Tuesday 8 March 2011

ဂျာမနီ မှ ၀င်ငွေခွန်.....

ဂျာမနီမှာ နေထိုင်သူတွေဟာ သတ်မှတ်ထားတဲ့ အခွန်တွေအမျိုးမျိုးပေးဆောင်ရမဲ့
တာဝန်ရှိပါတယ်။ သတ်မှတ်ထားတာတွေကတော့ အလုပ်လုပ်တဲ့ သူတွေအတွက်
လစာဝင်ငွေခွန်၊ လုပ်ငန်းပိုင်ရှင်တွေအတွက် Value added Tax ( Umsatzsteuer ၊
ွGewerbesteuer ) ။ အိမ်၊ခြံဝယ်သူတွေပေးရတဲ့ အခွန်၊ အမွေရသူတွေပေးရတဲ့အခွန်
တွေဆိုပြီးရှိပါတယ်။

ဂျာမနီမှာ ပစ္စည်းတခုခုဝယ်ရင် ပေးရတဲ့ အခွန်လည်းရှိပါသေးတယ်။
သာမန်ပစ္စည်းတခုအတွက်ကတော့ ပုံမှန်အားဖြင့်ပစ္စည်းတန်ဖိုးရဲ့  ၁၉% ပေးရပြီး၊
တချို့ ပစ္စည်းတွေ (အခြေခံစားသောက်ကုန်) ကို တော့ ပစ္စည်းတန်ဖိုးရဲ့  ၇%ပေးရပါတယ်။
အဲ့ဒီအခွန်တွေကိုတော့ ပစ္စည်းဝယ်တာနဲ့  တခါတည်းထည့်တွက်ပြီးသားပါ။

ဝင်ငွေခွန် ( Einkommensteuer) နဲ့ ပတ်သက်လို့ ကတော့
ဂျာမနီမှာ အလုပ်လုပ်ရင် အလုပ်ကရတဲ့ လစာကို မိမိရွေးထားတဲ့ Lohnsteuerklasse
အခွန်အဆင့်အလိုက် ဖြတ်ပါတယ်။ ဂျာမနီမှာ အဆင့် ၆ ဆင့်ရှိပါတယ်။
သတ်မှတ်ထားတဲ့အဆင့်အလိုက် လစာထဲက အခွန်ကိုဖြတ်ပါတယ်။
နှစ်ကုန်ရင် အလုပ်မှာအခွန်အတွက် ဘယ်လောက်ဖြတ်ထားတယ်။ဘယ်လောက်
ရထားတယ်ဆိုတဲ့ စာရွက်ပေးပါတယ်။ ဒါကို အခွန်ရုံးကိုတင်ပြရပါတယ်။
နှစ်ကုန် ရင်တော့ အခွန်ရုံးကို ၀င်ငွေတွေအားလုံးပြရပါတယ်။
မိမိတို့ ရဲ့ လစာဝင်ငွေ အပြင် တခြားဝင်ငွေတွေ ဥပမာ၊ အိမ်ထောင်ဘက်ရဲ့ 
ဝင်ငွေ၊ ကိုယ်ပိုင်လုပ်ငန်းက၀င်ငွေ၊ ဘဏ်တိုးရတဲ့ငွေ...(ပင်စင်ရပြီဆိုရင်
လည်းပင်စင်လစာ) စတာတွေပြရပါတယ်။

ဒီနှစ်အတွင်းမှာ မိမိတို့ လှူခဲ့တဲ့ငွေ၊ ကျန်းမာရေးအာမခံအတွက်ပေးသွင်းထာတဲ့
ငွေ၊ မသန်မစွမ်းဖြစ်လို့ သုံးရတဲ့ငွေတွေကိုတော့ ၀င်ငွေတွေထဲက နှုတ်ယူဖို့ 
ပြလို့ ရပါတယ်။

အခွန်ရုံးက ၀င်ငွေ ထွက်ငွေကို တွက်ပြီး အခွန်ဘယ်လောက်ပေးရမယ်လို့ သတ်မှတ်ပါတယ်။
လူတယောက်ဟာ အခြေခံသတ်မှတ်ထားတဲ့ ၀င်ငွေပမာဏထက် နဲနေရင်
အခွန်မပေးရပါဘူး။ အရင်က လစာမှာ ဖြတ်ထားတဲ့ ငွေကိုပြန်ပေးပါတယ်။

