အမျိုးမျိုးသော စိတ်လှုတ်ရှားမှုတွေနဲ့ အမေ့နားကို ၁၆ရက်ကြာရောက်ခဲ့ပါတယ်။
တစ်နှစ်ထက်တစ်နှစ် အားနည်းလာတဲ့အမေ့ကို ပြန်တွေရတော့ စိတ်မကောင်းဖြစ်
ရပါတယ်။ ကျမအလာကိုမျှော်နေပြီး၊ အမြဲမေးနေတဲ့အမေ ကျမကိုတွေ့ ရတော့
သူအရမ်းဝမ်းသာနေရှာတယ်။ ကျမရန်ကုန်မှာရှိနေချိန်တွေမှာ ကျမကို သူ့ အနားမှာ
အချိန်တိုင်း ရှိနေစေချင်တာ။ ကျမလည်း ဒီရက်တွေဟာ အမေ့အတွက်ပဲဆိုပြီး
သူ့ အနားမှာပဲနေဖြစ်ခဲ့ပါတယ်။
တခြား တော့ဘယ်မှမသွားဖြစ်ခဲ့ဘူး။မြေနီကုန်း၊ လှည်းတန်းနဲ့  ရွှေတိဂုံဘုရားပဲ
ရောက်ခဲ့ပါတယ်။
အမေနဲ့ စကားတွေအများကြီးပြောကြတယ်။ အမေက အသက်ကြီးလာတာနဲ့ အမျှ
သေခြင်းတရားကို အပြောများလာတယ်။သူကြိုက်တတ်တာတွေချက်ပေး၊
စီစဉ်ပေးဖြစ်ပါတယ်။
ကျမရဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေ ဆီကို သွားမလည်အားတော့ သူတို့ ကကျမ
တို့ ဆီလာလည်ကြ၊ဟင်းတွေချက်ပို့ ကြ၊ ထမင်းချိုင့်ယူလာပြီး ကျမတို့ နဲ့ 
အတူတူ စားကြ၊ သရက်သီးတွေ ၊မုန့် တွေလာပို့ ကြနဲ့  သူငယ်ချင်းတွေရဲ့ 
ခင်မင်မှုကို အထူး လေးစားကျေးဇူးတင်မိပါတယ်။
ကျမပြန်လာတော့ လွမ်းပြီးကျန်ခဲ့တဲ့ အမေ့ကို မကြာခင်ပြန်လာပါမယ်လို့ 
ပြောခဲ့ပြီး ထားခဲ့ရတာကိုစိတ်မကောင်းဖြစ်ရပါတယ်။
နောက်တစ်လခွဲမှာ တခါအမေနဲ့ တွေ့ နိုင်ဖို့  ကျမဘက်က အားလုံးစီစဉ်
ထားပေမဲ့ ... ကျမမလုပ်နိုင်တဲ့ အရာတစ်ခုကြောင့် အမေဆီပြန်မလာဖြစ်မှာ
ကိုတော့စိုးရိမ်မိပါတယ်။
Friday, 1 July 2011
Wednesday, 8 June 2011
ယောက္ခမရဲ့ မှတ်တမ်း
တနေ့ က ဓါတ်ပုံတွေရှာရင်း Thomasအမေရဲ့  မှတ်တမ်းစာအုပ်
လေးတွေ့ လာတယ်။ သူ့ အမေက သားသမီးတွေကိုသိပ်ချစ်တတ်တယ်။
အသေးအဖွဲလေးတွေကအစ မှတ်ထားတယ်။ Thomas ဘယ်နေ့ က ဘာစ
လုပ်တတ်တယ်ဆိုတာတွေကအစ ရေးထားတယ်။
ဒီမှတ်တမ်းကို သူ့ အနေနဲ့ အချိန်ယူပြီး ၂၅နှစ်ကြာမေတ္တာအပြည့်နဲ့ ရေးထားကြောင်း၊
ဒီမှတ်တမ်းကတဆင့် သူ့ ရဲ့ မေတ္တာတရားကို ခံစားတတ်အောင်ပါ။
သူမှတ်တမ်းမတင်ထားတာတွေဟာ၊ မဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီး
သူ အမှန်တွေကိုရေးထားကြောင်းလည်းစာတိုလေးတစ်စောင်ရေးထားပါသေးတယ်။
Thomas ကို ၂လပြည့်တဲ့နေ့ မှာ ပထမဆုံး လက်သဲညှပ်ပေးတာ။
