်တာ