လူတယောက်ဟာ အခြေခံသတ်မှတ်ထားတဲ့ ၀င်ငွေပမာဏထက် များနေ ရင်တော့
ထပ်ပေးရပါတယ်။ှ

ဒါကြောင့် မိမိရဲ့ ဝင်ငွေကသတ်မှတ်နှုန်းထက် နဲနေရင် အခွန်မပေးရပါဘူး။(၀%)
မိမိဝင်ငွေက အလည်အလတ်ဆိုရင် (၁၄%) ပေးရပြီး ၊မိမိဝင်ငွေကသတ်မှတ်နှုန်းထက်
အရမ်းများနေရင်တော့ (၄၂ % ကနေ ၄၅%) ပေးရပါတယ်။

ကျမအထင်ကတော့ဂျာမနီရဲ့ အခွန်စနစ်က မဆိုးလှပါဘူးလို့ ထင်ပါတယ်။

လစာမှာ Brutto နဲ့  Netto ကွာမှုဟာ အခွန်တစ်ခုထဲကြောင့်မဟုတ်ပါဘူး။
Brutto လစာထဲက လစာဝင်ငွေခွန်၊ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊
အသက်ကြီးလာရင် ဒါမှမဟုတ် ပြုစုဖိုလိုအပ်လာရင် သုံးဖို့ အာမခံ၊
အလုပ်လက်မဲ့အာမခံ စတာတွေပါဖြတ်လိုက်တော့ Netto မှာ တော်တော်
လျှော့သွားပါတယ်။ လူလွတ်တွေအတွက်တော့ Brutto နဲ့  Netto ကွာမှုဟာ
၃၀% လောက်ရှိပါတယ်။ ဥပမာ။ လစာ ၁၀၀၀ ယူရိုရတယ်ဆိုပေမဲ့၊ တကယ်လက်ထဲ
(ဘဏ်ထဲ)ရတော့ ၇၀၀ ယူယိုလောက်ပဲ ကျန်ပါတယ်။
အခွန်က အထက်မှာ ရေးခဲ့သလို တချို့ က ပြန်ရ၊ တချို့ က လိုတာထပ်ပေးရပေမဲ့၊
ကျန်တဲ့ အာမခံဖိုးတွေကတော့ ရေရှည်အတွက် ပေးလိုက်ရတာဖြစ်ပါတယ်။
ဂျာမနီက အာမခံတွေအကြောင်းဒီမှာရေးဖူးပါတယ်။

6 comments:

Anonymous said...

အခွန်စနစ်ကတော်တော်ရှုပ်တယ်နော်...၀င်တဲ့ငွေချင်းတူတူတောင် အခွန်ဆောင်တဲ့ပုံစံကွဲလို့ အသားတင်ကျန်တာချင်း မတူကြဘူး။ များများဝင်ရင် များများဆောင်ရလို့လည်း တချို့တွေက နေထိုင်လို့ အတိုင်းအတာတခုအထိ အဆင်ပြေလောက်အောင်ပဲ အလုပ်လုပ်ကြတော့တယ် တဲ့။

ဒါနဲ့ သည်တပတ်နေသာမယ်တဲ့။

စူးနွယ်လေး

ညီလင်းသစ် said...

ဂျာမနီနဲ့ ဆွစ်ဇာလန်ရဲ့ အခွန်စနစ်နဲ့ လစာငွေ ဖြတ်တောက်ပုံက အတော်လေးဆင်ပါတယ်၊ ကျနော်တို့ ဆီမှာတော့ သုံးဆင့်ပေးရတယ်၊ communal ရပ်ကွက် အဆင့်၊ cantonal ပြည်နယ်အဆင့် နဲ့ federal နိုင်ငံ အဆင့်တို့ ဖြစ်ပါတယ်၊ ယေဘုယျပြောရရင် လူတစ်ယောက်ပေးရတဲ့ တစ်နှစ်စာအခွန်ငွေက သူ့ရဲ့လစာ ၁ လခွဲစာနဲ့ ညီတယ်၊ အရမ်းကို များပါတယ်၊ အခွန် လျှော့ပေါ့စေတဲ့ အချက်ထဲမှာ အကြွေးတင်တာလည်း ပါတော့ လူတွေက နဲနဲ အဆင်ပြေတာနဲ့ ဘဏ်ကငွေချေးပြီး အိမ်ဝယ်ကြတယ်၊ အိမ်ပိုင်လည်းရ၊ အခွန်လည်း လျှော့ပေးရနဲ့ ဟန်ကျလို့၊ VAT ကတော့ ဒီမှာ ၈% ပါ..။

T T Sweet said...