၂ လ နဲ ၂၆ ရက်မှာ ပထမဆုံး လိမ္မော်ရည်တိုက်တာ၊ ၄လနဲ ၃ရက်မှာ ပထမဆုံး နာရီဝက်ကြာအပြင်ထွက်ကြောင်း၊ ၄လနဲ့ ၎ရက်မှာ စပြီးကစားတယ်ဆိုပဲ။
၎လနဲ့ ၂၆ရက်မှာ ကလေးသောမတ်စ်ခေါင်းထောင်တတ်တယ်တဲ့။
၅လနဲ့ ၁ရက်သားမှာ ဟင်းသီးဟင်းရွက်စကျွေးတယ်တဲ့။
၇လနဲ့ ၆ရက်မှာ ၅မိနစ်ကြာအောင် ထိုင်တယ်။၎ရက်ကြာတော့ပေါင်မုန့် စစားတယ်တဲ့။
၈လနဲ့ ၆ရက်သားမှာ ကလေးခုံပေါ်ကကျတယ်။တော်တော်ဆော့တယ်။
တစ်နှစ်နဲ့ ၁၁လမှာ သူ့ ကိုယ်သူ သောမတ်စ် လို့ ပြောတတ်တယ်တဲ့။
၂နှစ်နဲ့ ၁၃ရက်သားမှာ ပထမဆုံး သူ ရှူးရှူးပေါက်ချင်တယ်လို့ ပြောသတဲ့။
သူငယ်ငယ်က စကားစပြောတော့ ဂျာမန်လိုရော၊ဟော်လန်လိုရောရေနေတယ်ဆိုပဲ။
စသဖြင့်ရေးထားတဲ့ယောက္ခမရဲ့ မှတ်တမ်းကိုဖတ်ပြီး မိခင်တစ်ယောက်ရဲ့ မေတ္တာ
ကို ပိုပြီးတန်ဖိုးထားခံစားမိလာပါတယ်။
အခုဆို ကျမယောက္ခလည်းလောကကြီးမှာမရှိတော့ပေမဲ့ သူ့ ရဲ့ မေတ္တာကို ကျမတို့ 
အမှတ်ရနေစေပါတယ်။
တချိန်ထဲမှာပဲ ကျမအမေကို သတိရမိတယ်။ ကံကောင်းစွာနဲ့ ကျမအမေကို ကျမတွေ့ ခွင့်
ရှိနေသေးတယ်။ အမေလည်းကျမကိုမျှော်နေရှာတယ်။ ကျမအချိန်ရှိတုန်း သူ့ ဆီ
ပြေးတွေ့ လိုက်ပါအုံးမယ်။ ကျမမှာ ဘယ်လိုအခက်အခဲပဲရှိပါစေအမေ့ဆီကျမ
ပြန်လာတွေ့ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် ၄ရက်ဆို အမေ့နားကျမရောက်မှာပါ။
Friday, 3 June 2011
ပြောင်းပြန်လှန်လိုက်ချင်တယ်။
မိတ်ဆွေတစ်ယောက်အိမ်ကိုလာလည်ပါတယ်။ သူ့ မိဘတွေက မြန်မာပြည်ကို
မနှစ်ကရောက်ဖူးပါတယ်။ သူ ကတော့ ဒီနှစ်တက္ကသိုလ်ဝင်တန်းဖြေမှာပါ။
မြန်မာနိုင်ငံအကြောင်း အင်္ဂလိပ်လိုစာတမ်းဖတ်မလို့ ဆိုပြီးကျမဆီရောက်လာပါတယ်။
သူ့ စာတမ်းက မြန်မာပြည်ရဲ့ ခေတ်အဆက်ဆက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး
အကြောင်းတွေပါ။ သူစာတွေတော်တော်ဖတ်ထားတယ်ဆိုတာကိုသူပြင်ဆင်လာတဲ့
စာတွေကိုကြည့်တာနဲ့ သိလိုက်ပါတယ်။ သူနဲ့ ကျမ စကားတွေအများကြီးပြောဖြစ်ပါ
တယ်။ သူမသိတာတွေလည်းတော်တော်လေးမေးပါတယ်။ သူမြန်မာပြည်အကြောင်း
လေ့လာရင်း သွားချင်စိတ်ဖြစ်နေတယ်လို့ ပြောတယ်။
သူပြန်သွားတော့ကျမလည်း မြန်မာပြည်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ အများ
ကြီးတွေးနေမိတယ်။ သူရေးထားတဲ့ အရာတွေကိုပြောင်းပြန်လှန်လိုက်ချင်တယ်။
သြော်... တနေ့ နေ့ တော့.....

