Monday 20 December 2010

Christmas Stress


ခရစ္စမတ်ပွဲအချိန်နီးလာတာနဲ့ အတူ ဂျာမနီက မိသားစုတွေလည်း
အလုပ်တော်တော်များကြပါတယ်။ ကျမ ရောက်စက ခရစ္စမတ်ပွဲနီးလာရင်
လူတွေက Stress တွေများတယ်လို့ ငြီးကြတာကြားတော့ နားမလည်ခဲ့ဘူး။
ပွဲလုပ်တာပဲ ဘာလို့ Stress ရသလဲပေါ့လေ။ တွေးမိတာပါ။
အခုတော့လည်း တဖြေးဖြေး သူတို့ ပြောတာကို နားလည်လာပါတယ်။

ခရစ္စမတ်မရောက်ခင် ဒီဇင်ဘာလဆန်းလောက်ကတည်းက မုန့် တွေ
ဖုတ်ကြ၊ ခရစ္စမတ်ရာသီနဲ့ အညီအိမ်မှာ ပြင်ကြဆင်ကြ၊ လက်ဆောင်တွေ
ပေးဖို့ စဉ်းစားကြနဲ့ အလုပ်ရှုပ်နေကြတာ။

အခု ပွဲတော်ချိန်နီးလာလေလေ ပိုပြီး အလုပ်တွေများလာလေလေပါ။
မိသားစုတွေအတွက် ဘယ်သူ့ ကိုဘာပေးမယ်။ အမျိုးတွေ အတွက်က ဘာဝယ်မယ်။
လုပ်ဖေါ် ကိုင်ဖက်တွေ အတွက်က ဘယ်လိုမျိုးဝယ်မယ် စသဖြင့် စဉ်းစား
ပြီး အားတဲ့အချိန်မှာ အပြေးအလွှားဝယ်ကြပါတယ်။

ဒါကြောင့် စနေ၊တနင်္ဂနွေ ( တချို့ မြို့ တွေမှာ တနင်္ဂနွေ အထူးဈေးရောင်းပေးပါတယ်။)
်နေ့ တွေဆို ဆိုင်တွေမှာ လူတွေအပြည့်ပါ။ ငွေရှင်းတဲနေရာမှာတန်းစီစောင့်
ရ တာကလည်းကြာသေးတယ်။ ဒီနှစ် အလုပ်တော်တော်များများက
ခရစ္စမတ် အပိုငွေပေးကြတော့ ၀ယ်အား ပိုများတယ်လို ပြောကြပါတယ်။
လူငယ်၊လူကြီး အားလုံးလိုလို လက်ဆောင်ပေးဖို့ အတွက် ဈေးဝယ်ထွက်
ကြပါတယ်။

လက်ဆောင်ကိစ္စပြီးပြန်တော့ ပွဲတော်နေ့ ဘာချက်ရပါ့မလဲဆိုပြီး
စဉ်းစားကြရပြန်ရော။ အဓိကနေ့ ကတော့ ၂၄ ရက် ဒီဇင်ဘာ။
အဲ့ဒီနေ့ မှာ မိမိ ရဲ့ မိသားစုတွေဆုံတွေ့ ပြီး အထူးတလည်ချက်ပြုပ်စားကြ
ပါတယ်။ အခုလိုရက်မျိုးမှာ မေးလေ့ရှိတာက ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ
ဘာချက်မှာလဲဆိုတာပါပဲ။

ချက်လေ့ရှိတာကတော့ ဘဲငန်းသားဟင်း၊ သမင်သား စတဲ့ကောင်းမယ်
လို့ ယူဆရတဲ့၊ ဒါမှမဟုတ် မိသားစု အစဉ်အလာရှိတဲ့ ဟင်းပေါ့လေ။
ဝက်သား၊ အမဲသား၊ငါးတွေလည်း ချက်ကြပါတယ်။ တချို့ ကတော့
FonduRaclette ( ချိစ် ၊ဒါမှမဟုတ် အသား) တွေလည်းလုပ်စားလေ့
ရှိပါတယ်။ အချိုပွဲကောင်းကောင်းလည်းပါသလို ၊သူတို့ ထုံးစံအတိုင်း
ဝိုင်ကောင်းကောင်းလည်းပါတာပေါ့။

အလုပ်တွေမှာတော့ ဒီလို ပွဲတော်နီးချိန်မှာ ခရစ္စမတ် ညစာစားပွဲလေးတွေ
လုပ်လေ့ရှိကြပါတယ်။ အလုပ်ရှင်က လက်ဆောင်လေးတွေလည်းပေးလေ့
ရှိပါတယ်။
တချို့ အလုပ်တွေက ခရစ္စမတ်အချိန်ကနေ ၊ နှစ်ဆန်းပိုင်း (ဇန္န၀ါရီ ပထမပတ်
အထိ) ပိတ်ကြတော့ အခုအချိန်မှာ အလုပ်များတဲ့အချိန်၊ တဘက်ကလည်း
အလုပ်လုပ်ဖို့ စိတ်မပါတဲ့အချိန်ပေါ့။

တချို့ ကြတော့လည်း ဆောင်တွင်းအေးအေးကြီးကနေလွတ်ရာကိုပြေးချင်တော့
ခရီးဝေးထွက်ကြပါတယ်။ ခရီးအတွက်လိုအပ်တာပြင်ဆင်။ နှင်းကျလို့ ရထား
နောက်ကျမလားလို့ ပူရတာနဲ့ ၊ လေယာဉ်မှထွက်ပါ့မလားလို့ ပူရတာနဲ့ ။
စိတ်ပင်ပန်းကြရပါတယ်။

ပွဲတော်နီးလာတော့ ခရစ္စမတ်သစ်ပင် ကိစ္စလုပ်ရပြန်ရော။ ဒီနှစ်ဘာအရောင်တွေနဲ့ 
အလှဆင်မယ်။ ဘယ်လို လုပ်မယ်။ စဉ်းစားကြ၊ငြင်းကြခုန်ကြ ....