ဂျာမဏီအခွန်စနစ်က ကြည့်ရတာ သိပ်မဆိုးလှဘူးနော်။ အော်ဇီမှာ အခွန်က ၃၀%လောက်ပေးရတယ်။ စလုံးကတော့ ၂%လောက်ရှိမလားပဲ။ ၀င်ငွေခွန်ကိုပဲ ပြောတာပါ။ ပစ္စည်းတွေဝယ်ရင် ၇% ထပ်ပေးရတယ်။

ဇွန်မိုးစက် said...

စလုံးမှာလည်း လစာအလိုက် ဖြတ်တယ် အမ။ တစ်နှစ်လုံးဝင်ငွေ နှစ်သောင်းငါးထောင်အောက်ဆို ၀င်ငွေခွန် ပေးဆောင်စရာ မလိုသေးဘူး။ အပေါ်က အစ်မတီဆွိ ပြောသွားသလိုပဲ ပစ္စည်းတွေဝယ်ရင်တော့ ၇ ရာခိုင်နှုန်း ပေးရတယ်။ အခေါ်အဝေါ်အရ GST (Goods and Services Tax) ပေါ့။ PR နဲ့ Citizen
ဆိုရင် လစာထဲက CPF (Central Provident Fund) ဆိုပြီး ဖြတ်တာခံရသေးတယ်။ ပထမနှစ်မှာ 5%၊ ဒုတိယနှစ်မှာ 15%နဲ့ တတိယမြောက်နှစ်ကစပြီး 20% တောက်လျှောက် အဖြတ်ခံရတယ်။ ဒီတော့ လစာ၂၀၀၀ ရသူမှာ ၂၀% ဖြတ်ခံပြီးသွားရင် ၁၆၀၀ လောက်ပဲ ကျန်တော့တာ။ CPF a/c ကိုတော့ သုံးပိုင်းခွဲထားတယ်။ အိမ်၊ ကားအရစ်ကျဝယ်နိုင်တဲ့အကောင့်၊ ကျန်းမာရေးအတွက်၊ ရင်းနှီးမြုပ်နှံမှုအတွက် အစရှိသဖြင့်ပေါ့။ ပင်စင်ယူတဲ့ အချိန်ကျရင် အရင်ကလို တလုံးတည်း ပြန်မပေးတော့ဘဲ အရစ်ကျနဲ့ပဲ ခွဲပေးလို့ senior citizen တွေ မကျေမနပ် ဖြစ်နေကြတာ။

Shinlay said...

စူးနွယ်...ဟုတ်တယ်များများဝင်တဲ့သူဆီက များများဖြတ်
ရတဲ့အခွန်တွေနဲ့  ၀င်ငွေနဲ တဲ့သူတွေကိုထောက်ပံ့။
သူ့စနစ်နဲ့ သူဟုတ်နေတာပဲ။
ဟုတ်တယ်။ ဒီနေ့ လည်းနေပူတယ်။ ဆရာဝန်ဆေးပြောင်းပေးထားတာနဲ့  အဆင်ပြေလို့ 
ဒီနေ့ တော့ နေပူထဲထွက်၊ ပန်းခြံထဲထွက်ထိုင်ဖြစ်တယ်။
အလာဂျီက မဆိုးလာဘူး။

ကိုညီ၊ မဆွိ နဲ့ ဇွန်တို့ ရှင်းပြလို့  တခြားနိုင်ငံရဲ့ စနစ်
တွေသိခွင့်ရတာ ကျေးဇူးတင်ပါတယ်။

rose of sharon said...

ဗဟုသုတရသွားတယ်... မသိတာတွေသိလိုက်ရတယ် သူငယ်ချင်းရေ....