Sunday, 22 May 2011
ကဆုန်လပြည့်......Visakha ပွဲ
ဂျာမနီ မှာရောက်ရှိနေကြတဲ့ လာအိုးလူမျိုးတွေရဲ့  ဘုန်းကြီးကျောင်း
Wat-Sibounheuang မှာဒီနေ့  ( ၂၂.၅.၂၀၁၁ )ကျင်းပတဲ့
ကဆုန်လပြည့် အထိမ်းအမှတ်ပူဇော်ပွဲကိုရောက်ဖြစ်ပါတယ်။ အခုတလော
စိတ်တွေကဟိုရောက်ဒီရောက်ဖြစ်နေချိန်မှာ အခုလို ရတနာသုံးပါးနဲ့ တွေ့ ကြုံ
ခွင့်ရတဲ့အတွက် ကျမအလွန်ဝမ်းသာမိပါတယ်။
ဒီဘုန်းကြီးကျောင်းက သင်္ကြန်ပွဲတွေကျင်းပလေ့ရှိတဲ့ လောနိုင်ငံကကျောင်းပါ။
သင်္ကြန်ပွဲတွေကို ကျောင်းနဲ့ နီးတဲ့မြို့ လေးမှာသာကျင်းပလေ့ရှိတာကြောင့်
ဘုန်းကြီးကျောင်းကို မရောက်ဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂ပတ်လောက်က ဂျာမန် ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲရဲ့ နှစ်ပတ်လည်
အစည်းအဝေးကို အဲ့ဒီဘုန်းကြီးကျောင်းမှာလုပ်ဖြစ်တာကြောင့် ကျမတို့ လည်း
ရောက်ဖြစ်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ဖိတ်တာနဲ့  ဒီနေ့ ပွဲကိုထပ်ရောက်
ဖြစ်ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းမှာ ဆရာတော် တစ်ပါးပဲ သတင်းသုံးပါတယ်။ ဒီနေ့ တော့
ပြင်သစ်က လားအိုးဘုန်းကြီးတစ်ပါး၊ ထိုင်းနိုင်ငံမှာ သတင်းသုံးတဲ့  ဂျာမန်ဘုန်းကြီး
တစ်ပါး၊ ပေါင်း ဘုန်းကြီး ၃ပါးပါ။
ကျမတို့ အိမ်ကနေ ၂နာရီကြာလောက်ကားမောင်းရပါတယ်။ ဟိုရောက်တော့
ဆွမ်းကပ်ဖို့ ယူသွားတဲ့ ဆွမ်းဟင်းတွေကို ဝေယျာဝစ္စအဖွဲ့ ကိုအပ်ပြီး ဘုရားခန်း
ကိုရောက်တာနဲ့  အခမ်းအနားစပါတယ်။ ဆရာတော်က သီလပေးပါတယ်။
ဘုရားစာတွေစုပေါင်းရွတ်ကြပါတယ်။ လှူဖွယ်ပစ္စည်းတွေ ကို တန်းစီပြီး
လောင်းလှူကြပါတယ်။ ပြီးတော့ ဘုန်းကြီးသုံးပါးကို ဆွမ်းကပ်ကြပါတယ်။
သိပ်ကိုကြည်ညိုဖို့ ကောင်းပါတယ်။ သံဃာတွေ့ ရခဲတဲ့ နေရာမှာ အခုလို
ဆွမ်းကပ်ခွင့်ရတာအလွန်ဝမ်းသာမိပါတယ်။

သံဃာတွေဆွမ်းစားပြီးတော့ ဧည့်သည်တွေကို ဘူဖေးကျွေးပါတယ်။
ဘုန်းကြီးကျောင်းကစီစဉ်ထားတဲ့စားသောက်စရာတွေအပြင် ဧည့်သည်တွေ