ပွဲတော်နေ့  ၂၄ရက်နေ့ ရောက်တော့ လူတွေဟာ ဒီနှစ်ပွဲကို အကောင်းဆုံး
ဖြစ်ရမယ်ဆိုတဲ့စိတ်အားထက်သန်မှုတွေနဲ့ ပေါ့။ အဝေးကလူကလည်း
အိမ်ကို အချိန်မီပြန်ရောက်ဖို့ လမ်းမှာအပြေးအလွှား၊ အိမ်ကချက်တဲ့သူကလည်း
အရာသာအရှိဆုံး၊ အကောင်းဆုံးလက်စွမ်းတွေပြ၊ အချိန်မီကျက်ပါ့မလားစိတ်ပူရ၊

တချို့ ကတော့ စားသောက်ဆိုင်မှာသွားစားလိုက်ပါတယ်။ ကောင်းသားပဲ။
အိမ်မှာ တယောက်ထဲဆို အဲ့ဒီနေ့ က ပျင်းစရာကြီး၊ ဆိုင်မှာ ဆိုတော့တခြားသူတွေ
လည်းရှိတော့ အဆင်ကိုပြေနေတာပဲ။

စားသောက်ပြီးတော့ လက်ဆောင်တွေပေးကြ၊ ဖေါက်ကြ ... လိုချင်တာမဟုတ်၊
ရှိပြီးသားဖြစ်နေ၊ တခါထဲ၂မျိုးဖြစ်ချင်ဖြစ်နေပြန်၊ စိတ်လှုတ်ရှားစရာတော့ကောင်း
သားပဲ။

လက်ဆောင်တွေထဲက မကြိုက်တာ၊မတော်တာ ရှိရင် ပွဲတော်ပြီးတဲ့အခါ ဆိုင်တွေမှာ
ပြန်လဲလို့ လည်းရပါတယ်။

ဒီနှစ်ကျမက တယောက်ထဲဆိုတော့ ထွေထွေထူးထူး စီစဉ်စရာမရှိပါဘူး။
နှစ်သစ်ကူးတဲ့နေ့ မှပဲ အတူးချပျော်လိုက်ပါတော့မယ်။


ပုံကိုဒီနေရာကယူထားပါတယ်။
http://www.askloosdorf.at/neu/images/stories/allerlei/christbaum.jpg

6 comments:

Sunny said...

မမရှင်းလေး.. ၂၄ ရက်နေ့ ဘာချက်မလဲ.. ဆန်းနီတို့လာစားမယ်လေ.. (အွန်လိုင်းပေါ်ကနေပေါ့..)

မြူးမြူး said...

တယောက်တည်းဆိုတာပဲ ခဏခဏပြောနေပုံထောက်ရင် ဦးသောမတ်စ်ကို လွမ်းနေပြီပဲဖြစ်ရမယ်..း)

လသာည said...

ခရစ္စမတ်နေ့ဆိုတာ အဖော်နဲ့မှ ပျော်ဖို့ကောင်းတာဆိုတော့ မရှင်လေး ဒီနှစ် ခရစ္စမတ်မှာ ပျင်းနေမှာပေါ့နော်။ (လွမ်းတာလည်း ပါမှာပေါ့း)

ဇွန်မိုးစက် said...

အမရှင်လေးပြောပြမှပဲ X'mas stress ကို သေသေချာချာ သဘောပေါက်သွားတယ်။ တစ်နှစ်လုံးမိသားစု မဆုံဖြစ်ရင်တောင်မှ ဒီလိုအချိန်မှာဆုံပြီး ညစာစားကြတာဆိုတော့ ပျော်စရာကောင်းတယ်နော်။ X'mas ရာသီချိန်မှာ အိမ်မှာ အမတစ်ယောက်တည်း ပျင်းစရာ၊ လွမ်းစရာကောင်းနေမယ်ဆိုတာ ခံစားမိပါတယ်။

T T Sweet said...

မရှင်လေး ခရစ်စမတ်မှာ သောမတ်စ်မရှိတော့ ပျင်းနေမှာပေါ့။

အနောက်တိုင်းမှာလဲ အဲလို stress ရှိတယ်ဆိုတာ ခုမှပဲသိတော့တယ်။ စလုံးမှာ တရုတ်တွေ နှစ်ကူးသလိုပဲပေါ့။ အကြိုနေ့ညနေမှာ မိသားစုတွေစုံပြီး ကန်တော့ကြ ချက်ပြုတ်စားကြသလိုပေါ့နော်။

Shinlay said...

sunny ရေ ဘဲသား၊ Polenta နဲ့  အသီးအရွက် တခုခု လုပ်မယ်။ ဆလပ်သုပ်မယ်။ အချိုပွဲတော့ မသိသေးပါ။
မြူး...ဟုတ်မှာပါ။ တခါတလေလည်း....:)
လသာည ညီမရေ လာမယ်ဆိုတဲ့အဖေါ်တွေကို မျှော်နေပါတယ်။
မဆွိ နဲ့  ဇွန်ရေ.. ပျင်းမှာတော့သေချာတယ်။ တီဗီနဲ့ စကားပြောနေမယ်လေ။
သူငယိချင်းတို ရေ ကျေးဇူးတင်ပါတယ်။