ယူလာတဲ့စားသောက်စရာတွေပါဆိုတော့ အမျိုးစုံ၊ အရသာစုံပါပဲ။
ကျမကတော့ ကြက်သားနဲ့ ပိန္နဲကွင်းချက်ရယ်၊ မုန်းညှင်းနဲ့ မှိုကြော်ရယ်ယူသွား
ပါတယ်။ ဘဲပေါင်း၊ ၀က်အူချောင်းကြော၊် ငါးကြော်၊ သင်္ဘောသီးသုပ်တို့ ကို
စားဖြစ်ပါတယ်။ အချိုပွဲတော့ မုန့် လုပ်ဆောင်းသောက်ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းအပြင်မှာ အာရှဈေးတန်းလေးလည်းရှိပါတယ်။ ဘုရားပွဲဈေး
ဆိုပါတော့၊ ကျမတို့ ဝယ်နေကျ ထိုင်းငါးပိချက်ဆိုင်တွေ့ တာနဲ့ ဝယ်ဖြစ်ခဲ့ပါတယ်။
လပြည့်ရိပ်တို့ ကိုတောင်မပါလာဘူးလားလို့ မေးလိုက်သေးတယ်။
လာကြတဲ့သူတွေကတော့ ကတော့လာအိုး၊ထိုင်း၊သီရိလင်္ကာ ၊မြန်မာ(ကျမ)နဲ့ 
ဂျာမန်တွေပါ။ စုစုပေါင်း လူ၆၀၀ခန့် ရှိပါတယ်။
စားသောက်ပြီးတော့ ဂျာမန်ဘုန်းကြီးနဲ့ စကားပြောဖြစ်ပါတယ်။ သူက ၁၅၀ါစာ
ရှိပြီး ထိုင်းနိုင်ငံက တောရကျောင်းတစ်ကျောင်းမှာ တရားအားထုတ်ကြောင်း
သိရပါတယ်။ နေ့ လည်ကြတော့ တရားနာကြပါတယ်။ ဂျာမန်ဘုန်းကြီးက
ဂျာမန်လို တရားဟောပါတယ်။ သစ္စာလေးပါးနဲ့  သီလ၊သမာဓိ၊ပညာ ကြောင်း
ဟောပါတယ်။ လိုချင်မှုတွေ၊စိတ်မကျေနပ်မှု၊စိတ်မချမ်းသာမှုတွေ စတဲ့
ဒုက္ခတွေအကြောင်းဟောတော့ ကျမရင်ဆိုင်နေရတဲ့ စိတ်ပူပင် ကြောင့်ကြ
မှုတွေကို တရားသဘောနဲ့ သတိလေးရှိသွားတယ်။
တရားဟောပြီးတော့ ရေစက်ချပါတယ်၊ဘုရားပူဇော်ကြပါတယ်။
ပန်း၊အမွှေးတိုင်ဆီမီးတွေနဲ့ ပူဇော်ကြရင်းအခမ်းအနားပြီးဆုံးပါတယ်။
အပြန်လမ်းမှာ ကျမစိတ်တွေကြည်လင်လာပါတယ်။ ကျမပျော်တယ်လို့ 
ကိုသောမတ်စ်ကိုပြောပြမိတယ်။ တခုတလောစိတ်ပူပင်မှုတွေ ကိုမေ့သွား
ခဲ့ပါတယ်။ ရတနာသုံးပါး ရဲ့ ကျေးဇူးကို ဦးတင်မိပါတယ်။
ဒီလို ဂျာမနီမှာ ကြုံရခဲတဲ့ ကုသိုလ်ပြုခွင့်ရတဲ့ပွဲကို ကျင်းပပေးသောသူများ၊
ကျမတို့ ကို ဖိတ်ကြားကြသူများ၊ တိုင်းတပါးမှာ သာသနာပြုနေကြတဲ့
ဆရာတော်များ၊ ကို အထူးကျေးဇူးတင်ပါတယ်။

Saturday, 21 May 2011
စောင့်မျှော်ရခြင်း
တစ်ဦးတစ်ယောက်၊ တစ်ခုခု ကို စောင့်မျှော်ရခြင်း သည် ကျမ မလုပ်ချင်သော
အလုပ်တစ်ခုပါ။ စောင့်မျှော်ရခြင်မှာ နေ့ ရက်သေချာသောစောင့်မျှော်ရခြင်းထက်၊
မသေချာမရေရာသောစောင့်မျှော်ရခြင်းက ပိုဆိုးပါတယ်။
တစ်နေ့ လာနိုး၊တစ်နေ့ ရနိုးနဲ့ စောင့်ရခြင်းဟာ ကျမအတွက် အလွန်ပင်ပန်းပါတယ်။
ရလာတဲ့ အဖြေပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေ အတွက်
အချိန်သိပ်မရှိဘူးဆိုရင် ပိုပြီးရင်မောရပါတယ်။
စောင့်နေရတဲ့ အဖြေတစ်ခုဟာ မိမိမျှော်လင့်သလိုဖြစ်မလာရင် ဘာဆက်လုပ်ရမလဲ၊
ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အတွေးတွေနဲ့ ကျမ စိတ်မောနေတတ်ပါတယ်။
ဒီအတွေးတွေဟာ မကောင်းမှန်းသိလို့ အာရုံပြောင်းဖို့ ကြိုးစားပေမယ့်လည်း
ပြန်ပြန်တွေးမိနေတယ်။ အကောင်းဘက်ကတွေးပေါ့၊ ဖြစ်မှမဖြစ်သေးတာဆိုပေမဲ့
လက်တွေ့ က အပြောလောက် မလွယ်ပါ။
ဖြစ်သမျှအကြောင်းအကောင်းပဲလို့ ပြောကြတယ်။ ရွေးစရာမှမရှိတာ၊ရင်ဆိုင်ရမှာပဲ
လိုပြောကြတယ်။ ဟုတ်ပါတယ်လေ။ ဦးနှောက်ကသိနေပေမဲ့ အတွေးတွေက
လွယ်လွယ်နဲ့ လက်မခံနိုင်ဘူး။
အခုတလောအတွေးစိတ်တွေများနေပါတယ်။
မရေရာသော၊မသေချာသောစောင့်မျှော်ရခြင်းဒုက္ခမှ ကင်းဝေးကြပါစေ။
မျှော်လင့်ချက်များပြည့်ဝကြပါစေ။

Saturday, 14 May 2011
ဦးထုပ် တစ်လုံး
အခုတလောအလွန်မျက်စိနောက်စရာ တစ်ခုကတော့ ကိုသောမတ်စ်ရဲ့ 
ဦးထုပ်တစ်လုံးပါ။ တကယ်တော့ သူဘယ်တော့မှဦးထုပ်ဆောင်းလေ့မရှိပါဘူး။
ဦးထုပ်ကြောင့် သူ့ ဆံပင်တွေ စေးကပ် ကုန်တယ်လို့ အကြောင်းပြပြီး ဘယ်လောက်
ချမ်းချမ်း ဦးထုပ်မဆောင်းပါဘူး။
မနှစ်ကဘုန်းကြီးလူထွက်ပြီးကတည်းက ဆံပင်ကိုတိုကပ်နေအောင်ထားရတာ
အရသာတွေ့ သွားပြီး ဂတုံးသာသာဆံပင်ပဲထားပါတော့တယ်။
သူ့ ဆံပင်ကို ၄ ပတ်တခါ ဆိုင်မှာသွားပြီး 3mm ချန်ညှပ်လေရဲ့ ။ ကျမကအိမ်မှာ
စက်ကလေးဝယ်ပြီး ကျမညှပ်ပေးမယ်ဆိုတာကို အချိန်ကြာကြာပြောယူရတယ်။
အခုတော့ ကျမရဲ့ လက်စွမ်းကိုသူယုံကြည်ပြီးအိမ်မှာပဲ ညှပ်ပါတော့တယ်။
တနေ့ လျှောက်လည်ကြရင်း နေပူတာနဲ့  ဦးထုပ်တစ်လုံးဝယ်ဖြစ်ပါတယ်။ သူက
အဲ့ဒီဦးထုပ်ကို တော်တော်သဘောကျပါတယ်။ ဦးထုပ်ဆောင်းပြီးမှန်ကြည့်ရတာလည်း
ခဏခဏပါ။ လူတွေက မင်းရဲ့ ဦးထုပ်ကလှတယ်လို့ ပြောရင် သဘောကျပြီး
မချွတ်တော့ပါ။ အပြင်ထွက် မယ်ဆိုတာနဲ့ ဦးထုပ်ကဆောင်းပြီးသား။
တခါတလေအပြင်ကပြန်ရောက်ရင်တောင် ဦးထုပ်က မချွတ်သေဘူး။
အရင်က ကားအမိုးကို မနက်အစောပိုင်းနဲ့ ညနေစောင်းနေရောင်မပြင်းတဲ့
အချိန်ပဲဖွင့်မောင်းလေ့ရှိတဲ့သူက အခုတော့ ဦးထုပ်ဆောင်းပြီး နေပူထဲလည်း
အမိုးဖွင့်မောင်းလေ့ရှိလာပြီး။ ကျမကတော့နေပူလို့ မကြိုက်။သူကတော့
ဦးထုပ်နဲ့ ဟုတ်နေရော။
ကျမလည်းတခါတလေဦးထုပ်ဆောင်းပါတယ်။ သူ့ လောက်တော့ မဟုတ်ပါဘူး။
အခုတော့ အိမ်ထဲလည်းဆောင်း၊အပြင်သွားလည်းဆောင်း၊ စက်ဘီးစီးလည်းဆောင်း၊
ကားမောင်းလည်းဆောင်း..... ကြာလာတော့ ကျမ မျက်စိနောက်လာပါတယ်။
တော်ပါသေးရဲ့ အိပ်တဲ့အခါမဆောင်းထားလို့ .... ဒါတောင် အိပ်ရာဘေးမှာ
ချိတ်ထားသေးရဲ့..............
Wednesday, 4 May 2011
၁၂ နှစ်ရှိခဲ့ပြီ....
အမိမြေကထွက်လာပြီး နိုင်ငံအသစ်တစ်ခုမှာ ဘ၀သစ်တစ်ခုကို စတင်ခဲ့တာ
၁၂ နှစ်ပြည့်ပါပြီ။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက မြန်မာပြည့်ကထွက်လာတဲ့ အချိန်
ခံစားမှု၊ အတွေ့ အကြုံတွေ ကို အခုချိန်ထိပြန်တွေးကြည့်ရင် မနေ့ တနေ့ က
ဖြစ်ခဲ့သလို မှတ်မိနေပါသေးတယ်။
မထွက်လာခင်တစ်ရက်အလိုမှာ အဖေရယ်၊အမေရယ်၊ကျမရယ် မိသားစု
သုံးယောက် ရွှေတိဂုံဘုရားသွားဖူးဖြစ်ခဲ့ပါတယ်။ ကျမတို့ နဲ့ အတူမနေတဲ့
အဖေ နဲ့ ကျမတို့ သားအမိ အတူတူ ဘုရားဖူးခွင့်ရတာ ကျမဘယ်မေ့ပါ့မလဲ။
အပြန်မှာလှည်းတန်းထိပ်မှာခေါက်ဆွဲကြော်ဝင်စားဖြစ်ခဲ့သေးတယ်။
ကျမက တရုတ်ဆိုင်က ခေါက်ဆွဲကြော်ဆိုကြိုက်တာကို။
အဲ့ဒီညက အဖေ ကျမတို့ အိမ်မှာ အိပ်ပါတယ်။ ကျမဒီကို ထွက်လာမဲ့နေ့ မှာ
အဖေက ကျမကို သူ့ ရဲ့ တီရှပ်လက်ရှည်တစ်ထည် အမှတ်တရပေးပါတယ်။
အဲ့ဒီအင်္ကျီကို ကျမ အခုထိ ည၀တ်အိပ်လေ့ရှိဆဲပါ။
လေဆိပ်ကို အဖေရော အမေပါ လိုက်ပို့ ကြတယ်။ တယောက်ထဲထားခဲ့ရမယ့်
အမေ့ရဲ့ ဘေးမှာ အဖေကိုမြင်နေရလို့  ကျမသိပ်ဝမ်းမနဲခဲ့မိဘူး။ ကျမ မရှိတဲ့အချိန်တွေ
မှာ အမေ့ဆီမကြာမကြာဖုန်းဆက်ဖို့ လည်း အဖေ့ကိုမှာခဲ့သေးတယ်။
ကျမကတော့ နေရာဟောင်းကိုထားခဲ့ပြီး၊ ဘာမှန်းမသိသေးတဲ့ နေရာသစ်ကို
တယောက်ထဲသွားရမှာဆိုတော့ စိတ်လှုတ်ရှားနေခဲ့မိပါတယ်။
ဒီလိုနဲ့ နေရာသစ်မှာ အစစအရာရာ အသစ်အဆန်းတွေတွေ့ ခဲ့၊မြင်ခဲ့ရ၊ သင်ခဲ့၊
လေ့လာခဲ့ရ၊ ၀မ်းသာခြင်း၊၀မ်းနည်းခြင်း၊ အားငယ်ခြင်း၊ အားတင်းခြင်းတွေနဲ့ 
ဘ၀ကိုရှန်းကန်တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ တော့ ဘာလိုလိုနဲ့  ၁၂ နှစ်ပြည့်ခဲ့ပါ
ပြီ။
ဒီနေ့ မှာ လူ့ လောကကြီးမှာ မရှိတော့တဲ့ အဖေကို အထူးသတိရမိပါတယ်။
အဖေဟာ ကျမတို့ သားအမိနဲ့ အတူတူ မနေပေမဲ့ ကျမဘွဲ့ ယူတဲ့အခါ၊ ကျမ တိုင်းတပါး
ကိုထွက်လာတဲ့အခါ၊ ကျမ အမျိုးသားနဲ့ အတူမြန်မာပြည်ကို ပြန်လာလည်တဲ့အခါစတဲ့
အရေးပါတဲ့နေ့ တွေမှာ ကျမဘေးမှာရှိနေခဲ့ပါတယ်။
ဒီနေ့ မှာ အဝေးမှာရှိနေတဲ့ကျမကို သတိရနေရှာမယ့် သတ္တိရှိပြီး စွမ်းဆောင်နိုင်တဲ့
အမေ့ကိုလည်းအထူးသတိရမိပါတယ်။
ဒီနေ့ မှာ ကျမဘ၀ကို အကောင်းဘက်သို့ ပြောင်းလဲပေးခဲ့တဲ့၊ ဘ၀သစ်တစ်ခု
မှာရပ်တည်နိုင်ဖို့  ကျမကို ထောက်ပံ့ပေးခဲ့တဲ့ ၊ ကျမနဲ့ ကျမအမေ ကို တရားဓမ္မနဲ့ 
မိတ်ဆက်ပေးခဲ့တဲ့ ကျမရဲ့ အမျိုးသား ကိုသောမတ်စ်ကို အထူးကျေးဇူးတင်မိပါတယ်။
ဒီနေ့ မှာ ကျမကို ၁၂နှစ်တာကာလအတွင်းမှာ အဖက်ဖက်က ကူညီပံ့ပိုး၊အားပေး
ကြတဲ့မိတ်ဆွေ၊သူငယ်ချင်းများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။
ဒီနေ့ နေ့ လည်မှာ ကျမတို့ နှစ်ယောက်အတွက် အမှတ်တရ နေ့ လည်စာသွားစား
ဖြစ်ပါတယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး။ ကျမဂျာမနီကို စရောက်တဲ့နေ့ က
ပထမဆုံးစားခဲ့ဘူးတဲ့ ပီဆာ ပါ။ အဲ့ဒီနေ့ က လေဆိပ်ကနေ Düsseldorf မှာရှိတဲ့ အင်္ဂလန်
ကောင်စစ်ဝန်ရုံးမှာဗီဇာသွားတင်ပြီး အပြန် Düsseldorf ဘူတာမှာ အပြေးအလွှား
ပီဆာ ၀ယ်စားခဲ့ကြတဲ့ အမှတ်တရ ပါ။

Subscribe to:
Posts (Atom)